"ကျွန်တော်က လူတွေကို ဒီအတိုင်း ဟောမပေးပါဘူး" လီမိုက ပြောလိုက်တယ်။

"ကောင်စုတ်လေး... ငါ နင့်ကို ပိုက်ဆံတွေ အများကြီး ပေးထားတာ၊ နင့်အစ်မကြီးကို နင့်စွမ်းရည်လေး နည်းနည်းတောင် ထုတ်မပြနိုင်ဘူးလား" မူချိုယန်က ပြောတယ်။

"ရပါတယ်... ဒါပေမဲ့ ပိုက်ဆံထပ်ပေးရမယ်" လီမို။

"!! နင်... နင်... နင်က တကယ် ငွေမက်တဲ့ကောင်လေးပဲ။ ဒီလောက်လေး ဟောပေးတာကို ပိုက်ဆံထပ်တောင်းနေတယ်ပေါ့" မူချိုယန် မျက်လုံးပြူးသွားတယ်။

"ဝမ်းစာအတွက်လေဗျာ" လီမိုက ပခုံးတွန့်ပြီး ပြုံးပြလိုက်တယ်။

"ဒါဆို ပြော... ဘယ်လောက်ထပ်ပေးရမလဲ" မူချိုယန်။

"စောစောက မမပေးထားတဲ့ တစ်သောင်းကို ပြန်မအမ်းတော့ဘူးနော်" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"ကောင်းပြီလေ... ကောင်စုတ်လေး။ နင် တကယ်ပဲ 'ဇီယီ' ရဲ့ အလုပ်အကိုင်ကို တွက်ချက်နိုင်မလား ကြည့်ရသေးတာပေါ့" မူချိုယန် မျက်လုံးအရောင်လက်သွားပြီး ချက်ချင်း သဘောတူလိုက်တယ်။

သူတို့နှစ်ယောက် ပြောနေတာကို ကြားတော့ လန်ဇီယီက အံ့သြတကြီး ကြည့်နေတယ်။

အနာဂတ်ကို ဟောနိုင်တယ်?!

ပြီးတော့ သူ့အလုပ်အကိုင်ကို ဟောမယ်?!

ဒါ ဘာတွေဖြစ်နေတာလဲ။

သူ ဘာမှ နားမလည်တော့ဘူး။

ယာယီ ကားဆရာလေးဆို... ဟုတ်တယ်မလား။

"လန်ဇီယီ... အမျိုးသမီး၊ အရပ် ၁.၆၂ မီတာ၊ အသက် ၂၄ နှစ်၊ အလုပ်အကိုင်က... ကြေးစား Streamer!"

လန်ဇီယီ စဉ်းစားနေတုန်းမှာပဲ လီမိုက သူ့ကို အပေါ်အောက် ကြည့်လိုက်တယ်။ သူ့အကြည့်က မျက်နှာပေါ်မှာ ခဏရပ်သွားပြီး တွေးတောဟန်ပြုကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။

လီမို စကားဆုံးတာနဲ့ မူချိုယန် မျက်လုံးတွေ ပြူးကျယ်သွားတယ်။

ပြီးတော့ လီမိုကို မယုံနိုင်သလို စိုက်ကြည့်နေမိတယ်။

လီမိုက ဒါကို တကယ်ကြီး တွက်ချက်လိုက်တာလား။

အလုပ်အကိုင်ကို ပြောဖို့လောက်ပဲ စိန်ခေါ်လိုက်တာလေ။

အခု နာမည်၊ အသက် နဲ့ အရပ်အမောင်းပါ ထည့်ပြောသွားတယ်။

အရပ်ဆိုတာက ခန့်မှန်းကြည့်လို့ ရတယ်ဆိုဦးတော့...

နာမည်နဲ့ အသက်ကို ကြိုမစုံစမ်းထားဘဲ ဒီကောင်လေး ဘယ်လိုလုပ် သိနိုင်မှာလဲ။

မူချိုယန် တုန်လှုပ်နေပေမယ့် လန်ဇီယီကတော့ မျက်တောင်ခတ်ရင်း မူချိုယန်ကို နားမလည်သလို ကြည့်လိုက်တယ်။

"မမချိုယန်... ဒါ ဘာသဘောလဲ။ မမက ဒီအချောလေးကို ညီမရဲ့ ကိုယ်ရေးအချက်အလက်တွေ ပြောပြထားတာလား" လန်ဇီယီက မူချိုယန်ကို ကြည့်ပြီး စပ်စုသလို မေးလိုက်တယ်။

"ငါ ဘာမှ မပြောပြထားဘူး" မူချိုယန်က မဲ့ပြုံးပြုံးပြီး ခေါင်းခါလိုက်တယ်။

"မမ ဘာမှ မပြောထားဘူး?! ဒါဆို ဒီအချောလေးက ညီမရဲ့ အချက်အလက်တွေကို ဘယ်လိုသိလဲ။ တကယ်ကြီး တွက်လိုက်တာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မမချိုယန်... ညီမက မမထက် ငယ်ပါတယ်နော်။ လူတစ်ယောက် ခေါ်လာပြီး ဒီလိုကြီး လာမနောက်ပါနဲ့... ဒီနေ့ April Fool's Day လည်း မဟုတ်ဘဲနဲ့"

လန်ဇီယီ မျက်တောင်ခတ်ရင်း မယုံကြည်သလို ပြောလိုက်တယ်။

"ငါ နင့်ကို လိမ်စရာလားဟယ်" မူချိုယန် ခေါင်းခါလိုက်တယ်။

ခေါင်းခါပြီးနောက် လီမိုကို ကြည့်ပြီး လေးလေးနက်နက် မေးလိုက်တယ်။ "မောင်လေး... နင် ဘယ်လိုလုပ်လိုက်တာလဲ"

"နင် တကယ်ကြီး တွက်လိုက်တာလား"

"ဒီကောင်မလေးအကြောင်း နင် တကယ် မစုံစမ်းထားဘူးနော်"

"မမချိုယန်က ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီ။ ကျွန်တော်က မမကို အိမ်လခ နှစ်လစာတောင် အကြွေးတင်နေတဲ့ စာရေးဆရာလေးပါဗျာ။ မမရဲ့ အိမ်ငှားတွေအကြောင်း စုံစမ်းနိုင်လောက်တဲ့အထိ ကျွန်တော့်မှာ စွမ်းရည်ရှိမယ် ထင်နေလား"

"ဒီနေ့ မတိုင်ခင်အထိ ဒီ ခရမ်းရောင်ဝတ် ကောင်မလေးနဲ့ ကျွန်တော် တစ်ခါမှ မပတ်သက်ဖူးပါဘူး" လီမို ပခုံးတွန့်လိုက်တယ်။

"ဒါ... ဒါက အံ့သြစရာကြီးပဲ! တကယ်ကြီး အဲ့လောက်တောင် စွမ်းတာလား" မူချိုယန် မျက်လုံးပြူးသွားပြီး အသက်ပြင်းပြင်းရှူကာ လေးလေးနက်နက် မေးလိုက်တယ်။

"အဲ့လိုဆိုတော့... မမက ကျွန်တော့်ကို အပြည့်အဝ မယုံဘဲနဲ့ ငွေတွေ အများကြီး လွှဲပေးလိုက်တာပေါ့။ အလိမ်ခံရမှာ မကြောက်ဘူးလား" လီမိုက ရယ်မောလိုက်တယ်။

"တစ်ယောက်ယောက်က လူကိုယ်တိုင်နဲ့ အကြွေးဆပ်မယ်လို့ ပြောထားတယ်လေ။ နင်သာ ငါ့ကို လိမ်ရင်... ဟွန်း... စတီးဂွမ်းဖတ်တွေ အများကြီး သွားဝယ်လိုက်မယ်!" မူချိုယန်က ခြိမ်းခြောက်လိုက်တယ်။

"ကြမ်းလှချည်လားဗျာ... မတတ်နိုင်ဘူး၊ ကြောက်သွားပါပြီ" လီမို ရယ်လိုက်တယ်။

"မမချိုယန် နဲ့ ဒီအစ်ကိုချော... နှစ်ယောက်သား ညီမကို ဟာသလာလုပ်ပြနေတာတော့ မဟုတ်ပါဘူးနော်" လန်ဇီယီက မျက်တောင်ခတ်ရင်း လီမိုနဲ့ မူချိုယန်ကို အံ့သြတကြီး ကြည့်နေတယ်။

"မဟုတ်ပါဘူးဟယ်" မူချိုယန် ခေါင်းခါလိုက်ပြီး လန်ဇီယီကို ချက်ချင်း မေးလိုက်တယ်။ "ဇီယီ... အိမ်လခကို လွှဲမလား၊ ငွေသားပေးမလား"

"လွှဲပေးလိုက်မယ်လေ" လန်ဇီယီက ချက်ချင်း ပြောလိုက်တယ်။

ပြောပြောဆိုဆိုနဲ့ ဖုန်းကို ကောက်ကိုင်ပြီး မူချိုယန်ဆီ ပိုက်ဆံလွှဲလိုက်တယ်။

မူချိုယန်ဆီ ငွေဝင်ကြောင်း အကြောင်းကြားစာ ရောက်လာပြီး လက်ခံလိုက်တယ်။

"ဒါဆို... ဇီယီရေ... မမ ပြန်တော့မယ်နော်။ တစ်ခုခုဆို WeChat ကနေပဲ ဆက်သွယ်လိုက်ပါ" မူချိုယန်က လန်ဇီယီကို ပြုံးပြီး နှုတ်ဆက်ကာ လီမိုနဲ့အတူ ထွက်ခွာဖို့ ပြင်လိုက်တယ်။

သူ့စိတ်ထဲမှာတော့ လီမိုရဲ့ ဆန်းကြယ်တဲ့ ဟောကိန်းတွေနဲ့ ပြည့်နှက်နေပြီ။

လီမိုကို ယုံရမလား၊ မယုံရဘူးလား ဝေခွဲမရ ဖြစ်နေတယ်။

မယုံဘူးလို့ ပြောရအောင်လည်း...

၁၅ သန်းတောင် လွှဲပေးပြီးပြီ။

ယုံတယ်လို့ ပြောရအောင်လည်း...

အဲ့ဒါဆိုရင် သူ ဒီနေ့ တကယ်ပဲ သွေးမြေကျမယ့် ကပ်ဆိုးကြီး ကြုံရတော့မှာလား။

သေတောင် သေသွားနိုင်တယ်တဲ့။

တကယ်ကြီး အဲ့လောက်တောင် အန္တရာယ်များတာလား။

ဒါက သူ့ကို အိမ်လခ ဆက်မကောက်ချင်တော့အောင် ဖြစ်စေတယ်။

အိမ်မြန်မြန်ပြန်ပြီး ပုန်းနေလိုက်ချင်စိတ် ပေါက်သွားတယ်။

"အော်... ဟုတ်ကဲ့"

လန်ဇီယီက သံသယတွေ ပြည့်နှက်နေပေမယ့် ပြုံးပြီး ပြန်ဖြေလိုက်တယ်။

လန်ဇီယီ ပြန်ဖြေတာနဲ့ မူချိုယန်က လီမိုလက်ကို ဆွဲပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။

"ခရမ်းရောင်ဝတ် ညီမလေး... ခဏနေကျရင် QQ သူငယ်ချင်းတစ်ယောက်ဆီကနေ Link တစ်ခု ဝင်လာလိမ့်မယ်။ သတိထားနော်... လျှောက်မနှိပ်မိစေနဲ့။ မဟုတ်ရင် PUBG အကောင့် အခိုးခံရလိမ့်မယ်! အကောင်းဆုံးကတော့ Mobile Authenticator (ဖုန်းနံပါတ်နဲ့ အတည်ပြုခြင်း) ကို အခုပဲ ချိတ်ထားလိုက်တာ ကောင်းမယ်"

အဲ့ဒီအချိန်မှာ လီမိုက ပြုံးပြီး လန်ဇီယီကို လှမ်းပြောလိုက်တယ်။

ပြောပြီးတာနဲ့ မူချိုယန်နောက် လိုက်သွားပြီး လျှပ်စစ်စက်ဘီးပေါ် တက်ကာ အဲ့ဒီနေရာကနေ မြန်မြန် ထွက်ခွာသွားတယ်။

"???"

ဒါကို မြင်တော့ လန်ဇီယီ ကြောင်အသွားတယ်။

သူ့သံသယတွေက ပိုပြီး ကြီးထွားလာတယ်။

...

"ကောင်စုတ်လေး... နင် တကယ်ပဲ ဇီယီအကြောင်း မစုံစမ်းထားဘူးလား" လန်ဇီယီရဲ့ အိမ်ကနေ ထွက်လာပြီး စက်ဘီးပေါ်ရောက်တာနဲ့ မူချိုယန်က မနေနိုင်ဘဲ ထပ်မေးလိုက်တယ်။

"မစုံစမ်းထားပါဘူး" လီမို တည်ငြိမ်စွာ ဖြေလိုက်တယ်။

"ဒါဆို နင်က ခရမ်းရောင်ဝတ် ကောင်မလေး အကောင့် အခိုးခံရမယ်ဆိုတာ တကယ် ဟောလိုက်တာပေါ့" မူချိုယန် မေးလိုက်တယ်။

"သူ ဘာမှမကာကွယ်ဘဲ ဝင်နှိပ်လိုက်ရင်တော့ သေချာပေါက် ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော် ပြောသလို ကြိုတင်ပြင်ဆင်ပြီး Mobile Token ချိတ်ထားရင်တော့ အကောင့် အခိုးမခံရလောက်ပါဘူး" လီမိုက ပြောတယ်။

"တကယ်ကြီး အဲ့လောက်တောင် စွမ်းတာလား" မူချိုယန် မေးလိုက်တယ်။

"ခဏနေ မမ သူ့ကို စာပို့မေးကြည့်ရင် သိရမှာပေါ့" လီမိုက ပြောတယ်။

"ဒါနဲ့... နင် ဘာလို့ သူ့ဆီက ပိုက်ဆံမယူတာလဲ။ အလကားကြီး ဟောပေးလိုက်တာလား! ကောင်စုတ်လေး... သူက ချောလို့ အလကား ဟောပေးလိုက်တာမလား!"

"ငါ့ကျတော့ သန်း ၃၀ တောင် တောင်းတယ်!"

"ပြီးတော့ လူတစ်ယောက်ရဲ့ အလုပ်အကိုင်ကို ဟောပေးတာလေးကိုတောင် ငါ့ဆီက တစ်သောင်း ယူတယ်!" မူချိုယန်က လီမိုရဲ့ ခါးကို မနေနိုင်ဘဲ လှမ်းဆွဲလိမ်လိုက်တယ်။

"မတတ်နိုင်ဘူးလေ... မမကမှ ကျွန်တော့်ကို မမွေးစားတာ။ ဒါကြောင့် တခြား မွေးစားမယ့်သူ ရှာရတာပေါ့။ အဲ့ဒီ ခရမ်းရောင်ဝတ် ကောင်မလေးက မဆိုးဘူးလို့ ထင်တယ်။ မမလောက်လည်း ချောတယ်... ပြီးတော့ မမထက်လည်း ငယ်တယ်လေ" လီမိုက ပြောလိုက်တယ်။

"နင် ငါ့ကို အဘွားကြီးလို့ ပြောချင်တာလား!!" မူချိုယန် မျက်လုံးပြူးသွားတယ်။

"ကျွန်တော် အဲ့လို မပြောပါဘူး" လီမိုက ငြင်းတယ်။

"!!!" မူချိုယန် စိတ်တိုသွားတယ်။ ပါးစပ်က တဲ့တိုးမပြောပေမယ့် သွယ်ဝိုက်ပြီး ပြောတာပဲလေ။

"ဒါဆို... နင် ပြောတာ ငါ ဒီနေ့ တကယ်ပဲ သွေးမြေကျမယ့် ကပ်ဆိုးကြီး ကြုံရမှာ သေချာတယ်ပေါ့" လီမိုကို စိုက်ကြည့်ပြီးနောက် မူချိုယန်က လေးလေးနက်နက် ပြန်မေးလိုက်တယ်။

"အင်း" လီမို။

"ဟေ့ကောင်လေး... ငါ့ရဲ့ ပေါင်တစ်ရာကျော်လေးကို နင့်လက်ထဲ အပ်လိုက်ပြီနော်။ ငါ့ကို ဘာမှမဖြစ်စေနဲ့!" မူချိုယန်က ပြောတယ်။

"စိတ်မပူပါနဲ့... မမ ဘာမှမဖြစ်စေရပါဘူး" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

...

တစ်ဖက်မှာတော့...

လီမိုတို့ ထွက်သွားပြီးနောက်...

လန်ဇီယီက သံသယတွေနဲ့ အိမ်ထဲက စာကြည့်ခန်းဆီ ပြန်ဝင်လာခဲ့တယ်။

ကွန်ပျူတာ စားပွဲရှေ့မှာ ဝင်ထိုင်လိုက်တယ်။

ထိုင်လိုက်တာနဲ့ QQ သူငယ်ချင်းတစ်ယောက်က Link တစ်ခု ပို့လာတာ တွေ့လိုက်ရတယ်။

သူနဲ့ PUBG အတူတူ ဆော့ဖူးပြီး ဂိမ်းထဲမှာ ခင်သွားတဲ့ သူငယ်ချင်းတစ်ယောက်။

လက်ရည်က မဆိုးဘူး။

Link ကို မြင်တာနဲ့ သူက မသိစိတ်နဲ့ ဝင်နှိပ်ဖို့ လုပ်လိုက်မိတယ်။

ဒါပေမဲ့ နှိပ်ခါနီးမှာ လီမိုရဲ့ စကားကို သတိရသွားပြီး ချက်ချင်း ရပ်လိုက်တယ်။

မျက်လုံးတွေ အရောင်လက်သွားတယ်။

ပြီးတော့ Mobile Token ကို ချိတ်ဆက်လိုက်တယ်။

အရင်တုန်းကတော့ ရှုပ်ရှုပ်ရှက်ရှက်နိုင်လို့ ဆိုပြီး သူ ဘယ်တော့မှ မချိတ်ခဲ့ဘူး။

ဒါပေမဲ့ လီမိုက ပြောသွားပြီဆိုတော့...

အနည်းဆုံး တစ်ခေါက်လောက်တော့ ချိတ်ထားလိုက်တာ ကောင်းပါတယ်။

၉၈ ယွမ် ပေးဝယ်ထားရတာလေ။

ပြီးတော့ အကောင့်ထဲမှာ Skin တွေ အများကြီး ရှိသေးတယ်။ ပိုက်ဆံတွေ အများကြီး ကုန်ထားရတာ။

တချို့ Skin တွေဆို ဝယ်လို့တောင် မရတော့ဘူး။