အခန်း (၁၉) မှော်မျက်လုံး
ချင်ပင်း ခေတ္တမျှ ကြောင်အမ်းသွားပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ "၁၉၈၂ ခုနှစ်ထုတ် Lafite ဝိုင်က အရက်ဖြူလောက် မကောင်းဘူးတဲ့။ ဒီမောင်လေးက တကယ့် ပါရမီရှင်ပဲ။ ဒီလောက် ငွေပမာဏ အများကြီး ရှာနိုင်တာ သူ့ကံတရားပဲ။ ဒီ ဒုတိယမျိုးဆက် သူဌေးသားတွေနဲ့တော့ သူ့ကို လည်ခိုင်းလို့ မဖြစ်ဘူး။ ပိုက်ဆံဖြုန်းရုံတင် မကဘဲ ပညာရေးပါ ထိခိုက်လိမ့်မယ်" ဟု သူမ တွေးနေမိသည်။
ရှုချင်း ပြောသည့်အတိုင်း ထမင်းတစ်နပ်ကို ယွမ် ၁ သိန်းနီးပါး ကုန်ကျသည်ဆိုလျှင် နှစ်ယောက်သား အလှည့်ကျ ရှင်းလျှင်တောင် သေချာပေါက် ၆ လခံမည် မဟုတ်ပေ။ ဒါက ချင်ပင်း၏ တွက်ချက်မှု ဖြစ်သည်။ အရေးအကြီးဆုံးကတော့ ကံကောင်းခြင်းဆိုတာ ဘဝမှာ အကြိမ်ရေနည်းနည်းပဲ ကြုံရတတ်တာဖြစ်ပြီး ခြေလှမ်းမှန်မှန်နဲ့ လက်တွေ့ကျကျ နေထိုင်တာကသာ မှန်ကန်တဲ့လမ်း ဖြစ်တယ်။
"ချင်းဇီ... မရီးကို ကတိတစ်ခု ပေးနိုင်မလား" ချင်ပင်း၏ မျက်နှာတွင် ရုတ်တရက် စိုးရိမ်မှုများ ပေါ်လာပြီး မျက်လုံးများ နီရဲလာပြန်သည်။
ဒါကို မြင်တော့ ရှုချင်းလည်း စိုးရိမ်သွားသည်။ "မရီး... လိုအပ်တာသာ ပြောပါ။ ကျွန်တော် လုပ်ပေးနိုင်တဲ့အရာဆိုရင် တစ်ခုမက ၁၀ ခု၊ အခု ၁၀၀ တောင် လုပ်ပေးပါ့မယ်"
ချင်ပင်းက စိတ်တည်ငြိမ်အောင် အသက်တစ်ချက် ရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "မရီး ပြောချင်တာက မင်းရဲ့ စာပေလေ့လာမှုအပေါ် အာရုံစိုက်ပြီး သူဌေးသားတွေနဲ့ လျှောက်မလည်ဖို့ပါပဲ။ ကျောင်းဖွင့်ဖို့ကလည်း လဝက်လောက်ပဲ လိုတော့တာဆိုတော့ အိမ်မှာပဲ နေပြီး စာကြိုးစားပါ။ လုပ်နိုင်မလား"
ရှုချင်း အမြန် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော် သခင်လေးထန်နဲ့ အမြဲ လျှောက်လည်ဖို့ စိတ်ကူးမရှိပါဘူး။ ကျွန်တော်တို့က သာမန် သူငယ်ချင်းတွေပါပဲ။ စိတ်မပူပါနဲ့ မရီး၊ ကျွန်တော့်ရဲ့ အဆင့်တွေ ကျသွားမှာ မဟုတ်ပါဘူး။ အခုချိန်မှာ ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲ ဖြေရင်တောင် ကျန်းချန် တက္ကသိုလ်ကို သေချာပေါက် ဝင်ခွင့်ရမှာပါ" ဟု ပြောလိုက်သည်။
ရှုချင်း၏ ယုံကြည်မှုရှိသော အမူအရာကို မြင်သောအခါ ချင်ပင်း စိတ်သက်သာရာ ရသွားပြီး သူမအိတ်ကပ်ထဲမှ ဘဏ်ကတ်ကို ထုတ်ကာ ရှုချင်းရှေ့သို့ တွန်းပို့ပေးလိုက်သည်။
"ဒီကတ်ကို သိမ်းထားလိုက်ပါ။ မနက်ဖြန်ကျရင် ဒီအိတ်ထဲက ပိုက်ဆံနဲ့ အကြွေးတွေ ဆပ်ပြီး အိမ်လခ ပေးလိုက်မယ်"
ချင်ပင်း ဒီလို ဆုံးဖြတ်ချက်ချလိုက်သည်ကို ရှုချင်း အံ့ဩသွားသည်။ သူမက အလွန် ခေါင်းမာပြီး တော်ရုံနှင့် ဆုံးဖြတ်ချက် မပြင်တတ်မှန်း သိထားသဖြင့် သူ မငြင်းဆန်တော့ပေ။ ကတ်ကို ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်ကာ "ကောင်းပြီလေ၊ ပိုက်ဆံလိုရင် ပြောလိုက်နော်" ဟု ပြောလိုက်သည်။
"အေးပါ" ချင်ပင်းက ပြန်ပြောပြီး ပန်းကန်များကို သိမ်းဆည်းလိုက်သည်။ ရှုချင်းလည်း အွန်လိုင်းမှ အချက်အလက်များကို ဆက်လက် ရှာဖွေနေသည်။ ထိုစဉ် သူ့ဖုန်း ရုတ်တရက် မြည်လာသည်။
ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ ပုံမှန်မဟုတ်သော အသံတစ်ခု ထွက်ပေါ်လာသည်။ သေချာ နားထောင်ကြည့်သောအခါ အိမ်ရှင်မ အချောအလှလေး ဖြစ်နေသည်။
"ချင်းဇီ... ဒီဘက်ကို လာခဲ့ပြီး မမကျူးနဲ့ စကားလာပြောပေးလို့ ရမလား"
ရှုချင်း ခေတ္တမျှ ကြောင်သွားပြီး အတွေးများ လွင့်မျောသွားသည်။ မမကျူးက ဒီလောက် ညကြီးမင်းကြီး ဘာကိစ္စ ပြောစရာ ရှိလို့လဲ။ အိမ်လခ တောင်းမလို့များလား။ ဘာပဲဖြစ်ဖြစ် ငါ့မှာ ပိုက်ဆံရှိနေပြီပဲ၊ အိမ်လခ သွားပေးလိုက်ရုံပေါ့...
"ချင်းဇီ... နားထောင်နေရဲ့လား" ဖုန်းတစ်ဖက်ခြမ်းမှ ကျူးရှောင်လင်းမှာ တိုးတိုးလေး ရှိုက်ငိုနေသည်။ ရှုချင်း သူ့အတွေးများကို အမြန် ထိန်းချုပ်လိုက်ပြီး "ဟုတ်... နားထောင်နေပါတယ်..." ဟု ပြောလိုက်သည်။
ဖုန်းတစ်ဖက်ခြမ်းမှ ရှိုက်သံများ ဆက်လက် ထွက်ပေါ်နေသည်။ အချိန်အတော်ကြာမှ ကျူးရှောင်လင်းက "အစ်မအိမ် သူခိုးဝင်ခံထိလို့။ နင် လာခဲ့ပေးလို့ ရမလားဟင်" ဟု အသံတုန်တုန်ဖြင့် ပြောလိုက်သည်။
ဒါကို ကြားသောအခါ ရှုချင်း တုံ့ဆိုင်းခြင်းမရှိဘဲ "မမကျူး... မလန့်ပါနဲ့၊ ကျွန်တော် အခုချက်ချင်း လာခဲ့မယ်" ဟု ပြန်ပြောလိုက်သည်။ သူ ထိုင်မနေနိုင်တော့ပေ။ အိတ်ထဲမှ ငွေတစ်ထပ်ကို ဆွဲယူပြီး အိတ်ကပ်ထဲ ထည့်ကာ မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။ "မရီး... မမကျူးက ကျွန်တော့်ကို လာတွေ့ဖို့ ပြောနေတယ်။ ဒီပိုက်ဆံကို ယူသွားပြီး အိမ်လခ ပေးလိုက်တော့မယ်နော်"
"အေး အေး" ချင်ပင်းက ပြန်ထူးသော်လည်း ရှုချင်းမှာ အဝေးသို့ ရောက်နေပြီ ဖြစ်သည်။
ကျူးရှောင်လင်း၏ အိမ်သည် ငှားရမ်းနေထိုင်သည့် တိုက်နှင့် မဝေးသော ၄ ထပ်တိုက်တွင် ရှိသည်။ ရှုချင်း ထိုနေရာသို့ အကြိမ်ကြိမ် ရောက်ဖူးသော်လည်း ဤမျှ ညဉ့်နက်မှ သွားရောက်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
ဒုတိယထပ်သို့ အမြန်ပြေးတက်သွားရာ ကျူးရှောင်လင်း၏ အခန်းတံခါးမှာ စေ့ရုံသာ စေ့ထားသည်ကို တွေ့လိုက်ရသည်။ တွန်းဖွင့်ဝင်လိုက်ရာ အခန်းတစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။ အိမ်ရှင်မ အချောအလှလေးသည် ကြမ်းပြင်ပေါ်တွင် မျက်လုံးများ ဗလာဖြစ်ကာ ထိုင်နေပြီး ပစ္စည်းပစ္စယများ ပြန့်ကျဲနေသည်။ အခန်းကို မွှေနှောက်ထားသည်မှာ သိသာထင်ရှားလှသည်။
ရှုချင်း မျက်မှောင်ကြုတ်လိုက်ပြီး ခြေလှမ်းအနည်းငယ် တိုးကာ "မမကျူး... ရဲစခန်းကို ဖုန်းဆက်ပြီးပြီလား" ဟု တိုးတိုးလေး မေးလိုက်သည်။
ကျူးရှောင်လင်းသည် မျက်ရည်များ ဝဲနေသော မျက်လုံးများဖြင့် မော့ကြည့်ပြီး "အစ်မဝမ်းကွဲဆီ အကြောင်းကြားပြီးပြီ၊ သူ လူတွေခေါ်ပြီး အခု လာနေပြီ" ဟု အသံတုန်တုန်ဖြင့် ပြောသည်။
အိမ်ရှင်မ အချောအလှလေးတွင် မြို့တော် ပြည်သူ့လုံခြုံရေး ဗျူရိုမှ မှုခင်းရဲအရာရှိ အစ်မဝမ်းကွဲတစ်ယောက် ရှိကြောင်း ရှုချင်း သိထားသည်။ သူတို့နှစ်ယောက်က သူငယ်ချင်းအရင်းကြီးများ ဖြစ်ကြပြီး ကျူးရှောင်လင်း၏ အခန်းထဲတွင် သူတို့နှစ်ယောက် တွဲရိုက်ထားသော ဓာတ်ပုံများစွာ ရှိသည်။
"တန်ဖိုးကြီးပစ္စည်းတွေ ပါသွားသေးလား" ရှုချင်းက ရှုပ်ပွနေသော အခန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ သူခိုးကို စိတ်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲလိုက်သည်။
"ငွေသား ၂ သောင်းကျော်လောက်နဲ့ လက်ဝတ်ရတနာ တချို့ ပါသွားတယ်။ အနှမြောဆုံးကတော့ အမေ ချန်ထားခဲ့တဲ့ ရောင်စုံကျောက်စိမ်း ဆွဲသီးလေး ပါသွားတာပဲ..." ကျူးရှောင်လင်းက ကျောက်စိမ်းဆွဲသီး အကြောင်း ပြောလိုက်သောအခါ မျက်ရည်များ ထပ်ကျလာပြန်သည်။
ရှုချင်း ခါးကိုကုန်းပြီး လက်ကမ်းပေးလိုက်ကာ "အရင် ထလိုက်ပါဦး။ ပျောက်သွားတဲ့ ပစ္စည်းတွေကို ပြန်ရှာလို့ ရပါတယ်။ ကြမ်းပြင်က အေးတယ်" ဟု ပြောလိုက်သည်။
ကျူးရှောင်လင်းက ပြန်ဖြေပြီး ရှုချင်း ကမ်းပေးသောလက်ကို လှမ်းဆွဲလိုက်သည်။ သူမ ရုန်းကန်သော်လည်း မထနိုင်ပေ။ ကြမ်းပြင်ပေါ်တွင် ထိုင်ပြီး ငိုနေခဲ့သဖြင့် ခြေထောက်များ ထုံကျင်နေပြီ ဖြစ်သည်။
ရှုချင်းက အေးစက်နေသော လက်ကလေးကို ဆွဲကိုင်ပြီး အားဖြင့် ဆွဲတင်လိုက်ရာ အိမ်ရှင်မ အချောအလှလေး မတ်တတ်ရပ်နိုင်သွားသည်။ ထို့နောက် နှစ်ဦးသား ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။
"မမကျူး... ကျွန်တော် ရေတစ်ခွက်လောက် သွားခပ်ပေးမယ်" ကျူးရှောင်လင်း စိတ်ဓာတ်ကျနေဆဲ ဖြစ်သည်ကို မြင်သောအခါ ရှုချင်း ထရပ်ပြီး ရေပူရေအေးစက်မှ ရေတစ်ခွက် သွားငှဲ့လိုက်သည်။ ရှုပ်ပွနေသော အိပ်ခန်းဘက်သို့ မတော်တဆ လှမ်းကြည့်လိုက်မိသောအခါ သူ့မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားပြီး ဘယ်ဘက်မျက်လုံး ရုတ်တရက် လင်းလက်သွားကာ ထူးဆန်းသော ပုံရိပ်အချို့ ခေါင်းထဲ ပေါ်လာသည်။
အပြာနုရောင် ယူနီဖောင်း ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် အခန်းကို မွှေနှောက် ရှာဖွေနေကြသည်။ ကုတင်ပေါ်တွင် အမျိုးသမီး လက်ဝတ်ရတနာများနှင့် ငွေစက္ကူများ ပုံထားသည်။ ထိုအထဲတွင် လက်ဖဝါးအရွယ်အစားရှိသော ကျောက်စိမ်းဆွဲသီး တစ်ခုလည်း ပါဝင်သည်။ ဆွဲသီးသည် ရောင်စုံဖြစ်ပြီး ကောင်းကင်သို့ မော့ကြည့်နေသော ဖီးနစ်ငှက်ပုံ ထွင်းထုထားသည်။ သဘာဝ အကွက်အပျောက်များကို ဖီးနစ်ငှက်၏ အမွေးအတောင်များအဖြစ် ပညာသားပါပါ ထွင်းထုထားသည်။ တကယ့်ကို ထူးခြားပြောင်မြောက်သော လက်ရာတစ်ခုပင်။
ထိုလူနှစ်ဦးသည် ကုတင်ကို ခေတ္တမျှ ရှာဖွေပြီးနောက် တန်ဖိုးရှိပုံရသော အရာများ မတွေ့သဖြင့် လှည့်ထွက်လိုက်ပြီး ကုတင်ပေါ်မှ ငွေစက္ကူများကို လက်ကိုင်အိတ်များထဲသို့ ထိုးထည့်လိုက်သည်။ ထိုအချိန်တွင် ရှုချင်း သူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် ရှုချင်းသည် ခြေဖမိုးပေါ်၌ အေးစက်မှုကို ခံစားလိုက်ရပြီး အာရုံစိုက်မှု ပျက်ပြားသွားသည်။ ခေါင်းထဲမှ မြင်ကွင်းများ ရုတ်တရက် ရပ်တန့်သွားသည်။ ငုံ့ကြည့်လိုက်ရာ သူ မသိလိုက်ဘဲ လက်ထဲမှ ခွက်စောင်းသွားပြီး ရေများ ခြေဖမိုးပေါ်သို့ မှောက်ကျသွားခြင်း ဖြစ်သည်။ အိပ်ခန်းကို မော့ကြည့်လိုက်သောအခါ ယခင်အတိုင်း ရှုပ်ပွနေပြီး လူနှစ်ဦး၏ အရိပ်အယောင်မျှ မတွေ့ရပေ။
ရှုချင်း ခေါင်းထဲ ခဏတာ ဗလာဖြစ်သွားသည်။ သူ ကြောင်တောင်တောင်ဖြင့် ခေါင်းခါလိုက်ပြီး ရေတစ်ခွက် ထပ်ငှဲ့ကာ ဆိုဖာဆီသို့ ပြန်လာခဲ့သည်။
"ချင်းဇီ... နင် နေမကောင်းဘူးလား။ ပုံစံမကျပါလား" ကျူးရှောင်လင်းက ရေတစ်ငုံ သောက်လိုက်ပြီး ရှုချင်း၏ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာထားကို နေမကောင်းဖြစ်သည်ဟု ထင်မှတ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ မနေ့ညက ကောင်းကောင်း မအိပ်ရလို့ပါ" ရှုချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ယခုအခါ သူ့မျက်လုံးများတွင် အခြားမည်သည့် စွမ်းရည်များ ရှိသေးသည်ကို အဖြေရှာရန် အာရုံစိုက်နေသည်။ ညာဘက်မျက်လုံးက ကျောက်စိမ်းကြမ်းကို ဖောက်ထွင်းမြင်နိုင်သည်ဆိုလျှင် ဘယ်ဘက်မျက်လုံးက အတိတ်က ဖြစ်ရပ်များကို ပြန်မြင်နိုင်တာများလား။ ဒါက တကယ့်ကို မယုံနိုင်စရာပဲ။
ဒါကို တွေးမိပြီး ရှုချင်းသည် ရင်ခုန်သံများကို ထိန်းချုပ်ကာ ဘယ်ဘက်မျက်လုံးကို အားစိုက်ပြီး မှိတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း နောက်ထပ် ပုံရိပ်တစ်ခု ခေါင်းထဲ ပေါ်လာပြန်သည်။ ယူနီဖောင်းဝတ် အမျိုးသားနှစ်ဦး ဧည့်ခန်းထဲတွင် မွှေနှောက်နေကြပြီး နောက်ဆုံးတွင် အရက်ဘီရိုထဲမှ စီးကရက်အကောင်းစား နှစ်ဗူးနှင့် မော်ထိုင် အရက်ပုလင်း အချို့ကိုပါ ယူဆောင်သွားကြသည်။ သူတို့နှစ်ဦးစလုံး ရော်ဘာလက်အိတ်များနှင့် ဖိနပ်ပေါ်တွင် ပလတ်စတစ်အိတ်များ စွပ်ထားကြပြီး အတွေ့အကြုံရှိသော ဝါရင့်သူခိုးများ ပုံပေါက်နေသည်။
ထိုလူနှစ်ဦး ကျေနပ်သော မျက်နှာထားများဖြင့် အခန်းထဲမှ ထွက်ခွာသွားချိန်ကျမှ ရှုချင်း ခေါင်းထဲမှ ပုံရိပ်များ တဖြည်းဖြည်း ဝါးသွားပြီး ပျောက်ကွယ်သွားသည်။ သူခိုး ၃ ဦး ရှိကြောင်း သူ သေချာသွားသည်။ ၂ ဦးက အိမ်ထဲဝင်ခိုးပြီး ကျန်တစ်ဦးက အပြင်မှာ ကင်းစောင့်နေခြင်း ဖြစ်သည်။ သူတို့ထဲမှ တစ်ဦး၏ မျက်ခုံးမွှေးပေါ်တွင် အမှတ်တရ ဖြစ်လောက်သော ကြွက်နို့အနက် တစ်လုံး ပါရှိသည်။
ရှုချင်းက ထိုလူ ၃ ဦး၏ ပုံပန်းသဏ္ဌာန်ကို မှတ်မိရန် ကြိုးစားနေစဉ် ရဲအရာရှိတစ်ဖွဲ့ အပြင်မှ အပြေးဝင်ရောက်လာသည်။ ခေါင်းဆောင်မှာ ကျူးရှောင်လင်းနှင့် အတော်လေး ဆင်တူသော စမတ်ကျပြီး လှပသည့် အမျိုးသမီး ရဲအရာရှိတစ်ဦး ဖြစ်သည်။ သို့သော် သူမသည် ရင့်ကျက်တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိသော ပုံစံထက် ထက်မြက်ပြီး စွမ်းဆောင်ရည်ရှိသော ပုံစံ ပိုပေါက်သည်။
သူမသည် ကျူးရှောင်လင်း၏ ဝမ်းကွဲအစ်မ ကျန်းစစ်ယွီ ဖြစ်သည်။ သူမထံမှ ဂျင်းနံ့သင်းသင်းနှင့်တူသော အနံ့တစ်မျိုး ရနေပြီး သူမ၏ အပြုအမူတစ်ခုလုံးတွင် ပြင်းထန်သော အရှိန်အဝါ တစ်မျိုး ပါရှိနေသည်။
ကျန်းစစ်ယွီသည် ကျူးရှောင်လင်း အနားသို့ အမြန်ရောက်လာပြီး "ညီမလေး... အဆင်ပြေရဲ့လား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ကျူးရှောင်လင်းက ခါးသက်သက် ပြုံးလိုက်ပြီး "ရောင်စုံ ဖီးနစ်ငှက် ဆွဲသီးလေး ပါသွားပြီ..." ဟု ပြောရင်း မျက်ရည်များ ထပ်ဝဲလာပြန်သည်။
ကျန်းစစ်ယွီ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ ရောင်စုံ ဖီးနစ်ငှက် ဆွဲသီးသည် သူမ၏ ညီမဝမ်းကွဲအတွက် မည်မျှ အဓိပ္ပာယ်ရှိကြောင်း သူမ သိသည်။ သူမက တိုးတိုးလေး နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့၊ အခင်းဖြစ်ပွားရာ နေရာကို အရင် စစ်ဆေးခိုင်းလိုက်မယ်။ သူခိုးက ကျန်းချန်မြို့ထဲမှာ ရှိနေသေးသရွေ့ ငါ သေချာပေါက် ရှာတွေ့အောင် လုပ်ပေးမယ်"
ပြောပြီးသည်နှင့် သူမ ချက်ချင်း လှည့်ထွက်သွားပြီး အခင်းဖြစ်ပွားရာ နေရာကို အသေးစိတ် စစ်ဆေးရန်နှင့် သက်ဆိုင်ရာ သဲလွန်စများ အားလုံး စုဆောင်းရန် လုပ်ဖော်ကိုင်ဖက်များကို ညွှန်ကြားလိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: