အခန်း (၃) - စက္ကူပိုက်ဆံမီးရှို့နေသော ထူးဆန်းသည့် အဘိုးအို
ချင်ပင်း သတိဝင်လာချိန်မှာတော့ ရှုချင်ဟာ ညအမှောင်ထုထဲမှာ ပျောက်ကွယ်သွားပါပြီ။ သူမရဲ့ ငိုသံတွေက ရှိုက်သံအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ စိုးရိမ်တကြီး အော်ခေါ်သံတွေ ဖြစ်လာခဲ့ပေမဲ့ အဝေးကို ရောက်နေပြီဖြစ်တဲ့ ရှုချင်ကတော့ မကြားနိုင်တော့ပါဘူး။
ရှုချင်ဟာ လမ်းမတွေပေါ်မှာ ဦးတည်ရာမဲ့ လျှောက်သွားရင်း ရင်ထဲက အထီးကျန်ဆန်မှုနဲ့ လစ်ဟာမှုတွေကို ခံစားနေမိတယ်။ ဘယ်ကို သွားရမှန်းလည်း သူ မသိဘူး။ ဒီနေ့မှပဲ ဒီမြို့ကြီးက သူ့အတွက် ဘယ်လောက်တောင် စိမ်းသက်နေသလဲဆိုတာ သတိထားမိလိုက်တယ်။ မလှမ်းမကမ်းမှာ ပန်းခြံတစ်ခုရှိပြီး လမ်းမီးတိုင်ရဲ့ မှိန်ဖျဖျ အလင်းရောင်အောက်မှာ ကျောက်ခုံတန်းရှည် နှစ်ခုကို ဝိုးတဝါး မြင်နေရတယ်။
ကျောက်ခုံတန်းတစ်ခုပေါ်မှာ သတင်းစာတွေ ခင်းထားပြီး လေးထောင့်ရှည်ရှည် အရာဝတ္ထုတစ်ခု တင်ထားတယ်။ စိတ်နွမ်းနယ်နေတဲ့ ရှုချင်က တခြားခုံတန်းတစ်ခုဆီ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ထိုင်လိုက်တယ်။ ခေါင်းလှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းက ခုံတန်းပေါ်မှာ စုတ်စုတ်ပြတ်ပြတ် အဘိုးအိုတစ်ယောက် လှဲအိပ်နေတာကို တွေ့လိုက်ရတယ်။ သူ့မျက်နှာကို သတင်းစာဟောင်းတစ်စောင်နဲ့ အုပ်ထားပြီး ဝက်မကြီး ၁၀ ကောင်လောက် ပြိုင်အော်နေသလိုမျိုး ကျယ်လောင်စွာ ဟောက်နေလေရဲ့။
ကိုယ့်စိတ်ဒုက္ခနဲ့ကိုယ် ဖြစ်နေတဲ့ ရှုချင်လည်း ကျောက်ခုံတန်းပေါ်မှာ လှဲချလိုက်တယ်။ အိပ်ချင်စိတ်တွေ ဝင်ရောက်လာပြီး မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့တယ်။ အချိန်ဘယ်လောက် ကြာသွားမှန်း မသိပေမဲ့ အိပ်နေရင်း မျက်နှာပေါ်ကို ပူနွေးတဲ့ လေငွေ့တွေ လာထိသလို ခံစားလိုက်ရပြီး သင်းပျပျ စန္ဒကူးနံ့ကိုပါ ရှူရှိုက်မိလိုက်တယ်။
အံ့သြစွာနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တော့ မလှမ်းမကမ်းက ကျောက်ခုံတန်းဘေးမှာ မီးပုံငယ်လေးတစ်ခု လောင်ကျွမ်းနေတာကို တွေ့လိုက်ရတယ်။ ဖရိုဖရဲ ပုံစံနဲ့ အဘိုးအိုက မီးပုံဘေးမှာ တိတ်ဆိတ်စွာ ထိုင်နေပြီး အဝါရောင် စက္ကူတွေကို တစ်ရွက်ချင်း ယူကာ မီးထဲ ပစ်ထည့်နေတယ်။ ရှုချင်က လေအောက်ဘက်မှာ အိပ်ပျော်နေတာမို့ မီးအရှိန်က သူ့မျက်နှာကို လာဟပ်နေတာပါ။
"ဒီအဘိုးအိုက ဘာတွေ မီးရှို့နေတာလဲ? ဘာလို့ စန္ဒကူးနံ့ ရနေတာလဲ" ရှုချင် တွေးမိပြီး စူးစမ်းလိုစိတ်ကြောင့် ပူးကပ်ခံထားရသူတစ်ယောက်လို ထပြီး လျှောက်သွားမိတယ်။
ဖရိုဖရဲ အဘိုးအိုက မျက်လုံးမှေးထားပြီး ပါးစပ်က တိုးတိုးတိုးတိုး ရေရွတ်နေတယ်၊ ဘေးနားကို လူတစ်ယောက် ရောက်လာတာကို သတိထားမိပုံမရဘဲ စက္ကူတွေကို အေးအေးလူလူပဲ မီးထဲပစ်ထည့်နေတယ်။
ဒီတစ်ခါတော့ ရှုချင် သေချာမြင်လိုက်ရပြီ။ အဘိုးအိုက လူရုပ်ပုံလေးတွေ ရိုက်နှိပ်ထားတဲ့ အဝါရောင် စက္ကူပိုက်ဆံ (ငွေစက္ကူအု) တွေကို မီးရှို့နေတာပါ။ ဒါပေမဲ့ စန္ဒကူးနံ့ ဘယ်ကလာလဲ ဆိုတာတော့ မသိရသေးဘူး။
ရှုချင် ခေါင်းခါပြီး လှည့်ပြန်မလို့ လုပ်တုန်းမှာပဲ ဘောင်းဘီစကို တစ်ခုခု လာဆွဲသလို ခံစားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ အဘိုးအိုက သူ့ဘောင်းဘီစကို လှမ်းဆွဲထားတာပါ။
"လူလေး... ဒီအဘိုးအိုကို စက္ကူပိုက်ဆံ ကူရှို့ပေးပါဦး..." ဖရိုဖရဲ အဘိုးအိုရဲ့ အသံနက်ကြီးက ကျောချမ်းစရာ ကောင်းလှတယ်။
ရှုချင် ကျောထဲ စိမ့်သွားပြီး ကြက်သီးတွေ ထသွားတယ်။ "ဒီအဘိုးကြီးက အရူးထောင်က ထွက်ပြေးလာတာများလား။ ငါနဲ့လည်း ဘာမှမဆိုင်၊ ပြီးတော့ သူက ကျန်းကျန်းမာမာကြီးလေ။ ဘာလို့ သူ့အတွက် စက္ကူပိုက်ဆံ မီးရှို့ပေးရမှာလဲ" လို့ တွေးလိုက်မိတယ်။
ရှေးခေတ်ကတည်းက စက္ကူပိုက်ဆံမီးရှို့တယ်ဆိုတာ ကွယ်လွန်သူ ဆွေမျိုးမိတ်သင်္ဂဟတွေကို ရည်စူးပြီး လုပ်တာလေ။ သက်ရှိထင်ရှား ရှိနေသူက ကိုယ့်ကိုယ်ကိုရည်စူးပြီး စက္ကူပိုက်ဆံ မီးရှို့တယ်ဆိုတာ ကြားဖူးပေါင်။ ဒါကြောင့် ရှုချင်က ဒီအဘိုးအိုကို စိတ်ဝေဒနာသည်လို့ပဲ သတ်မှတ်လိုက်တယ်။
ရှုချင် မလှုပ်မယှက် ဖြစ်နေတာ မြင်တော့ အဘိုးအိုက ဖြူဖွေးနေတဲ့ သွားတွေကို ပေါ်အောင် ဖြီးခနဲ ပြုံးလိုက်ပြီး ရှုချင်ရဲ့ ဘောင်းဘီစကို တင်းတင်းကျပ်ကျပ် ဆွဲထားလိုက်တယ်။
"လူလေးရယ်... သေခါနီး ဒီအဘိုးအိုကို သနားသောအားဖြင့် စက္ကူပိုက်ဆံ လာကူရှို့ပေးပါကွာ"
ရှုချင် စိတ်ထဲ ဒွိဟဖြစ်သွားတယ်။ သူ အံကြိတ်ပြီး မီးပုံဘေးမှာ ဝင်ထိုင်လိုက်တယ်။ စက္ကူပိုက်ဆံ တချို့ကို ယူပြီး မီးထဲ ထည့်ပေးလိုက်တယ်။ သူ့မျက်လုံးတွေကတော့ အဘိုးကြီးရဲ့ ခါးဆီကိုပဲ ရောက်နေတယ်။ ခါးမှာ ဖောင်းနေပြီး တစ်ခုခု ဝှက်ထားပုံရတယ်။ အန္တရာယ်ရှိတဲ့ လက်နက်တစ်ခုခုများလား။
ဒီလို စိတ်မမှန်တဲ့သူမျိုးနဲ့ ဆက်ဆံရရင် သူတို့သဘောအတိုင်း လိုက်လုပ်ပေးလိုက်တာက လွတ်မြောက်ဖို့ ပိုလွယ်မယ်လို့ သူ ရိုးရိုးသားသား ယုံကြည်ထားတယ်။ မူးနေတဲ့လူက "ငါ မမူးဘူး" လို့ ပြောသလိုပဲ၊ အရူးကလည်း "ငါ ရူးနေတယ်" လို့ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူးလေ။ ဒီအရူးအဘိုးကြီးကို ဒေါသထွက်အောင် လုပ်လိုက်မိရင် အခြေအနေ ဆိုးသွားနိုင်တယ်။
ရှုချင်ရဲ့ အကူအညီနဲ့ စက္ကူပိုက်ဆံတွေ အကုန်လောင်ကျွမ်းသွားတယ်။ လေတိုက်လိုက်တော့ ပြာမည်းမည်းတွေက လိပ်ပြာလေးတွေ ကခုန်နေသလို လေထဲမှာ လွင့်ပျံသွားကြတယ်။
"ကျေးဇူးပါပဲ လူလေးရာ။ ဒါက မီးကူရှို့ပေးတဲ့အတွက် လုပ်အားခလို့ သဘောထားလိုက်ပါ" အရူးအဘိုးကြီးက အိတ်ကပ်ထဲကနေ ငွေစက္ကူ အသစ်စက်စက် နှစ်အုပ်ကို ဖြည်းဖြည်းချင်း ထုတ်ပြီး ရှုချင်ရှေ့ ချပေးလိုက်တယ်။
ဘဏ်တံဆိပ် စည်းတောင် မဖောက်ရသေးဘူး။ တစ်အုပ်ကို ယွမ် တစ်သောင်းစီ ရှိတယ်။ ရှုချင် လက်လှမ်းပြီး ပိုက်ဆံတစ်အုပ်ကို ယူကာ လက်မနဲ့ ပွတ်ကြည့်လိုက်တယ်။ တကယ့်အစစ်တွေပဲ၊ မင်နံ့သင်းသင်းလေးတောင် ရနေသေးတယ်။
ငွေ ၂ သောင်းတောင် ရှေ့ရောက်နေတော့ ပိုက်ဆံ အရမ်းလိုနေတဲ့ ရှုချင်အတွက် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။ တစ်အုပ်လောက် ရရင်တောင် သူနဲ့ သူ့မရီး ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တစ်ခု သေချာသွားတာက ဒီအဘိုးကြီး တကယ်ရူးနေတာပဲ၊ ပြီးတော့ ပိုက်ဆံချမ်းသာတဲ့ အရူးပဲ။
ရှုချင် ပိုက်ဆံလိုနေတာ မှန်ပေမဲ့ စိတ်မမှန်တဲ့ သက်ကြီးရွယ်အိုတစ်ယောက်ဆီက ပိုက်ဆံကို လိုချင်တပ်မက်တာက ငွေလိုတာ မဟုတ်ဘဲ ကိုယ်ကျင့်တရား ပျက်ယွင်းတာ ဖြစ်သွားလိမ့်မယ်လို့ သူ့သိစိတ်က သတိပေးနေတယ်။
ရှုချင် နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်သွားပေမဲ့ ပိုက်ဆံကို မူလနေရာမှာ ပြန်ထားလိုက်ပြီး "အဘိုး... ကျွန်တော် ဒီပိုက်ဆံကို မယူနိုင်ပါဘူး။ ပြန်သိမ်းထားလိုက်ပါ" လို့ တိုးတိုးလေး ပြောလိုက်တယ်။
အရူးအဘိုးကြီးရဲ့ နောက်ကျိနေတဲ့ မျက်လုံးတွေထဲမှာ အရောင်တစ်ချက် လက်သွားတယ်။ သူက ပိုက်ဆံနှစ်အုပ်ကို ကောက်ယူပြီး အိတ်ကပ်ထဲ ထိုးထည့်လိုက်တယ်။ ပြီးတော့ ပြုံးလိုက်ရာ မျက်လုံးထောင့်က အရေးအကြောင်းတွေက တောပန်းလေးတွေ ပွင့်သွားသလို ဖြစ်သွားတယ်။ သူ ခေါင်းငုံ့ပြီး ရေရွတ်လိုက်တယ်။ "လူတော်လေးပဲ... လောဘမကြီးဘူး၊ စိတ်မလောဘူး၊ တကယ့် ကျောက်ကောင်းတစ်ပွင့်ပဲ။ ငါ့ရဲ့ 'ရွှေရောင်မျက်လုံး' မြေအောက်ကမ္ဘာကို မပါသွားခင် ဒီလို ဆက်ခံသူမျိုး တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ကံတရားက ငါ့အပေါ် တကယ် ကောင်းတာပဲ..."
ရှုချင်ကတော့ အဘိုးအို ဘာပြောနေမှန်း မကြားပါဘူး။ သူက ထုံကျင်ကိုက်ခဲနေတဲ့ ဒူးတွေကို ပွတ်ပြီး ထွက်သွားဖို့ ပြင်လိုက်ချိန်မှာပဲ ရှေ့က အရူးအဘိုးကြီးက ရုတ်တရက် ခေါင်းမော့လာတယ်။ သူ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းနှစ်ခု လက်နေပြီး ရှုချင်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လိုက်တယ်။
"လူလေး... ငါ့မျက်လုံးကို ကြည့်၊ ငါ့မျက်လုံးကို ကြည့်စမ်း... လျှော့ထား... စိတ်ကို လျှော့ထား..."
အရူးအဘိုးကြီးရဲ့ အသံနက်ကြီးက မှော်ပညာတစ်ခုလိုပဲ ဝိညာဉ်ထဲအထိ ထိုးဖောက်ဝင်ရောက်လာတယ်။ ရှုချင် ခေါင်းထဲမှာ ဗလာဟင်းလင်း ဖြစ်သွားပြီး ခန္ဓာကိုယ် ထန်တင်းနေရာကနေ တဖြည်းဖြည်း လျှော့ကျသွားတယ်။ သူ့မြင်ကွင်းထဲမှာ ရွှေရောင်အလင်းစတွေ တဖျပ်ဖျပ်လက်နေတဲ့ မျက်လုံးတစ်စုံကလွဲပြီး ဘာမှ မရှိတော့ဘူး။
ရွှေရောင်... အိပ်မက်ဆန်တဲ့ အရောင်တစ်ခု။ ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်မျက်လုံးတစ်စုံက ရှုချင်ရဲ့ မျက်လုံးထဲမှာ ပုံကြီးချဲ့လာတယ်။ အတွေးတွေ အားလုံး ရပ်တန့်သွားတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံး ရွှေရောင်တောက်တောက် ဖြစ်ကျန်ခဲ့တယ်။ အေးမြတဲ့ လေပြည်တစ်ခုက မျက်လုံးထဲ ဝင်ရောက်လာပြီး မျက်လုံးအိမ်ကို ဝိုင်းရစ်ကာ စိမ့်ဝင်သွားတာကို ခံစားလိုက်ရတယ်... ဒီခံစားချက်ကို ဘယ်လို ရှင်းပြရမလဲတောင် မသိတော့ဘူး။
အချိန်ဘယ်လောက် ကြာသွားမှန်း သူ မသိဘူး။ မျက်လုံးထဲက ရွှေရောင်အလင်း တဖြည်းဖြည်း မှိန်သွားတယ်။ ရွှေရောင် လုံးဝပျောက်ကွယ်သွားတဲ့အချိန်မှာ ရှုချင် သတိပြန်ဝင်လာပြီး သူ ငတုံးတစ်ယောက်လို မြက်ခင်းပေါ် ထိုင်နေမိမှန်း သိလိုက်ရတယ်။ သူ့ရှေ့မှာ အရူးအဘိုးကြီး မရှိ၊ မီးပုံ မရှိ၊ စက္ကူပိုက်ဆံ မီးရှို့ထားတဲ့ ပြာတောင် မရှိတော့ဘူး။
ရှုချင် နားမလည်နိုင်စွာနဲ့ ခေါင်းကုတ်ပြီး မျက်လုံးကို ပွတ်ကြည့်ပေမဲ့ ဘာမှ ထူးခြားမနေဘူး။
"ဒါတွေအားလုံးက စိတ်ကူးယဉ် သက်သက်လား။ မဖြစ်နိုင်ပါဘူး... မနေ့ညက အရူးအဘိုးကြီးကို စက္ကူပိုက်ဆံ ကူရှို့ပေးခဲ့တာ သေချာ မှတ်မိနေတာပဲ..." ရှုချင် မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်ဖို့ ပြင်လိုက်တုန်းမှာပဲ အရိုးထဲထိ စိမ့်သွားစေတဲ့ လေအေးတစ်ချက်က ဂုတ်ပိုးကို လာထိလိုက်တယ်။ လန့်လွန်းလို့ ဆံပင်တွေတောင် ထောင်ထသွားတယ်။ အရူးအဘိုးကြီးကို ရှာဖို့ စိတ်မဝင်စားတော့ဘဲ ဒီပြဿနာတောထဲကနေ အမြန်ဆုံး ပြေးထွက်လာခဲ့တော့တယ်။
ရှုချင် ထွက်သွားပြီး တစ်မိနစ်လောက် အကြာမှာပဲ ကျောက်ခုံတန်းဘေးမှာ မီးလောင်ထားတဲ့ စက္ကူပြာပုံတစ်ပုံ ရုတ်တရက် ပေါ်လာတယ်။ ပြီးတော့ မျက်နှာဖြူဖပ်ဖြူရော်နဲ့ ဖရိုဖရဲ အဘိုးအိုတစ်ယောက် ခုံတန်းကို မှီပြီး ငြိမ်သက်နေတာ တွေ့ရတယ်။ နှုတ်ခမ်းပေါ်မှာတော့ စိတ်အေးချမ်းသွားတဲ့ အပြုံးတစ်ခု တင်ကျန်ရစ်ပြီး အေးစက်ခဲသွားခဲ့ပါပြီ...
အဘိုးအို နောက်ဆုံးထွက်သက် ချသွားပြီး မကြာခင်မှာပဲ အရိပ်မည်းနှစ်ခု ပေါ်လာပြီး သူ့အလောင်းကို သယ်ဆောင်ကာ မနက်ခင်း အရုဏ်ဦး အလင်းရောင်ကြားထဲ လျင်မြန်စွာ ပျောက်ကွယ်သွားကြပါတော့တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: