ရေပြာကမ္ဘာ။

ထျန်းဟယ်မြို့။

ဟန်ဟယ်ပန်းခြံ လူနေအိမ်ရာဝင်း။

"ဒါ တကယ်တမ်း ဘာတွေဖြစ်နေတာလဲ။ ငါ့မျက်လုံးတွေ ဘာဖြစ်သွားတာလဲ"

"ဝတ္ထုရေးရင်း ညဉ့်နက်လွန်းလို့ စိတ်တွေယောင်ကုန်တာများလား"

"ဒါမှမဟုတ် ငါ့မျက်လုံး တစ်ခုခုဖြစ်သွားတာလား"

"ငါကြည့်လိုက်တဲ့ အရာတွေပေါ်မှာ ဘာလို့ QR Code တွေ ပေါ်နေရတာလဲ"

"အဓိကမေးခွန်းက... ငါ့မျက်လုံးတွေက ဘာလို့ ဒီ QR Code ကို စကင်ဖတ် (Scan) နိုင်နေရတာလဲ"

"ဒါ... ဒါက သိပ်ရယ်ရတာပဲ။ ဒါ ငါ့မျက်လုံးလေ... ဖုန်းထဲက QR Code စကင်ဖတ်တဲ့ ဆော့ဝဲလ်မှ မဟုတ်တာ"

"ပြီးတော့ ပုံမှန်အခြေအနေမှာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ QR Code ပါလာစရာ အကြောင်းမှမရှိတာ"

"ငါ Cheat Code ရသွားတာများလား။ မဖြစ်နိုင်ပါဘူး... တကယ်ကြီး ရှိတာလား။ ဒါ စာရေးဆရာတွေ လျှောက်တွေးပြီး ရေးကြတာ မဟုတ်ဘူးလား"

လီမိုတစ်ယောက် သူမြင်နေရတဲ့အရာကို မယုံနိုင်အောင် ဖြစ်နေပြီး သူ့စိတ်ထဲမှာလည်း တုန်လှုပ်အံ့သြနေမိတယ်။

မျက်စိအမြင်မှားတာများလားဆိုပြီး မျက်လုံးကို အကြိမ်ကြိမ် ပွတ်ကြည့်တယ်။

ဘယ်လောက်ပဲ ပွတ်ကြည့်ကြည့် သူ့မြင်ကွင်းထဲက ထူးဆန်းတဲ့ QR Code က ပျောက်မသွားဘူး။

QR Code သက်သက်ဆိုရင် တော်သေးတယ်။

အဓိကအချက်က အဲ့ဒီ QR Code က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါ်နေတာ။

ပိုပြီးတိတိကျကျ ပြောရရင် ဖိနပ်စီးထားတယ်၊ ဆာလာအိတ်ဆွဲထားတယ်၊ မျက်မှန်အကြီးကြီး တပ်ထားတယ်၊ ခေါင်းမှာ ကလစ်တွေ အများကြီးနဲ့၊ ညဝတ်အင်္ကျီနဲ့... ကြည့်ရတာ ဖရိုဖရဲနိုင်ပြီး မျက်နှာမှာလည်း အမာရွတ်တစ်ခု ရှိနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပေါ်မှာ ပေါ်နေတာ။

ပြီးတော့ အဲ့ဒီ QR Code က တစ်ဖက်လူရဲ့ ရင်ဘတ်ပေါ်မှာ ပေါ်နေတယ်။

"လီမို... နင် ဘယ်ကို ကြည့်နေတာလဲ။ ငါ့အရှေ့က ကြီးတာတော့ မှန်ပေမယ့် နင် အဲ့လောက်ကြီး ပြူးပြဲကြည့်စရာ မလိုပါဘူး"

လီမို ကြည့်နေတုန်းမှာပဲ သူ့ရှေ့က ဖရိုဖရဲအမျိုးသမီးက ဒေါသတကြီး လှမ်းအော်လိုက်တယ်။

ဒါက ကြောင်တောင်တောင်ဖြစ်နေတဲ့ လီမိုကို လန့်နိုးသွားစေတယ်။

"အာ... အိမ်ရှင်မကြီး" လီမိုက အားနာပါးနာ ပြုံးပြလိုက်တယ်။

"ကဲ... အရူးလို ရယ်မနေနဲ့။ ဒီလ အိမ်လခ ပေးတော့။ နင် အိမ်လခမလွှဲတာ နှစ်လရှိပြီနော်။ ဒီလ စာမူခရရင် ပေါင်းပေးမယ်လို့ ပြောထားတယ်လေ"

အခုချက်ချင်းပေး!

"ငါ နောက်တစ်နေရာ သွားကောက်စရာ ရှိသေးတယ်" ဖရိုဖရဲအမျိုးသမီးက လီမိုကို စိန်းစိန်းဝါးဝါး ကြည့်ပြီး ပြောလိုက်တယ်။

"ဟုတ်... ဟုတ်ကဲ့။ WeChat ကနေ လွှဲပေးလိုက်ပါမယ်" လီမို ခေါင်းညိတ်လိုက်ပြီး ဖုန်းထုတ်ကာ ပိုက်ဆံလွှဲဖို့ ပြင်လိုက်တယ်။

ဒါပေမဲ့ ပိုက်ဆံလွှဲဖို့ လုပ်နေတုန်းမှာပဲ သူက အဲ့ဒီအမျိုးသမီးရဲ့ ရင်ဘတ်ဆီကို မသိစိတ်ကနေ လှမ်းကြည့်မိပြန်တယ်။

ကြည့်လိုက်တာနဲ့ သူ့ခေါင်းထဲမှာ ထူးဆန်းတဲ့ အသံတစ်ခု ပေါ်လာတယ်။

QR Code ကို စကင်ဖတ်မလားလို့ မေးနေတာ။

"စကင်ဖတ်မယ်"

လီမိုက ထူးဆန်းတဲ့ အချက်ပြမှုကို အာရုံခံမိပြီး သူ့စိတ်ထဲကနေ လက်ခံလိုက်မိတယ်။

သူ လက်ခံလိုက်တဲ့ ခဏမှာပဲ...

ရုတ်တရက် လီမိုရဲ့ ရှေ့မှာ ယုံနိုင်စရာမရှိတဲ့ ထူးဆန်းတဲ့ ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာတယ်။

အမည်: မူချိုယန်

အသက်: ၂၆ နှစ်

ကျား/မ:

ရုပ်ရည်: ၉၅

အရပ်: ၁.၇၃ မီတာ

စွမ်းရည်များ: မိတ်ကပ် (ဂရန်းမားစတာ)၊ ဆန်ဒါ (မာစတာ)၊ အလွတ်တိုက်ခိုက်ရေး (မာစတာ)၊ ထိုင်းလက်ဝှေ့ (မာစတာ)၊ ယောဂ (မာစတာ)၊ ရေကူး (မာစတာ)၊ ဟင်းချက် (မာစတာ)၊ စက်မဲ့ယာဉ်မောင်းနှင်ခြင်း (အခြေခံ)၊ စက်တပ်ယာဉ်မောင်းနှင်ခြင်း (အခြေခံ)

ပိုင်ဆိုင်မှုများ: ဟန်ဟယ်ပန်းခြံ အဆောင် ၁၇၊ 'ဝမ်ယို' အိမ်ရာ လုံးချင်းအိမ် ၇၊ ၈၊ ၉ ၊ ထျန်းဟယ် အမှတ် ၃ နှင့် အမှတ် ၄ ၊ Financial Plaza ရုံးအဆောက်အဦး ၈ လွှာ။

လက်ရှိငွေသား: ၃၆၈,၅၂၄,၁၆၀ ယွမ် နှင့် ၄ မောင်။

စီးတော်ယာဉ်: Emma လျှပ်စစ်စက်ဘီး

အိမ်ထောင်ရေးအခြေအနေ: မရှိ

ရင်းနှီးမှု: ၇၅

အထူးအခြေအနေ: ည ၁၀ နာရီ ၂၀ မိနစ်တွင် ထျန်းဟယ် အမှတ် ၃ လုံးချင်းအိမ်ရှိ သူမ၏ နေအိမ်တွင် နဂါးမောက်သီး စားပြီးနောက် ဓာတ်မတည့်မှုကြောင့် ရုတ်တရက် ရှော့ခ်ရကာ အချိန်မီ ဆေးရုံပို့မည့်သူမရှိသဖြင့် နေရာတွင်ပင် သေဆုံးမည်။

ဒီပုံရိပ်ယောင် မျက်နှာပြင် ပေါ်လာတာနဲ့ လီမိုတစ်ယောက် သူ ကံထူးပြီဆိုတာ နားလည်လိုက်ပြီ။

ရွှေလက်ချောင်း။

သူ တကယ်ကြီး အထူးစွမ်းရည် ရသွားတာပဲ။

ဒါပေမဲ့ ရုပ်ရည် ၉၅ မှတ်ဆိုတာ ဘာသဘောလဲ။

သူ ဒီအိမ်ရှင်မကြီးနဲ့ ဆက်ဆံနေတာ တစ်ခါနှစ်ခါ မကတော့ဘူး။

တွေ့တိုင်း ဒီအိမ်ရှင်မကြီးက အမြဲတမ်း ဖရိုဖရဲနဲ့။

အခု ရလဒ်က အမှတ် ၁၀၀ မှာ ၉၅ မှတ်တဲ့လား။

ဒါက လီမိုကို သူ့စနစ်ရဲ့ ရုပ်ရည်အကဲဖြတ်မှုကို သံသယဝင်သွားစေတယ်။

ဒီအမှတ်ပေးတဲ့ စံနှုန်းက သိပ်ညံ့လွန်းတယ်။

ဖရိုဖရဲနဲ့ ရှေးရိုးဆန်ပြီး အကြီးစား မျက်မှန်ကြီးတပ်၊ ဆာလာအိတ်ဆွဲ၊ ဖိနပ်စီး၊ ညဝတ်အင်္ကျီဝတ်ထားပြီး မျက်နှာမှာလည်း အမာရွတ်နဲ့။

သူက ရုပ်ရည် ၉၅ မှတ် ရတယ်ဆိုတော့...

ဒါ လုံးဝကို ဗြောင်လိမ်တာပဲ။

လီမို အရမ်းအံ့သြသွားပြီး မူချိုယန်ကို အပေါ်အောက် သေချာပြန်ကြည့်မိတယ်။

"ငါ့ရဲ့ အလှအပခံစားမှုကပဲ ချို့ယွင်းနေတာလား၊ ဒါမှမဟုတ် ရွှေလက်ချောင်းရဲ့ စံနှုန်းကပဲ ချို့ယွင်းနေတာလား။ ဒါမှမဟုတ် ဒီအိမ်ရှင်မကြီးရဲ့ မိတ်ကပ်ပညာကြောင့်များလား"

သူ့မျက်နှာက အမာရွတ်က အတုများလား။

တခြားလူတွေက လှအောင် မိတ်ကပ်လိမ်းကြပေမယ့် သူကတော့ ရုပ်ဆိုးအောင် ပြင်ထားတာလား။

သူ့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ဆိုရင် သူက အိမ်လခကောက်ဖို့ သူ့ရုပ်အမှန်ကို ထုတ်ပြရင်တောင် ဘယ်သူမှ သူ့ကို ဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ ဒါ့အပြင် အိမ်ရှင်မကြီးက အိမ်လခကောက်ဖို့ အခန်းတစ်ခန်းထက်မက ပိုင်တယ်ဆိုတာ သိထားပေမယ့် ဟန်ဟယ်ပန်းခြံ အဆောင် ၁၇ တစ်ခုလုံး သူပိုင်တယ်ဆိုတာတော့ ထင်မထားမိဘူး။ ပြီးတော့ Financial Plaza ရုံးအဆောက်အဦး ၈ လွှာ နဲ့ ဝမ်ယိုအိမ်ရာက လုံးချင်းအိမ် ၃ လုံးလည်း သူပိုင်တာပဲ။

လက်ရှိငွေသားကလည်း သန်း ၃၀၀ ကျော်တောင် ရှိသေးတယ်... လိုလို့လား။

လီမိုက မူချိုယန်ကို အပေါ်အောက် ကြည့်ရင်း မျက်နှာထားက ရှုပ်ထွေးနေတယ်။

ဒီအချိန်မှာ သူပြောချင်နေတဲ့ စကားတစ်ခွန်းက "သူဌေးမကြီး... ကျွန်တော် ဗိုက်ဆာတယ်... ထမင်းကျွေးပါ" ဆိုတာပါပဲ။

"လီမို... နင် တော်တော့မှာလား။ ငါ့ခန္ဓာကိုယ်ကို ဘာလို့ အဲ့လောက် စိုက်ကြည့်နေတာလဲ"

"အရင်တုန်းကတော့ ငါက နင့်ပုံစံ မဟုတ်ပါဘူးဆို။"

"ဘာလဲ... အခုမှ သဘောပေါက်သွားတာလား"

"အကြွေးကို လူကိုယ်တိုင်နဲ့ ဆပ်ချင်နေတာလား"

"ဒီလ စာမူခ ထပ်မရပြန်ဘူးမလား"

"ငါ နင့်ကို ပြောသားပဲ... အလုပ်တွေက အများကြီးပါ၊ စာရေးရတာ အရမ်းခက်ပါတယ်လို့"

"စာရေးတာက လမ်းမမြင်ပါဘူးဟယ်"

"လူဘယ်နှယောက်တောင် သေကုန်ကြပြီလဲ"

"နင့်ရုပ်လေးက မဆိုးတော့ တခြားအလုပ်ပြောင်းပြီး Short video ရိုက်တာတို့၊ Streamer လုပ်တာတို့ စမ်းကြည့်ပါလား။ အဲ့ဒါက စာရေးတာထက် ပိုအလားအလာရှိဦးမယ်"

"တကယ်လို့ အဆင်မပြေရင် ငါ နင့်ကို လမ်းနှစ်ခု ညွှန်ပေးမယ်"

"ငါ နင့်ကို အလုပ်မိတ်ဆက်ပေးမယ်၊ နင် ရိုးရိုးသားသား အလုပ်လုပ်ပြီး ငါ့ပိုက်ဆံပြန်ဆပ်"

"ဒါမှမဟုတ် အရင်က ပြောဖူးသလိုပဲ... လူကိုယ်တိုင်နဲ့ အကြွေးဆပ်ပေါ့"

"နင့်ရုပ်လေးက ချောတော့ ငါမွေးထားလိုက်မယ်လေ"

လီမိုက သူ့ကို အပေါ်အောက် ကြည့်နေတာ မြင်တော့ မူချိုယန် ခဏလောက် ကြောင်သွားပြီးမှ စိတ်ပျက်တဲ့ ပုံစံနဲ့ ကြည့်ကာ လေသံမာမာနဲ့ ပြောလိုက်တယ်။

"အိုကေလေ!"

မူချိုယန် စကားဆုံးတာနဲ့ လီမိုက ဖုန်းကို ချက်ချင်းပြန်သိမ်းပြီး မူချိုယန်ကို ပြုံးပြလိုက်တယ်။

"ဟေ..."

ဒီတစ်ခါတော့ မူချိုယန် ကြောင်သွားပြီး လီမိုကို မျက်လုံးပြူးကြီးနဲ့ ကြည့်လိုက်တယ်။

"နင် အတည်ပြောနေတာလား။ တကယ်ကြီး အပင်ပန်းမခံချင်တော့ဘူးလား"

မူချိုယန် တကယ်ပဲ လန့်သွားတယ်။

ဒီနေ့ သူက ပုံမှန်လိုပဲ ဒီကောင်လေးကို စနောက်ပြီး အလုပ်ကြိုးစားအောင် ပြောလိုက်တာပါ။

ဘာလဲ... ဒီကောင်က တကယ်ကြီး မကြိုးစားချင်တော့ဘူးလား။

အခု ငါ့ပုံစံက အစစ်မှ မဟုတ်တာ။

ရွံစရာကောင်းတဲ့ ပုံစံကို ထားလိုက်ဦး၊ မျက်နှာပေါ်က ကြောက်စရာ အမာရွတ်ကြီး တစ်ခုတည်းနဲ့တင် လူအများကြီးကို လန့်ပြေးစေနိုင်တာကို။