အခန်း (၂) - ကျွန်တော် မကြိုးစားချင်တော့ဘူး
"အင်း... ကျွန်တော် မကြိုးစားချင်တော့ဘူး အိမ်ရှင်မကြီးရယ်။ အိမ်ရှင်မကြီး ကျွန်တော့်ကို မွေးထားမယ်ဆို... မနောက်နေဘူးမလား" လီမိုက သူ့ရှေ့က အိမ်ရှင်မကြီးကို ပြုံးပြုံးလေး ကြည့်ပြီး မေးလိုက်တယ်။
"အာ..." မူချိုယန် ကြောင်သွားတယ်။
ဒီကောင်က လူကို အကျပ်ရိုက်အောင် လုပ်နေတာပဲ။ သူက တကယ်တော့ မောင်လေးတစ်ယောက်လို စချင်နောက်ချင်လို့ ပြောလိုက်တာပါ။
"ငါက ရုပ်ဆိုးတယ်လေ... ငါတို့ အတူတူ အပြင်ထွက်ရင် မျက်နှာငယ်ရမှာ မကြောက်ဘူးလား" မူချိုယန် ခဏလောက် ကြောင်သွားပြီးမှ တည်ငြိမ်အောင် ပြန်ထိန်းကာ လီမိုကို လေးလေးနက်နက် ပြန်မေးလိုက်တယ်။
"ကျွန်တော်က မကြိုးစားချင်တော့ဘူးလို့ ဆုံးဖြတ်ပြီးသားလေ... ဘာကို ကြောက်ရမှာလဲ" လီမိုက ပြောတယ်။
"..." မူချိုယန် ဘာပြန်ပြောရမှန်း မသိတော့ဘူး။
တော်တယ်။ တော်တော်ခိုင်လုံတဲ့ အကြောင်းပြချက်ပဲ။
သူ့ရဲ့ ဆိုးသွမ်းတဲ့ မောင်လေးက ဒီလောက်အထိ အရှက်မဲ့နိုင်မယ်လို့ ထင်မထားမိဘူး။
တကယ်ပဲ ထွက်ပေါက်ပိတ်သွားလို့များလား။
စာအုပ်က လုံးဝကို ဖတ်တဲ့လူမရှိတာလား။
"လီမို... ကောင်စုတ်လေး။ ငါ နင့်ကို အလုပ်တစ်ခု မိတ်ဆက်ပေးမယ်လေ။ စိတ်မပူနဲ့။ တစ်လကို သောင်းချီမရရင်တောင် တစ်သောင်းလောက်ကတော့ သေချာပေါက်ရမှာ" မူချိုယန် ခဏလောက် စဉ်းစားပြီးမှ လီမိုကို အတည်ပေါက် ပြောလိုက်တယ်။
"အိမ်ရှင်မကြီး... ကတိဖျက်ဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား" လီမိုက မေးလိုက်တယ်။
"ဘယ်ကသာ ဖြစ်ရမှာလဲ။ ငါက ကတိတည်ပါတယ်ဟဲ့။ နင်က ငယ်သေးတော့ နောင်ကျ နောင်တရမှာစိုးလို့ပါ။ စိတ်လိုက်မာန်ပါနဲ့ မဆုံးဖြတ်သင့်တဲ့အရာကို မဆုံးဖြတ်လိုက်နဲ့လေ။"
"ဒါက နင့်တစ်ဘဝလုံးနဲ့ဆိုင်တာနော်" မူချိုယန်က ပြောတယ်။
"ကျွန်တော့်ကို မွေးထားမယ်ဆိုလို့ ကျွန်တော်က ရင်ထဲထိသွားပြီး လူကိုယ်တိုင်နဲ့ အကြွေးဆပ်ဖို့ စဉ်းစားလိုက်တာလေ။ အခု အိမ်ရှင်မကြီးက ကျွန်တော့်ကို ဒီလောက် ဂရုစိုက်ပေးတာ မြင်တော့ ကျွန်တော် အိမ်ရှင်မကြီးအနားမှာပဲ နေချင်စိတ် ပိုတိုးလာပြီ"
"အိမ်ရှင်မကြီးက ရုပ်ရည်အားဖြင့် အလှဆုံး မဟုတ်ပေမယ့် စိတ်ထားကတော့ အလှဆုံးပါပဲဗျာ"
"..." မူချိုယန်။
"စိတ်မပူပါနဲ့ အိမ်ရှင်မကြီးရယ်။ ကျွန်တော့်ကို ပြုစုရတာ လွယ်ပါတယ်။ စားကောင်းသောက်ဖွယ်တွေလည်း မလိုပါဘူး။ စတီးဂွမ်းဖတ်ကြီးနဲ့ လာမတိုက်ရင် ရပြီ" လီမိုက ဆက်ပြောတယ်။
"ဖူး..." မူချိုယန်ရဲ့ မျက်နှာချောချောလေးက ချက်ချင်း ရဲတက်သွားတယ်။
ဘုရားရေ... စတီးဂွမ်းဖတ်တဲ့။
ဒီကောင်လေး ဒီနေ့ ဘာဖြစ်နေတာလဲ။
အခြေအနေတွေက ဘာလို့ ရုတ်တရက် ဒီလိုဖြစ်သွားရတာလဲ။
အရင်တုန်းကဆို ငါစလိုက်ရင် သူပဲ အမြဲရှုံးပြီး ပြန်သွားရတာလေ။
ဒီနေ့မှ ဘာလို့ ဒီလောက် စကားတွေ ထက်နေရတာလဲ။
ဒါမှမဟုတ် ဒီကောင်က တမင်သက်သက် ဟန်ဆောင်ပြီး ပြန်လှည့်စားနေတာများလား။
"ကောင်းပြီလေ... ကောင်စုတ်လေး။ နင် တကယ်ပဲ ငါမွေးထားတာကို ခံချင်တာလား"
အဲ့ဒီလို တွေးမိတော့ မူချိုယန်က လီမိုကို ပြုံးပြီး ကြည့်လိုက်တယ်။ စကားပြောရင်း လီမိုကို အပေါ်အောက် အကဲခတ်လိုက်သေးတယ်။
"ငါက စတီးဂွမ်းဖတ် သုံးရတာ မကြိုက်ပေမယ့် ငါ့ရဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံမှုကို နင့်ခန္ဓာကိုယ်က ခံနိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။ ငါ့မှာ နည်းလမ်းပေါင်းစုံ ရှိတယ်နော်။ မကြောက်ဘူးလား" မူချိုယန်က စိန်ခေါ်သလို ပြောလိုက်တယ်။
"တကယ်လား အိမ်ရှင်မကြီး။ စတီးဂွမ်းဖတ် မသုံးသရွေ့တော့ ကျွန်တော့်ကို ညှာစရာမလိုပါဘူး။ ကျွန်တော် ခံနိုင်ပါတယ်" လီမိုက ပြန်ပြောတယ်။
"!!!" မူချိုယန်။
"မောင်လေး... နင် ဘာဖြစ်နေတာလဲ။ ရိုးရိုးသားသား ပြောစမ်း။ နင် တစ်ခုခု ဖြစ်ထားတာလား" မူချိုယန်က လီမိုကို အံ့သြတကြီး ကြည့်ပြီး မျက်နှာထား ပြန်တည်ကာ မေးလိုက်တယ်။
"ဘာမှမဖြစ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဗေဒင်သွားမေးကြည့်တာ... ဗေဒင်ဆရာက ပြောတယ်၊ ကျွန်တော်က ကံဇာတာအရ အူလမ်းကြောင်း မကောင်းဘူးတဲ့။ အခွင့်အရေးကောင်း တစ်ခုရရင်တော့ ဘဝကို ဇိမ်နဲ့ နေရလိမ့်မယ်တဲ့"
"မဟုတ်ရင်တော့ တစ်ဘဝလုံး သာမန်ကာလျှံကာနဲ့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးတဲ့"
"ဟူး... ကျွန်တော်လည်း အဲ့ဒါကို စဉ်းစားနေတာ။ ဒီနေ့ကျမှ အိမ်ရှင်မကြီးက လူကိုယ်တိုင်နဲ့ အကြွေးဆပ်ဖို့ ခဏခဏ ပြောလာတော့... ပြီးတော့ ကျွန်တော့်စာအုပ် ရောင်းအားကလည်း ကျနေတာနဲ့ဆိုတော့... စဉ်းစားကြည့်လိုက်တာ ဗေဒင်ဆရာပြောတာ မှန်မယ်ထင်တယ်"
"ကျွန်တော်က တကယ်ပဲ အူလမ်းကြောင်း မကောင်းတဲ့ ပါပါလာတာ ဖြစ်မယ်" လီမိုက သက်ပြင်းချဟန်ဆောင်ပြီး ပြောလိုက်တယ်။
"!!!" မူချိုယန်။
နောက်ဆုံးတော့ မူချိုယန်က လီမိုကို တကယ်မွေးစားဖို့ မလုပ်ဘဲ ဖရိုဖရဲနဲ့ ထွက်ပြေးသွားတော့တယ်။
မူချိုယန် အဲ့ဒီလို ထွက်သွားတာကို ကြည့်ပြီး လီမို ရယ်လိုက်မိတယ်။
မူချိုယန် ထွက်သွားတဲ့ နေရာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး တံခါးပိတ်လိုက်တယ်။
တံခါးပိတ်ပြီးတာနဲ့ လီမိုက အခန်းထဲကို သေချာ လိုက်ကြည့်တယ်။
ကြည့်လိုက်တော့မှ နေရာတိုင်းမှာ QR Code တွေ ရှိနေတာကို တွေ့လိုက်ရတယ်။
နံရံတွေ၊ တံခါးတွေ၊ ကြမ်းပြင်တွေ၊ ပြတင်းပေါက်တွေ စသဖြင့် နေရာအနှံ့မှာ QR Code တွေ ပါနေတာပဲ။
ဥပမာ သူ့ရှေ့က ဒီတံခါးပေါက်။
QR Code ကို မြင်လိုက်တာနဲ့ သူက စကင်ဖတ်ဖို့ ရွေးချယ်လိုက်တယ်။
အချက်အလက်တွေ ချက်ချင်း ပေါ်လာတယ်။
ပစ္စည်း: Triumph လုံခြုံရေးတံခါး
ထုတ်လုပ်သည့်ရက်စွဲ: ၂၀၁၇ မတ်လ
ပစ္စည်းအရင်းအမြစ်: ထျန်းဟယ် ပရိဘောဂဈေး
ပိုင်ရှင်: မူချိုယန်
"မိုက်တယ်ဟေ့! ငါ့ရဲ့ စနစ်က တော်တော်မိုက်တာပဲ။ ငါတော့ သူဌေးဖြစ်ပြီး ဘဝပြောင်းတော့မယ်။ ဒီလို စနစ်မျိုး ရှိနေမှတော့ စာရေးနေစရာ ဘာလိုတော့မှာလဲ"
စာဆက်ရေးနေတဲ့ကောင်က အရူးပဲ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ ဘယ်နှအုပ်ရေးရေး စာအုပ်အဖြစ် မထုတ်ဝေနိုင်ဘူး ဖြစ်နေတာ။ စဉ်းစားစရာ အကြံဉာဏ်တွေလည်း ကုန်နေပြီဆိုတော့ ဒီအခွင့်အရေးနဲ့ အွန်လိုင်းစာပေလောက ကနေ အနားယူလိုက်တာ ပိုကောင်းမယ်။ နောက်ပိုင်း အွန်လိုင်းစာပေလောကထဲ ပြန်ဝင်လာရင်တောင် စာဖတ်သူ အဖေကြီးအနေနဲ့ပဲ ဝင်လာတော့မယ်။
ဝေဖန်ရေးဆရာတွေရေ... တုန်လှုပ်ထားကြပေတော့။ ငါလည်း Troll တော့မယ်။
QR Code ကို ကြည့်ပြီး လီမိုတစ်ယောက် စိတ်လှုပ်ရှား မနေဘဲ မနေနိုင်တော့ဘူး။
ဒါက တကယ့်အထူးစွမ်းရည်ပဲ။
အရူးမဟုတ်တဲ့ ဘယ်သူမဆို ပိုက်ဆံရှာမယ့် နည်းလမ်းပေါင်းစုံကို စဉ်းစားမိမှာ သေချာတယ်။
ရှေးဟောင်းပစ္စည်းလား။
ကျောက်စိမ်းလောင်းကစားလား။
ဝတ္ထုတွေထဲမှာ သုံးနေကျ ဒီလိုဇာတ်ကွက်မျိုးတွေတောင် ထည့်ပြောမနေတော့ဘူး။
ပစ္စည်းအစစ်အမှန် ခွဲခြားတာ၊ ဗေဒင်ဆရာယောင်ဆောင်တာ၊ စီးပွားရေးအခွင့်အလမ်း ရှာဖွေတာတွေလောက်က လွယ်လွယ်လေး ဖြစ်သွားပြီ။
လီမို တွေးနေတုန်းမှာပဲ...
ရုတ်တရက် သူ့ဖုန်းမြည်ပြီး တုန်ခါသွားတာ သတိထားမိလိုက်တယ်။
ဖုန်းကို ထုတ်ပြီး ဖွင့်ကြည့်လိုက်တယ်။
WeChat ကနေ အနီရောင်စာအိတ် လွှဲပေးထားတာကို တွေ့လိုက်ရတယ်။
ပေးပို့သူ: အိမ်ရှင်မကြီး
လွှဲပြောင်းငွေပမာဏ: ၁၀,၀၀၀
ငွေလွှဲတဲ့ အချက်အလက်အပြင် စာတစ်စောင်ပါ တွဲပါလာတယ်။
"မောင်လေး... တစ်ခုခုဖြစ်ရင် မထိတ်လန့်နဲ့။ ထွက်ပေါက်ဆိုတာ အမြဲရှိတယ်။ ဒီ တစ်သောင်းကို အရေးပေါ် သုံးဖို့ ယူထားလိုက်"
"မမ ချိုယန်... ကျွန်တော့်ကို တကယ်ပဲ မွေးစားဖို့ မစဉ်းစားတော့ဘူးလား။ ကျွန်တော်က မမရဲ့ ခွေးပေါက်လေး လုပ်ပေးလို့ ရတယ်နော်" လီမိုက ပိုက်ဆံကို ချက်ချင်း လက်ခံလိုက်ပြီး စာပြန်လိုက်တယ်။
"(ဒေါက်) (ဒေါက်) (ဒေါက်)... လူငယ်ဆိုတာ ရည်မှန်းချက်ကြီးရမယ်။ မိန်းမတစ်ယောက်ရဲ့ လုပ်စာထိုင်စားဖို့ပဲ တစ်ချိန်လုံး မတွေးနေနဲ့" အိမ်ရှင်မကြီးက ခေါင်းခေါက်တဲ့ အီမိုဂျီတွေ ဆက်တိုက်ပို့လာတယ်။
"အသည်းကွဲပြီ!! (ငို) (ငို) (ငို)" လီမို။
"ကောင်စုတ်လေး" အိမ်ရှင်မကြီး။
"အရသာတောင် သေချာမမြည်းစမ်းကြည့်ရသေးဘဲ ပုပ်နေမှန်း ဘယ်လိုသိလဲဗျ (မဲညစ်ညစ်အပြုံး)" လီမို။
"ဖူး... ပေါက်ကရတွေ မပြောနဲ့။ ငါ ကားပေါ်က ဆင်းချင်ပြီ" အိမ်ရှင်မကြီး။
"တံခါးတွေကို ဝရိန်ဆော်ထားပါတယ်။ ကားပေါ်ကဆင်းခွင့် မရှိပါ" လီမို။
"ကောင်စုတ်လေး... နင် တော်တော်ပြောင်းလဲသွားတာပဲ။ နင့်ကိုယ်နင် လုံးဝ လွှတ်ချလိုက်ပြီလား။ ငါ ကြောက်လာပြီနော် (တုန်လှုပ်)" အိမ်ရှင်မကြီး။
"မကြောက်ပါနဲ့... မောင်လေးက ဖက်ထားပေးမယ်လေ" လီမို။
"မဖက်နဲ့" အိမ်ရှင်မကြီး။
အရင်တုန်းက အိမ်ရှင်မကြီးက ဒီလောက်လှမှန်း လီမို မသိခဲ့ဘူး။ လီမိုကို မွေးစားမယ်လို့ သူပြောတုန်းက လီမိုမှာ ကြောက်လွန်းလို့ တုန်နေခဲ့ရတာ။
ရုပ်ဆိုးလို့ ငြင်းခဲ့တာပေါ့။
အခုတော့ အိမ်ရှင်မကြီးက ၉၅ မှတ်တောင် ရတဲ့ အချောစားမှန်း သိသွားပြီ။
ပြီးတော့ အချစ်ရေးရာဇဝင်လည်း မရှိဘူး။
အိမ်ရှင်မကြီးနဲ့ စာပြောရတာ တော်တော်ပျော်ဖို့ကောင်းမှန်း လီမို ရုတ်တရက် တွေ့ရှိသွားတယ်။
ဟူး... သူ ဝန်ခံပါတယ်။
သူက အလှကြိုက်တဲ့ကောင်ပါ။
စာရေးလာတာ နှစ်အတော်ကြာပြီဆိုတော့ သူက 'ကားမောင်း' (လိင်ပိုင်းဆိုင်ရာ အရိပ်အမြွက်ပြောခြင်း) တဲ့ စကေးတွေ အများကြီး ကျွမ်းကျင်နေပြီလေ။
ရံဖန်ရံခါ အမျိုးသမီး ပရိသတ်တွေက သူ့ကို လာရောတာတွေ ရှိပေမယ့်...
စာရေးဆရာ ကျင့်ဝတ်ကို လိုက်နာတဲ့အနေနဲ့ သူ ဘယ်တုန်းကမှ စည်းကျော်တဲ့အလုပ်တွေ မလုပ်ခဲ့ဘူး။
အချိန်တိုတွဲခဲ့တဲ့ ရည်းစားအစစ်တွေ ရှိခဲ့ဖူးပေမယ့်...
စာရေးဆရာအဖြစ် မအောင်မြင်တဲ့သူတွေအကြောင်း သိတဲ့သူတွေဆို သိကြပါတယ်။ ရုပ်ရည်ကြောင့် စကြိုက်တယ်၊ အရည်အချင်းကြောင့် စွဲလမ်းသွားတယ်၊ နောက်ဆုံးတော့ ပိုက်ဆံမရှိလို့ လမ်းခွဲကြတယ်။ သူ့လို ရုန်းကန်နေရတဲ့ စာရေးဆရာတစ်ယောက်အနေနဲ့ ရေရှည်တွဲမယ့် ရည်းစားရဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။
အခုတော့ ရုတ်တရက်ကြီး ရုပ်ရည် ၉၅ မှတ်၊ ရင်ဘတ်အကြီးကြီး (ခန္ဓာကိုယ်တစ်ခုလုံး မမြင်ဖူးပေမယ့် တော်တော်မိုက်လောက်တယ်)၊ အဆက်အသွယ်ကောင်းပြီး ချမ်းသာတဲ့ အချောအလှတစ်ယောက်ကို တွေ့ထားပြီလေ။
ပြီးတော့ သူ့အပေါ် ရင်းနှီးမှုက ၇၅% တောင် ရှိသေးတယ်။
သူတို့ကို ပြန်မကြောင်ရင် တခြားလူတွေကို အခွင့်အရေး ပေးလိုက်သလို ဖြစ်မနေဘူးလား။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: