အခန်း (၁၅) ဆံပင်ရွှေရောင်နှင့် သခင်လေးလိုင်
နှစ်ဦးသား အပြန်အလှန် စကားစမြည် ပြောနေကြရင်း အချိန်ကုန်သွားသည်ကိုပင် သတိမထားမိလိုက်ကြပေ။ စကားပြောနေစဉ်အတွင်း ဟန်ရွှဲဘာကြောင့် ချွေးထုတ်ခန်းတွင် နှိပ်နယ်သူအဖြစ် အလုပ်လုပ်ရကြောင်း ရှုချင်း သိလိုက်ရသည်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပိုက်ဆံကြောင့်ပါပဲ။ ဟန်ရွှဲ၏ မိသားစုမှာ ငွေကြေးအဆင်မပြေလှပေ။ မိဘနှစ်ပါးစလုံးမှာ အလုပ်ဖြုတ်ခံထားရသူများ ဖြစ်ပြီး ကျောင်းတက်နေဆဲ မောင်လေးတစ်ယောက်လည်း ရှိသေးသည်။ သူမ၏ မိဘများသည် ပုံမှန်အားဖြင့် ကြုံရာကျပန်းအလုပ်များနှင့် စီးပွားရေးအသေးစားများ လုပ်ကိုင်ကာ သားသမီးများ၏ ပညာရေးအတွက် ထောက်ပံ့နေရသည်။
အပေါ်ယံကြည့်လျှင် တက္ကသိုလ်တက်ရခြင်းသည် ဂုဏ်ရှိသော ကိစ္စတစ်ခု ဖြစ်သော်လည်း နှစ်စဉ် ကျောင်းလခစရိတ်များသည် မိသားစုအတွက် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့သည်။ သူမ၏ မောင်လေးမှာလည်း ဘွဲ့ရခါနီးပြီဖြစ်သဖြင့် ဟန်ရွှဲသည် မိသားစုကို အသိမပေးဘဲ ချွေးထုတ်ခန်းတွင် အလုပ်လုပ်ရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမ၏ ပညာရေးက သိပ်မခက်ခဲလှသဖြင့် နေ့စဉ် အချိန်ပိုင်း အလုပ်ဆင်းပြီး ကျောင်းပြန်တက်လျှင်လည်း အဆင်ပြေသည်။
ယခုအခါ ကျောင်းပိတ်ထားပြီဖြစ်သဖြင့် ဟန်ရွှဲသည် အချိန်ပြည့် အလုပ်ဆင်းနေပြီ ဖြစ်သည်။ ကံကောင်းလျှင် တစ်နေ့ကို ရာချီ ဝင်ငွေရနိုင်သည်။ တစ်လလျှင် ယွမ် ၁ သောင်း၊ ၂ သောင်း ရရန် အခွင့်အရေးကောင်း ရှိသည်။ ဒီနေ့ကတော့ သူမအတွက် ကံကောင်းသောနေ့ပင်။ ၅ နာရီစာ အလုပ်ရထားသည့်အပြင် VIP ရေကန်တွင်လည်း ဖြစ်သည်။ ဒီအလုပ်တစ်ခုတည်းကနေ ကော်မရှင်ခ ၁,၀၀၀ ကျော် ရရှိမည်ဖြစ်သည်။
ဟန်ရွှဲ၏ မျက်လုံးထဲတွင် ရှုချင်းသည် သေချာပေါက် ချမ်းသာသော သခင်လေးတစ်ယောက် ဖြစ်သော်လည်း သူ့၏ ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းသော သဘောသဘာဝမှာ ဟန်ဆောင်၍ ရနိုင်သော အရာမဟုတ်ပေ။ နှစ်ဦးသား စကားစမြည် ပြောကြရင်း အချင်းချင်း အတော်လေး သဘောကျသွားကြသည်။
အမှန်အတိုင်း ပြောရလျှင် ဟန်ရွှဲသည် အရပ်ရှည်သူ၊ ပုသူ၊ ဝသူ၊ ပိန်သူ၊ ချောသူ၊ ရုပ်ဆိုးသူ စသည့် အမျိုးသားပေါင်းစုံကို တွေ့ဖူးသည်။ အစပိုင်းတွင် သူမသည် လေးစားသမှုဖြင့် ဆက်ဆံခဲ့သော်လည်း အများအပြား တွေ့မြင်ပြီးနောက်ပိုင်းတွင် လူမှန်းသူမှန်း ခွဲခြားမရတော့သလို ဖြစ်လာသည်။ သူမဆိုင်သို့ လာသော အမျိုးသားအားလုံးကို ဖောက်သည်များ သို့မဟုတ် ပွင့်ပွင့်လင်းလင်း ပြောရရင် သူမ ဝန်ဆောင်မှုပေးရမည့် လူများအဖြစ်သာ သဘောထားလိုက်သည်။ သူမသည် သူတို့ကို တည်ငြိမ်ပြီး သာမန်ပုံစံဖြင့်သာ ဆက်ဆံသည်။ အကယ်၍ သူမ သဘောကျလျှင် စကားပိုပြောမည်။ သဘောမကျလျှင် ပေါက်စီဆိုင်မှ မုန့်နှစ်နယ်သလိုသာ သဘောထားပြီး အချိန်ပြည့်လျှင် ကတ်ပွတ်ပြီး ထွက်သွားလိုက်ရုံသာ။
သူတို့နှစ်ဦး စကားကောင်းနေစဉ်မှာပင် တံခါးကို တစ်စုံတစ်ယောက်က ဘုန်းခနဲ ကန်ဖွင့်လိုက်ပြီး အမျိုးသား ၃ ဦး ဒုန်းစိုင်း ဝင်ရောက်လာသည်။ ခေါင်းဆောင်ဖြစ်သူမှာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး ဆံပင်ကို နောက်လှန်ဖီးကာ ရွှေရောင်ဆိုးထားသည်။ သူသည် အရောင်စုံ ကွက်စိတ်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ကော်လာကြယ်သီးအချို့ ဖြုတ်ထားသဖြင့် လက်သန်းခန့်ရှိသော ရွှေဆွဲကြိုးကြီးကို မြင်နေရသည်။ သူ့နောက်မှ ထွားကြိုင်းသော လူငယ်နှစ်ဦးမှာ အင်္ကျီလက်ပြတ်အနက်ရောင်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး မျက်နှာထားများမှာ ကြမ်းတမ်းခက်ထန်နေသည်။ သူတို့သည် လူကောင်းများ မဟုတ်ကြောင်း သိသာထင်ရှားသည်။
ဆံပင်ရွှေရောင်နှင့် လူငယ်သည် တံခါးကို တွန်းဖွင့်ပြီး ရေကန်ဘောင်ဘေးသို့ အပြေးရောက်လာသည်။ ဘာစကားမှ မပြောဘဲ ဟန်ရွှဲ၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး "တောက်! ကောင်မစုတ်လေး... နင်က တမင်သက်သက် လုပ်တာပဲ။ ငါက နင့်ကို ပိုက်ဆံပေးဖို့ လိုလို့လား။ ၅ နာရီဆိုတာ ဘာမှမဟုတ်ဘူး၊ ၁၀ နာရီစာ ပေးမယ်၊ မဟုတ်ဘူး... တစ်နှစ်စာ ပေးမယ်ကွာ..." ဟု ဆဲဆိုကြိမ်းမောင်းလိုက်သည်။
ဟန်ရွှဲသည် ဆံပင်ရွှေရောင်နှင့် လူငယ်ကို ရင်ထဲမှ အော့နှလုံးနာနေသည်။ သူမသည် သူ့လက်ကို ခါချလိုက်ပြီး ရုန်းထွက်လိုက်ရာ ဟန်ချက်ပျက်ပြီး ရှေ့သို့ ယိုင်ကျသွားသည်။ ရေကန်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားချိန်တွင် သန်မာသော လက်တစ်စုံ ရောက်ရှိလာပြီး ဟန်ရွှဲ၏ ခါးကို ဖက်လိုက်သည်။ ထို့နောက် သူမကို ပွေ့ချီလိုက်ပြီး ရေကန်ထဲသို့ ညင်သာစွာ ချပေးလိုက်သည်။
ရှုချင်းလည်း စိတ်တိုသွားသည်။ ချွေးထုတ်ခန်းလာချိုးပါတယ်ဆိုမှ ဒီလို ပြဿနာမျိုးနဲ့ တိုးရလိမ့်မယ်လို့ သူ ထင်မထားခဲ့ပေ။
ဟန်ရွှဲသည် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်ပြီး ရေကန်ဘောင်ဘေးမှ သူမကို ခြိမ်းခြောက်ကြည့်နေသော ဆံပင်ရွှေရောင်နှင့် လူငယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ဆံပင်ရွှေရောင်နှင့် လူငယ်သည် ရေကန်ထဲမှ ရှုချင်းကို အေးစက်စွာ စိုက်ကြည့်ပြီး လက်ညှိုးထိုးကာ "မင်းက ဘယ်ကောင်လဲ။ ငါ့ကိစ္စကို ဝင်ပါရဲတယ်ပေါ့လေ။ သတ္တိရှိရင် တက်လာခဲ့၊ မင်းအကြောတွေ ပြေသွားအောင် ငါ နှိပ်ပေးမယ်" ဟု ဆဲဆိုလိုက်သည်။
ရှုချင်း အံကြိတ်ပြီး လက်သီးဆုပ်လိုက်သည်။ အရင်တုန်းကသာဆို ဒီကောင် အမှုန့်ကြိတ်ခံရပြီးပြီ။ ဘဝ၏ အနိမ့်အမြင့်များနှင့် ငွေကြေးကျပ်တည်းမှုများကို တွေ့ကြုံခံစားပြီးနောက် နှစ်ကာလများက သူ့၏ စိတ်လိုက်မာန်ပါ အကျင့်များကို တိုက်စားသွားခဲ့ပြီဖြစ်သည်။ အရင်က မိုက်မဲစွာ ရန်ဖြစ်တတ်သော အရူးရှုသည် ယခုအခါ သည်းခံခြင်းနှင့် ထိန်းချုပ်ခြင်းကို သင်ယူတတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
ရှုချင်း ဒေါသထွက်နေသော်လည်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆံပင်ရွှေရောင်နှင့် လူငယ်သည် ပို၍ ဘဝင်မြင့်လာသည်။ သူသည် ခါးကုန်းပြီး ရေကို လက်ဖြင့် ခပ်ယူကာ ရှုချင်း၏ မျက်နှာကို ပက်လိုက်ပြီး "ကြည့်စမ်း... မကျေနပ်ဘူးလား။ တက်လာခဲ့လေ၊ တစ်ယောက်ချင်း ချကြမယ်..." ဟု လှောင်ပြောင်လိုက်သည်။
ရှုချင်း ဒေါသပေါက်ကွဲတော့မည့် ဆဲဆဲတွင် အပြာရောင် ယူနီဖောင်းဝတ် အမျိုးသမီး ၃ ဦး ဝင်ရောက်လာသည်။ နှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး အတော်လေး ချောမောလှပသည်။ ခေါင်းဆောင်ဖြစ်သူမှာ အသက် ၃၀ အရွယ် လှပသော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ သူတို့သုံးဦး ရေကန်ဘောင်ဘေးသို့ အပြေးရောက်လာကြသည်။ အမျိုးသမီးငယ်က ထိပ်တိုက်တွေ့နေသော လူနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ဆံပင်ရွှေရောင်နှင့် လူငယ်ကို ပြုံးပြလိုက်သည်။ "သခင်လေးလိုင် ပါလား။ နံပါတ် ၉ က နောက်ထပ် ၂ နာရီဆို ပြီးပါပြီ။ နားနေခန်းမှာ လက်ဖက်ရည်လေး သောက်ပြီး စောင့်နေပါလား။ အချိန်ကျရင် ကျွန်မ သူ့ကို လွှတ်လိုက်ပါမယ်..."
"မရဘူး၊ အခုချက်ချင်း လာခဲ့ရမယ်။ လိုရင် ၅ ဆ ပေးမယ်" ဆံပင်ရွှေရောင်နှင့် လူငယ်က မောက်မာစွာဖြင့် ဖြတ်ပြောလိုက်ပြီး ဟန်ရွှဲကို လက်ညှိုးထိုးကာ "နင် နားလေးနေတာလား။ အခုချက်ချင်း ဒီကို လာခဲ့" ဟု အော်ဟစ်လိုက်သည်။
ရှုချင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဟန်ရွှဲက သူမကို ကာကွယ်ပေးမည့်သူ မရှိဟု ယူဆလိုက်ပြီး လည်ပင်းကို မတ်ကာ "ဟွန်း! ရှင် နာရီပေါင်း တစ်ရာစာ ဝယ်ရင်တောင် ကျွန်မ ဝန်ဆောင်မှု မပေးနိုင်ဘူး။ အလုပ်ထွက်ပြီး ပြန်လိုက်မယ်။ ရှင်လို နိုင်ငံခြားသား အတုအယောင်ကို ကျွန်မ သည်းမခံနိုင်တော့ဘူး" ဟု ပြန်ပြောလိုက်သည်။
ဒါကို ကြားသောအခါ လိုင် အမည်ရှိ ဆံပင်ရွှေရောင်နှင့် လူငယ်သည် ဒေါသအိုး ပေါက်ကွဲသွားပြီး မျက်နှာတစ်ခုလုံး ခရမ်းပုပ်ရောင် ပြောင်းသွားသည်။ သူသည် ဟန်ရွှဲကို လက်ညှိုးထိုးပြီး "နင်က ကိုယ့်ကိုယ်ကိုယ် ရောင်းစားနေပြီးတော့ ဘာတွေ အပြစ်ကင်းချင်ယောင် ဆောင်နေတာလဲ။ ဒီနေ့ ငါ့ကို ဝန်ဆောင်မှု ပေးကို ပေးရမယ်" ဟု ကြမ်းတမ်းစွာ ပြောလိုက်သည်။ ထို့နောက် အမျိုးသမီးငယ်ဘက် လှည့်ပြီး "အစ်မဟွာ၊ ကျွန်တော် ဒီကောင်မရဲ့ အချိန်ကို ၁၀ ဆ ပေးဝယ်မယ်။ အဲဒီကောင်မစုတ်လေးကို အပေါ်တက်လာခိုင်းလိုက်" ဟု ပြောလိုက်သည်။
အစ်မဟွာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး "သခင်လေးလိုင်၊ ဧည့်သည်ဆိုတာ ဧည့်သည်ပါပဲ၊ အရင်ရောက်တဲ့သူ အရင်ပေါ့။ ကျွန်မ တခြားတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လေ။ ချောလည်းချောတယ်၊ ကျွမ်းလည်း ကျွမ်းကျင်တယ်..." ဟု ပြောလိုက်သည်။
သခင်လေးလိုင်က လက်ကာပြပြီး အစ်မဟွာ၏ စကားကို ဖြတ်ပြောလိုက်သည်။ "ကျွန်တော် ၁၅ ဆ ပေးမယ်။ ဒီအသုံးမကျတဲ့ကောင်ကို ဖယ်ခိုင်းလိုက်။ သူ့ဘေလ်ကို ကျွန်တော် ရှင်းပေးမယ်။ သူ့ကို သွားခိုင်းလိုက်တော့။ ပိုက်ဆံမရှိရင် ငါ့လမ်းကို လာမပိတ်နဲ့လို့ ပြောလိုက်"
အစ်မဟွာ ဒီလူ့နောက်ခံကို သိသည်။ သူ့အဖေ လိုင်ယွီလျန်သည် ကျန်းချန်ရှိ အကြီးဆုံး တစ်ပတ်ရစ် ကားအရောင်းပြခန်း ပိုင်ရှင်များထဲမှ တစ်ဦးဖြစ်သည်။ သားအဖနှစ်ယောက်စလုံးက ဒီဆိုင်၏ ပုံမှန်ဖောက်သည်များ ဖြစ်သည်။ ဒီကောင်လေးကလည်း ခေါင်းမာတတ်သူ ဖြစ်သည်။ VIP ရေကန်အတွက် ၁၅ ဆ ဆိုလျှင် အနည်းဆုံး ယွမ် ၅ သိန်းလောက် ရှိသည်။ ဒီလို အော်ဒါအကြီးစားမျိုးက ရတောင့်ရခဲပင်။ ပြီးတော့ ဒါက တရားဝင် နှိပ်နယ်ခန်း ဖြစ်သဖြင့် သူ ပြဿနာရှာမည်ကိုလည်း ကြောက်စရာ မလိုပေ။ ကော်မရှင်ခကလည်း မက်လောက်စရာ ဖြစ်နေသည်။
စိတ်ပါသွားသော အစ်မဟွာသည် ကျွမ်းကျင်သော အပြုံးကို ဆင်မြန်းလိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် တိတ်ဆိတ်နေသော ရှုချင်းအနားသို့ ထိုင်ချလိုက်ကာ "သခင်... ဘေးခန်းက VIP အခန်းကို ပြောင်းလိုက်ရင်ရော ဘယ်လိုလဲဟင်။ ကျွန်မ ထိပ်တန်း ကျွမ်းကျင်သူ နှစ်ယောက် ခေါ်ပေးပါမယ်။ ဒီနေ့ ရှင့်အတွက် ဘေလ်ကို အစ်မဟွာက တောင်းပန်တဲ့အနေနဲ့ ရှင်းပေးပါ့မယ်၊ အဆင်ပြေမလားဟင်" ဟု ပြောလိုက်သည်။
စီးပွားရေးတွင် ပါးနပ်ရမည်ဖြစ်ပြီး သဟဇာတဖြစ်မှုကို ငွေရှာသော သော့ချက်အဖြစ် မှတ်ယူရမည်။ ဤအစ်မဟွာသည် ဒီနယ်ပယ်တွင် ကျွမ်းကျင်သူ ဖြစ်သည်။ လူအများစုသည် သူမ၏ ဖြောင်းဖျမှုကို လက်ခံကာ ကိစ္စကို အဆုံးသတ်လိုက်ကြမည် ဖြစ်သော်လည်း ရှုချင်းသည် ထိုကဲ့သို့သော လူစားမျိုး မဟုတ်ကြောင်း ထင်ရှားသည်။
"အစ်မဟွာ ဟုတ်လား။ ကျေးဇူးပြုပြီး ဒီရူးနေတဲ့ ခွေးရူးကို ဆွဲထုတ်သွားပေးပါ။ ကျွန်တော်က အရောင်ဆိုးထားတဲ့ ခွေးတွေကို ကြည့်မရဘူး၊ အထူးသဖြင့် အမွေးဝါရောင် ဆိုးထားတဲ့ ခွေးရူးတွေကို ပိုမုန်းတယ်"
ရှုချင်း လက်ကို ဝှေ့ယမ်းပြီး ရေပြင်ကို ရိုက်ချလိုက်ရာ သူ့ခါးနားတွင် ကိုက်ခဲနေသော ငါးကလေးများ လန့်ပြေးသွားကြသည်။ ရိုက်လိုက်သော ရေများသည် သခင်လေးလိုင်၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ စင်သွားသည်။
အစ်မဟွာ စိတ်ထဲတွင် တိတ်တဆိတ် ညည်းညူလိုက်သည်။ "ဒီကောင်လေးကလည်း ခေါင်းမာမယ့်ပုံပဲ။ လုံခြုံရေးကို အမြန်ခေါ်မှ ဖြစ်မယ်။ ရန်ဖြစ်ကြရင် ဒီမရင်းနှီးတဲ့ ကောင်လေးပဲ နာသွားမှာ..." ဒါကို တွေးပြီး သူမ ထရပ်ဟန်ပြုကာ တံခါးဝရှိ ဝန်ထမ်းနှစ်ဦးကို မျက်စိတစ်ဖက် ပါးပါးနပ်နပ် မှိတ်ပြလိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: