လူပြည့်နေတဲ့ KTV အခန်းထဲမှာ မှိန်ပြပြမီးရောင်တွေက တဖျပ်ဖျပ် လင်းနေပြီး သီချင်းသံစဉ်ရဲ့ စည်းချက်နဲ့အညီ တချို့က သစ်သီးပန်းကန်တွေ စားနေကြတယ် တချို့က အန်စာတုံး ခေါက်နေကြတယ် တချို့ကလည်း ဘီယာ သောက်နေကြတယ်…

ဒါ ဘယ်နေရာလဲ။
ငါ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။

လင်းလော့က သူ့ရှေ့က အရာအားလုံးကို ကြောင်တောင်တောင်နဲ့ စိုက်ကြည့်နေမိတယ် သူ့အကြည့်တွေက နောက်ဆုံးမှာတော့ သူ့တစ်ဖက်ခြမ်းက ဆိုဖာပေါ်မှာ မှီထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ဆီမှာ ရပ်တန့်သွားတယ်။ သူမက ဒီမှာ ဘယ်လိုလုပ် ရောက်နေတာလဲ။

"လင်းလော့။"

မိန်းကလေးက သူ့ကို အေးစက်စက် မျက်လုံးတွေနဲ့ ကြည့်လိုက်တယ် သူမရဲ့ ရေခဲတမျှ အေးစက်လှပတဲ့ မျက်နှာလေးက နှင်းမခဲတဲ့ ပန်းပွင့်လေးတစ်ပွင့်လို လှပနေပေမယ့် သူမရဲ့ အသံကတော့ စိတ်မရှည်တဲ့ပုံ ပေါက်နေတယ် "အသားကင်နည်းနည်းဝယ်တာ ဒီလောက်တောင် ကြာရလား။"

"ဟုတ်သားပဲ။"

မိန်းကလေးရဲ့ ညှို့ဓာတ်ပြင်းတဲ့ အချစ်ဆုံးသူငယ်ချင်းက ပြုံးစိစိနဲ့ ပြောတယ် "အသားကင်တွေ အေးကုန်ပြီ ငါတို့ ကျန်းရှင်းယင်ကို ဘယ်လိုလုပ် စားခိုင်းတော့မှာလဲ။"

လင်းလော့ နည်းနည်း ရှုပ်ထွေးသွားတယ်။

ဒီမိန်းကလေးက သူ့ရဲ့ ပထမဆုံး အချစ်ဦး ကျန်းရှင်းယင် ဆိုတာ မှန်ပါတယ် ဒါပေမဲ့ ဘာလို့ သူမက အထက်တန်းကျောင်းတုန်းကလို ဝတ်စားထားရတာလဲ။

ပြီးတော့ သူမရဲ့ ညှို့ဓာတ်ပြင်းတဲ့ သူငယ်ချင်း ရှူယိဖေးကရော ဘာဖြစ်နေတာလဲ။ ဒီနှစ်ယောက် လမ်းခွဲသွားကြပြီလို့ ကြားမိတာ မဟုတ်ဘူးလား။

ငါ အိပ်ရာထတာ အရမ်း လန့်သွားတာများလား။

ဒါမှမဟုတ် ငါ အိပ်မက်ဆိုး မက်နေတာလား။

လင်းလော့က သူ့ကိုယ်သူ ဆွဲညှစ်ကြည့်လိုက်တယ် တကယ် နာကျင်စပ်ဖျဉ်းသွားတဲ့ ခံစားမှုက ဒါဟာ အိပ်မက် မဟုတ်ဘူးဆိုတာကို သက်သေပြနေတယ်။

သူ တစ်ခုခု ပြန်ပြောဖို့ ကြံရွယ်လိုက်တုန်းမှာပဲ သူ့ဘေးက ကောင်လေးတစ်ယောက်က ရုတ်တရက် ထပြောတယ် "ငါတို့ ပြန်လာတုန်းက ငါ့ e-bike က ဘက်ထရီကုန်သွားလို့ လင်းလော့က အသားကင်တွေကို သယ်ပြီး တောက်လျှောက် ပြေးလာခဲ့ရတာ။ အေးသွားလိမ့်မယ်လို့ မထင်ထားဘူး ဒါကြောင့် မင်း သူ့ကို အပြစ်တင်လို့ မရဘူးလေ။"

ကောင်းဖုန်း?

လင်းလော့က စကားပြောလိုက်တဲ့ ကောင်လေးဘက်ကို လှည့်ကြည့်လိုက်တယ် သူ့ရဲ့ ရှုပ်ထွေးမှုကနေ အံ့အားသင့်မှုအဖြစ် ပြောင်းသွားတယ်။ ဒါ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း ကောင်းဖုန်း ပဲ။ ဒီကောင်လည်း ဘယ်လိုလုပ် ငယ်သွားရတာလဲ။

တစ်ခုခုတော့ လွဲနေပြီ။

သူ့မျက်လုံးတွေက လူတွေပြည့်ကျပ်နေတဲ့ အခန်းကျယ်ကြီးထဲကို ဝေ့ဝဲကြည့်လိုက်တယ် မရင်းနှီးသလိုလို ရင်းနှီးသလိုလို ဖြစ်နေတဲ့ ငယ်ရွယ်တဲ့ မျက်နှာတွေကို ကြည့်ရင်း ဒီလူတွေအားလုံးရဲ့ မျက်လုံးတွေက သူ့အပေါ်မှာ စုပုံနေတယ်ဆိုတာ လင်းလော့ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်တယ်။

တချို့က လှောင်ပြောင်နေကြတယ်

တချို့က သနားနေကြတယ်

တချို့က ခနဲ့တဲ့တဲ့ ကြည့်နေကြတယ်

ဒီအကြည့်တွေရဲ့ နောက်ကွယ်က ရှုပ်ထွေးတဲ့ ခံစားချက်တွေကို သတိထားမိလိုက်တဲ့အခါ လင်းလော့ ရုတ်တရက် တုန်တက်သွားတယ်။ ငါ... ပြန်လည်မွေးဖွားလာတာများလား။

ဒုန်း ဒုန်း ဒုန်း!

ပိုမြန်လာတဲ့ နှလုံးခုန်သံနဲ့အတူ လင်းလော့က သူ့အိတ်ကပ်ထဲကို အမြန်နှိုက်လိုက်တယ် ပြီးတော့ မှန်သားပြင်မှာ အက်ရာတချို့ ရှိနေတဲ့ ပါးလွှာတဲ့ ဖုန်းတစ်လုံးကို ဆွဲထုတ်လိုက်တယ်။

သြော် ကောင်းရော ဒါ ငါ အထက်တန်း ပထမနှစ်ကနေ တက္ကသိုလ် ပထမနှစ်အထိ သုံးခဲ့တဲ့ ဖုန်း Nokun Ya 5230 မဟုတ်လား။
ဖုန်းမျက်နှာပြင်ပေါ်မှာ ပြထားတဲ့ ရက်စွဲကို ကြည့်လိုက်တော့—

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်

လင်းလော့ နောက်ဆုံးတော့ သေချာသွားခဲ့ပြီ။ သူဟာ သူ့ရဲ့ အထက်တန်းကျောင်းပြီးခါစ နွေရာသီကျောင်းပိတ်ရက်ကို ပြန်ရောက်လာခဲ့တာ ဖြစ်သင့်တယ်။
ဒီနှစ်မှာ သူက (၁၈) နှစ် "ယန်ကျင်း အနုပညာတက္ကသိုလ်" ကို ဝင်ခွင့်ရထားတဲ့ တက္ကသိုလ်ကျောင်းသားလောင်း တစ်ယောက်ပေါ့။

လက်ရှိ အခြေအနေကို သူ့မှတ်ဉာဏ်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်တော့ သူ နည်းနည်း ပြန်သတိရလာတယ်။
ဒါက အထက်တန်းကျောင်းပြီးသွားလို့ လုပ်တဲ့ နွေရာသီ အတန်းပြန်ဆုံပွဲ ဖြစ်ပုံရတယ်။ အတန်းထဲက လူအများစု လာကြတယ်။ အဲ့ဒီတုန်းက လူတိုင်း KTV မှာ သီချင်းဆိုနေတုန်း ကျန်းရှင်းယင်က ရုတ်တရက် ဗိုက်ဆာတယ် ဒီဒေသမှာ နာမည်ကြီးတဲ့ "တာမောင် အသားကင်" စားချင်တယ်လို့ ပြောလာခဲ့တယ်။

အဲ့ဒီအချိန်တုန်းက လင်းလော့က ကျန်းရှင်းယင်ကို အရူးအမူး လိုက်နေခဲ့တာ။ နတ်ဘုရားမလေးက ဗိုက်ဆာတယ် အသားကင် စားချင်တယ် ကြားတာနဲ့ ချက်ချင်းပဲ သူ သွားဝယ်ပေးမယ်လို့ တာဝန်ယူပြီး သူ့သူငယ်ချင်း ကောင်းဖုန်းကိုခေါ် သူ့ e-bike နဲ့ စိတ်လှုပ်ရှားစွာ သွားဝယ်ခဲ့ကြတယ်။

ပြီးတော့ နောက်ဆက်တွဲ အခြေအနေက ကောင်းဖုန်း ခုနက ပြောခဲ့တဲ့ အတိုင်းပါပဲ။

ပြန်အလာလမ်းမှာ e-bike က ဘက်ထရီကုန်သွားတယ်။ နတ်ဘုရားမလေးကို အကြာကြီး မစောင့်ခိုင်းချင်တာနဲ့ လင်းလော့က အသားကင်တွေကို သယ်ပြီး တောက်လျှောက် ပြေးပြန်လာခဲ့ရတယ် ဒါပေမဲ့ KTV ကို ပြန်ရောက်တဲ့အခါ အသားကင်တွေက အေးနေတုန်းပဲ ကျန်းရှင်းယင်ကလည်း ချက်ချင်းပဲ မျက်နှာမကောင်းတာကို ပြခဲ့တယ်။

ဒီလိုမျိုး မြင်ကွင်းတွေက သူ့မှတ်ဉာဏ်ထဲမှာ မရေမတွက်နိုင်အောင် ဖြစ်ပျက်ခဲ့ဖူးတယ်။

မိသားစုနှစ်စုက အရင်က ရပ်ကွက်တစ်ခုတည်းမှာ နေခဲ့ကြပြီး သူတို့မိဘတွေကလည်း ရင်းနှီးကြတော့ လင်းလော့နဲ့ ကျန်းရှင်းယင်ကို ငယ်သူငယ်ချင်းတွေလို့ အကြမ်းဖျင်း သတ်မှတ်လို့ရတယ်။
အလယ်တန်းကျောင်းတက်တည်းက လင်းလော့က ကျန်းရှင်းယင်အပေါ် ကောင်းတဲ့ ခံစားချက်တွေ ရှိခဲ့တယ်။
နှစ်ယောက်သား အထက်တန်းကျောင်း ရောက်လာတဲ့အခါ လင်းလော့က သူ့ခံစားချက်တွေကို ပိုပိုပြီး သေချာလာကာ ကျန်းရှင်းယင်ကို ပြင်းပြင်းထန်ထန် လိုက်ခဲ့တယ်။
ကျန်းရှင်းယင်က လောလောဆယ် ရည်းစားမထားချင်သေးဘူးလို့ ပြောတယ် ဒါနဲ့ လင်းလော့လည်း တကောက်ကောက်လိုက်ရင်း စောင့်နေခဲ့တယ်။

တက္ကသိုလ် နောက်ဆုံးနှစ်အထိ သူ့ရဲ့ ဇွဲကောင်းကောင်း လိုက်နိုင်တဲ့ စိတ်ဓာတ်ကို သဘောကျသွားလို့ပဲလားမသိ ကျန်းရှင်းယင်က လင်းလော့နဲ့ တွဲဖို့ နောက်ဆုံးမှာ သဘောတူခဲ့တယ်။ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပထမဆုံး အချစ်ဦးတွေ ဖြစ်ခဲ့ကြပြီး နေထွက်လာတာကို မြင်လိုက်ရသလိုပါပဲ။
နှစ်ယောက်သား အပြင်မှာ အိမ်အတူငှားနေကြတယ်။
အဲ့ဒီ စတုရန်းမီတာ ၇၀ ကျယ်တဲ့ အငှားအိမ်လေးမှာ လင်းလော့က ကျန်းရှင်းယင်ရဲ့ ပထမဆုံးအကြိမ်ကို ရခဲ့တယ်။ အဲ့ဒီတုန်းက သူမကို ပျော်ရွှင်အောင် ထားပေးမယ်လို့ သူ့စိတ်ထဲမှာ တိတ်တိတ်ကလေး ကျိန်ဆိုခဲ့တယ်။

မာနကြီးတဲ့ ငန်းဖြူမလေး ကျန်းရှင်းယင်က 'မင်းသမီးရောဂါ' အတော်လေး ပြင်းထန်တယ် သူမက သူ့အပေါ် မကြာခဏ စိတ်ဆိုးပြီး အမြဲတမ်း ခပ်စိမ်းစိမ်း နေတတ်တယ်။
ဥပမာ သူတို့ တွဲနေတဲ့ ကာလတစ်လျှောက်လုံး သူမက လင်းလော့ရဲ့ အောက်ကျို့မှုတွေ ချော့မော့မှုတွေကို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလို သဘောထားပြီး နေ့စဉ်ဘဝမှာ အမြဲ ဂျီကျ ပစိပစပ်များတတ်တယ်။
လင်းလော့က အကြာကြီး ဖိနှိပ်ခံခဲ့ရတယ် အတူနေတဲ့အခါတွေမှာတောင် သူက သတိထားပြီး နေခဲ့ရတယ်။

ကျောင်းပြီးတဲ့အထိပေါ့ ကျန်းရှင်းယင်က အရည်အချင်းပြိုင်ပွဲတစ်ခုမှာ စာရင်းပေးသွင်းခဲ့ပြီး သူမရဲ့ အလွန်အမင်း ချောမောလှပတဲ့ ရုပ်ရည်နဲ့ ထူးချွန်တဲ့ အရည်အချင်းတွေကြောင့် 'Center' နေရာကနေ တိုက်ရိုက် ပွဲဦးထွက်နိုင်ခဲ့တယ်။ ပြီးတော့ လင်းလော့ကို လမ်းခွဲစကား ပြောခဲ့တယ်။

အကြောင်းပြချက် ဘာတစ်ခုမှ မရှာဘဲ "ရည်းစားထားတာက ငါ့အလုပ်ကို ထိခိုက်စေတယ်" ဆိုတဲ့ စကားတစ်ခွန်းနဲ့ လင်းလော့ကို တိုက်ရိုက် ကန်ထုတ်ခဲ့တယ် တကယ်တော့ ကျန်းရှင်းယင်က ဒီလိုကိစ္စတွေမှာ လိမ်ညာဖို့ ဘယ်တုန်းကမှ ဝန်မလေးခဲ့ဘူး။

လမ်းခွဲပြီးတဲ့နောက် လင်းလော့အတွက်တော့ ကမ္ဘာကြီး ပြိုလဲသွားသလို ခံစားခဲ့ရပြီး နေ့တိုင်း ကြောင်တောင်တောင် ဖြစ်နေခဲ့တယ်။
လင်းလော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရတာကို သိပြီးနောက် သူ့မိဘတွေက သူ့ကိုတွေ့ဖို့ ယန်ကျင်းကို ညတွင်းချင်း ကားမောင်းလာခဲ့ကြတယ် ဒါပေမဲ့ လမ်းမှာ မတော်တဆ ကားတိုက်မှု ဖြစ်လိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ဘူး။
ဆေးရုံက ဖုန်းလက်ခံရရှိလိုက်တဲ့ အခိုက်အတန့်မှာ လင်းလော့ တစ်ယောက် တကယ့် ကမ္ဘာပြိုလဲခြင်းဆိုတာ ဘာလဲဆိုတာကို နားလည်သွားခဲ့တယ်။

သူ့မိဘတွေက ဒဏ်ရာ ပြင်းထန်တယ် ခွဲစိတ်ကုသစရိတ်နဲ့ နောက်ဆက်တွဲ ဆေးဖိုးဝါးခတွေက တစ်သန်းမက ကုန်ကျမှာ။ သူ့မိသားစုမှာ ပိုက်ဆံမရှိဘူး ကျောင်းပြီးကာစ သူ့မှာ ပိုတောင် ပိုက်ဆံမရှိဘူး။ သူတို့ရဲ့ မြို့ငယ်လေးက အိမ်ကို ရောင်း သူငယ်ချင်းတွေ ဆွေမျိုးတွေဆီက အကုန်လိုက်ချေးပြီး နောက်ဆုံးမှာ ငါးသိန်းလောက်ပဲ စုမိခဲ့တယ်။
လုံးဝ မျှော်လင့်ချက်မဲ့ခါနီးမှာ လင်းလော့က သူ့ရည်းစားဟောင်း ကျန်းရှင်းယင်ကို ဆက်သွယ်ခဲ့တယ်။
သူ့မိဘတွေရဲ့ အသက်အန္တရာယ်ရှေ့မှာ ကိုယ်ပိုင်ဂုဏ်သိက္ခာက အရေးမကြီးတော့သလို ဖြစ်နေခဲ့တယ်။ လင်းလော့က သူ့ရည်းစားဟောင်းဆီမှာ ပိုက်ဆံချေးဖို့ နှုတ်ဖွင့်လိုက်တယ် ဟိုဘက်က ငြင်းလိမ့်မယ်ဆိုတာကိုလည်း သူ ကြိုတင်ပြင်ဆင်ထားပြီးသားပါ ဒါပေမဲ့ သူ မထင်မှတ်ထားတာက ကျန်းရှင်းယင်က "ပြန်ဆပ်စရာမလိုဘူး" ဆိုတဲ့ စကားသုံးခွန်းနဲ့အတူ ပိုက်ဆံတစ်သန်းကို တိုက်ရိုက် လွှဲပေးခဲ့တယ်။

ဒါက သနားတာလား ဒါမှမဟုတ် ဂရုဏာသက်တာလား။

အပြစ်ရှိသလို ခံစားရလို့လား ဒါမှမဟုတ် ပေးကမ်းစွန့်ကြဲတာလား။

'အချစ်' ကြောင့်တော့ မဖြစ်နိုင်ဘူးမလား။

အကြွေးတွေ ပြန်ဆပ်ဖို့နဲ့ သူ့မိဘတွေကို ပိုကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်ဖို့ လင်းလော့က ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနဲ့ အမြန်ဆုံး စာချုပ်ချုပ်လိုက်တယ်။
သူ့ရုပ်ရည်က အွန်လိုင်းမှာ ပေါ်လွင်တယ် သီချင်းဆိုတာရော သရုပ်ဆောင်တာပါ အရည်အချင်းရှိတယ် ကံလည်းကောင်းတာကြောင့် နှစ်အနည်းငယ်အတွင်းမှာပဲ သူက ကုမ္ပဏီရဲ့ နံပါတ်တစ် နေရာကို ရောက်လာခဲ့တယ်။
ဟုတ်ပါတယ် အကြွေးတွေလည်း ကျေသွားတယ် ကျန်းရှင်းယင်ရဲ့ တစ်သန်း အပါအဝင်ပေါ့ သူမကတော့ ပြန်ဆပ်စရာ မလိုဘူးလို့ ပြောခဲ့ပေမယ့်ပေါ့။

နောက်ပိုင်းနှစ်တွေမှာ လင်းလော့ရဲ့ အလုပ်အကိုင်က တဟုန်ထိုး တိုးတက်လာခဲ့တယ်။ သူ့ဘေးနားက မိန်းမတွေက တစ်ယောက်ပြီးတစ်ယောက် ရောက်လာပေမယ့် အခြေခံအားဖြင့်တော့ ခဏတာ ဇာတ်လမ်းတွေပါပဲ။ သူက အချစ်လို့ခေါ်တဲ့ အရာကို မယုံကြည်တော့ဘူး။

မနေ့ညက သူက သူ့ပရိသတ်လို့ ပြောတဲ့ မော်ဒယ်မလေးတစ်ယောက်နဲ့ ဝိုင်နည်းနည်း ပိုသောက်မိရုံလေးပါ နည်းနည်း ဘီယာဗိုက်စူစူ ထွက်နေပြီး အသက်လေးဆယ်နားကို ပြေးနေတဲ့ သူက မျက်လုံးဖွင့်လိုက်တာနဲ့ တကယ်ပဲ သူ့အသက် (၁၈) နှစ်အရွယ်ကို ပြန်ရောက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။

သူ့အရင်ဘဝရဲ့ မှတ်ဉာဏ်တွေကို ခေါင်းထဲမှာ အကြမ်းဖျင်း ပြန်စဉ်းစားပြီးတဲ့နောက် လင်းလော့ရဲ့ မျက်လုံးတွေက လုံးဝ ကြည်လင်သွားတယ်။
ငယ်ရွယ်စဉ်က သူ့ရဲ့ 'ရင်ထဲက လရောင်ဖြူ' နဲ့ ပြန်ဆုံရပေမယ့် သူ့စိတ်တွေက ဘာမှ လှုပ်ရှားမနေတော့ဘူး။ ကံကြမ္မာရဲ့ ချားရဟတ်တွေကို နှောင့်ယှက်လိုက်ကြရအောင်။

"ကျွန်တော် တောင်းပန်ပါတယ်။"

လင်းလော့က ကျန်းရှင်းယင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ် ပြီးတော့ သူ့ရဲ့ ငယ်ရွယ်တဲ့ ကိုယ်ပွားအတွက် ဆုံးဖြတ်ချက်အသစ်တစ်ခုကို ချလိုက်တယ် "လွန်ခဲ့တဲ့ သုံးနှစ်လုံး မင်းကို တကောက်ကောက် လိုက်နေမိခဲ့တာ ငါ့အမှားပါ။"

"အဲ့တော့ ဘာဖြစ်လဲ။"

ကျန်းရှင်းယင်က သူ့ရဲ့ လှပတဲ့ ငန်းလည်တိုင်ကို မော့ထားတုန်းပဲ သူ့အသံက တည်ငြိမ်နေပြီး မျက်နှာအမူအရာကလည်း ဘာမှ ပြောင်းလဲသွားပုံ မရဘူး။

"ငါ လက်လျှော့လိုက်ပြီ။"

လင်းလော့က ပြောတယ် "မင်းကို ငါ ဆက်မလိုက်တော့ဘူး။"

ဒီစကားတွေ ထွက်ကျသွားတဲ့ အခိုက်အတန့်မှာပဲ အခန်းထဲမှာ တိတ်ဆိတ်သွားတယ် ဘယ်သူက သီချင်းကို ပိတ်လိုက်မှန်းတောင် ဘယ်သူမှ မသိလိုက်ဘူး။ လူတိုင်းက လင်းလော့ကို အံ့ဩတကြီးနဲ့ ကြည့်နေကြတယ် သူတို့နား သူတို့တောင် မယုံနိုင်သလောက်ပဲ။
အထက်တန်းကျောင်း သုံးနှစ်လုံး လင်းလော့က ကျန်းရှင်းယင်ကို သုံးနှစ်တိတိ ဘယ်လို တကောက်ကောက် လိုက်ခဲ့လဲဆိုတာ လူတိုင်း မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒီကောင် မလိုက်နိုင်တော့တဲ့ အချိန် ရှိလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ သူ ရှက်ပြီး ဒေါသထွက်သွားတာလား ဒါမှမဟုတ် တကယ်ပဲ လက်လျှော့ဖို့ အသင့်ဖြစ်သွားတာလား။

"အိုး။"

ကျန်းရှင်းယင်ရဲ့ မျက်နှာအမူအရာက ခုထိ ဘာမှ ပြောင်းလဲမသွားဘူး ဒါပေမဲ့ သူမရဲ့ မျက်လုံးတွေကတော့ အရင်ကထက် အနည်းငယ် ပိုအေးစက်သွားသလိုပဲ။ နောက်ဆုံးတော့ သူမက စကားလုံးနှစ်လုံးကို ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်
"ကောင်းပြီလေ။"

ဒါကို ခွင့်တိုင်တာကို ခေါင်းဆောင်က ခွင့်ပြုလိုက်သလို သဘောထားနေတာလား။
ကျန်းရှင်းယင်ရဲ့ အဖြေကို ကြားတော့ လင်းလော့ သက်ပြင်းမချမိဘဲ မနေနိုင်ဘူး။ ဒီမာနကြီးတဲ့ ငန်းဖြူမလေးက ဘယ်သူ့အတွက်မှ သူ့ရဲ့ မာနကြီးတဲ့ ဟန်ပန်ကို မပြောင်းလဲခဲ့ဘူး ဘယ်လောက်ပဲ နှစ်တွေ ကြာသွားပါစေ။

"ကောင်းပြီလေ။"

လင်းလော့ စိတ်သက်သာရာရသွားတယ် ပြုံးလိုက်ပြီး ပြောတယ် "ဒီအသားကင်တွေ နွေးသေးတယ်။ မင်းတို့ စားချင်ရင် ခွဲစားလိုက်ကြ။ ငါ့မှာ ကိစ္စရှိလို့ အရင်သွားလိုက်ဦးမယ်။ အားလုံးပဲ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ကြပါစေ။"

ဒီလိုပြောပြီး လင်းလော့က ထုပ်ပိုးထားတဲ့ အသားကင်ကို ချထားလိုက်ပြီး ရိုးရိုးရှင်းရှင်းပဲ လှည့်ထွက်သွားလိုက်တယ်။

ညကိုးနာရီ ရှိနေပြီ။ လင်းလော့က အောက်ထပ်ဆင်းလာပြီးနောက် KTV ရဲ့ စင်္ကြံမှာ တစ်ယောက်တည်း ရပ်နေလိုက်တယ်။ သူ့နောက်က ဆူညံသံတွေကို သူ မကြားရတော့ဘူး။ သူ့ရဲ့ (၁၈) နှစ်သား အရွယ်က ကောင်းကင်ကြီးကို သူ မော့ကြည့်လိုက်တယ်။
လရောင်က စွဲမက်ဖွယ်ကောင်းပြီး ကြယ်တာရာတွေကလည်း တောက်ပလို့နေတယ်!