လီမို သိပ်မကြာခင်မှာပဲ အဆောင် ၁၇ ရဲ့ လျှပ်စစ်စက်ဘီး ရပ်နားတဲ့နေရာကို ရောက်သွားတယ်။

ရောက်သွားတော့ မူချိုယန်က အဲ့ဒီနေရာမှာ ရပ်စောင့်နေတာ တွေ့လိုက်ရတယ်။

ဒီအချိန်မှာ မူချိုယန်က အစိမ်းရောင် လျှပ်စစ်စက်ဘီးလေးပေါ်မှာ ခွထိုင်နေတယ်။

ခေါင်းမှာလည်း အစိမ်းရောင် ဦးထုပ်ဆောင်းထားသေးတယ်။

ဒါ့အပြင် လျှပ်စစ်စက်ဘီးရဲ့ ခြေတင်ခုံပေါ်မှာ ဆာလာအိတ်တစ်လုံး တင်ထားတယ်။

အဲ့ဒီဆာလာအိတ်က မူချိုယန် စောစောက သယ်လာတဲ့ အိတ်ပဲ။

ဒါပေမဲ့ အခုတော့ အရင်ကထက် အများကြီး ပိုဖောင်းနေတယ်။

ကြည့်ရတာ အထဲမှာ ပစ္စည်းတွေ အများကြီး ထည့်ထားပုံရတယ်။

ခန့်မှန်းရမခက်ပါဘူး... အကုန်လုံး ပိုက်ဆံတွေ ဖြစ်လောက်တယ်။

လီမိုတောင် အဲ့ဒီဆာလာအိတ်ကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားတယ်။

"ဟေ့ကောင်လေး... ဘာကြည့်နေတာလဲ။ လာ... တက်"

လီမို ဟိုကြည့်ဒီကြည့် လုပ်နေတုန်း မူချိုယန်က ချက်ချင်း လှမ်းခေါ်လိုက်တယ်။

"အော်... ရောက်ပြီ" လီမို ပြန်ဖြေလိုက်တယ်။

ပြောပြောဆိုဆိုနဲ့ မူချိုယန်ဆီ လျှောက်သွားပြီး ဘာမှ တုံ့ဆိုင်းမနေဘဲ လျှပ်စစ်စက်ဘီး အနောက်ခုံမှာ ဝင်ထိုင်လိုက်တယ်။

ထိုင်ပြီးတာနဲ့ မူချိုယန်ရဲ့ ခါးကို သဘာဝကျကျပဲ လှမ်းဖက်လိုက်တယ်။

"အာ..."

လီမို လှမ်းဖက်လိုက်တဲ့ ခဏမှာပဲ မူချိုယန်ဆီက အာမေဋိတ်သံလေး ထွက်လာတယ်။

"ဟေ့ကောင်လေး... နင် ဘာလုပ်တာလဲ"

မူချိုယန် အော်လိုက်ရင်း သူ့မျက်နှာချောချောလေးက နည်းနည်း ပူထူသွားတယ်။

"စက်ဘီးစီးတာလေ... ဒီလိုပဲ စီးရတာ မဟုတ်ဘူးလား" လီမိုက နားမလည်တဲ့ ပုံစံနဲ့ ပြန်မေးလိုက်တယ်။

"စီးတာက ဟုတ်ပါပြီ... နင့်လက်က ဘယ်နားလာကိုင်နေတာလဲ" မူချိုယန်က ပြောတယ်။

"အိမ်ရှင်မကြီးကလည်း... ကျွန်တော်က အနောက်က စီးတာလေ။ မဖက်ထားရင် ပြုတ်ကျသွားမှာပေါ့။ ဒါ ပုံမှန်ပဲဟာကို"

"ပြီးတော့ အိမ်ရှင်မကြီးပဲ ကျွန်တော့်ကို မွေးစားမယ်ဆို... မွေးမစားရင်တောင် ဒီလိုလေး ဖက်ရုံလောက်တော့ ရသင့်တာပေါ့... ဟုတ်တယ်မလား" လီမိုက ရိုးရိုးသားသား ပုံစံနဲ့ ပြောလိုက်တယ်။

"ထိုင်ခုံကို ကိုင်ထားလို့ ရတာပဲ" မူချိုယန်။

"အဲ့ဒါက အန္တရာယ်များတယ်" လီမိုက ငြင်းလိုက်တယ်။

"ဒီလိုလုပ်ဗျာ အိမ်ရှင်မကြီး... ကျွန်တော် မောင်းပေးမယ်၊ အိမ်ရှင်မကြီး နောက်က လိုက်မလား" ခဏလောက် ငြင်းနေပြီးနောက် လီမိုက မူချိုယန်ကို ပြောလိုက်တယ်။

"နင် လမ်းသိလို့လား။ ပြီးတော့ နင် စက်ဘီးစီးတာရော ကျွမ်းလို့လား" မူချိုယန်က ဇဝေဇဝါနဲ့ မေးတယ်။

"စိတ်မပူပါနဲ့... ကျွန်တော်က ကျွမ်းပြီးသားပါ။ နေရာသာပြောလိုက်၊ လမ်းကတော့ သေချာပေါက် သိတယ်။ တကယ်လို့ မသိရင်တောင် အိမ်ရှင်မကြီး လမ်းညွှန်ပေးလို့ ရတာပဲ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"ကောင်းပြီလေ... ဒါဆို နင်မောင်း" မူချိုယန် ခဏစဉ်းစားပြီးမှ ပြောလိုက်တယ်။

"အိုကေ" လီမို ပြုံးပြီး ဖြေလိုက်တယ်။

ဖြေပြီးတာနဲ့ ချက်ချင်းပဲ အနောက်ခုံကနေ ဆင်းလိုက်တယ်။

သူဆင်းလိုက်တော့ မူချိုယန်လည်း ဆင်းပေးပြီး လီမိုကို မောင်းတဲ့နေရာ ဖယ်ပေးလိုက်တယ်။

လီမိုက ကျွမ်းကျွမ်းကျင်ကျင်ပဲ ရှေ့ခုံမှာ ဝင်ထိုင်လိုက်တယ်။

သူထိုင်ပြီးတော့ မူချိုယန်က အနောက်ကနေ တက်ထိုင်တယ်။

ဒါပေမဲ့ မူချိုယန်က အနောက်က လိုက်ပေမယ့် စောစောက လီမို ဖက်သလိုမျိုး ခါးကို တန်းမဖက်ဘူး။

"အိမ်ရှင်မကြီး... မဖက်ဘူးလား" လီမိုက ပြုံးပြီး မေးလိုက်တယ်။

"ရတယ်" မူချိုယန်။

"ကျွန်တော် စီးရင် မြန်တယ်နော်... ဒီတိုင်းဆို အန္တရာယ်များတယ်" လီမိုက ပြောတယ်။

"ဘယ်လောက်များ မြန်မှာမို့လို့လဲ... ဒါ လျှပ်စစ်စက်ဘီးလေ... အမြန်နှုန်း ကန့်သတ်ထားပြီးသားပါ" မူချိုယန်က ဘာပြန်ပြောရမှန်း မသိတော့ဘူး။

"အော်... ဒါနဲ့ ရော့... ဦးထုပ်" ပြောစရာ မရှိတော့တာနဲ့ မူချိုယန်က သူ့ဦးထုပ်ကို ချွတ်ပြီး လီမိုကို ပေးလိုက်တယ်။

"အိမ်ရှင်မကြီးပဲ ဆောင်းပါ... ကျွန်တော်က ဆောင်းဆောင်း မဆောင်းဆောင်း ကိစ္စမရှိပါဘူး" လီမိုက ပြောတယ်။

"နင်က ရှေ့ကစီးမှာလေ... ဆောင်းမှာလား မဆောင်းဘူးလား" မူချိုယန်က မေးလိုက်တယ်။

"အင်းပါ... ပြီးရော" လီမို အချိန်ဆွဲမနေတော့ဘဲ ဦးထုပ်ကို ယူဆောင်းလိုက်တယ်။

ဆောင်းပြီးတာနဲ့ မူချိုယန်ကို လှမ်းမေးလိုက်တယ်။ "အိမ်ရှင်မကြီး... ဘယ်သွားမှာလဲ။ 'ဝမ်ယို' အိမ်ရာလား၊ Financial Plaza လား"

"'ဝမ်ယို' အိမ်ရာ" မူချိုယန်က မသိစိတ်နဲ့ ဖြေလိုက်ပြီးမှ ရုတ်တရက် ကြောင်သွားပြီး လီမိုကို အံ့သြတကြီး မေးလိုက်တယ်။

"နင်က ငါ 'ဝမ်ယို' နဲ့ Financial Plaza သွားမလို့ဆိုတာ ဘယ်လိုသိလဲ"

"အိမ်ရှင်မကြီးက အဲ့ဒီနေရာတွေမှာ အိမ်ပိုင်တယ်ဆိုတာ ကျွန်တော် သိလို့ပေါ့" လီမို။

စကားပြောရင်း လီမိုက စက်ဘီးကို စက်နှိုးပြီး အိမ်ရာဝင်း အပေါက်ဝဆီ မောင်းထွက်လာခဲ့တယ်။

"နင် ဘယ်လိုလုပ် သိတာလဲ! ကောင်စုတ်လေး... နင် ငါ့နောက်ယောင်ခံ လိုက်နေတာလား" မူချိုယန် မျက်လုံးပြူးသွားတယ်။

"ကျွန်တော်က နှာဘူးမှ မဟုတ်တာ... ဘာကိစ္စ အိမ်ရှင်မကြီး နောက်ယောင်ခံ လိုက်ရမှာလဲ။ ဘယ်လိုသိလဲ ဆိုတော့... ဟဲဟဲ... အိမ်ရှင်မကြီး မသိဘူးလား... ကျွန်တော်က အွန်လိုင်းစာရေးဆရာအပြင် အချိန်ပိုင်း ဗေဒင်ဆရာလည်း လုပ်တယ်လေ"

"လက်ချိုးရေတွက်ကြည့်လိုက်ရုံနဲ့ အိမ်ရှင်မကြီးရဲ့ ပိုင်ဆိုင်မှုတွေကို တွက်ချက်လို့ ရတယ်ဗျ" လီမိုက လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

"တော်စမ်းပါ... ဘယ်သူ့လာပြီး လိမ်နေတာလဲ" မူချိုယန်က မယုံဘူး။

"မယုံလည်း မတတ်နိုင်ဘူးဗျာ။ ဘာပဲဖြစ်ဖြစ် အိမ်ရှင်မကြီးက 'ဝမ်ယို' အိမ်ရာနဲ့ Financial Plaza မှာ အိမ်ပိုင်တယ်ဆိုတာ ကျွန်တော် သိတယ်" လီမိုက ပြောတယ်။

"တကယ်လား... ဒါဆို ပြောစမ်း၊ 'ဝမ်ယို' အိမ်ရာမှာ ငါ့အိမ်က ဘယ်အလုံးတွေလဲ" မူချိုယန်က မျက်တောင်ခတ်ပြီး မေးလိုက်တယ်။

"တွက်ကြည့်လိုက်ဦးမယ်... အော်... သိပြီ! 'ဝမ်ယို' အိမ်ရာက လုံးချင်းအိမ် နံပါတ် ၇၊ ၈၊ ၉... ပြီးတော့ ထျန်းဟယ် လုံးချင်းအိမ်ရာက အိမ်နံပါတ် ၃ နဲ့ ၄... အကုန်လုံး အိမ်ရှင်မကြီး ပိုင်တာမလား" လီမိုက မောင်းနေရင်း ခဏလောက် တိတ်သွားပြီးမှ တကယ်ပဲ တွက်ချက်နေသလို ဟန်ဆောင်ပြီး ပြောလိုက်တယ်။

"!!! နင် ငါ့နောက်ယောင်ခံ မလိုက်ဘူးလို့ ပြောရဲသေးတယ်ပေါ့!!" မူချိုယန် မျက်လုံးပြူးသွားပြီး မသိစိတ်နဲ့ လီမိုရဲ့ ခါးကို လှမ်းဆွဲလိမ်လိုက်တယ်။

ရုတ်တရက် နာသွားတာကြောင့် လီမိုက စက်ဘီးလက်ကိုင်ကို မတော်တဆ လှည့်မိသွားတယ်။

စက်ဘီးက ရုတ်တရက် ယိမ်းထိုးသွားတယ်။

သိပ်မမြန်ပေမယ့် ရုတ်တရက် ယိမ်းသွားတော့ မူချိုယန်က လီမိုရဲ့ ခါးကို အတင်း ဖက်ထားလိုက်မိတယ်။

"နင် ဘာလုပ်တာလဲ။ ကားမောင်း ကျွမ်းပါတယ်ဆို... ဒါ ကျွမ်းတာလား" မူချိုယန် အော်လိုက်တယ်။

"အိမ်ရှင်မကြီးက ရုတ်တရက်ကြီး လှမ်းဆွဲလိုက်တာကိုး... ဘယ်သူမဆို ခံနိုင်မှာ မဟုတ်ဘူး" လီမိုက ပြောတယ်။

"နင်ကသာ ထူးဆန်းနေတာလေ။ ရိုးရိုးသားသား ပြောစမ်း... နင် ဘယ်လိုသိတာလဲ။ ငါ နင့်ကို ဘယ်တုန်းကမှ မပြောပြဖူးဘူးနော်" မူချိုယန်က ပြောတယ်။

"ပြောပြီးသားပဲလေ... စာရေးတာအပြင် ဗေဒင်လည်း တွက်တတ်ပါတယ်ဆို။ နောက်ဆို ကျွန်တော့်ကို ဆရာလီ (တစ်ဝက်နတ်ဘုရားလီ) လို့ ခေါ်ကြဗျာ။ စာရေးတာ နားပြီးရင် ဗေဒင်ဟောစားမလို့ ဆုံးဖြတ်ထားတယ်" လီမို။

"တကယ် တွက်တာလား။ တော်စမ်းပါဟာ။ ဒီခေတ်ကြီးမှာ ဗေဒင်ဆိုတာ အတုတွေချည်းပဲ... ဂျင်းတွေပါ" မူချိုယန်က မျက်လုံးပြူးပြီး လုံးဝ မယုံကြည်တဲ့ ပုံစံနဲ့ ပြောတယ်။

"ဘာလဲ... မယုံဘူးလား" လီမို မေးလိုက်တယ်။

"ဒါပေါ့ မယုံပါဘူး။ အဲ့ဒါကြီးက အတုမှန်း သိသာနေတာကို ငါ့ကို ဘယ်လိုလုပ် ယုံစေချင်တာလဲ။ နင် တခြားဟာ ပြောရင်တော့ တစ်မျိုးပေါ့..." မူချိုယန်။

"ဒါဆိုရင် အိမ်ရှင်မကြီးက Financial Plaza မှာ ရုံးခန်းတစ်ထပ်လုံး ပိုင်တယ်ဆိုတာလည်း ကျွန်တော် တွက်လို့ရတယ်" လီမိုက ပြောတယ်။

"ဟဲဟဲ... နင် ဘယ်လိုသိလဲ မသိပေမယ့် နင့်မှာ အဆက်အသွယ်ရှိရင် ငါ့ပိုင်ဆိုင်မှုတွေကို စုံစမ်းကြည့်လိုက်တာနဲ့ ဒါတွေ သိနိုင်တာပဲ" မူချိုယန်။

"ဒါ့အပြင် အိမ်ရှင်မကြီးက သိပ်လှတဲ့ အချောစားလေး ဖြစ်ပြီး အနည်းဆုံး အမှတ် ၁၀၀ မှာ ၉၅ မှတ်လောက် ရတယ်ဆိုတာရော... အခုပုံစံက မိတ်ကပ်နဲ့ တမင် ရုပ်ဆိုးအောင် ပြင်ထားတယ်ဆိုတာရော ကျွန်တော် သိတယ်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"!!! နင် အဲ့ဒါပါ သိတယ်လား! နင် ငါ့နောက်ယောင်ခံ မလိုက်ဘူးလို့ ငြင်းဦးမလား!" မူချိုယန် မျက်လုံး ထပ်ပြူးသွားပြန်ပြီ။ လီမိုရဲ့ ခါးကို ဖက်ထားတဲ့ လက်က နောက်တစ်ခါ ထပ်ပြီး ဆွဲလိမ်ချင်လာတယ်။

"မဆွဲနဲ့နော်... ပြုတ်ကျရင် ကျွန်တော့်အပြစ် မဟုတ်ဘူး" လီမိုက သတိပေးလိုက်တယ်။

"ဒါဆို ပြော... နင် ဘယ်လိုလုပ် အတိအကျ သိနေတာလဲ" မူချိုယန်က လေးလေးနက်နက် မေးလိုက်တယ်။

"တွက်ချက်လိုက်တာပါလို့ ပြောနေတာကို... ဘယ်လိုလဲ... ကျွန်တော့် ဗေဒင်စွမ်းရည်က မဆိုးဘူးမလား" လီမိုက ပြုံးပြီး ပြောတယ်။

"နင် တကယ်တွက်လိုက်တာဆိုရင်တော့ တကယ်ကြမ်းတာပဲ" မူချိုယန်က လေးလေးနက်နက် ပြောပြီးမှ ခေါင်းစဉ်ပြောင်းလိုက်တယ်။

"ဒါပေမဲ့ နင် တကယ်တွက်တာ မဟုတ်မှာကိုပဲ ငါစိုးရိမ်တယ်"