အခန်း (၁၁) ရေခဲသား ကျောက်နီ
ရှောင်ကုန်းယွမ်သည် အလွန် စေ့စပ်သေချာသူ ဖြစ်သည့်အတွက် မေးသင့်သည်ကို မေးတတ်သည်။ ကျောက်ဖြတ်ခြင်းသည် လမ်းဘေးတွင် ဖရဲသီးရောင်းသလို ထက်ဝက်ပိုင်းလိုက်ရုံဖြင့် မရပေ။ ဤလုပ်ငန်းကို နားလည်သူများတွင် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ ရှိသည်။ ပထမဦးစွာ ကျောက်ဖြတ်မည့် လမ်းကြောင်းကို မြေဖြူခဲ သို့မဟုတ် ဆင်တူရာ တစ်ခုခုဖြင့် ရေးဆွဲရသည်။ နှစ်ဖက်စလုံးမှ အလွှာပါးပါးလေးများကို အဆင့်ဆင့် ဖြတ်ထုတ်ကြည့်ရသည်။ အကယ်၍ အစိမ်းရောင် တွေ့ရှိပါက ပွတ်တိုက်ခြင်းနည်းလမ်းသို့ ပြောင်းလဲကာ အပေါ်ယံအခွံကို တဖြည်းဖြည်းချင်း ဖယ်ရှားပြီး အတွင်းပိုင်းရှိ ကျောက်စိမ်း၏ အကြမ်းဖျင်း ပုံသဏ္ဌာန် ပေါ်လာသည်အထိ ပြုလုပ်ရသည်။
"တန်ဖိုးမရှိတဲ့ ကျောက်တုံးပဲဟာ။ အလုပ်ရှုပ်မခံနဲ့၊ ထက်ဝက်သာ ပိုင်းလိုက်တော့" အဘိုးဆွန်းက ကြည့်ပင် မကြည့်ဘဲ လက်ကာပြပြီး သူ့ထိုင်ခုံဆီ ပြန်သွားသည်။ အမှန်အတိုင်း ပြောရလျှင် ယွမ် ၂ သောင်း ပေးဝယ်ထားသော ဤကျောက်တုံးကို သူ သိပ်ဂရုမစိုက်ပေ။
လုံခြုံရေးဝန်ထမ်းက မျှော်လင့်ထားသည့်အတိုင်း စက်ခလုတ်ကို နှိပ်လိုက်ရာ ကျောက်ဖြတ်စက် လည်ပတ်လာသည်။ ကျောက်ဖြတ်ရာတွင် ကျွမ်းကျင်ပုံရသော လုံခြုံရေးဝန်ထမ်းသည် ကျောက်တုံးကို အမြန်ပင် ထက်ဝက်ဖြတ်လိုက်ရာ ပုံသဏ္ဌာန်မမှန်သော အစိမ်းရောင် အကွက်နှစ်ကွက် ပေါ်ထွက်လာသည်။
"ဂုဏ်ယူပါတယ် အဘိုးဆွန်း၊ စီးပွားတွေ ဒီရေအလား တိုးတက်ပါစေခင်ဗျာ..." ရှောင်ကုန်းယွမ်၏ အံ့ဩဝမ်းသာသံသည် အချိန်ကိုက် ထွက်ပေါ်လာပြီး အားလုံး၏ မျက်လုံးများက စွဲမက်ဖွယ်ကောင်းသော အစိမ်းရောင် အကွက်နှစ်ကွက်ဆီသို့ ရောက်သွားကြသည်။
အဘိုးဆွန်း တဟားဟား ရယ်မောလိုက်ပြီး ထိုင်ခုံမှ ကြွလိုက်သည်နှင့် တင်ပါးက ကြွတက်သွားသည်။ သူသည် ရှေ့သို့ တိုးသွားပြီး လက်သီးဆုပ်အရွယ်ရှိ အစိမ်းရောင် ကျောက်စိမ်းတုံးငယ် နှစ်တုံးကို စစ်ဆေးကြည့်ရှုကာ စိတ်လှုပ်ရှားစွာ လက်ပွတ်ရင်း ပြောလိုက်သည်။ "ဟားဟား! ဒီကျောက်စိမ်း နှစ်တုံးက အသားသိပ်မကြည်ပေမယ့် အနည်းဆုံး ၁ သိန်းလောက်တော့ တန်ပါသေးတယ်။ ဒီနေ့ ငါ ကံကောင်းတာပဲ"
လုံခြုံရေးဝန်ထမ်းက ကျောက်ဖြတ်စက်ကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး ကလေးလက်သီးဆုပ်ခန့် ရှိသော ကျောက်စိမ်းတုံး နှစ်တုံးကို ဖြတ်ထုတ်ကာ ပိုးသားအနီရောင်ဖြင့် ထုပ်ပြီး အဘိုးဆွန်းအား ပေးအပ်လိုက်သည်။
သန်းပေါင်းများစွာ ကြွယ်ဝသော အဘိုးအိုသည် ပိုးသားအနီရောင်အထုပ်ကို လက်ခံယူစဉ်တွင် ဝမ်းသာအားရ ပြုံးရွှင်နေသည်။ ကျောက်စိမ်းတုံး နှစ်တုံး၏ တန်ဖိုးမှာ သိန်းဂဏန်းအနည်းငယ်သာ ရှိသော်လည်း လောင်းကစားတွင် အနိုင်ရလိုက်သည့် ပျော်ရွှင်မှုနှင့် အောင်မြင်မှု ခံစားချက်တို့ကို ငွေကြေးဖြင့် တိုင်းတာ၍ မရနိုင်ပေ။
အဘိုးဆွန်း၏ အောင်မြင်မှုကြောင့် လူအုပ်ကြီးသည် စိတ်ဝင်စားမှု တိုးပွားလာပြီး ထိုင်မနေနိုင်ကြတော့ဘဲ သူတို့နှစ်သက်ရာ ကျောက်တုံးများကို ရွေးချယ်ရန် စင်မြင့်ဆီသို့ အလုအယက် ပြေးသွားကြသည်။ ဤအခြေအနေကြောင့် ကျောက်ဖြတ်စက် ကိုင်တွယ်ရသော လုံခြုံရေးဝန်ထမ်းများ အလွန် အလုပ်ရှုပ်သွားကြသည်။ ကံကောင်းထောက်မစွာပင် ကျောက်တုံးရွေးချယ်သူ အားလုံးက အလယ်မှ ထက်ဝက်ပိုင်းသည့် နည်းလမ်းကိုသာ ရွေးချယ်ကြသဖြင့် အချိန်သိပ်မကြာလိုက်ပေ။
အပျော်အပါး မက်သော ထန်ကော်ပင်းက ရှုချင်းကို စင်မြင့်ရှေ့သို့ ဆွဲခေါ်သွားသည်။ သူသည် ၅ သောင်းတန် ကျောက်တုံး နှစ်တုံးကို ရွေးချယ်ပြီး ဖြတ်ကြည့်လိုက်ရာ အတွင်း၌ အဖြူထည် သက်သက်သာ ဖြစ်နေသည်။ စုစုပေါင်း ၁ သိန်း ရေထဲပါသွားပြီ ဖြစ်သည်။
ရှုချင်းသည် စင်မြင့်ပေါ်တွင် အေးအေးလူလူ လျှောက်သွားရင်း အခြားသူများ ချန်ထားခဲ့သော ကုန်ကြမ်းများကို ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ရံဖန်ရံခါတွင် သခင်လေးထန်နှင့် စကားပြောလိုက်၊ ဘာလိုက် လုပ်နေပြီး သာမန် ဘေးလူတစ်ယောက်လိုသာ နေနေသည်။
စင်မြင့်ပေါ်ရှိ ကျောက်တုံးကြီးများကို ဝယ်ယူသွားကြပြီ ဖြစ်သဖြင့် အတုံးငယ် အနည်းငယ်သာ ကျန်ရစ်တော့သည်။ ၅၀၀ တန် ကျောက်တုံးကြမ်း အချို့ကိုမူ ဘယ်သူမှ ဂရုမစိုက်ကြပေ။ ၎င်းတို့အားလုံးမှာ လောင်းကစား ကျောက်တုံးများ ဖြစ်သဖြင့် ဈေးနှုန်းမြင့်လေ၊ အရွယ်အစား ကြီးလေ၊ အရည်အသွေး ကောင်းနိုင်ခြေ များလေ ဖြစ်သည်။ သို့သော် ရလဒ်က စိတ်ပျက်စရာ ကောင်းလှသည်။ အစပိုင်းတွင် အဘိုးဆွန်း ရရှိခဲ့သော ကျောက်စိမ်း နှစ်တုံးမှလွဲ၍ နောက်ပိုင်း ဖြတ်လိုက်သော ကျောက်တုံးကြမ်းများ အားလုံးမှာ အဖြူထည်များသာ ဖြစ်ပြီး အစိမ်းရောင် အရိပ်အယောင်မျှပင် မတွေ့ရပေ။
ရှုချင်းသည် ညာဘက်မျက်လုံးကို မသိစိတ်ဖြင့် ပုတ်ခတ်လိုက်သည်။ ပြန်ဖွင့်လိုက်သောအခါ ၃,၀၀၀ တန် နှင့် ၅၀၀ တန် ကျောက်တုံး နှစ်တုံး၌ ဓာတ်ငွေ့တစ်မျိုး စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။ တစ်ခုမှာ အနီရောင်ဖြစ်ပြီး အခြားတစ်ခုမှာ အစိမ်းရောင် ဖြစ်ကာ နှစ်ခုစလုံး အလွန်လှပနေသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ ကျောက်တုံးများ၏ အလယ်ဗဟိုတွင် ကြက်ဥအရွယ်အစားခန့်ရှိသော အနီရောင်နှင့် အစိမ်းရောင် ကျောက်စိမ်းအစုအဝေး နှစ်ခုကို မြင်နေရခြင်း ဖြစ်သည်။ အစိမ်းရောင် ကျောက်စိမ်းမှာ ကြည်လင်သန့်ရှင်းပြီး အရောင်ဆိုးထားသော ဖန်သားပြင်ကဲ့သို့ ဖြစ်နေသည်။ အနီရောင် ကျောက်စိမ်းမှာ အနည်းငယ် ပိုကြီးပြီး သိပ်မကြည်လင်သော်လည်း အဝေးမှကြည့်လျှင် ကြည်လင်သော အနီရောင် ရေခဲတုံး တစ်တုံးကဲ့သို့ ထင်ရသည်။
ကျောက်စိမ်းရောင်မှာ ဆွဲဆောင်မှုရှိပြီး ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသည်။ ရှုချင်းသည် ကျောက်တုံးနှစ်တုံးကို ငေးစိုက်ကြည့်နေပြီး မျက်နှာပြင်ပေါ်မှ ဓာတ်ငွေ့များ သူ့မျက်လုံးထောင့်ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာသည်ကို လုံးဝ သတိမထားမိပေ။
"ဟေ့ ညီလေး၊ ပျော်ချင်လို့လား" ရှုချင်း၏ ထူးဆန်းသော အပြုအမူကို သတိထားမိသော ထန်ကော်ပင်းက သူလည်း လောင်းကစား စွဲသွားပြီဟု ထင်မှတ်လိုက်သည်။ ထန်ကော်ပင်း အမြင်တွင် အရက်၊ မိန်းမ၊ ငွေကြေး၊ လောင်းကစားနှင့် ပြည့်တန်ဆာကိစ္စများကို ခုံမင်သော ယောကျာ်းများသည် ဝါသနာ တစ်ခုခုတော့ ရှိစမြဲဖြစ်သည်။ အကျင့်ဆိုး မရှိပါဘူးဟု ပြောသော လူကောင်းများသည် အရည်အချင်းမရှိသူများ သို့မဟုတ် ဟန်ဆောင်နေသူများသာ ဖြစ်သည်။
ရှုချင်း ခေါင်းညိတ်လိုက်ပြီး "ကျွန်တော့်ကို ၃,၅၀၀ လောက် ချေးပါလား၊ ပြီးမှ ပြန်ပေးပါ့မယ်" ဟု ပြောလိုက်သည်။
ထန်ကော်ပင်းက မျက်လုံးလှန်ကြည့်လိုက်ပြီး လက်ကိုင်အိတ်ထဲမှ ငွေတစ်ထပ်ကို ဆွဲထုတ်ကာ ရှုချင်းလက်ထဲ ထိုးထည့်လိုက်သည်။ "နိုင်ရင် မင်းယူ၊ ရှုံးရင် ငါ့တာဝန်" ဟု ရယ်မောရင်း ပြောလိုက်သည်။
"အမြတ်ထွက်တာ" နဲ့ "အရှုံးပေါ်တာ" ဆိုတာ ဘာလဲဆိုတာ ရှုချင်း ရိပ်မိလိုက်သည်။ သူ ခေါင်းညိတ်ပြီး ရှေ့တိုးကာ ကျောက်တုံးကြမ်း နှစ်တုံးကို သူ့ခြေရင်းသို့ ရွှေ့လိုက်သည်။ ထို့နောက် ငွေစက္ကူအထပ်ထဲမှ ၃,၅၀၀ ကို ရေတွက်ယူလိုက်ပြီး ကျန်တာကို ဘေးနားရှိ သခင်လေးထန်ထံ ပြန်ပေးလိုက်သည်။ ၃,၀၀၀ တန် ကျောက်တုံးကို ခြေထောက်ဖြင့် ကန်ပြပြီး "ဒါက ကျွန်တော်တို့ နှစ်ယောက်အတွက်၊ ဟိုတစ်တုံးကိုတော့ ကျွန်တော် ပြန်ယူသွားချင်တယ်" ဟု ပြောလိုက်သည်။
ထန်ကော်ပင်းက ပြုံးပြီး ငွေစက္ကူများကို ယူကာ လက်ကိုင်အိတ်ထဲ ထည့်လိုက်သည်။ "ကောင်းပြီလေ၊ ခဏနေရင် ထည့်စရာအိတ် သွားယူခိုင်းလိုက်မယ်" ဟု ကျယ်လောင်စွာ ပြောလိုက်သည်။
ရှုချင်း ပြုံးလိုက်ပြီး ခါးကိုကုန်း၍ ၅၀၀ တန် ကျောက်တုံးကို ကောက်ယူလိုက်သည်။ ထို့နောက် ဘောလုံးကန်သကဲ့သို့ အခြားကျောက်တုံးကြီး တစ်တုံးကို ခြေထောက်ဖြင့် ကန်ပြီး ကျောက်ဖြတ်စက်ဆီသို့ ပို့လိုက်သည်။
"ဟားဟား! မင်းကတော့ လုပ်ချလိုက်ပြန်ပြီ! ဒီလိုလေးလံတဲ့ ကျောက်တုံးတွေကို မြေကြီးပေါ်မှာ ကန်သွားရမှာပေါ့။ ငါကတော့ အရူးလိုပဲ ဟိုဘက်ကို နှစ်တုံးတောင် သယ်သွားခဲ့တာ။ တကယ်ကို ညံ့ပါ့ကွာ..."
ထန်ကော်ပင်းက အားရပါးရ ရယ်မောလိုက်သည်။ ဒီနေ့ တွေ့ရတဲ့ ဒီကောင်လေးက သူ့အတွက် ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်၊ ပျော်ရွှင်စရာ ရင်းမြစ်တစ်ခုပဲလို့ ခံစားလိုက်ရသည်။ ဒီလို စိတ်ချမ်းသာမှုကို မခံစားရတာ ကြာပြီ။
ကျောက်ဖြတ်စက်ကို ကိုင်တွယ်နေသော လုံခြုံရေးဝန်ထမ်းသည် ကျောက်တုံးကို ကောက်ယူပြီး အမြန်ပင် နေရာချလိုက်သည်။ "ဘယ်လိုပုံစံ ဖြတ်ချင်ပါသလဲ" ဟု ခေါင်းမမော့ဘဲ မေးလိုက်သည်။ သူကတော့ တစ်ဖက်လူအနေဖြင့် အလယ်မှ ပိုင်းဖြတ်မည့် နည်းလမ်းကိုသာ ရွေးချယ်မည်ဟု သဘာဝကျကျ ယူဆထားသည်။
"ဒီနားလေးကနေ အလွှာပါးပါးလေး ဖြတ်ပေးပါ" ရှုချင်း ခါးကိုကုန်းပြီး မြေဖြူခဲတစ်ဝက်ကို ကောက်ယူကာ ကျောက်တုံး၏ အစွန်းနားတွင် မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။ ထို့နောက် ၅၀၀ တန် ကျောက်တုံးကို ကိုင်လျက် ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
လုံခြုံရေးဝန်ထမ်းက ရှုချင်းကို အံ့ဩစွာ မော့ကြည့်လိုက်ပြီး ကျောက်တုံးအနေအထားကို အနည်းငယ် ချိန်ညှိလိုက်သည်။ စက်ခလုတ်ကို နှိပ်လိုက်ရာ ရှဲခနဲ အသံနှင့်အတူ လွှဓားသွားသည် မြေဖြူမျဉ်းကြောင်းအတိုင်း ဖြတ်တောက်သွားသည်။ ကျောက်တုံးမှာ မကြီးသဖြင့် ရေလောင်းရန် မလိုပေ။ လွှဓားနှင့် ကျောက်တုံး ပွတ်တိုက်သံ 'ချာချာချာ' ဟူ၍ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် အပိုင်းအစတစ်ခု ပြတ်ထွက်သွားသည်။
"ကျောက်နီ... တကယ်ပဲ ကျောက်နီဟေ့!" လုံခြုံရေးဝန်ထမ်းက လွှဓားကို မြှောက်လိုက်ပြီး တုန်ယင်နေသောအသံဖြင့် အာမေဋိတ် ပြုလိုက်ရာ အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။ ဆွန်းနှင့် ကျွမ်း အဘိုးအိုနှစ်ယောက်မှာ အမြန်ဆုံး ပြေးလာကြပြီး သူတို့၏ အိုမင်းနေသော ခြေလက်များသည် ယုန်အိုကြီးနှစ်ကောင်ထက်ပင် မြန်ဆန်နေသေးသည်။
"ရေခဲသား ကျောက်နီ၊ သတိထား ကိုင်တွယ်ကြကွ။ ဒီအသားက လက်ကောက်တစ်ရံလောက်တော့ အနည်းဆုံး ထွက်မယ်၊ ဆွဲသီး အနည်းငယ်လောက်လည်း ထွင်းလို့ရနိုင်တယ်..." အဘိုးဆွန်းက ကျောက်နီတုံးကို စိုက်ကြည့်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
"ဆွဲသီး လုပ်တာထက် ကျောက်နီ ပုတီးတစ်ကုံး ထွင်းလိုက်တာက ပိုကောင်းမယ် ထင်တယ်။ သေသေချာချာ လုပ်မယ်ဆိုရင် အနည်းဆုံး ၅ သန်းလောက်တော့ တန်ကြေးရှိနိုင်တယ်..."
ပုံမှန်ဆိုလျှင် ရန်ဖက်ဖြစ်နေကြသော အဘိုးအိုနှစ်ယောက်သည် တည်ငြိမ်စွာ ဆွေးနွေးနေကြသည်။ သူတို့၏ စကားဝိုင်းမှာ ဤရေခဲသား ကျောက်နီ၏ တန်ဖိုးကို မည်သို့ အမြင့်ဆုံးဖြစ်အောင် လုပ်မလဲ ဆိုသည့်အကြောင်း ဖြစ်ပြီး ပစ္စည်းက သူတို့နှစ်ယောက်ထဲက ဘယ်သူ့ပစ္စည်းမှ မဟုတ်သေးသည်ကို မေ့လျော့နေကြသည်။
"ဟားဟားဟား! ညီလေးရေ၊ မင်းကတော့ တကယ် ရွှေတွင်းတွေ့တာပဲကွ။ ငါ့မျက်နှာကို တကယ် အားရှိစေတာပဲ" ထန်ကော်ပင်းက ပါးစပ်နားရွက်ချိတ်မတတ် ပြုံးဖြီးနေသည်။ ရှုချင်း၏ ကံကောင်းမှုကို တိတ်တဆိတ် လေးစားနေသလို ဒီထိပ်တန်းအဆင့် ကျောက်နီကို ရှာဖွေတွေ့ရှိရာတွင် သူလည်း ပါဝင်ကူညီခဲ့သယောင်ယောင်နှင့် ကျေနပ်နေမိသည်။
"ဒီဟာကို အစ်ကိုထန် သဘောသာ စီစဉ်လိုက်တော့ဗျာ။ ကျွန်တော်တို့ ကြိုပြောထားပြီးသားပဲ၊ တစ်ဝက်စီလေ" ရှုချင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်ပြီး ကျန်သည့်အလုပ်များကို သခင်လေးထန်အပေါ် ပုံချလိုက်သည်။
သူ့အတွက် အခုလက်ရှိ အရေးအကြီးဆုံးက သူ့ညာဘက်မျက်လုံး ဘာကြောင့် ကျောက်တုံးကို ဖောက်ထွင်းမြင်ပြီး ကျောက်စိမ်းကို ရှာတွေ့နိုင်ရတာလဲ ဆိုတာကို အဖြေရှာဖို့ပါပဲ။ ပိုက်ဆံပမာဏကို သူ ဂရုမစိုက်ပါဘူး၊ ၁ သန်းဆိုရင် သူ့အတွက် လုံလောက်ပါပြီ။
"ကောင်းပြီလေ၊ အစ်ကိုကြီးအနေနဲ့ မင်းသဘောအတိုင်း လုပ်ပေးရတာပေါ့" သခင်လေးထန်က စာပေဆန်ဆန် လေသံဖြင့် ရွှင်မြူးစွာ ပြောလိုက်သည်။ ထို့နောက် ရှေ့တိုးသွားပြီး ရှုချင်း၏ ပခုံးကို သူငယ်ချင်းကောင်းများပမာ ဖက်လိုက်သည်။
ထန်ကော်ပင်း တစ်ယောက် တိတ်တဆိတ် ဝမ်းသာနေသည်။ "ဒီလို အလိုက်သိပြီး သစ္စာရှိတဲ့ ညီလေးတစ်ယောက်ကို ဒီနေ့ တွေ့လိုက်ရတာ တကယ့်ကို ကောင်းလိုက်တာကွာ။ ငါက ဒီလို ကြွားလို့ရတဲ့ ကိစ္စမျိုးဆို အရမ်းကြိုက်တာ။ ဒီပိုက်ဆံထဲက တစ်ပြားမှ ငါမယူဘူး၊ အကုန်လုံး မင်းကို မင်္ဂလာဆောင်ကြေးအဖြစ် ပေးလိုက်မယ်..." ဟု တွေးနေမိသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: