အခန်း (၄) - ခေါက်ဆွဲအလွတ်
ကျန်းချန်မြို့သည် နိုင်ငံအတွက် အရေးပါသော မြို့တစ်မြို့ ဖြစ်ပြီး သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ နက်ရှိုင်းစွာ တည်ရှိနေပါသည်။ မင်းဆက်အသီးသီးမှ ရှေးဟောင်းပစ္စည်းများနှင့် စုဆောင်းစရာ ပစ္စည်းမျိုးစုံကို ဤမြို့တွင် ရှာဖွေတွေ့ရှိနိုင်သဖြင့် ရတနာရှာဖွေသူများနှင့် စုဆောင်းသူများ အဆက်မပြတ် လာရောက်လေ့ရှိပြီး ထူးခြားသည့် ရှေးဟောင်းပစ္စည်း စုဆောင်းမှု ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။
ရှေးဟောင်းပစ္စည်း လမ်းမကြီးသည် ကျန်းချန်မြို့တွင် ရှေးဟောင်းပစ္စည်း အစုံလင်ဆုံး စုဆောင်းထားသည့် နေရာဖြစ်ပြီး စုဆောင်းသူများနှင့် ဈေးဝယ်သူ အများအပြားကို ဆွဲဆောင်ထားသည်။ မြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားများကိုလည်း ဆွဲဆောင်လျက်ရှိသည်။ လမ်းဘေးဝဲယာရှိ ရှေးဟောင်းပစ္စည်းဆိုင် အများအပြားအပြင် ထူးခြားသည့် လမ်းဘေးဈေးသည် ယဉ်ကျေးမှုတစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။ သတင်းစာဟောင်းအချို့၊ မြေကြီးပေါ် ခင်းထားသည့် အဝတ်စုတ်တစ်ခုနှင့် ပစ္စည်းဟောင်းအချို့ ရှိရုံဖြင့် လုပ်ငန်းစတင်နိုင်လေသည်။
၎င်းတို့အားလုံး ဈေးကောက် ပေးဆောင်ရသော်လည်း ဈေးဆိုင်ခင်းသည့် နေရာပေါ် မူတည်၍ ကွာခြားမှုများ ရှိသည်။ မနက်စောစောထပြီး နေရာကောင်း ဦးထားသူများမှာ တစ်နေ့လျှင် ဖောက်သည် အတော်များများ ရတတ်သည်။ ထို့ကြောင့် မိုးမလင်းခင်ကတည်းက နေရာဦးထားသည့် ဈေးသည်အချို့မှာ ပစ္စည်းများ ခင်းကျင်းပြီးနေကြပြီ ဖြစ်သည်။
ရှုချင်အတွက်မူ လမ်းကြုံ ဖြတ်သွားရုံ သက်သက်သာ ဖြစ်သည်။ ခင်းကျင်းပြသထားသည့် ပစ္စည်းဟောင်းများကို စိတ်ဝင်စားမှု လုံးဝ မရှိပေ။ အထူးသဖြင့် သူ့အိတ်ကပ်ထဲတွင် ၁၀ ယွမ်သာ ရှိနေချိန်တွင် ဖြစ်သည်။
"လူလေး... ဒီအဘွားဆီက စာအုပ်တစ်အုပ်လောက် ဝယ်ပေးပါလားကွယ်" ဆံပင်ဖြူစပြုနေသည့် အဘွားအိုတစ်ယောက်က လမ်းဘေးဆိုင်မှ စာအုပ်ဟောင်းများကို ရောင်းချရန် ကြိုးစားရင်း တိုးတိုးလေး မေးလိုက်သည်။ မထင်မှတ်ဘဲ သူမ၏စကားကြောင့် အခြားဈေးသည်များက ဝိုင်းရယ်ကြလေသည်။
"အဘွားကြီးရေ... ဒီကောင်လေး စိုရွှဲနေတာ မမြင်ဘူးလား။ အိမ်ကလူတွေနဲ့ ရန်ဖြစ်ပြီး ထွက်ပြေးလာတာ ဖြစ်မှာပေါ့။ စာဖတ်ဖို့ ဘယ်လိုလုပ် စိတ်ဝင်စားပါ့မလဲ" ကြေးပြားဝတ်စုံ ဝတ်ဆင်ထားပြီး ဖရဲသီးပုံ ဦးထုပ်ဆောင်းကာ မြေရှင်သူဌေးတစ်ယောက်လို ပုံဖမ်းထားသည့် ဈေးသည်တစ်ယောက်က ဝင်ပြောလိုက်သည်။
"သူ့ပုံစံ ကြည့်ပါဦး၊ အိတ်ထဲမှာ ပိုက်ဆံတစ်ပြားမှ ရှိမှာ မဟုတ်ပါဘူး"
ရှုချင်မှာ စွပ်ကျယ်နှင့် ဘောင်းဘီတို ဝတ်ထားပြီး ပန်းခြံထဲတွင် လဲကျခဲ့သဖြင့် မြက်စများ၊ ရွှံ့များ ပေကျံနေသည့် အခြေအနေဖြင့် အလျင်စလို ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူဌေးတစ်ယောက် ပုံစံမျိုး လုံးဝ မပေါက်ပေ။
အဘွားအိုကတော့ ဂရုမစိုက်ဘဲ ပြုံးပြီး ပြောလိုက်သည်။ "အသက်သာဆုံး စာအုပ်က ၅ ယွမ်ပဲ ရှိတာပါ။ ဈေးမကြီးပါဘူး။ မနက်စောစောစီးစီး ဈေးဦးပေါက်ရင် ကောင်းတဲ့ နိမိတ်လေ"
"ငါထင်တာတော့ အဘွားဟွာက ဈေးရောင်းချင်ဇောနဲ့ ရူးနေပြီ။ ခင်ဗျားရဲ့ သမ္မတခေတ်က စာအုပ်အစုတ်တွေနဲ့ စကားပုံစာအုပ်တွေက ၅ ယွမ်တန်တယ် ထင်နေတာလား" နောက်တစ်ယောက်က ဝင်နောက်လိုက်သည်။
အဘွားဟွာသည် မနက်တိုင်း စောစောရောက်ပြီး နေရာဦးလေ့ရှိသော်လည်း အရောင်းအဝယ်မှာ အလွန်ပါးသည်။ လွန်ခဲ့သည့် နှစ်ရက်လောက်ကတည်းက ဘာမှ မရောင်းရသေးသဖြင့် ယနေ့တော့ ဆိုင်ဖွင့်ဖွင့်ချင်း ကံကောင်းခြင်းများ ယူဆောင်လာရန် မျှော်လင့်ပြီး ကိုယ်တိုင် ဈေးခေါ်နေခြင်း ဖြစ်သည်။
ဘာကြောင့်မှန်း မသိ၊ ရှုချင် ရပ်လိုက်ပြီး အဘွားအို၏ ဆိုင်ဘေးတွင် ထိုင်ချကာ စာအုပ်ဟောင်းများကို ဟိုလှန်ဒီလှန် လုပ်ကြည့်လိုက်သည်။ မျက်နှာဖုံးပျောက်နေသည့် မြေပုံစာအုပ်အစုတ် တစ်အုပ်ကို ကောက်ကိုင်လိုက်သည့်အချိန်တွင် သူ့ညာဘက်မျက်ခွံ ရုတ်တရက် လှုပ်သွားပြီး မျက်လုံးထဲတွင် လေးထောင့်စက္ကူပါးပါးလေး တစ်ရွက် ပေါ်လာသည်။ ထိုအပေါ်တွင် ဆင်ရုပ်ပုံနှင့်အတူ "မဟာချင်းမင်းဆက်"၊ "စာတိုက်"၊ "ငွေ ၅ ပြား" ဆိုသည့် စာသားများ ရိုက်နှိပ်ထားသည်။
"တံဆိပ်ခေါင်း?" ရှုချင် ရင်ခုန်သွားသည်။ စာရွက်များကို လှန်ကြည့်လိုက်တော့ ဆင်ရုပ်ပုံပါသည့် တံဆိပ်ခေါင်းက စာရွက်များနှင့်အတူ ကပ်ပါနေသလိုမျိုး လိုက်လည်နေသည်ကို တွေ့ရသည်။
သူ့လက်ချောင်းများဖြင့် စာရွက်များကို ခွာကြည့်ရန် ကြိုးစားသော်လည်း တံဆိပ်ခေါင်းက မရွေ့ပေ။ စာရွက်သားများကြားထဲတွင် အလွှာများ ရှိနေခြင်း ဖြစ်သည်။ အတွေးတစ်ခု ခေါင်းထဲ ဖြတ်ပြေးသွားပြီး ရှုချင် လန့်သွားသည်။ သူ မျက်လုံးကို အမြန်မှိတ်လိုက်ပြီး ပြန်ဖွင့်ကြည့်လိုက်တော့ စာရွက်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ ယခု မြင်လိုက်ရသည်များက ခဏတာ စိတ်ကူးယဉ် အာရုံမှားခြင်းများလား။
"လူလေး... ဒီစာအုပ်က တော်တော်ဟောင်းနေပြီ။ ကြိုက်ရင် ၁၀ ယွမ်နဲ့ ယူသွားလိုက်ပါ။ အဘွားအတွက် ဈေးဦးပေါက်ကောင်း ဖြစ်တာပေါ့..." ရှုချင် စိတ်မဝင်စားသလို ဖြစ်နေသည်ကို မြင်တော့ အဘွားဟွာက မနေနိုင်ဘဲ ထပ်ပြောရှာသည်။
"၈ ယွမ်နဲ့ ရမလား? ဒါမှ ဘတ်စ်ကားခ ၂ ယွမ် ချန်ထားလို့ရမှာမို့ပါ" ရှုချင်က မြေပုံစာအုပ်ကို ပြန်ချ၊ ဘောင်းဘီမှ မြက်စများကို ခါထုတ်ပြီး မတ်တပ်ရပ်လိုက်သည်။
အဘွားဟွာ ခဏတွေဝေသွားပြီးမှ မြေပုံစာအုပ်ကို ကောက်ယူကာ ရှုချင်လက်ထဲ ထိုးထည့်လိုက်ပြီး "ကဲပါ... ၈ ယွမ်နဲ့ ယူသွားလိုက်..." ဟု ပြောလိုက်သည်။
မနက်စောစောစီးစီး အရောင်းအဝယ်ဖြစ်ရန်မှာ အရေးကြီးပေသည်။ ရှုချင်က ဈေးဆစ်သော်လည်း နိမိတ်ကောင်းမို့ အဘွားအို လက်ခံလိုက်ခြင်း ဖြစ်သည်။ ဤဒေသတွင်းထုတ် စာအုပ်ကို သူ စစ်ဆေးပြီးသား ဖြစ်သည်။ ရှားပါး ရှေးဟောင်းစာအုပ် မဟုတ်ဘဲ သာမန် ပုံနှိပ်စာအုပ်မို့ တန်ဖိုး သိပ်မရှိပေ။
ရှုချင် သဘောတူလိုက်ပြီး အိတ်ကပ်ထဲမှ တွန့်ကြေနေသည့် ပိုက်ဆံကို ထုတ်ပေးလိုက်သည်။ မြေပုံစာအုပ်ကို ပေါ့ပေါ့ပါးပါး လိပ်ပြီး အိတ်ကပ်ထဲ ထည့်၊ ပြန်အမ်းငွေကို ယူပြီး လှည့်ထွက်လာခဲ့သည်။
တစ်ညလုံး လျှောက်သွားပြီးသည့်နောက် ရှုချင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အိမ်ပြန်မည်။ သူ့မရီး ဘယ်လောက်ပဲ ဆူပူပါစေ၊ မမကျူး မိတ်ဆက်ပေးသည့် အလုပ်ကို မဖြစ်ဖြစ်အောင် လုပ်မည်။ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ၊ ကိုယ့်ဝမ်းစာ ကိုယ်ရှာမည်။
ရှုချင် ဘတ်စ်ကား မစီးဘဲ လမ်းလျှောက်ပြန်ရန် ရွေးချယ်လိုက်သည်။ ၂ ယွမ် ပိုထွက်လာမည်။ အိမ်အောက်ရှိ သရေစာဆိုင်တွင် မနက်စာစားရန် လုံလောက်ပါသည်။
မနက်စာဆိုင် ရောက်တော့ အသိမိတ်ဆွေတစ်ယောက်နှင့် တွေ့သည်။ အိမ်ရှင်မလှလှလေး ကျူးရှောင်လင် ဖြစ်သည်။ သူမက ခေါင်းငုံ့ပြီး ခေါက်ဆွဲပြုတ်ကို အားရပါးရ စားနေသည်။ ရှုချင်ဘက်ကို ကျောပေးထားသော်လည်း အနောက်မှ ကြည့်ရုံနှင့် တန်းသိသာသည်။
"ဆရာ... ခေါက်ဆွဲပြုတ် ၂ ယွမ်တန် တစ်ပွဲပေးပါ..." ရှုချင် တိုးတိုးလေး လှမ်းမှာလိုက်သည်။ ကျန်းချန်မြို့တွင် ၂ ယွမ်တန် ခေါက်ဆွဲပြုတ် ရရန်မှာ အလွန်ရှားသွားပြီ ဖြစ်သည်။ ဤကဲ့သို့ လမ်းဘေးဆိုင်လေးများတွင်မှ ရနိုင်ခြင်း ဖြစ်သည်။ အမြတ်နည်းနည်းနှင့် အရေအတွက်များများ ရောင်းသည့် သဘောဖြစ်သည်။
"ရပြီ! အသားမပါ ခေါက်ဆွဲတစ်ပွဲ..."
ဤဆိုင်သည် သားအဖနှစ်ယောက် ဖွင့်ထားခြင်း ဖြစ်သည်။ အဖေလုပ်သူက ချက်ပြုတ်ပြီး အသက် ၂၀ ကျော် သားဖြစ်သူက စားပွဲထိုး လုပ်သည်။ သူ၏ ထူးခြားသည့် အော်သံကြောင့် လူငယ်နှစ်ယောက် စိတ်ဝင်စားပြီး ဝင်လာကြသည်။
"ဆရာ... ဝက်သားမျှင်သုပ် ခေါက်ဆွဲ ပါးပါးလေး တစ်ပွဲ..."
"အင်း! ကျွန်တော်က အကြီးကြီး လိုချင်တယ်၊ Mutou Ran အပိုထည့်... နေဦး၊ အမဲသားပြောတာ..."
ဟားဟား...
ရေတစ်ပေါက် ကျရုံနှင့် လှိုင်းဂယက်ထသကဲ့သို့ပင်။ ဆင်ဆာမဲ့ စကားလုံးများ ပါလာတော့ စားသုံးသူများ ဝါးခနဲ ပွဲကျသွားကြသည်။ ကျူးရှောင်လင်လည်း အံ့သြပြီး လှည့်ကြည့်လိုက်သည်။ သူမအနောက်တွင် ထိုင်နေသည့် ရှုချင်ကို တွေ့တော့ မျက်မှောင်လေး ကွေးသွားပြီး ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ရှုချင်နှင့် မျက်နှာချင်းဆိုင် ခုံတွင် လာဝင်ထိုင်လိုက်သည်။
"ခေါက်ဆွဲလား?"
"အင်း!"
ထိုအချိန်မှာပင် ဆိုင်ရှင်၏သားက ခေါက်ဆွဲ လာချပေးသည်။ သူတို့ ပြောသည်ကို ကြားတော့ ပြုံးပြီး "စားကောင်းလွန်းလို့ စားတာပါဗျာ" ဟု ပြောပြီး စားပွဲထောင့်မှ ပဲငံပြာရည်အမည်း ပုလင်းကို ညွှန်ပြလိုက်သည်။
ကျူးရှောင်လင် ကြော်ငြာစာသားတစ်ခုကို သတိရသွားပြီး နှုတ်ခမ်းထောင့်လေး ကွေးတက်သွားကာ ပြုံးလိုက်သည်။ ပန်းကန်ထဲမှ မနယ်ရသေးသည့် ခေါက်ဆွဲကို ကြည့်ပြီး "သူ့အတွက် ဝက်နံရိုး ထည့်ပေးလိုက်ပါ" ဟု ပြုံးပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့!" ကောင်လေးက ပြန်ဖြေပြီး ခေါက်ဆွဲပန်းကန်ကို ပြန်ယူသွားသည်။
"မလိုပါဘူး..." ရှုချင် အိတ်ကပ်ထဲမှ ၂ ယွမ်ကို စမ်းမိပြီး စိတ်မလုံမလဲ ဖြစ်သွားသည်။
"ရပါတယ်၊ အစ်မ ဝယ်ကျွေးတာပါ" ကျူးရှောင်လင်က ရှုချင်၏ အခက်အခဲကို ရိပ်မိပုံရပြီး ပြုံးကာ ပြောလိုက်သည်။ "မနေ့ညက ဘယ်တွေသွားနေတာလဲ? မင်းမရီးခမျာ တစ်ညလုံး မအိပ်ရဘူး။ တကယ်လို့ အဆင်မပြေရင် မနေ့က ပြောထားတဲ့ ကိစ္စကို မေ့လိုက်ပါ..."
"မဟုတ်ဘူး၊ ကျွန်တော် ဒီအလုပ်ကို လုပ်မှ ဖြစ်မယ်။ ဒါပေမဲ့ အစ်မကို အကူအညီတစ်ခု တောင်းချင်လို့ပါ။ ကျွန်တော် အလုပ်ကို သေချာပေါက် ကြိုးစားလုပ်ပါမယ်၊ မရီးကိုတော့ မပြောပါနဲ့နော်" ရှုချင် နှုတ်ခမ်းကို ကိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ! အိမ်ပြန်ပြီး အနားယူလိုက်ဦး။ အလုပ်ရှိရင် ဖုန်းဆက်လိုက်မယ်" ကျူးရှောင်လင် ခေါင်းညိတ် သဘောတူလိုက်သည်။ ထို့နောက် ထရပ်၊ ပိုက်ဆံရှင်းပြီး ထွက်သွားသည်။ ကျူးရှောင်လင်၏ ကျော့ရှင်းလှပသည့် ကျောပြင်လေး ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှုချင် ရင်ထဲတွင် ဂရုစိုက်ခံရသည့် နွေးထွေးမှုလေးတစ်ခု ဖြစ်ပေါ်လာသည်။ ပြောရလျှင် မမကျူးက တကယ် စိတ်ရင်းကောင်းသူ ဖြစ်သည်။ ဒေါသထွက်လျှင် နည်းနည်း ကြမ်းသည်ကလွဲ၍ ဖြစ်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: