ရှောင်ကုန်းယွမ် က ပြုံးပြီး ခေါင်းညိတ်လိုက်ကာ စားပွဲပေါ်ရှိ မက်မွန်ပွင့်ပုံ အစိမ်းရောင် ကြွေပန်းကန်လုံးဆီသို့ လက်ဖြန့်ပြလိုက်သည်။ သူ့အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒါက ဟူထန်း မီးဖိုမှ ထွက်ရှိသော စစ်မှန်သည့် ဆုန့်မင်းဆက်ခေတ် မက်မွန်ပွင့်ပုံ ကြွေပန်းကန်လုံး ဖြစ်ပါသည်။ အခြေအနေ အလွန်ကောင်းမွန်ပါတယ်။ စဖွင့်ဈေးက ၂ သန်းဖြစ်ပြီး လေလံတစ်ခါတိုးလျှင် အနည်းဆုံး ၁ သိန်း တိုးပေးရပါမယ်။ စိတ်ဝင်စားတဲ့သူများ ရှေ့ထွက်ပြီး လာရောက်စစ်ဆေးနိုင်ပါတယ်"

ရှောင်ကုန်းယွမ်က "စစ်မှန်သည့်" ဟူသော စကားလုံးကို သုံးလိုက်ခြင်းမှာ ဤကြွေပန်းကန်လုံးသည် ၁၀၀ ရာခိုင်နှုန်း အစစ်အမှန် ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ၂ သန်းဆိုသည်မှာ စဖွင့်ဈေးသာ ရှိပါသေးသည်။ ဤမျှ အခြေအနေကောင်းမွန်သော ဆုန့်မင်းဆက် ကြွေထည်ဆိုလျှင် နိုင်ငံတကာ လေလံပွဲများ၌ အနည်းဆုံး ၅ သန်းနှင့်အထက် အလွယ်တကူ ရရှိနိုင်သည်။

စစ်မှန်သော ဆုန့်မင်းဆက် ကြွေထည်ကို မြင်လိုက်ရသောအခါ ရောက်ရှိနေသူ အားလုံး ဂနာမငြိမ် ဖြစ်သွားကြပြီး အနီးကပ်ကြည့်ရှုရန် ထိုင်ရာမှ ထလာကြသည်။ သို့သော် ကိုင်တွယ်ကြည့်ရှုခွင့်တော့ မရှိပေ။ အများဆုံး အဝေးမှသာ ခံစားကြည့်ရှုနိုင်သည်။ ဒါက စည်းကမ်းဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က ကြိုက်နှစ်သက်၍ ငွေပေးဝယ်ယူပြီးမှ အသံမြည်အောင် နံရံထောင့်တွင် ရိုက်ခွဲပစ်မည် ဆိုလျှင်တောင် ဘယ်သူမှ တစ်ခွန်းမျှ ဟ,မည် မဟုတ်ပေ။

"၂ သန်း ၂ သိန်း... နေဦး... နောက်ထပ် ၁ သိန်း ထပ်တိုးမယ်၊ ၂ သန်း ၃ သိန်း"

နောက်ဆုံးတွင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက ဈေးစခေါ်လိုက်သည်။ တစ်ကြိမ်တည်းနှင့် ၃ သိန်းတောင် တိုးပေးလိုက်ခြင်း ဖြစ်သည်။

"၂ သန်း ၆ သိန်း..." နောက်ထပ် ဝတ်စုံပြည့် ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ဈေးခေါ်လိုက်ပြီး ချက်ချင်းပင် ၃ သိန်း ထပ်တိုးလိုက်ပြန်သည်။

"၃ သန်း"

ဒီတစ်ခါ ဈေးခေါ်သူမှာ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် ဂဏန်းအပြည့်ကို ချက်ချင်း ပေးလိုက်သည်။ လူ ၃ ဦး လေလံဆွဲလိုက်ရုံဖြင့် စဖွင့်ဈေးထက် ၁ သန်း တက်သွားခြင်းက ပစ္စည်း၏ တန်ဖိုးကို သက်သေပြနေသကဲ့သို့ပင်။

ယေဘုယျအားဖြင့် မည်သည့် လေလံပွဲမျိုးတွင်မဆို ပထမဆုံး ထွက်လာသည့် ပစ္စည်းများကို အလုအယက် ဈေးမပေးသင့်ပေ။ ပုံမှန်အားဖြင့် လေလံပွဲမှူးက အကောင်းဆုံးပစ္စည်းများကို နောက်ဆုံး ပိတ်ပွဲအတွက် ချန်ထားလေ့ ရှိသောကြောင့် ဖြစ်သည်။ သို့သော် ဤသီးသန့် လေလံပွဲကမူ ထိုထုံးစံနှင့် ကွဲထွက်နေသည်။ ဟူထန်း မီးဖိုမှ ထွက်သော ဆုန့်မင်းဆက် ကြွေထည်ကောင်း တစ်ခုကို အစတွင်ပင် ထုတ်ပြလိုက်ပြီး စဖွင့်ဈေးကလည်း နည်းနေသဖြင့် လူအများစုမှာ တန်ဖိုးရှိပစ္စည်းကို ဈေးပေါပေါနှင့် ရလိုက်သလို ခံစားသွားရသည်။ လူအများစုက ဤကိစ္စ၏ နောက်ကွယ်တွင် မည်သည့် လျှို့ဝှက်ချက်များ ရှိမည်ကို တိတ်တဆိတ် ခန့်မှန်းနေကြသည်။

"၃ သန်းခွဲ"

ပထမဆုံး ဈေးခေါ်ခဲ့သည့် ရိုးရာဝတ်စုံနှင့် အဘိုးအိုက ချက်ချင်း ၅ သိန်း ထပ်တိုးလိုက်ပြီး ဤပစ္စည်းကို မရရအောင် ယူမည်ဆိုသော သဘောထားကို ပြသလိုက်သည်။

"အဘိုးကျွမ်း၊ ခင်ဗျားကလည်း ကပ်စေးနည်းလိုက်တာဗျာ။ ကျွန်တော် ခင်ဗျားအတွက် နည်းနည်းလောက် ထပ်ပေါင်းပေးမယ်လေ" စကားပြောလိုက်သူမှာ ခုနက ဈေးဝင်ခေါ်သော မုတ်ဆိတ်ဖြူနှင့် အဘိုးအိုပင် ဖြစ်သည်။ သူက ရိုးရာဝတ်စုံနှင့် အဘိုးအိုကို ပြုံးပြီး ကြည့်လိုက်ကာ စားပွဲပေါ်မှ မက်မွန်ပွင့်ပုံ ပန်းကန်လုံးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "ကျွန်တော် ၅ သန်း ပေးမယ်။ လေလံအိမ်မှာ သွားတင်ရင်တောင် ဒီလောက်ပဲ ရမှာပါ"

"အဘိုးကြီးဆွန်း၊ ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ခင်ဗျားရဲ့ သနားစရာကောင်းတဲ့ ပုံစံနဲ့က မြေးတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာတာပါ။ တရားမျှတအောင် မှတ်ထားလိုက်၊ ၈ သန်း"

အသက်ပေါင်းလိုက်လျှင် အနည်းဆုံး ၁၅၀ ခန့်ရှိမည့် အဘိုးအိုနှစ်ဦးသည် အပြန်အလှန် ဈေးဆစ်ရင်း ကြွေပန်းကန်လုံး တစ်လုံး၏ တန်ဖိုးကို လေးဆခန့်အထိ မြှင့်တင်လိုက်ကြသည်။ ထို့ကြောင့် တန်ဖိုးရှိပစ္စည်းကို ဈေးပေါပေါနှင့် ရလိုသူများ၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားရသည်။ သူတို့ခမျာ ခေါင်းခါပြီး ဤ 'ခေါင်းတလားအဖုံး' လုပွဲမှ ဆုတ်ခွာရုံကလွဲ၍ မတတ်နိုင်ကြတော့ပေ။

လည်ပင်းထိ မြေကြီး ဖုံးနေပြီဖြစ်သော အဘိုးအိုနှစ်ယောက်က အချင်းချင်း တိုက်ခိုက်နေကြသည်မှာ သေရွာပြန်လမ်း လုနေကြသည် မဟုတ်ပါလော။ အပျော်ဆုံးလူများမှာ ရှောင်ကုန်းယွမ်နှင့် ပစ္စည်းပိုင်ရှင်ပင် ဖြစ်သည်။ သူတို့က ဒီအဘိုးအိုနှစ်ယောက် အသေအလဲ တိုက်ခိုက်ကြပြီး ဒီဆုန့်မင်းဆက် ကြွေပန်းကန်လုံး၏ ဈေးနှုန်းကို မိုးခေါင်ရေရှား အထိ တက်သွားစေချင်နေသည်။ အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် ဤလေလံပွဲသည် တစ်ဝက်ကျော် အောင်မြင်ပြီဟု ဆိုရမည်။

"၈ သန်းက များလို့လား။ ကျွန်တော် ၁၀ သန်း ပေးမယ်။ ဒီပန်းကန်လုံးက ကြောင်စာခွက်လုပ်ဖို့ ကောင်းမယ့်ပုံပဲ" အဘိုးဆွန်းသည် အသက် ၇၀ နားကပ်နေပြီ ဖြစ်သော်လည်း ခေါင်းမာသည့် အကျင့်တော့ ရှိသေးသည်။

သူသည် ၂ သန်း ချက်ချင်း တိုးပေးလိုက်ရုံသာမက အဘိုးကျွမ်းကိုပါ ပါးပါးနပ်နပ် ပညာပေးလိုက်သေးသည်။ ဤပန်းကန်လုံးသည် ကြောင်စာကျွေးရန်အတွက်သာ ဖြစ်ပြီး လုယူရန် ကြိုးစားသည့် မည်သူမဆို ကြောင်စာခွက်ကို လုခြင်းသာ ဖြစ်သည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်သည်။

"ဟွန်း! ရက်ရောလှချည်လား။ ခင်ဗျားတို့အိမ်ပဲ ကြောင်မွေးတယ် ထင်နေလား။ ကျွန်တော် ၁၁ သန်း ပေးမယ်" အဘိုးကျွမ်းကလည်း နောက်မဆုတ်ဘဲ ၁ သန်း ထပ်တိုးလိုက်သည်။

"၁၃ သန်း" အဘိုးဆွန်းက မျက်လုံးပြူးကြည့်ပြီး နောက်ထပ် ၂ သန်း ထပ်တိုးလိုက်သည်။ ဤဈေးနှုန်းသည် ရှေးဟောင်းပစ္စည်း၏ တန်ဖိုးထက် များစွာ ကျော်လွန်သွားပြီဖြစ်ပြီး အဘိုးအိုနှစ်ယောက်ကြား အားပြိုင်ပွဲ ဖြစ်သွားပြီဖြစ်သည်။

ခန်းမထဲရှိ လူတိုင်းက အဘိုးကျွမ်း ဈေးထပ်တိုးမလားဟု စောင့်ကြည့်နေကြသည်။ ရောက်ရှိနေသူ အများစုက ကျွမ်းမိသားစုနှင့် ဆွန်းမိသားစုသည် စီးပွားရေးလောကတွင် ဆယ်စုနှစ်များစွာ အပြိုင်အဆိုင် ဖြစ်ခဲ့သည့် ဟောင်းနွမ်းသော ပြိုင်ဘက်များမှန်း သိထားကြပြီးသားဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိပ်တိုက်တွေ့ကြခြင်းမှာ သဘာဝပင်။ ပွဲစီစဉ်သူများကလည်း ဤဒေါသကြီးသော အဘိုးအိုနှစ်ယောက်ကို ထိပ်တိုက်တွေ့စေချင်၍ ဖိတ်ကြားထားခြင်း ဖြစ်လောက်သည်။

အားလုံးက "ပွဲကောင်းကြည့်ရတော့မည်" ဟူသော စိတ်ဖြင့် စောင့်နေကြစဉ်မှာပင် အဘိုးကျွမ်းက ပြုံးလိုက်ပြီး လက်ကာပြကာ သူ့ထိုင်ခုံဆီသို့ အေးအေးလူလူ ပြန်လျှောက်သွားပြီး ပြောလိုက်သည်။ "ခင်ဗျားရဲ့ ကြောင်လေးအတွက် ဂုဏ်ယူပါတယ်ဗျာ။ အခုဆိုရင် ကောင်းမွန်တဲ့ အစာခွက်တစ်လုံး ရသွားပြီပေါ့"

အရေးကြီးသည့် အခိုက်အတန့်တွင် အဘိုးကျွမ်းက အံ့ဩစရာကောင်းလောက်အောင် လက်လျှော့လိုက်သဖြင့် အားလုံး အငိုက်မိသွားကြသည်။ အဘိုးအိုသည် သူ့ကိုယ်သူ အနိုင်ရသူအလား ကျေနပ်နေသော မျက်နှာထားဖြင့် ခြေချိတ်ထိုင်ကာ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေသည်။

တစ်ဖက်တွင်မူ အဘိုးဆွန်း၏ မျက်နှာက တော်တော်လေး အရုပ်ဆိုးသွားသည်။ သူ အံကြိတ်ပြီး အေးစက်စက် နှာမှုတ်လိုက်ကာ အိတ်ကပ်ထဲမှ ချက်လက်မှတ်စာအုပ်ကို ထုတ်၊ စာကြောင်းအနည်းငယ်ရေး၊ စာရွက်ကို ဆွဲဖြဲပြီး စားပွဲပေါ် ဘုန်းခနဲ ပစ်တင်လိုက်သည်။

ရှောင်ကုန်းယွမ်က တည်ငြိမ်စွာ ပြုံးပြီး ပြောလိုက်သည်။ "ဆုန့်မင်းဆက် မက်မွန်ပွင့်ပုံ ပန်းကန်လုံးကို အနိုင်ရရှိတဲ့အတွက် အဘိုးဆွန်းကို ဂုဏ်ပြုပါတယ်ခင်ဗျာ။ လေလံပွဲပြီးရင် လူကြီးမင်း အနိုင်ရရှိထားတဲ့ ပစ္စည်းကို အိမ်အရောက် လာပို့ပေးပါလိမ့်မယ်"

အဘိုးဆွန်းက ခံစားချက်မပါသော မျက်နှာထားဖြင့် ခေါင်းညိတ်ပြပြီး သူ့ထိုင်ခုံဆီ ပြန်လျှောက်သွားကာ နောက်ဆုံးတွင် အဘိုးကျွမ်းကို စူးစူးဝါးဝါး လှမ်းကြည့်လိုက်သေးသည်။

ရှုချင်းသည် ယခုအခါ အတော်လေး အိပ်ချင်ပြေသွားပြီး စင်မြင့်ပေါ်မှ ကြွေပန်းကန်လုံးကို စိုက်ကြည့်နေသည်။ ဤကဲ့သို့သော အရာတစ်ခုက ဒေါ်လာ သန်းချီ တန်ဖိုးရှိနိုင်သည်ဆိုခြင်းကို သူ မယုံနိုင်အောင် ဖြစ်နေသည်။ ဒါက တကယ့်ကို မယုံနိုင်စရာပင်။

"ညီလေး၊ မင်းကို လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်" သခင်လေးတောင့်က ခေါင်းလှည့်ပြီး ရှုချင်းကို လျှို့ဝှက်သဲဖို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

"ဘာလဲ" ရှုချင်း ဘေးသို့ တိုးကပ်သွားသည်။ သခင်လေးတောင့်က လက်ဖြင့် ပါးစပ်တစ်ဝက်ကို ကာပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဒီ ဆုန့်မင်းဆက် ကြွေပန်းကန်လုံးကိုလည်း ငါ့အဖေက ယွမ် ၆ သိန်းနဲ့ ဝယ်ထားတာကွ။ ခုနက ရိုက်ခွဲလိုက်တဲ့ အတု ပုလင်းနဲ့ပေါင်းမှ ၁.၂ သန်း (၁၂ သိန်း) ပဲ ကျတာ"

ရှုချင်း ရင်တစ်ခုလုံး ဒိန်းခနဲ ဖြစ်သွားသည်။ ၁.၂ သန်းတန် ပစ္စည်းကို ၁၃ သန်းဖြင့် လေလံတင်လိုက်တာလား။ ဒါ လွန်လွန်းသည်။ အဆိုးဆုံးက အဲဒီထဲက တစ်ခုက အခွဲခံလိုက်ရပြီဆိုတော့ ကျန်သည့်တစ်ခုတည်းနှင့် အဆ ၂၀ ခန့် မြတ်သွားခြင်းဖြစ်သည်။ ဒီပိုက်ဆံရှာတာက ဘဏ်ဓားပြတိုက်တာထက်တောင် မြန်သေးသည်။

ထိုအချိန်တွင် ရှောင်ကုန်းယွမ်က စားပွဲပေါ်မှ ကြွေပန်းကန်လုံးများကို ဖယ်ရှားခိုင်းလိုက်ပြီဖြစ်သည်။ ထို့နောက် ခါးကုန်းပြီး သူ့ခြေရင်းက သေတ္တာထဲမှ ပစ္စည်းတစ်ခုကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်သည်။ ၎င်းသည် ခြေထောက်သုံးချောင်းပါပြီး ဉာဏ် ၂၀ စင်တီမီတာခန့် မြင့်သော ကြေးဝါဖလား (ရှေးခေတ် တရုတ် ဝိုင်ထည့်သည့် ခွက်) တစ်ခု ဖြစ်နေသည်။ မျက်နှာပြင်တွင် ကြေးညှိများ တက်နေသော်လည်း ပုံသဏ္ဌာန်မှာ ရှင်းရှင်းလင်းလင်း ရှိနေဆဲဖြစ်ပြီး ရှားပါးကာ လက်ရာမြောက်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။

ရှောင်ကုန်းယွမ်က လက်ဖြန့်ပြီး ကြေးဝါဖလားဆီ ထောင့်ဖြတ်ညွှန်ပြကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ယင်ရှန်မင်းဆက် လက်ထက်က ကြေးဝါဖလား တစ်ခုပါ။ စဖွင့်ဈေး ၃ သိန်းဖြစ်ပြီး လေလံတစ်ခါဆွဲတိုင်း အနည်းဆုံး ၂ သောင်း တိုးပေးရပါမယ်။ စိတ်ဝင်စားတဲ့သူများ ရှေ့ထွက်ပြီး လာရောက်စစ်ဆေးနိုင်ပါတယ်"

"ဟေ့ ညီလေး၊ သွားကြည့်ရအောင်လေ" သခင်လေးတောင့်က ကြေးဝါဖလားကို အတော်လေး စိတ်ဝင်စားနေပြီး ရှုချင်းကိုပါ အတူတူ သွားကြည့်ရန် ဖိတ်ခေါ်လိုက်သည်။

"ကောင်းပြီလေ၊ ပြတိုက်လာလည်တယ်လို့ပဲ သဘောထားလိုက်မယ်" ရှုချင်းလည်း အားနာမနေတော့ပေ။ သူ ထရပ်ပြီး သခင်လေးတောင့်နှင့်အတူ စင်မြင့်ဆီ လျှောက်သွားလိုက်သည်။ ဦးလေးဝူလည်း အေးအေးလူလူပင် နောက်မှ လိုက်လာသည်။ သူက သခင်လေးတောင့် စိတ်ဝင်စားသည့် ပစ္စည်းများကို သွားရောက် စစ်ဆေးပေးချင်သည်မှာ သဘာဝပင်။

"၃ သိန်းခွဲ"

ရှုချင်းနှင့် သခင်လေးတောင့်တို့ ကြေးဝါဖလားကို သေချာ မကြည့်ရသေးခင်မှာပင် တစ်စုံတစ်ယောက်က ဈေးစခေါ်လိုက်ပြီ ဖြစ်သည်။