အခန်း (၈) - တကယ်ပဲ စွမ်းရည်မှတ်တွေ ရနိုင်တာပဲ
Mobile Token ချိတ်ဆက်ပြီးနောက် လန်ဇီယီက သူငယ်ချင်းနဲ့ ပြောလက်စ Chat Box ကို ပြန်ဖွင့်ပြီး ပို့လာတဲ့ Link ကို ကြည့်လိုက်တယ်။
တစ်ချက်ကြည့်ပြီးတာနဲ့ ချက်ချင်းပဲ အဲ့ဒီ Link ကို နှိပ်ဝင်လိုက်တယ်။
ဝင်လိုက်တော့ PUBG တရားဝင် ဝက်ဘ်ဆိုက်လို ပုံစံမျိုး ပေါ်လာတယ်။
အကောင့်နဲ့ စကားဝှက် ရိုက်ထည့်ခိုင်းတယ်။
အကန့်အသတ်နဲ့ပေးတဲ့ Skin ကို ယူပါတဲ့။
သူ ဘာမှမစဉ်းစားဘဲ တန်းရိုက်ထည့်လိုက်တယ်။
ပြီးတော့...
Skin တွေ ဘာတွေ တစ်ခုမှ ရမလာဘူး။
ဒါပေမဲ့ သူ့အကောင့် ပျောက်သွားတာမျိုးလည်း မရှိဘူး။
"အမ်... ဒါဆို ငါ့အကောင့်ကို အောင်မြင်စွာ ကာကွယ်လိုက်နိုင်တာပေါ့? ဒီ Link က တကယ်ပဲ အကောင့်ခိုးတဲ့ Link လား၊ ဒါမှမဟုတ် အကောင့်ခိုးတာ မဟုတ်ဘဲ ရိုးရိုး Link ပဲလား။ အကောင့်အသစ်တစ်ခုနဲ့ ထပ်စမ်းကြည့်ရင် ကောင်းမလား"
အကောင့်နဲ့ စကားဝှက် ရိုက်ထည့်လိုက်ပေမယ့် ဘာမှလည်း ရမလာ၊ ဘာမှလည်း ဆုံးရှုံးမသွားတာ မြင်တော့ လန်ဇီယီ မျက်တောင်ခတ်ရင်း စဉ်းစားနေမိတယ်။
မျက်နှာမှာလည်း နားမလည်နိုင်တဲ့ အမူအရာတွေ အပြည့်နဲ့။
လန်ဇီယီ ဒီလိုဖြစ်နေတဲ့အချိန်...
လီမို ရုတ်တရက် တုန်ခါသွားသလို ခံစားလိုက်ရတယ်။
ဘာလို့လဲဆိုတော့ မမြင်ရတဲ့ ကမ္ဘာတစ်ခုဆီက အချက်ပြမှုတစ်ခု ရလိုက်လို့ပဲ။
သူ စွမ်းရည်မှတ် တစ်ခု ရလိုက်တယ်။
ဒီစွမ်းရည်မှတ်ကို သုံးပြီး တခြားလူတွေဆီက စွမ်းရည်တွေကို ထုတ်ယူနိုင်တယ်။
"ငါ စွမ်းရည်မှတ် ရလိုက်တယ်လို့ ရုတ်တရက် ဘာလို့ အာရုံရလိုက်တာလဲ။ ဘာဖြစ်သွားတာလဲ။ ဒါ အပိုဆုအနေနဲ့ ရုတ်တရက် ရလာတာလား၊ ဒါမှမဟုတ်...?"
"လန်ဇီယီရဲ့ ကံကြမ္မာကို ပြောင်းလဲပေးလိုက်လို့ ရတဲ့ ဆုလား" ဒါကို အာရုံခံမိတော့ လီမိုရဲ့ မျက်လုံးထဲမှာ သံသယတွေ ဖြစ်လာတယ်။
ပြီးတော့ မေးခွန်းတစ်ခု ခေါင်းထဲ ဖြတ်ခနဲ ဝင်လာတယ်။
လီမို ချက်ချင်းပဲ စက်ဘီးကို ရပ်၊ ဖုန်းကို ထုတ်၊ ကင်မရာဖွင့်ပြီး သူ့ကိုယ်သူ Selfie ရိုက်ဖို့ ပြင်လိုက်တယ်။
ဖုန်းမျက်နှာပြင်ပေါ်မှာ သူ့ပုံရိပ် ပေါ်လာတာနဲ့ ဘာမှမစဉ်းစားဘဲ ဖုန်းထဲက သူ့ပုံရိပ်ပေါ်ရှိ QR Code ကို စကင်ဖတ်လိုက်တယ်။
ရုတ်တရက် သူ့ရှေ့မှာ ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ပေါ်လာတယ်။
အဲ့ဒါက သူ့ရဲ့ ကိုယ်ပိုင် အချက်အလက် ပုံစံပဲ။
အမည်: လီမို
အသက်: ၂၅ နှစ်
ကျား/မ: ကျား
ရုပ်ရည်: ၉၅
အရပ်: ၁.၈၂ မီတာ
စွမ်းရည်များ: အွန်လိုင်းဝတ္ထုရေးသားခြင်း (အခြေခံ)၊ စက်တပ်ယာဉ်မောင်းနှင်ခြင်း (အခြေခံ)၊ စက်မဲ့ယာဉ်မောင်းနှင်ခြင်း (အခြေခံ)၊ QR Code စကင်ဖတ်ခြင်း (စည်းမျဉ်းအခြေပြု စွမ်းရည်)။
အလုပ်အကိုင်: ကျရှုံးစာရေးဆရာ
ပိုင်ဆိုင်မှု: မရှိ
လက်ရှိငွေသား: ၁၅,၀၁၃,၂၂၂.၁ ယွမ်
စီးတော်ယာဉ်: Green Joy လျှပ်စစ်စက်ဘီး
အိမ်ထောင်ရေးအခြေအနေ: လွန်ခဲ့တဲ့ ၆ လကမှ လမ်းခွဲထား၊ လက်ရှိမှာ ကိုယ့်လက်ကိုယ်အားကိုးပြီး ဖြေရှင်းနေရ။
အထူးအခြေအနေ: လွန်ခဲ့တဲ့ ၅ မိနစ်က လန်ဇီယီကို QQ ပေါ်ကနေ Link နဲ့ အကောင့်ခိုးခံရမယ့်အကြောင်း ပြောပြခဲ့တယ်။ လန်ဇီယီရဲ့ အကောင့်ခိုးခံရမယ့် ကံကြမ္မာကို အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် စွမ်းရည်မှတ် တစ်ခု ရရှိခဲ့တယ်။
စွမ်းရည်မှတ်: ၁
ဒီအချက်အလက် ပုံစံခွက်ကို မြင်တော့ လီမိုရဲ့ မျက်လုံးတွေ အရောင်တောက်လာတယ်။
"တကယ်ပဲ လန်ဇီယီရဲ့ အကောင့်ခိုးခံရမယ့် ကံကြမ္မာကို ပြောင်းလဲပေးလိုက်လို့ စွမ်းရည်မှတ် ရတာပဲ! ဒါပေမဲ့ ငါ့ရဲ့ အထူးအခြေအနေမှာကျတော့ ဖြစ်ပြီးသား ကိစ္စတွေကိုပဲ ပြနေတာပါလား"
"ဘာလို့ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို မပြတာလဲ"
"တခြားလူတွေကို စကင်ဖတ်တုန်းကကျတော့ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ပြနေပြီးတော့လေ"
"စကင်ဖတ်တာက ငါ့ရဲ့ ကိုယ်ပိုင်စွမ်းရည်မို့လို့၊ ပြီးတော့ ငါ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိ ပြောင်းလဲနိုင်ပြီး အမြဲတမ်း ရွေ့လျားနေလို့ မပြတာများလား"
"ဒါမှမဟုတ် စကင်ဖတ်တဲ့ လုပ်ငန်းစဉ်မှာ ငါမသိသေးတဲ့ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေ ရှိနေတာလား"
အချက်အလက်ကို မြင်ပြီး လီမို စိတ်လှုပ်ရှားသွားပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ ပြသထားတဲ့ အထူးအခြေအနေအပေါ် နားမလည်နိုင် ဖြစ်မိတယ်။
"ဟူး... ငါ့ရဲ့ 'အထူးစွမ်းရည်' စနစ်က သိပ်ဉာဏ်မကောင်းဘူးပဲ! တခြားလူတွေရဲ့ စနစ်လိုမျိုး မေးခွန်းတွေကို တိုက်ရိုက်မဖြေပေးနိုင်ဘူး။ မဟုတ်ရင် သေချာ မေးကြည့်လို့ ရမှာ"
သံသယတွေနဲ့ လီမိုတစ်ယောက် အတွေးတွေ ခေါက်တုံ့ခေါက်ပြန် ဖြစ်နေတယ်။ သေချာစဉ်းစားကြည့်ပေမယ့် လောလောဆယ် အဖြေရှာမရသေးလို့ စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။
"ဟေ့ကောင်လေး... ဘာလုပ်နေတာလဲ။ ဘာလို့ ရုတ်တရက် ရပ်ပြီး Selfie ရိုက်နေတာလဲ။ ရိုက်မယ်ဆိုရင်လည်း မမကိုပါ ထည့်ရိုက်လေ!"
လီမို လုပ်နေတာကို မြင်တော့ မူချိုယန်ရဲ့ အသံက လျှပ်စစ်စက်ဘီး အနောက်ခုံကနေ ထွက်ပေါ်လာတယ်။
အသံကြားတာနဲ့ မူချိုယန်က ရှေ့ကို ကိုင်းပြီး လီမိုရဲ့ ဖုန်းကင်မရာ မျက်နှာပြင်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ လီမိုရဲ့ ပခုံးပေါ် ဘယ်လက်တင်ပြီး လက်နှစ်ချောင်းထောင်ကာ ပို့စ်ပေးလိုက်တယ်။
"အာ..."
လီမို ခဏလောက် ကြောင်သွားပြီးမှ နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာတယ်။ ဘာမှ ရှင်းပြမနေတော့ဘဲ ဓာတ်ပုံ စရိုက်လိုက်တယ်။
သူ့ပုံရော၊ Peace Sign လုပ်နေတဲ့ မူချိုယန်ပုံပါ ပါအောင် ရိုက်လိုက်တယ်။
သုံးပုံလောက် ရိုက်ပြီးမှ ဖုန်းကို ပြန်သိမ်းလိုက်တယ်။
"ဟေ့ကောင်လေး... ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက် ဓာတ်ပုံထရိုက်တာလဲ" လီမို ဖုန်းသိမ်းပြီးတာနဲ့ မူချိုယန်က စပ်စုချင်စိတ်နဲ့ ထပ်မေးလိုက်ပြန်တယ်။
သူ တကယ် နားမလည်ဘူး။
လီမိုက ကောင်းကောင်းမွန်မွန် စက်ဘီးစီးနေရင်းကနေ...
ရုတ်တရက် ရပ်ပြီး ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်တာလေ။
ဒါက တကယ် နားလည်ရခက်တယ်။
"ကျွန်တော် ရုတ်တရက် သတိရသွားလို့ပါ။ ကျွန်တော်က လုံးချင်းအိမ်ရာဝင်းထဲကို တစ်ခါမှ မရောက်ဖူးဘူးလေ။ မမ ကျေးဇူးနဲ့ ဒီကို ရောက်လာတာဆိုတော့ ဓာတ်ပုံရိုက်ပြီး WeChat Moments မှာ မတင်ရင် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရာ ရောက်မှာပေါ့" လီမိုက ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"ဒါလေးလား" မူချိုယန် မျက်တောင်ခတ်ရင်း မယုံနိုင်သလို မေးတယ်။
"မဟုတ်ရင် ကျွန်တော်က အိမ်ရှင်မကြီးလို သူဌေးမမှ မဟုတ်တာ။ လုံးချင်းအိမ်ရာမှာ အိမ်ပိုင်ပြီး ဝင်ချင်တိုင်း ဝင်ထွက်ချင်တိုင်း ထွက်လို့ရတာ မဟုတ်ဘူးလေ" လီမိုက ပြောတယ်။
"နင့်မှာ ငါလွှဲပေးထားတဲ့ ၁၅.၀၁ သန်း ရှိနေပြီလေ။ ပြီးတော့ နောက်ဆုံးပေးရမယ့် ၁၅ သန်း ကျန်သေးတယ်ဆိုတော့ စုစုပေါင်း ၃၀.၀၁ သန်း ရှိနေပြီပဲ။ အဲ့ဒီ ၃၀.၀၁ သန်းနဲ့ဆိုရင် နင်လည်း လုံးချင်းအိမ် တစ်လုံးလောက် ဝယ်ဖို့ ပြဿနာမရှိတော့ပါဘူး" မူချိုယန်။
"မဝယ်ရသေးပါဘူးဗျာ။ ပြီးတော့ ဒီပိုက်ဆံပမာဏက မမရဲ့ ပိုင်ဆိုင်မှုနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ မမကမှ ကျွန်တော့်ကို မမွေးစားတာ။ ပိုက်ဆံကို ချွေတာသုံးရဦးမှာပေါ့" လီမိုက ပြောတယ်။
"မောင်လေးရယ်... မမကို လာမနောက်ပါနဲ့။ အရင်တုန်းက မမ နင့်ကို စနောက်ခဲ့တာ မှားမှန်း ဝန်ခံပါတယ်။ ဒါပေမဲ့ နင့်ရဲ့ လက်ရှိအခြေအနေအရဆိုရင်... တခြားလူတွေရဲ့ ကံကြမ္မာ အကောင်းအဆိုးကို တကယ်မြင်နိုင်ရင် နောက်ပိုင်း ပိုက်ဆံရှာဖို့က နင့်အတွက် ထမင်းစားရေသောက်လောက်ပဲ ရှိတော့မှာပါ"
"အဲ့ဒီအချိန်ကျရင် ငါက နင့်ကို မွေးစားရမှာ မဟုတ်တော့ဘူး၊ နင်က ငါ့ကို ပြန်မွေးစားရမှာ" မူချိုယန်က ပြောတယ်။
"အိမ်ရှင်မကြီးကလည်း... ဘာလို့ ကျွန်တော့်ကို အခုကတည်းက ကြိုပြီး မျက်နှာလုပ်မထားတာလဲ။ ကျွန်တော် ဘာမှမဖြစ်သေးတဲ့အချိန်မှာ အခွင့်ကောင်းယူထားလေ။ ကျွန်တော့် ပေါင်ကို လာဖက်ထားခွင့် ပေးမယ်" လီမိုက ပြောတယ်။
"မဖက်ချင်ပါဘူး" မူချိုယန် တခစ်ခစ် ရယ်လိုက်တယ်။
ရယ်သံလေးက သာယာပြီး နားထောင်လို့ ကောင်းတယ်။
ကံဆိုးတာက တမင်ဖန်တီးထားတဲ့ အမာရွတ်မျက်နှာကြီးနဲ့ တွဲမြင်လိုက်ရင်တော့ လုံးဝ လှတယ်လို့ မမြင်နိုင်တော့ဘူး။
ကြည့်လို့မကောင်းရုံတင် မကဘူး... အဲ့ဒီအပြုံးက ကြောက်စရာတောင် ကောင်းနေသေးတယ်။
ဒါပေမဲ့ သူက လီမိုရဲ့ နောက်ကျောဘက်မှာ ထိုင်နေတာဆိုတော့ လီမိုက သူ့မျက်နှာကို မမြင်ရဘူး။
ဒါကြောင့် လီမိုက လုံးဝ မလန့်ပါဘူး။
နှစ်ယောက်သား စကားပြောရင်း နောက်ထပ် လုံးချင်းအိမ်တစ်လုံးရဲ့ အဝင်ဝကို ရောက်လာကြတယ်။
နေရာရောက်တာနဲ့ နှစ်ယောက်သား စက်ဘီးပေါ်က ဆင်းလိုက်ကြတယ်။
ဆင်းပြီးတာနဲ့ မူချိုယန်က လူခေါ်ဘဲလ် သွားတီးတယ်။
မူချိုယန် ဘဲလ်တီးနေတုန်း လီမိုက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ မျက်လုံးထဲမှာ အလင်းရောင် တစ်ချက်လက်သွားပြီး စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်တယ်။
"စကင်ဖတ်မယ်"
စကားဆုံးတာနဲ့ မူချိုယန်ရဲ့ ကိုယ်ရေးအချက်အလက် ဇယားကွက်က လီမိုရဲ့ မြင်ကွင်းထဲမှာ ပြန်ပေါ်လာတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: