အခန်း (၆) တန်ဖိုးကြီးလှတဲ့ ဆင်ပုံတံဆိပ်ခေါင်း
ရှုချင်း တံခါးဝမှ ခြေလှမ်းလှမ်းလိုက်သည်နှင့် ဖက်တီးလျူ၏ ဖုန်းမြည်လာသည်။ သူ ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ အလျင်စလို အသံတစ်ခု ထွက်ပေါ်လာသည်။
"အစ်ကိုလျူ၊ ခုနက နဂါးကြီး တံဆိပ်ခေါင်းအကြောင်း ဘာပြောလိုက်တာလဲ"
"ထာဝရအသက်ရှင်ခြင်း သင်္ကေတ၊ အသစ်စက်စက် နဂါးကြီး တံဆိပ်ခေါင်းလေ။ ခုနကပဲ ခင်ဗျား ကျွန်တော့်ကို ပေါက်ကရတွေ ပြောနေတယ်ဆို" ဖက်တီးလျူက ရယ်တော်ပွား ဘုရားရုပ်တုကြီးလို ပြုံးလိုက်သည်။ ဒီလိုရလဒ်ထွက်လာမယ်ဆိုတာ သူ ကြိုမှန်းဆပြီးသား ဖြစ်သည်။
"'နှစ်တစ်သောင်း ဆင်ဖြူတော်' တံဆိပ်ခေါင်းဆိုတာ သေချာလို့လား။ အဲဒါက 'နဂါးကြီး' တံဆိပ်ခေါင်းထက် ပိုရှားပါးပြီး မျိုးတုန်းနေပြီဖြစ်တဲ့ တံဆိပ်ခေါင်းဗျ။ ကျွန်တော့်ဆီမှာသာ ရှိရင် အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် ၈ သိန်းပေးမယ်၊ မဟုတ်ဘူး... ၁ သန်း ပေးမယ်ဗျာ..." ဖုန်းတစ်ဖက်ခြမ်းမှ ဒုတိယမျိုးဆက် သူဌေးသားမှာ ကြက်သွေးထိုးထားသလို စိတ်လှုပ်ရှားနေပြီး ကိုယ်တိုင်လာကြည့်ဖို့ မစောင့်နိုင်တော့သလို ဖြစ်နေသည်။
ဖက်တီးလျူက တည်ငြိမ်စွာပြုံးပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း ဘာမှ မမြင်ရသေးဘူး။ ကျွမ်းကျင်တဲ့သူတစ်ယောက် ခေါ်ပြီး လာကြည့်တာ ပိုကောင်းမယ်။ အဆင်ပြေသွားရင်တော့ ကျွန်တော့်ကို Heaven on Earth မှာ တစ်နပ်လောက် ကျွေးဖို့ မမေ့နဲ့နော်..."
တီ...တီ...
စကားမဆုံးခင်မှာပင် ဖုန်းကျသွားသည်။ ဖက်တီးလျူ၏ ပါးပြင်များ အနည်းငယ် တုန်ခါသွားပြီး ပြုံးလိုက်ကာ "ဒီကောင်က တကယ် စိတ်မြန်လက်မြန်ပဲ။ အပေါ်ထပ်ကကောင်လေး ငါ့ကို စိတ်ပျက်အောင် မလုပ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ..." ဟု တွေးလိုက်သည်။
ရှုချင်းသည် လှေကားခွင်ကို တံမြက်စည်း၊ ဂေါ်ပြားတို့ဖြင့် စေ့စေ့စပ်စပ် လှည်းကျင်းနေသည်။ အလုပ်က လွယ်ကူပုံရသော်လည်း အဆောက်အအုံအနည်းငယ် လှည်းကျင်းပြီးသည့်နောက်တွင် သူ့တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီဖြစ်သည်။ ထို့အပြင် တစ်ညလုံး မအိပ်ထားရသဖြင့် ပါးစပ်များ ခါးသက်နေပြီး မျက်ခွံများလည်း လေးလံနေသည်။
စင်ကြ္ကံလမ်းကို သန့်ရှင်းရေးလုပ်ပြီးနောက် ရှုချင်းသည် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သယ်ဆောင်လျက် အိမ်ပြန်လာခဲ့သည်။ အိမ်ထဲရောက်သည်နှင့် ရေအေးတစ်ခွက်ကြီးကြီး ငှဲ့ပြီး မော့သောက်လိုက်သည်။ နှစ်ငုံလောက်သာ သောက်ရသေးချိန်တွင် တံခါးကို အလျင်စလို ခေါက်သံ ကြားလိုက်ရသည်။
"ညီလေး၊ တံခါးဖွင့်ပါဦး၊ ငါရောက်ပြီ..." ဒီလို တံခါးခေါက်သံမျိုးက တစ်မျိုးကြီးပင်၊ ဘာပြဿနာမှန်း မသိနိုင်ပေ။
ရှုချင်းသည် လည်ချောင်းထဲတွင် တစ်နေသော ရေများကို မျိုချလိုက်ပြီး မျက်လုံးလှန်ကြည့်ကာ အေးအေးလူလူပင် တံခါးသွားဖွင့်လိုက်သည်။ တံခါးဝတွင် လူကြီးတစ်ယောက်နှင့် လူငယ်နှစ်ယောက် ရပ်နေသည်။
မျက်နှာဝိုင်းဝိုင်းနှင့် လူဝကြီးမှာ အောက်ထပ်မှ အစ်ကိုလျူပင် ဖြစ်သည်။ သူ့ဘေးတွင် အသက် ၂၀ ကျော် အရွယ်ခန့်ရှိ ဟိတ်ဟန်ထုတ် ဝတ်စားထားသော လူငယ်တစ်ဦး ရှိသည်။ ထိုလူငယ်မှာ အရပ်ရှည်ပြီး ထွားကြိုင်းကာ လည်ပင်းတွင် ပလက်တီနမ် ဆွဲကြိုးပြားကြီး ဆွဲထားပြီး လက်ထဲတွင် လက်ပ်တော့အိတ်တစ်လုံး ကိုင်ထားသည်။ သူသည် အသားဖြူပြီး စိတ်အားထက်သန်သော အကြည့်များ ရှိနေသည်။
ဘေးနားတွင် မျက်မှန်တပ်ထားသော ထိပ်ပြောင်ပြောင် လူကြီးတစ်ဦးလည်း ပါလာသည်။ မျက်မှန်ပါဝါ ထူလွန်းသဖြင့် မှန်ဘီလူးအနားသားများထူနေသည်ကို ကြည့်ရုံဖြင့် သိနိုင်သည်။ ပူအိုက်နေသော ရာသီဥတုတွင် ထိုလူကြီးသည် ဝတ်ရုံရှည်အပြာရောင်ကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် ချွေးများဖြင့် ကပ်နေသည်။ သေချာဂရုမစိုက်လျှင် သိသာမည် မဟုတ်ပေ။
"ဟေ့လူ... ခင်ဗျားဆီမှာ ရောင်းမယ့် 'နှစ်တစ်သောင်း ဆင်ဖြူတော်' ရှိတယ်ဆို။ အစ်ကိုထန် ကို မြန်မြန် ထုတ်ပြလိုက်စမ်းပါဗျာ..." လူငယ်က အိမ်ထဲသို့ ဒုန်းစိုင်းဝင်လာပြီး ဗန်းစကားဖြင့် ပြောလိုက်သည်။
အစ်ကိုဝမ်းကွဲ ဟုတ်လား။ ငါက သူနဲ့ ဘယ်တုန်းက ဆွေမျိုးတော်သွားတာလဲ။ ဒါ နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ရှုချင်း ကြောင်သွားပြီး မျက်နှာထား တစ်မျိုးဖြစ်သွားသည်။
"ဟားဟား! သူ့မျိုးရိုးနာမည်က ထန်၊ နာမည်က ကော်ပင်း လေ။ သူက စိတ်မြန်လက်မြန် ရှိပေမယ့် သဘောကောင်းတဲ့ကောင်ပါ" ဗိုက်ပူပူနှင့် ဖက်တီးလျူက ရယ်မောရင်း ရှုချင်း၏ သံသယကို ဖြေရှင်းပေးလိုက်သည်။
ရှုချင်း ခေါင်းညိတ်လိုက်ပြီး ကျောပိုးအိတ်ထဲမှ "ထာဝရဆင်ဖြူတော်" ပါသော စာအုပ်ကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။ စာအုပ်ကို ဖွင့်၊ ပလတ်စတစ်အိတ်ကို လက်ချောင်းဖြင့် ညှပ်ယူကာ အိတ်ဖွင့်ပြီး လက်ဝါးပေါ်တွင် ဖြန့်ပြလိုက်သည်။
"ဝါး... တကယ့် ဆင်ဖြူတော်ပဲဟေ့။ ဒီတံဆိပ်ခေါင်းလေးက ၁ သန်းတန်တာပဲ..." ထန်ကော်ပင်းလည်း ဒီတံဆိပ်ခေါင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူ့အိမ်တွင် နဂါးကြီး တံဆိပ်ခေါင်း နှစ်စုံ ရှိသော်လည်း ဤ "နှစ်တစ်သောင်း ဆင်ဖြူတော်" မရှိပေ။ တရုတ်ပြည်၏ နံပါတ်တစ် တံဆိပ်ခေါင်းအစုံလိုက်ကို စုဆောင်းခြင်းမှာ သူနှင့် သူ့ဖခင်၏ နှစ်ရှည်လများ ဆန္ဒဖြစ်ပြီး ဂုဏ်ယူစရာကိစ္စလည်း ဖြစ်သည်။
တရုတ်ပြည်၏ ပထမဆုံး နဂါးကြီး တံဆိပ်ခေါင်း အစုံလိုက်တွင် တံဆိပ်ခေါင်း သုံးမျိုးပါဝင်သည်။ တိမ်တိုက်ကြားမှ နဂါးပုံ၊ ဘုရားစေတီပုံနှင့် ထာဝရအသက်ရှင်ခြင်းကို ကိုယ်စားပြုသော ဆင်ဖြူတော်ပုံတို့ ဖြစ်သည်။ ၎င်းတို့အနက် ဆင်ဖြူတော်ပုံသည် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ စေတီပုံနှင့် ဆင်ဖြူတော်ပုံ နှစ်မျိုးစလုံးမှာ တရားဝင် ထုတ်ဝေခဲ့ခြင်း မရှိသဖြင့် အလွန်ရှားပါးသည်။ ထို့ကြောင့် နဂါးပုံ တံဆိပ်ခေါင်း သုံးမျိုးလုံး စုဆောင်းရန် မခက်ခဲသော်လည်း ဤကဲ့သို့ အစုံလိုက် ရရှိရန်မှာ အဆတစ်ထောင်မက ပိုခက်ခဲသည်။ နဂါးကြီး တံဆိပ်ခေါင်း အစုံလိုက် စုဆောင်းနိုင်ခြင်းသည် တံဆိပ်ခေါင်း စုဆောင်းခြင်း၏ အထွတ်အထိပ်ဖြစ်ပြီး ၎င်း၏ တန်ဖိုးမှာ ငွေကြေးဖြင့် တိုင်းတာနိုင်သည်ထက် များစွာ ပိုသည်။
အစပိုင်းတွင် ဖက်တီးလျူ၏ ဖုန်းခေါ်ဆိုမှုကြောင့် အိပ်ရေးပျက်ပြီး ဖုန်းချပစ်ခဲ့သည်။ နောက်မှ "နှစ်တစ်သောင်း" ဆိုသည့် စကားလုံးကို သတိရပြီး လန့်နိုးသွားခဲ့သည်။ ရှေးဟောင်းပစ္စည်းနှင့် တံဆိပ်ခေါင်း ကျွမ်းကျင်သူ ဦးလေးဝူကို ဖုန်းဆက်ခေါ်ပြီး မီးပွိုင့်နီပေါင်းများစွာကို ဖြတ်မောင်းကာ အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်သည်။
ထန်ကော်ပင်း စကားနှင့် ပြောရလျှင် တစ်ခါဖြတ်မောင်းရင် ယွမ် ၂၀၀ နှုန်းနဲ့ တစ်နေ့ကို ၁၀ ခါ၊ ၈ ခါလောက် ဖြတ်မောင်းတာက အမြည်းသဘောလောက်သာ ရှိသည်။
ရှုချင်းလက်ထဲမှ တံဆိပ်ခေါင်းကို မြင်လိုက်သောအခါ ဦးလေးဝူ စိတ်လှုပ်ရှားသွားသည်။ အိတ်ကပ်ထဲမှ မှန်ဘီလူး၊ ဇာဂနာ၊ ရွှမ်စက္ကူ၊ လက်အိတ်နှင့် ပလတ်စတစ်အိတ်ပါးလေး တစ်ထပ်ကို အမြန်ထုတ်လိုက်သည်။ တံဆိပ်ခေါင်းကို ဇာဂနာဖြင့် ညှပ်ယူကာ ရွှမ်စက္ကူပေါ်တွင် ဂရုတစိုက် တင်လိုက်ပြီး မှန်ဘီလူးဖြင့် သေချာ ကြည့်ရှုစစ်ဆေးလေသည်။
ဦးလေးဝူ၏ ယခုပုံစံကို စကားလုံးနှစ်လုံးဖြင့် ဖော်ပြရလျှင် "ကျွမ်းကျင်ပိုင်နိုင်လွန်းတယ်" ဟု ဆိုရမည်။ သုံးလုံးဖြင့် ဆိုရလျှင် "အလွန် ကျွမ်းကျင်ပိုင်နိုင်လွန်းတယ်" ဖြစ်ပြီး နောက်ထပ် နှစ်လုံး ထပ်ပေါင်းရလျှင် "သောက်ရမ်း ကျွမ်းကျင်ပိုင်နိုင်လွန်းတယ်" ဟုသာ ဆိုရပေမည်။ သူသည် အသေးစိတ် အချက်အလက်တိုင်း၊ ထောင့်တိုင်းနှင့် တံဆိပ်ခေါင်း အနားသတ်များမှ အစွန်းအထင်းများကိုပါ မကျန် စစ်ဆေးနေသည်။
ထန်ကော်ပင်းကတော့ သိပ်သည်းမခံနိုင်ပေ။ ဦးလေးဝူ၏ မျက်နှာထားကို ကြည့်ရုံဖြင့် တံဆိပ်ခေါင်းမှာ ၉၀ ရာခိုင်နှုန်း စစ်မှန်ကြောင်း သူ သိလိုက်သည်။ ထို့ကြောင့် လက်ပ်တော့အိတ်ကို ဖွင့်ကာ လှပသော လက်ပ်တော့တစ်လုံးကို ထုတ်ပြီး ကုတင်ပေါ်တင်၍ စက်ဖွင့်လိုက်သည်။ ထို့နောက် ရှုချင်းကို "ညီလေး၊ ငါမင်းကို အခုချက်ချင်း ၁ သန်း လွှဲပေးမယ်။ ဘဏ်အကောင့်ပေး" ဟု ပြောလိုက်သည်။
ရှုချင်း ကြောင်သွားပြီး ဖက်တီးလျူကို လှမ်းကြည့်လိုက်သည်။ ပြုံးတော်မူ ဘုရားကြီးက သူ့ကို ခေါင်းညိတ်ပြုံးပြသည်ကို တွေ့လိုက်ရသည်။ သူသည် အိပ်မက်မက်နေသလိုဖြင့် အံဆွဲထဲမှ ICBC ကတ်ကို ထုတ်ပြီး ထန်ကော်ပင်းကို ပေးလိုက်သည်။ တစ်ဖက်လူက ကီးဘုတ်ပေါ်တွင် ကျွမ်းကျင်စွာ ရိုက်ထည့်ပြီး တစ်မိနစ်ပင် မကြာလိုက်ဘဲ ငွေလွှဲခြင်း ပြီးဆုံးသွားကာ ကွန်ပျူတာကို ရှုချင်းဘက်သို့ လှည့်ပြလိုက်သည်။
"သေချာကြည့်လိုက်၊ ငွေသား ၁ သန်း တိတိပဲ"
ရှုချင်း ဖန်သားပြင်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ "ငွေလွှဲခြင်း အောင်မြင်ပါသည်" ဟူသော စာသားကို တွေ့လိုက်ရသည်။ မနေ့က အိမ်လခ မပေးနိုင်သည့် ဆင်းရဲသော ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပြီး ဒီနေ့တော့ သန်းကြွယ်သူဌေး ဖြစ်သွားခဲ့ပြီ။ ကံကြမ္မာဆိုတာ အလွန် အံ့ဩဖို့ ကောင်းလှသည်။
ရှုချင်းသည် တိမ်တိုက်များပေါ်တွင် လွင့်မျောနေသလို ခံစားရပြီး ခြေထောက်များ ပျော့ခွေကာ စိတ်များ ရှုပ်ထွေးသွားသည်။ ငိုပင် ငိုချင်စိတ် ပေါက်လာသည်။ ဒီငွေ ၁ သန်းသာ စောစောရခဲ့ရင် သူ့အစ်ကိုရဲ့ ရောဂါကို ကုသနိုင်ခဲ့မှာ... ဒါကို တွေးမိပြီး မျက်ရည်ဝဲလာကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
"ဟာကွာ၊ တကယ်ကြီးလား။ ၁ သန်းရတာနဲ့ ငိုရလားကွ။ ညီလေး၊ မင်းက သိပ်စိတ်ပျော့တာပဲ" ရှုချင်း ငိုနေသည်ကို မြင်သောအခါ ထန်ကော်ပင်း မယုံနိုင် ဖြစ်သွားသည်။ ၁ သန်းဆိုတာ သူ့အတွက် လစဉ် မုန့်ဖိုး အပိုင်းအစလေးသာ ဖြစ်ပြီး စိတ်လှုပ်ရှားစရာ မဟုတ်ပေ။
တကယ်တမ်းတွင် ရှုချင်း ဘာတွေတွေးနေသည်ကို သူ နားမလည်ပေ။ ၁ သန်းဆိုတာ သေခြင်းနဲ့ ရှင်ခြင်းကြားက တံခါးပေါက်တစ်ခု ဖြစ်သည်။ ရှုချင်းအနေဖြင့် ဒီလောက်အများကြီး မလိုအပ်ပါ၊ ထက်ဝက်လောက်ဆိုလျှင်ပင် လုံလောက်ခဲ့ပြီ ဖြစ်သည်။
"သခင်လေးထန်၊ ဒီ 'နှစ်တစ်သောင်း ဆင်ဖြူတော်' က အခြေအနေ အရမ်းကောင်းပြီး စစ်မှန်တဲ့ ပစ္စည်းပါ..." ဦးလေးဝူ၏ စစ်ဆေးချက် အဖြေက နောက်ကျနေပြီဖြစ်သည်။ ထန်ကော်ပင်းက ငွေချေပြီးတာ ကြာနေပြီ။
"ညီလေး၊ ဒီကိစ္စအတွက်နဲ့ မငိုပါနဲ့တော့ကွာ။ ရော့... ဒါမင်းကို ပေးတယ်။ မင်းမပျော်ရင် အုတ်ခဲအဖြစ် သုံးလိုက်တော့..." ထန်ကော်ပင်း စိတ်အခြေအနေ ကောင်းနေသည်။ သူ လက်လှမ်းလိုက်ပြီး ရှုချင်း ကိုင်ထားဆဲဖြစ်သော လက်ပ်တော့ကို ပိတ်လိုက်သည်။ ထို့နောက် ဦးလေးဝူနှင့် ဖက်တီးလျူကို လက်ပြလိုက်ပြီး "သွားကြစို့ Heaven on Earth မှာ သွားစားကြမယ်။ စားပြီးရင် ပျော်စရာအစီအစဉ်တွေ ရှိတယ်" ဟု ပြောလိုက်သည်။
အသစ်စက်စက် Dell XPS လက်ပ်တော့အကြီးကြီးကို ငွေလွှဲပြီးတာနဲ့ အုတ်ခဲအဖြစ် ပေးလိုက်သည်။ သခင်လေးထန်က တကယ် ရက်ရောလွန်းသည်။ ဘေးနားမှ ဖက်တီးလျူပင် ရှုချင်း၏ ကံကောင်းမှုကို တိတ်တဆိတ် သက်ပြင်းချမိသည်။ ၂၇,၀၀၀ ယွမ်တန် လက်ပ်တော့ကြီးလေ။ ဒီတိုင်း ပေးလိုက်တာ နှမြောစရာကြီး။
ရှုချင်းသည် ၁ သန်းပါသော ဘဏ်ကတ်ကို အိတ်ကပ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ကတ်က အတောင်ပံပေါက်ပြီး ပျံထွက်သွားမည်ကို စိုးရိမ်သကဲ့သို့ အိတ်ကပ်အပေါက်ကို လက်ဖြင့် အုပ်ထားလိုက်ရာ ထန်ကော်ပင်း မျက်မှောင်ကြုတ်သွားသည်။
ဗိုက်ဝနေသူက ဆာလောင်နေသူရဲ့ ဒုက္ခကို နားမလည်နိုင်ပေ။ ဒုတိယမျိုးဆက် သူဌေးသားတွေက ပိုက်ဆံကို ရူးသွပ်စွာ သုံးဖြုန်းကြသည်။ အဖေက ရှာတယ်၊ သားက သုံးတယ်၊ ပိုက်ဆံကို မြေကြီးလို သဘောထားကြသည်။ ပဲပိုးတီကို ရိက္ခာခြောက်အဖြစ် သဘောထားသော ဤဒုတိယမျိုးဆက် သူဌေးသားကို ဖက်တီးလျူက ရင်ထဲမှ အထင်သေးနေမိသည်။ သို့သော် အထင်သေးတာထက် ပို၍ အားကျနေမိပြီး "ဟွန်း... တောက်! ငါလည်း နောက်ဘဝကျရင် ဒုတိယမျိုးဆက် သူဌေးသား ဖြစ်အောင် လုပ်မယ်" ဟု တွေးနေမိသည်။
ဖက်တီးလျူနှင့် ထန်ကော်ပင်းတို့ အထပ်ထပ် ပြောဆိုပြီးနောက် ရှုချင်းသည် Heaven on Earth တွင် ညစာသွားစားရန် သဘောတူလိုက်သည်။ အောက်ထပ်သို့ ရောက်သည်နှင့် သခင်လေးထန်၏ ကားဖြစ်သော မိုက်လွန်းသည့် Grand Cherokee ကို တွေ့လိုက်ရသည်။ ဤမျှ အင်အားကြီးသော ကားသည် လူ ၁၀ ယောက်၊ ၈ ယောက်ခန့် အလွယ်တကူ ဆံ့သည်။
ထန်ကော်ပင်းအကြောင်း ပြောရမယ်ဆိုရင် သူ့အရသာက တကယ် ထူးခြားသည်။ သူက လက်ပ်တော့ဆို အကြီးစား သုံးပြီး ကားဆိုလည်း Mr. Muscle လို ကားမျိုး မောင်းသည်။ ဘယ်သူသိမှာလဲ၊ အနာဂတ်မှာ Samoa အမျိုးသမီးတစ်ယောက်လောက်ကို သူ ယူကောင်းယူမှာ၊ သူတို့က လုံလောက်အောင် ကြီးတာကိုး။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: