အခန်း (၅) - မြေပုံစာအုပ်ထဲက လျှို့ဝှက်ချက်
ရှုချင်း အိမ်ငှားခန်းကို ပြန်ရောက်တော့ မရီးဖြစ်သူ ချင်ပင်းကို ဧည့်ခန်းထဲမှာ ခေါင်းငုံ့ပြီး ငေးငေးငိုင်ငိုင် ထိုင်နေတာ တွေ့လိုက်ရတယ်။ ချင်ပင်းရဲ့ မျက်နှာက ပင်ပန်းနွမ်းနယ်နေပုံပါပဲ။ ရှုချင်းလည်း အဆူခံဖို့ ပြင်ပြီး အံကြိတ်ကာ အိမ်ထဲ ဝင်သွားလိုက်တယ်။
"မရီး... ကျွန်တော် ပြန်ရောက်ပြီ" ရှုချင်းက သူ့ခြေမကိုပဲ စိုက်ကြည့်ရင်း ခေါင်းငုံ့ပြီး ဝင်သွားတယ်။
ချင်ပင်း နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေပြီး ခြောက်သွေ့နေတဲ့ မျက်လုံးတွေကို သုတ်ကာ မေးလိုက်တယ်။ "နင် မနက်စာ မစားရသေးဘူးမလား။ အခုပဲ လုပ်ပေးမယ်" ပြောပြီးတာနဲ့ မီးဖိုချောင်ဘက် ထွက်သွားဖို့ ပြင်တယ်။
"မစားတော့ဘူး၊ ကျွန်တော် အပြင်မှာ စားလာခဲ့ပြီ" ရှုချင်းက အမြန်ရှေ့တိုးသွားပြီး ချင်ပင်းကို တားလိုက်တယ်။ မရီးရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံကို မြင်တော့ စိတ်မကောင်း ဖြစ်မိတယ်။
"ဩော်... ဒါဆို မျက်နှာသစ်ပြီး အိပ်လိုက်တော့။ ငါ အလုပ်သွားတော့မယ်" ချင်ပင်းရဲ့ မျက်နှာထားက ဗလာသက်သက် ဖြစ်နေတယ်။ သူ ဖြည်းဖြည်းချင်း လှည့်၊ အိတ်ကလေးကို ကောက်ကိုင်ပြီး တံခါးပေါက်ကနေ ထွက်ခွာသွားတယ်။
ဆူပူတာ၊ စကားအများကြီးပြောတာမျိုး မရှိဘဲ ရှုချင်း အိမ်က မထွက်သွားခဲ့သလိုမျိုးပါပဲ။ ဒါပေမဲ့ သူ့ရဲ့ နွမ်းလျနေတဲ့ မျက်နှာကို ကြည့်ရင် မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ဘူးဆိုတာ သိသာပါတယ်။
ချင်ပင်း ထွက်သွားတာနဲ့ ရှုချင်းက အံဆွဲထဲက စာရွက်ညှပ်ဓားနဲ့ စာအုပ်အသစ် တစ်အုပ်ကို ရှာလိုက်တယ်။ မြေပုံစာအုပ်ဟောင်းရဲ့ စာရွက်အလွှာကြားကို ဂရုတစိုက် ခွဲလိုက်တဲ့အခါ တကယ်ပဲ တံဆိပ်ခေါင်းနဲ့တူတဲ့ လေးထောင့်စက္ကူလေး တစ်ရွက် ထွက်လာတယ်။
ကွန်ပျူတာ ပြန်မပေးခင် ရှုချင်း အွန်လိုင်းတက်ပြီး ဒီစက္ကူလေးအကြောင်း အမြန်ရှာလိုက်တယ်။ အတော်ကြာကြာ ရှာဖွေပြီးမှ Huayou.com ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ပုံစံတူ တံဆိပ်ခေါင်းတစ်ခု တွေ့သွားတယ်။
ဒါဟာ ချင်းမင်းဆက်ရဲ့ နဂါးကြီးစီးရီးထဲက "ထာဝရ ဆင်ရုပ်" တံဆိပ်ခေါင်း ဖြစ်ပြီး စီးရီးတစ်ခုလုံးအတွက် အဓိကကျတဲ့ တံဆိပ်ခေါင်းတွေထဲက တစ်ခုပါ။ ဆင်ရဲ့ ကျောပေါ်မှာ အမြဲစိမ်းလန်းနေတဲ့ အပင်အိုးတစ်လုံး တင်ထားပြီး သက်တမ်းရှည်ခြင်းနဲ့ အဆုံးမဲ့ ပြန်လည်ဆန်းသစ်ခြင်းကို ကိုယ်စားပြုတယ်။ အပေါ်မှာ လင်းနို့နှစ်ကောင် ပျံဝဲနေပြီး ဘယ်ဘက်အပေါ်ထောင့်မှာ တိမ်တိုက်ပုံစံ ပါရှိတယ်။ "လင်းနို့" က "ကံကောင်းခြင်း" နဲ့ အသံထွက်တူပြီး တိမ်တိုက်နဲ့ ပေါင်းစပ်လိုက်တော့ "အတိုင်းအဆမရှိ ကံကောင်းခြင်း" လို့ အဓိပ္ပာယ်ရတယ်။ ဆင်ရုပ်နဲ့ ပေါင်းလိုက်တဲ့အခါ "ထာဝရ အတိုင်းအဆမရှိ ကံကောင်းခြင်း" ဆိုတဲ့ နိမိတ်ကောင်းကို ဖြစ်ပေါ်စေပါတယ်။
ရှုချင်း အသက်အောင့်ထားပြီး "ထာဝရ ဆင်ရုပ်" အကြောင်း အချက်အလက်တွေကို တိတ်တဆိတ် ဖတ်နေမိတယ်။ ရင်တွေ တဒိန်းဒိန်း ခုန်နေတယ်။ "အလွန်အဖိုးတန်သော"၊ "တန်ဖိုးမဖြတ်နိုင်သော" ဆိုတဲ့ စာလုံးတွေကို ခဏခဏ တွေ့ရတော့ သူ့လက်ချောင်းတွေတောင် တုန်လာတယ်။
တစ်နာရီလောက် သတင်းအချက်အလက်တွေ ရှာဖွေပြီးတဲ့နောက် သူ ၈ ယွမ်နဲ့ ဝယ်လာခဲ့တဲ့ စက္ကူလေးဟာ နဂါးကြီးစီးရီးရဲ့ "ထာဝရ ဆင်ရုပ်" တံဆိပ်ခေါင်း အစစ်ဖြစ်ပြီး အခြေအနေလည်း အရမ်းကောင်းမွန်ကြောင်း သေချာသွားတယ်။ အင်တာနက်မှာ တွေ့ရတဲ့ အချက်အလက်အရ ဟောင်ကောင်ဒေါ်လာ ၆ သိန်းနီးပါးနဲ့ လေလံတင်ခဲ့ဖူးတယ်ဆိုတာ သိလိုက်ရတော့ ပိုပြီး စိတ်လှုပ်ရှားသွားတယ်။
၆ သိန်း မပြောနဲ့၊ တစ်ဝက်လျှော့ပြီး ၃ သိန်းလောက် ရရင်တောင် သူတို့ရဲ့ ကျပ်တည်းနေတဲ့ အခြေအနေကို ဖြေရှင်းဖို့ လုံလောက်ပါတယ်။ ရှုချင်း သက်ပြင်းချလိုက်ပြီး အံဆွဲထဲက ပလတ်စတစ်အိတ်လေး တစ်လုံး ထုတ်၊ တံဆိပ်ခေါင်းကို ဓားနဲ့ ဂရုတစိုက် ဖယ်ထုတ်ပြီး အိတ်ထဲထည့်ကာ စာအုပ်ကြား ညှပ်ပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်တယ်။
အဲဒီအချိန်မှာပဲ စားပွဲပေါ်က ဖုန်းမြည်လာတယ်။ ရှုချင်း ကိုင်လိုက်တော့ ဒုတိယထပ်က ကွန်ပျူတာ ပြင်ခိုင်းတဲ့သူ ဖြစ်နေတယ်။ သူ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး ကွန်ပျူတာ ပိတ်၊ ပလပ်ဖြုတ်၊ မပြီး အောက်ထပ်ကို အမြန်ဆင်းသွားလိုက်တယ်။
ဒုတိယထပ် ရောက်တာနဲ့ အခန်းငှားနေသူ လျိုက တံခါးဝမှာ လက်ပွတ်ပြီး စောင့်နေတာ တွေ့ရတယ်။ ဒီလူက ဝဝပုပု၊ မျက်မှန်ကိုင်း အမည်းကြီး တပ်ထားတယ်။ သူ့အလုပ်က အွန်လိုင်း ဝတ္ထုနဲ့ ဇာတ်ညွှန်း ရေးတာဆိုတော့ ဝင်ငွေ မဆိုးဘူး။ ဒါပေမဲ့ ကွန်ပျူတာ မရှိရင် လည်ပင်းညှစ်ခံထားရသလို နေမရ ဖြစ်တတ်တယ်။ မီးပူပေါ်ကျတဲ့ ပုရွက်ဆိတ်လို ဂနာမငြိမ်ဖြစ်ပြီး မနက်စောစောစီးစီး ဖုန်းလှမ်းဆက်တာလေ။
ရှုချင်း လာနေတာ တွေ့တော့ ဖက်တီးလျူက ကွန်ပျူတာ စက်ခေါင်းကို ကူသယ်ဖို့ အပြေးအလွှား ရောက်လာပြီး အခန်းထဲ မလိုက်တယ်။
ဖက်တီးလျူရဲ့ ဝက်သားတုံးတွေ တုန်ခါနေတာနဲ့ လှုပ်ရှားမှု မြန်ဆန်ပုံကို ကြည့်ပြီး ရှုချင်း အံ့သြသွားတယ်။ သူ ပြုံးပြီး ခေါင်းခါကာ မော်နီတာကို အခန်းထဲ သယ်သွားပေးလိုက်တယ်။
ဖက်တီးလျူက ကွန်ပျူတာ မပြင်တတ်ပေမဲ့ ကြိုးတပ်ပြီး စက်ဖွင့်တာတော့ ကျွမ်းတယ်။ စက်ခေါင်းက အသံကြားလိုက်ရပြီး မော်နီတာ ပွင့်လာတာနဲ့ သူ့မျက်နှာ ဝင်းပသွားပြီး "ညီလေး... မင်း တကယ်တော်တာပဲ! ငါ့မယားငယ်လေးကို တစ်ညတည်းနဲ့ ယဉ်ပါးအောင် လုပ်လိုက်တာပဲ..." လို့ အော်ပြောလိုက်တယ်။
ရှုချင်း ကြောင်သွားပြီး နဖူးမှာ စည်းကြောင်းတွေ ပေါ်လာတယ်။ ဘာ မယားငယ်လဲ? ဘာတွေ လာပြောနေတာလဲ?
ဖက်တီးလျူက ကွန်ပျူတာကို လက်ညှိုးထိုးပြီး ပြုံးကာ ပြောတယ်။ "ဒါက ငါတို့ရဲ့ မယားငယ်လေးလေ။ သူ ပြဿနာရှာနေတာကို မင်းက ပြင်ပေးလိုက်တာဆိုတော့ ဆုံးမလိုက်တာနဲ့ တူတူပဲပေါ့။ ပြီးတော့ ပြောရဦးမယ်၊ ပန်ကာအသံတောင် ပိုငြိမ်သွားသလိုပဲ"
ရှုချင်း သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်တယ်။ "CPU ပန်ကာမှာ ဖုန်တွေ တက်နေလို့ သန့်ရှင်းရေး လုပ်ပေးလိုက်တာပါ"
ဖက်တီးလျူက လက်မထောင်ပြပြီး "မင်းက တကယ် စေတနာပါတယ်ကွာ၊ ဟို ကွန်ပျူတာပြင်တဲ့ဆိုင်က လူတွေထက် အများကြီး သာတယ်။ ရော့! ၂၀ ယွမ်။ နောက်ဆို လိုအပ်ရင် မင်းကိုပဲ ခေါ်တော့မယ်" ပြောပြောဆိုဆိုနဲ့ အိတ်ကပ်ထဲက ၂၀ ယွမ်တန်ကို ဆွဲထုတ်ပြီး ရှုချင်းလက်ထဲ ထိုးထည့်လိုက်တယ်။
ရှုချင်း ပိုက်ဆံယူပြီး အိတ်ကပ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးပဲ မေးလိုက်တယ်။ "ဖက်တီးလျူ... ကျန်းချန်မှာ တံဆိပ်ခေါင်း အရောင်းအဝယ်လုပ်တဲ့ နေရာတွေ သိလား"
ဖက်တီးလျူ ပြုံးလိုက်ပြီး "မင်းလည်း တံဆိပ်ခေါင်း စုတာလား ညီလေး" လို့ မေးတယ်။
ရှုချင်း ခေါင်းညိတ်ပြီး "အရင်တုန်းက ဝါသနာပါလို့ စုထားတာ တချို့ရှိတယ်။ အခု ပိုက်ဆံလိုလို့ ပြန်ရောင်းချင်လို့ပါ" လို့ ပြောလိုက်တယ်။
သူ့အမြင်မှာတော့ အွန်လိုင်းမှာ တန်ဖိုးကြီးတယ် ပြောနေပေမဲ့ ငွေမဖော်နိုင်ရင် အလကားပါပဲ။ ဈေးနည်းနည်း လျှော့ရောင်းရရင်တောင် ကျောင်းစရိတ်ကာမိပြီး မရီးရဲ့ ဝန်ထုပ်ဝန်ပိုး သက်သာရင် ကျေနပ်ပါပြီ။
ကွန်ပျူတာကို ကိုင်တွယ်ကြည့်ရင်း ဖက်တီးလျူက ခေါင်းမလှည့်ဘဲ ပြောတယ်။ "တံဆိပ်ခေါင်းတွေ၊ ရှေးဟောင်းပစ္စည်းတွေ ဝါသနာပါတဲ့ သူဌေးသား တစ်ယောက်တော့ သိတယ်။ ဒါပေမဲ့ သူက ရွှေမျောက်တံဆိပ်ခေါင်းလို သာမန်ဟာတွေဆို စိတ်မဝင်စားဘူး။ ပစ္စည်းကောင်းရင်တော့ ပိုက်ဆံက ပြဿနာ မဟုတ်ဘူး"
ဆိုလိုတာက တန်ဖိုးမရှိရင် အဲဒီလူ စိတ်ဝင်စားမှာ မဟုတ်ဘူးပေါ့။ ဖက်တီးလျူက မိတ်ဆွေပေါတယ်။ သူပြောတဲ့ သူဌေးသားဆိုတာ ရှမ်းရှီးပြည်နယ်က ကျောက်မီးသွေး သူဌေးတစ်ယောက်ရဲ့ နာမည်ကြီး သားပါ။ ပိုက်ဆံကို ဂဏန်းတွေအဖြစ် မြင်လာရင် ယဉ်ကျေးမှုဘက် လှည့်ပြီး ဟိတ်ဟန်ထုတ်ချင်ကြတယ်လေ။ ပစ္စည်းကောင်းရင် ပိုက်ဆံကို ရေလိုသုံးတဲ့ သားအဖတွေပေါ့။
ရှုချင်း ရင်ခုန်သွားပေမဲ့ အပြင်ပန်းမှာ တည်ငြိမ်နေသယောင် ဆောင်ပြီး ပြုံးကာ ပြောလိုက်တယ်။ "အမှန်အတိုင်း ပြောရရင် ဖက်တီးလျူရေ... ကျွန်တော့် တံဆိပ်ခေါင်းက ရွှေမျောက်ထက် အများကြီး တန်ဖိုးရှိပါတယ်။ ခင်ဗျားသူငယ်ချင်းသာ ဝယ်မယ်ဆိုရင် သေချာပေါက် အံ့သြသွားမှာပါ"
"ဩော်!" ဖက်တီးလျူ မောက်စ်ကို လွှတ်ပြီး လှည့်ကြည့်ကာ သံသယ မျက်လုံးတွေနဲ့ မေးတယ်။ "တကယ်လား? ညီလေး... မင်း နောက်နေတာ မဟုတ်ပါဘူးနော်။ ပြောစမ်းပါဦး၊ ဘာတံဆိပ်ခေါင်းမို့လို့လဲ"
"ထာဝရ အသက်ရှင်ခြင်း နိမိတ်ဆောင်တဲ့ နဂါးကြီး တံဆိပ်ခေါင်း အသစ်စက်စက်ပါ" ရှုချင်း တည်ငြိမ်စွာ ပြောလိုက်တဲ့ စကားကြောင့် ဖက်တီးလျူ မျက်နှာက အဆီတွေ တုန်ခါသွားတယ်။ တံဆိပ်ခေါင်းအကြောင်း သိပ်မသိပေမဲ့ နဂါးကြီး တံဆိပ်ခေါင်းဆိုတာ တရုတ်လူမျိုးတိုင်း ကြားဖူးကြတာကိုး။
"ညီလေး... မင်း သေချာလို့လား" ဖက်တီးလျူ မျက်လုံးတွေ အရောင်တောက်လာပြီး မယုံကြည်နိုင်စွာ မေးတယ်။ ရှုချင်း ခေါင်းညိတ်ပြတာ မြင်တော့ ဖုန်းကို ချက်ချင်း ကောက်ကိုင်ပြီး နံပါတ်တွေ နှိပ်လိုက်တယ်။
ဖုန်းဝင်သွားပြီး တစ်ဖက်က အိပ်မှုန်စမှုန် အသံနဲ့ "သောက်ကျိုးနည်း... မနက်စောစောစီးစီး ဘာကိစ္စ ဒုက္ခပေးတာလဲကွာ" လို့ လှမ်းဆဲတယ်။ အိပ်ရာမထချင်သေးတဲ့ ပုံပါပဲ။
ယုံကြည်မှု ပြည့်နေတဲ့ ဖက်တီးလျူက ဖုန်းထဲကို အော်ပြောလိုက်တယ်။ "ငါက ရှာတာ မဟုတ်ဘူး၊ နဂါးကြီး တံဆိပ်ခေါင်း အသစ်စက်စက်က ရှာတာကွ... ကံကောင်းခြင်းတွေ ရောက်လာတော့မယ်..."
"သောက်ရူး... ဘာတွေ လာပြောနေတာလဲ..." တစ်ဖက်လူက ဆဲပြီး ဖုန်းချသွားတယ်။ ဖက်တီးလျူ ခေါင်းခါပြီး ရယ်လိုက်တယ်။ သူဌေးသား ဘာလို့ ဖုန်းချသွားလဲ သူ နားမလည်ဘူး။ မနက်စောစောစီးစီး အိပ်ရေးပျက်အောင် လုပ်လို့ အဆဲခံရတာလည်း ဖြစ်နိုင်တယ်။
"ထားလိုက်ပါတော့ဗျာ၊ သူ့မှာ ရှိပြီးသား ဖြစ်မှာပါ။ ကျွန်တော် အပေါ်ပြန်တက်လိုက်ဦးမယ်" ရှုချင်းက ဖက်တီးလျူ အဆင်မပြေတာ မြင်တော့ ဆက်မနေချင်တော့ဘူး။ ပြီးရင် အိမ်ငှားတိုက်ရဲ့ လှေကားတွေ သန့်ရှင်းရေး လုပ်ရဦးမယ်လေ။ သူဌေးသား ကိစ္စကိုတော့ သူ ဂရုမစိုက်ပါဘူး။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: