အခန်း (၇) : သူက တစ်တန်းလုံးမှာ အဆင့်တစ်ဖြစ်ချင်တယ် တကယ့်ကို ရယ်စရာပဲ
အတန်းထဲကနေ ထွက်လာပြီးနောက် လင်းထျန်းက စက်ဘီးထားတဲ့နေရာဆီကို ဦးတည်သွားရင်း သူ့စိတ်ထဲမှာ ဖတ်စာအုပ်တွေထဲက အသိပညာတွေကို တိတ်တဆိတ် ပြန်လည်လေ့လာနေခဲ့တယ်။
သူ့စက်ဘီးကိုရှာတွေ့တော့ လင်းထျန်းက အိမ်ကိုပြန်စီးသွားရင်း စာအုပ်တွေထဲက အချက်အလက်တွေကို ဆက်ပြီးအမှတ်ရနေခဲ့တယ်။ မိနစ်နှစ်ဆယ်ကြာပြီးနောက် သူက သူ့အိမ်ရာဝင်းရဲ့အဝင်ဝကို ရောက်လာခဲ့တယ်။ အဲ့ဒီနောက် လင်းထျန်းက သူ့အတွေးတွေကို ပြန်စုစည်းပြီး ခဏလောက်အနားယူဖို့ စီစဉ်လိုက်တယ်။
လင်းထျန်းရဲ့အိမ်ရာဝင်းကို ဂရင်းလိုက်အိမ်ရာ (Greenlight Estate) လို့ခေါ်တယ်။ ရောက်ပြီး စက်ဘီးကိုရပ်လိုက်တော့ လင်းထျန်းက သူ့ညီမလည်း စက်ဘီးစီးပြီး ပြန်လာတာကို သတိထားမိလိုက်တယ်။
"အစ်ကို!"
သူ့အစ်ကိုကိုမြင်တော့ လင်းဖန်က အရှိန်မြှင့်ပြီး လင်းထျန်းဘေးမှာ စက်ဘီးကိုရပ်ကာ သူ့ကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်လိုက်တယ်။ "အစ်ကို၊ ကျွန်မ ကောလာဟလတစ်ခုကြားတယ်!"
"ဘာကောလာဟလလဲ?" လင်းထျန်းက သူ့ညီမကို တစ်ချက်ကြည့်ပြီး စက်ဘီးကိုသော့ခတ်ကာ အပေါ်ထပ်ကို စတက်သွားခဲ့တယ်။
"အစ်ကို့အကြောင်းပဲ!" လင်းဖန်က သူ့စက်ဘီးကို မြန်မြန်သော့ခတ်ပြီး လင်းထျန်းနောက်ကို အပြေးလိုက်ကာ ပြုံးရင်းပြောတယ်။ "အစ်ကိုက ဆရာမချောလေး ဆရာမဟဲနဲ့ လစဉ်စာမေးပွဲမှာ အဆင့်တစ်ရအောင်လုပ်ပြမယ်လို့ အလောင်းအစားလုပ်ထားတယ်တဲ့။ အစ်ကိုသာ လုပ်နိုင်ရင် ဆရာမဟဲက အစ်ကို့ကို နမ်းမယ်ဆို!"
ဒီစကားကိုကြားတော့ လင်းထျန်းရဲ့ခြေလှမ်းတွေက နည်းနည်းယိုင်သွားတယ်။ သတင်းက ဒီလောက်မြန်မြန်ပျံ့သွားလိမ့်မယ်လို့ မထင်ထားတာကြောင့် သူနည်းနည်းအံ့ဩသွားတယ်။ ဒါပေမဲ့ လင်းထျန်းက မကြာခင်မှာပဲ နားလည်သွားတယ်။ ဟဲချန်ချန်ဆီက အနမ်းတစ်ပွင့်ရဖို့ဆိုတာက ကျောင်းက တိတ်တခိုး အတွေးယုတ်တွေရှိတဲ့ ကောင်လေးတော်တော်များများရဲ့ အိပ်မက်ပဲ။ ဒီလိုကောလာဟလတွေက သဘာဝအတိုင်း မြန်မြန်ပျံ့တာပေါ့။
ခဏရပ်သွားပြီးနောက် လင်းထျန်းက လင်းဖန်ကို လျစ်လျူရှုပြီး ဆက်လျှောက်သွားခဲ့တယ်။ လင်းဖန်က သူ့အစ်ကိုက သူ့ကိုလျစ်လျူရှုတာကို ဂရုမစိုက်ဘူး။ အဲ့ဒီအစား သူမက ရယ်မောပြီးပြောတယ်၊ "ဒီကောလာဟလက အတုဆိုတာ ရှင်းနေတာပဲ။ ဘယ်လိုလုပ် အစ်ကို့ဆီကို ရောက်သွားမှန်းမသိဘူး။ အစ်ကိုက တစ်တန်းလုံးမှာ အဆင့်တစ်ရမယ်? ကျွန်မကို ရယ်အောင်မလုပ်နဲ့။ အစ်ကိုက အဲ့လောက်တုံးတာမှမဟုတ်တာ!" လင်းဖန်က ဒါက အမှန်ပဲဆိုတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တယ်။
ဒီစကားကိုကြားတော့ လင်းထျန်းက ခဏရပ်ပြီး ခေါင်းလှည့်ကာ လင်းဖန်ကို အလေးအနက်အမူအရာနဲ့ ကြည့်လိုက်တယ်။ "ဒါအမှန်ပဲ။ ငါတကယ်ပဲ တစ်တန်းလုံးမှာ အဆင့်တစ်ရအောင်လုပ်မှာ!"
"ဟမ်?" ဒီစကားကိုကြားတော့ လင်းဖန်က ကြက်သေသေသွားပြီး သူမရဲ့ကိုယ်က နေရာမှာတင် ကျောက်ရုပ်လို ဖြစ်သွားတယ်။
ဒီလိုပြောပြီးနောက် လင်းထျန်းက မှင်တက်နေတဲ့ သူ့ညီမကို လျစ်လျူရှုပြီး လှည့်ထွက်ကာ ရှေ့ကိုဆက်လျှောက်သွားခဲ့တယ်။
စက္ကန့်အနည်းငယ် မှင်တက်သွားပြီးနောက် လင်းဖန်က အသိပြန်ဝင်လာပြီး လင်းထျန်းနောက်ကို အပြေးလိုက်ကာ သူ့ကို မယုံနိုင်စွာနဲ့ ကြည့်လိုက်တယ်။ "အစ်ကို၊ ကျွန်မ နားကြားမမှားဘူးမလား? အစ်ကိုက တစ်တန်းလုံးမှာ အဆင့်တစ်ရအောင်လုပ်မှာ?"
"ဘာဖြစ်လို့လဲ? မဖြစ်နိုင်ဘူးလား?" လင်းထျန်းက လင်းဖန်ကို တစ်ချက်ကြည့်ပြီး မျက်နှာထားတည်တည်နဲ့ ရှေ့ကိုဆက်လျှောက်သွားခဲ့တယ်။ သူ့အစ်ကို ထွက်သွားတာကိုမြင်တော့ လင်းဖန်က သူ့နောက်ကို အပြေးအလွှားလိုက်ပြီး မယုံနိုင်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ "အစ်ကို၊ ရူးသွားပြီလား? အစ်ကိုက တစ်တန်းလုံးမှာ အဆင့်တစ်ရအောင်လုပ်မယ်! အစ်ကို့အမှတ်က ၃၀၀ တောင်ပြည့်အောင်လုပ်နိုင်မှ ပြော!"
လင်းဖန်က သူ့အစ်ကို လုံးဝရူးသွားပြီလို့ ထင်နေခဲ့တယ်! သူဘယ်လိုလုပ် ဒီလိုစကားမျိုးပြောရဲတာလဲ! တစ်တန်းလုံးမှာ အဆင့်တစ်? အိုး၊ ဘုရားသခင်!
လင်းထျန်းက အော်ဟစ်နေတဲ့ သူ့ညီမကို လျစ်လျူရှုပြီး ရပ်လိုက်တယ်။ ဒီအချိန်မှာ လင်းထျန်းက သူ့တိုက်ခန်းတံခါးဝကို ရောက်နေခဲ့ပြီ။ တံခါးဝကိုရောက်တော့ လင်းထျန်းက သော့ထုတ်ပြီး အထဲဝင်သွားခဲ့တယ်။ လင်းထျန်းက သူ့နောက်မှာ ပွစိပွစိပြောနေတုန်းဖြစ်တဲ့ သူ့ညီမကို လျစ်လျူရှုပြီး သူ့ဘာသာသူ အထဲဝင်သွားခဲ့တယ်။
အိမ်ပြန်ရောက်တော့ လင်းထျန်းက မီးဖိုချောင်ထဲက သူ့အမေကို နှုတ်ဆက်ပြီး သူ့အခန်းထဲကို တန်းဝင်သွားခဲ့တယ်။ လင်းထျန်းဝင်သွားတာကိုမြင်တော့ လင်းဖန်က လိုက်ဝင်လာခဲ့တယ်။ ဒါပေမဲ့ လင်းထျန်းနဲ့မတူဘဲ အိမ်ပြန်ရောက်ပြီးနောက် လင်းဖန်က မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ သူမအမေဆီကို တန်းသွားခဲ့တယ်။ ချက်ချင်းပဲ မီးဖိုချောင်ထဲကနေ လင်းဖန်ရဲ့အသံ ထွက်လာခဲ့တယ်။ "မေမေ၊ သမီးပြောမယ်၊ အစ်ကိုက သူ တစ်တန်းလုံးမှာ အဆင့်တစ်ရအောင်လုပ်မယ်တဲ့..."
လင်းထျန်းက သူ့အခန်းထဲကို ပြန်ရောက်နေပြီဖြစ်ပေမယ့် တံခါးမပိတ်ထားတာကြောင့် အပြင်ကအသံတွေနဲ့ မီးဖိုချောင်ထဲက စကားပြောသံတွေကို သူကြားနေရတုန်းပဲ။ သူ့ညီမက သူတို့အမေကို တန်းပြီးပြောပြတာကြားတော့ လင်းထျန်းက နှုတ်ခမ်းစူလိုက်ပြီး ဂရုမစိုက်တဲ့ပုံစံဖြစ်နေခဲ့တယ်။
ဒီအချိန်မှာ လင်းထျန်းရဲ့အမေ ရှီချင်က မီးဖိုချောင်ထဲကနေ ပြောလိုက်တယ်၊ "သူ? တစ်တန်းလုံးမှာ အဆင့်တစ်? သူသာ အဆင့်သုံးရာထဲဝင်ရင်တောင် ကျေးဇူးတင်လှပြီ!" ရှီချင်က အလောင်းအစားကို လုံးဝဂရုမစိုက်ခဲ့ဘူး။ သူမသားက တစ်တန်းလုံးမှာ အဆင့်တစ်ရမယ်? ဒီအကြောင်းကို တွေးလိုက်တာနဲ့ ရှီချင်က အလိုလို ခေါင်းခါမိတယ်!
ညစာစားပြီးနောက်၊ သူ ခဏအနားယူလိုက်တယ်။ နေ့လည်ဘက်မှာ အတန်းတွေဆက်တက်ရတယ်။ လင်းထျန်းက နေ့လည်ဘက်မှာ စာဆက်ဖတ်ခဲ့တယ်!
နေ့လည်ဘက်အတန်းချိန်သုံးချိန်ပြီးတဲ့အချိန်မှာ လင်းထျန်းက သူ့ရဲ့အထက်တန်းဖတ်စာအုပ်တွေကို သုံးခေါက်ပြန်လည်လေ့လာပြီးသွားခဲ့ပြီ! သုံးခေါက်ပြန်လည်လေ့လာပြီးတဲ့နောက်မှာ လင်းထျန်းက အသိပညာအားလုံးကို လုံးဝကျေညက်သွားခဲ့ပြီ။
"ဒီညတော့ လေ့ကျင့်ခန်းမေးခွန်းတချို့လုပ်ကြည့်သင့်တယ်၊" လင်းထျန်းက သူ့စက်ဘီးကို ကျောင်းဂိတ်အပြင်ဘက်ကို တွန်းထုတ်ရင်း သူ့ဘာသာသူ ရေရွတ်လိုက်တယ်။ လင်းထျန်းက အခုညစာစားဖို့ အိမ်ပြန်ရမယ်၊ ပြီးတော့ သူက ညဘက် ကိုယ်ပိုင်စာကြည့်ချိန်လည်း ရှိသေးတယ်။
ညစာစားပြီးနောက် လင်းထျန်းကျောင်းကိုရောက်ပြီး စက်ဘီးကိုရပ်ကာ အတန်းဘက်ကို လျှောက်သွားတော့ ကျောင်းသားတွေက သူ့ကို လက်ညှိုးထိုးပြီး တီးတိုးပြောဆိုနေကြတာကို သတိထားမိလိုက်တယ်။ တိုးတိုးပြောဆိုသံတွေက လင်းထျန်းရဲ့နားထဲကို ဝင်လာခဲ့တယ်။
"ဟိုမှာတွေ့လား? သူပဲ တစ်တန်းလုံးမှာ အဆင့်တစ်ရမယ်လို့ပြောတဲ့တစ်ယောက်။ သူ့ရဲ့ပုံမှန်အမှတ်တွေက ၃၀၀ တောင်မပြည့်ဘူးလို့ကြားတယ်။"
"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်!"
"သူဘယ်လိုလုပ် ဒီလိုစကားမျိုးပြောရဲတာလဲ? အရှက်မရှိဘူးလား!"
"သူပဲ ဆရာမဟဲနဲ့ အလောင်းအစားလုပ်ထားတာမလား? သူ့သတ္တိတွေ ဘယ်ကရနေလဲမသိဘူး!"
"သူက တစ်တန်းလုံးမှာ အဆင့်တစ်ဖြစ်ချင်တယ်? ရယ်စရာကောင်းလိုက်တာ!"
.........
လင်းထျန်းက တိုးတိုးလေးလှောင်ပြောင်နေတဲ့အသံတွေကို လုံးဝလျစ်လျူရှုပြီး သူ့နှုတ်ခမ်းထောင့်မှာ အထင်သေးတဲ့အရိပ်အယောင်တစ်ခုပေါ်လာကာ "တုံးလိုက်ကြတာ!" လို့ တိုးတိုးလေးရေရွတ်လိုက်တယ်။
ညဘက် ကိုယ်ပိုင်စာကြည့်ချိန်မှာ လင်းထျန်းက စာဖတ်တာကိုရပ်ပြီး စာမေးပွဲပုံစံတူမေးခွန်းတွေ စလုပ်နေခဲ့တယ်။ လင်းထျန်းလုပ်နေတဲ့ စာမေးပွဲပုံစံတူမေးခွန်းတွေက အတိတ်က စာမေးပွဲဟောင်းမေးခွန်းတွေပဲ။ ညတစ်ညလုံးအချိန်ယူပြီး လင်းထျန်းက မနှစ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းတွေကို ဖြေဆိုပြီး သူ့ဘာသာသူ အမှတ်ပေးကြည့်လိုက်တယ်။
အမှတ် ၆၇၀! ဒါက လင်းထျန်း သူ့ကိုယ်သူပေးတဲ့အမှတ်ပဲ! ပြီးတော့ ဒီအမှတ်က တရုတ်စာဘာသာရပ်ရဲ့ စာစီစာကုံးအပိုင်းတောင် မပါသေးဘူး! ဒါက လင်းထျန်းက တရုတ်စာစာစီစာကုံးအတွက် အမှတ် ၃၀ ပဲရခဲ့ရင်တောင် အဲ့ဒီအမှတ် ၃၀ နဲ့ သူ့ရဲ့စုစုပေါင်းအမှတ်က ၇၀၀ အထိရောက်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ! အမှတ် ၆၀ တန် စာစီစာကုံးတစ်ပုဒ်မှာ အမှတ် ၃၀ ရဖို့ဆိုတာက သေချာပေါက်ဖြစ်နိုင်တယ်။ ဒါက လင်းထန်းက အမှတ် ၇၀၀ ကို သေချာပေါက်ရောက်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲ!
အမှတ် ၇၀၀၊ မနှစ်က အမှတ်အများဆုံးရသူက အမှတ် ၆၉၀ ကျော်ကျော်လေးပဲရှိခဲ့တာ! တစ်နည်းအားဖြင့် လင်းထန်းရဲ့အဖြေလွှာသာ မနှစ်က တင်ခဲ့မယ်ဆိုရင် သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရသူ ဖြစ်နေလောက်ပြီ! ပြီးတော့ ဒါက သေချာနေပြီ!
ဒီအမှတ်ကိုမြင်တော့ လင်းထျန်းက ယုံကြည်မှုတွေနဲ့ ပြည့်နှက်သွားခဲ့တယ်! လစဉ်စာမေးပွဲက ဘာဖိအားမှမရှိတော့ဘူး! မနက်ဖြန်က လစဉ်စာမေးပွဲဖြစ်ပြီး လင်းထျန်းက အဲ့ဒီနေ့ကို မျှော်လင့်နေခဲ့ပြီ! ဟဲချန်ချန်ရဲ့ ချိုမြိန်တဲ့အနမ်းကို မျှော်လင့်နေခဲ့တယ်...
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်

No comments: