အခန်း (၁) အံ့မခန်းစွမ်းရည်များ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်၊ စနေနေ့။
နေ့လယ် ၂ နာရီ၊ ပြည်နယ်မြို့တော်မှ ပိုင်လျန်ခရိုင်သို့ ပြေးဆွဲနေသော ဘတ်စ်ကားတစ်စီးပေါ်တွင် ဖြစ်သည်။
အသက် ၂၀ ကျော်အရွယ် ခပ်ချောချော လူငယ်တစ်ယောက်သည် ရှေ့ဆုံးခုံတန်းမှ မတ်တပ်ရပ်လိုက်ပြီး အိပ်ငိုက်နေကြသော ခရီးသည်များကို ပြောလိုက်သည်။
"ဦးလေး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မတို့ခင်ဗျာ... မင်္ဂလာ နေ့လယ်ခင်းပါ။ ကျွန်တော့်နာမည်ကတော့ ကျန်းဖုန်း ပါ။ 'အမြွှာညီနောင်ဒဏ္ဍာရီ' ဇာတ်လမ်းထဲက ကမ္ဘာ့နံပါတ်တစ် အချောဆုံးလူသားနဲ့ နာမည်တူပေါ့။ ကျွန်တော်က ပိုင်လျန်ခရိုင်၊ ချင်းဟယ်မြို့နယ်ကပါ။ တက္ကသိုလ်ဘွဲ့ရပြီးခါစဖြစ်ပြီး အောင်သွယ်တော်လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေပါတယ်။"
ထိုအချိန်တွင် ကျန်းဖုန်းသည် မနေ့ကမှ ရိုက်နှိပ်ပြီးသော လိပ်စာကတ်များကို ကျောပိုးအိတ်ထဲမှ ထုတ်ယူလိုက်ပြီး ကြောင်တောင်တောင်ဖြစ်နေသော ခရီးသည်များကို လိုက်ဝေကာ ပြောလိုက်သည်။
"ဒါက ကျွန်တော့်ရဲ့ လိပ်စာကတ်တွေပါ။ ဦးလေးတို့၊ ဒေါ်လေးတို့၊ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေထဲမှာ အိမ်ထောင်ဖက်ရှာနေတဲ့သူရှိရင် ကျွန်တော့်ကို ဆက်သွယ်ပေးကြပါဗျာ။ လူပင်လယ်ကြီးထဲမှာ တစ်သက်လုံး လက်တွဲသွားဖို့ အသင့်တော်ဆုံးလူကို ရှာဖွေပေးပါ့မယ်။"
ကျန်းဖုန်းဘေးတွင် ထိုင်နေသော အမျိုးသမီးက လိပ်စာကတ်ကို အလိုအလျောက် လှမ်းယူလိုက်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "လူလေး... ဒေါ်လေး ကြားတာ မမှားဘူးဆိုရင် မင်းက အောင်သွယ်တော်လုပ်ချင်တာလား။"
ကျန်းဖုန်းက ခေါင်းညိတ်ပြုံးပြလိုက်ပြီး "ဟုတ်ပါတယ်၊ တကယ်ပဲ အောင်သွယ်တော်လုပ်မှာပါ။ ဒေါ်လေးရဲ့ သားသမီးတွေ အိမ်ထောင်ကျကုန်ပြီလား။ မကျသေးရင် ကျွန်တော့်ဆီ လာလို့ရပါတယ်၊ စိတ်တိုင်းကျ ချွေးမ ဒါမှမဟုတ် သားမက် ရစေရမယ်လို့ အာမခံပါတယ်။"
သူမနှင့် အတူပါလာသော အမျိုးသမီးက ရယ်ရခက်ငိုရခက်ဖြင့် ပြောလိုက်သည်။ "လူလေးရယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အောင်သွယ်လုပ်ဖို့ စိတ်ကူးရတာတုန်း။ မင်းရော အိမ်ထောင်ကျပြီးပြီလား။"
ဘေးနားတွင် မတ်တပ်ရပ်နေသော အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးက ရယ်မောကာ ဝင်ပြောလေသည်။ "ဟုတ်ပါ့ လူလေးရယ်။ 'နှုတ်ခမ်းမွှေးမစင်သေးတဲ့ လူငယ်က အားကိုးမရဘူး' ဆိုတဲ့ စကားပုံတောင် ရှိသေးတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်သွယ်လုပ်မယ်ဆိုရင် ဘယ်သူက ယုံမှာတုန်း။"
နောက်ထပ် အဘိုးအိုတစ်ဦးကလည်း ဝင်ထောက်သည်။ "လူလေးရေ... ဒီခေတ်က အောင်သွယ်တော်တွေကို အရင်ကလောက် စိစစ်မနေကြတော့ဘူး ဆိုပေမယ့် အောင်သွယ်လုပ်ရဲတဲ့သူတွေက အိမ်ထောင်သည်တွေချည်းပဲကွ။ လူပျိုလူလွတ်က အောင်သွယ်လုပ်တာမျိုး ဘယ်သူက ယုံမှာလဲ။"
ကျန်သည့်ခရီးသည်များက ဝင်မပြောကြသော်လည်း ထိုစကားများကို သဘောတူကြလေသည်။ ကျန်းဖုန်းလို ငယ်ငယ်ရွယ်ရွယ်နှင့် အောင်သွယ်လုပ်ချင်သည်မှာ နေ့ခင်းကြောင်တောင် အိမ်မက်မက်နေသည်ဟု တွေးကာ စိတ်ထဲတွင် ခေါင်းခါနေမိကြသည်။
ကျန်းဖုန်းက လူအများ၏ သံသယကို ကြိုတွေးထားပြီးသား ဖြစ်သည်။ သူက ရယ်မောကာ ပြောလိုက်သည်။ "ဦးလေးတို့ ဒေါ်လေးတို့ ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်သွယ်လုပ်ရဲမှတော့ ဒီနယ်ပယ်မှာ ကျွမ်းကျင်မှုတစ်ခုခုတော့ ရှိရမှာပေါ့။"
ဘေးနားမှ အမျိုးသမီးက ပြုံးပြီး မေးလိုက်သည်။ "ကဲ... ပြောပါဦး၊ မင်းမှာ ဘာအထူးစွမ်းရည်တွေ ရှိလို့လဲ။"
ကျန်းဖုန်းက လူအများကို ဝေ့ကြည့်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ "ကျွန်တော်က မျက်နှာဖတ်တတ်တယ်။ ရှင်းရှင်းပြောရရင် လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကိုကြည့်ပြီး သူ့ရဲ့ အိမ်ထောင်ရေးကံကို ဟောနိုင်တယ်။ ဒီနည်းနဲ့ တစ်သက်လုံး ပေါင်းသင်းနေထိုင်ဖို့ သင့်တော်မယ့်သူကို ရှာပေးနိုင်တာပေါ့။ ဒါကြောင့် ဒီလောကမှာ အောင်သွယ်တော်လုပ်ဖို့ ကျွန်တော့်ထက် သင့်တော်တဲ့သူ မရှိတော့ပါဘူး။"
ထိုအမျိုးသမီးမှာ အစပိုင်းတွင် ကြောင်အသွားသော်လည်း ချက်ချင်းပင် ရယ်မောလိုက်ပြီး "လူလေးရယ်... မင်းကတော့ တော်တော်ကြွားတတ်တာပဲ။ မင်းက အောင်သွယ်မလုပ်ဘဲ လူရွှင်တော်ပဲ လုပ်သင့်တာ။"
ခရီးသည်များမှာ အစပိုင်းတွင် ရယ်ချင်စိတ်ကို ထိန်းထားနိုင်သော်လည်း ထိုအမျိုးသမီး ပြောလိုက်သည်နှင့် တစ်ကားလုံး ဝေါခနဲ ရယ်မောလိုက်ကြသည်။
ကျန်းဖုန်းက သူတို့၏ ရယ်မောသံများကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။ "ခင်ဗျားတို့ ကျွန်တော် နောက်နေတယ်လို့ ထင်နေကြတာလား။ ကောင်းပြီလေ၊ ကျွန်တော် ကြွားနေတာ ဟုတ်မဟုတ် အခုပဲ လက်တွေ့ပြမယ်။"
ကားကို တိတ်တဆိတ် မောင်းနှင်နေသော ယာဉ်မောင်းကပင် ဝင်မပြောဘဲ မနေနိုင်တော့ချေ။ "လူလေးရေ... ပြက်လုံးထုတ်ရင်လည်း လျှော့ဦး၊ ငါ ကားမောင်းနေတာကွ။"
"ဟား ဟား ဟား ဟား..." ထိုစကားကြောင့် ခရီးသည်များက ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ခင်ဗျားတို့ ကျွန်တော် နောက်နေတယ်လို့ ထင်နေကြတုန်းပဲလား။" ကျန်းဖုန်းက လူအများကို ဝေ့ကြည့်လိုက်ပြီး "စမ်းသပ်ကြည့်ကြတာပေါ့။ ကဲ... အိမ်ထောင်ရှိတဲ့ မိတ်ဆွေတွေ လက်ထောင်ပြပါ။ အခမဲ့ အိမ်ထောင်ရေးကံ ဟောပေးမယ်၊ တကယ် ပျော်ရွှင်ရရဲ့လားဆိုတာ ကြည့်ကြတာပေါ့။"
စောစောက စကားဝင်ပြောသော အမျိုးသမီးကြီးက ချက်ချင်း လက်ထောင်လိုက်ပြီး ပြုံးကာ ပြောသည်။ "ကောင်းပြီလေ လူလေး... ဒါဆို ဒေါ်လေးရဲ့ အိမ်ထောင်ရေးကို ဟောပေးစမ်းပါဦး၊ တကယ် ပျော်ရွှင်ရရဲ့လားလို့။"
ကျန်းဖုန်းက "ကောင်းပါပြီ၊ ဒေါ်လေးကို အရင်ဆုံး တွက်ပေးပါ့မယ်။" ဟု ပြောပြီးသည်နှင့် သူတစ်ယောက်တည်းသာ မြင်ရသော စာကြောင်းများ ထိုအမျိုးသမီးကြီး၏ ခေါင်းပေါ်တွင် ပေါ်လာသည်။
[နာမည်] လီဖုန်းယင်း
[ခင်ပွန်း] ချန်တာကွမ်း
[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၆၆
[အိမ်ထောင်ရေး သုံးသပ်ချက်]...
ဒါကိုမြင်တော့ ကျန်းဖုန်း သဘောပေါက်သွားသည်။
"ဒေါ်လေးရေ... ကျွန်တော့်အမြင်အရတော့ ဒေါ်လေးရဲ့ အိမ်ထောင်ရေးက အတော်အတန်ပါပဲ။ သာမန်ကာလျှံကာ ဆက်ဆံရေးမျိုးဖြစ်ပြီး အရမ်းကြီး ချစ်ကြိုက်ခဲ့တာမျိုး မဟုတ်ပေမယ့် ဦးနဲ့ လက်ထပ်ပြီးကတည်းက ကြီးကြီးမားမား ရန်ဖြစ်ဖူးတာမျိုး တစ်ခါမှ မရှိလောက်ဘူး။ အလွန်ဆုံး စကားများရုံလောက်ပါပဲ။"
ကျန်းဖုန်းက ပြုံးပြီး မေးလိုက်သည်။ "ဒေါ်လေး... ကျွန်တော်ပြောတာ မှန်လား။"
လီဖုန်းယင်းက အံ့သြသွားပြီး "လူလေး... မင်း တော်တော်ဟုတ်ပါလား။ အကုန်မှန်နေတယ်။ ဒေါ်လေးတို့ လင်မယားပေါင်းလာတာ နှစ် ၃၀ နီးပါးရှိပြီ၊ တစ်ခါမှ ရန်မဖြစ်ဖူးဘူး။ မင်း ဒေါ်လေးကို မသိပါဘူးနော်။"
ကျန်းဖုန်းက ခေါင်းခါရယ်မောလိုက်ပြီး "ဒေါ်လေးကလည်း နောက်နေပြန်ပြီ။ ဒါ ပထမဆုံး တွေ့ဖူးတာလေဗျာ။ ကျွန်တော်က ဘယ်လိုလုပ် ဒေါ်လေးကို သိမှာလဲ။"
စောစောက အဘိုးအိုက မနေနိုင်တော့ဘဲ ဝင်ပြောသည်။ "လူလေး... ဦးလေးကိုရော ကြည့်ပေးနိုင်မလား။ မင်းဟောတာသာ မှန်ရင် ဦးလေးရဲ့ သားအငယ်ကောင်က အိမ်ထောင်မကျသေးဘူး။ နှစ်ကုန်လို့ ကွမ်တုန်းပြည်နယ်ကနေ ပြန်လာရင် မင်းကိုပဲ အောင်သွယ်ခိုင်းတော့မယ်။"
ကျန်းဖုန်း မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးကာ ပြောလိုက်သည်။ "ကောင်းပြီလေ၊ ကတိတည်နော်။ ဦးလေးကို အရင်ကြည့်ပေးမယ်။" စကားဆုံးသည်နှင့် ဦးလေးကြီး၏ ခေါင်းပေါ်တွင် သူတစ်ယောက်တည်း မြင်ရသော စာတမ်းများ ပေါ်လာပြန်သည်။
[နာမည်] ကျန်းတယ်ယွမ်
[ဇနီး] ဟွမ်ရိကျန်း
[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၅၄
[အိမ်ထောင်ရေး သုံးသပ်ချက်]...
ဒါကိုမြင်တော့ ကျန်းဖုန်း သက်ပြင်းချလိုက်ပြီး "ဦးလေးရေ... ဦးလေးရဲ့ အိမ်ထောင်ရေးကတော့ နည်းနည်း အန္တရာယ်များတယ်။ အိမ်ထောင်ကျပြီးကတည်းက ရက်အနည်းငယ်ကြာတိုင်း ရန်ဖြစ်နေရပြီး ကွာရှင်းဖို့အထိ ဖြစ်ခဲ့တဲ့ အကြိမ်တွေတောင် မနည်းလောက်ဘူး။"
ထိုစကားကို ကြားသောအခါ ကျန်းတယ်ယွမ်က ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ "လူလေး... မင်း တကယ်စွမ်းတာပဲကွ။ ကွက်တိပဲ။ ငါနဲ့ ငါ့မိန်းမက တကယ်ကို အဆင်မပြေတာ။ ရက်ပိုင်းလောက်နေရင် ရန်ဖြစ်ပြီ။ အမှန်ပြောရရင် မနေ့ကပဲ ကြီးကြီးမားမား ရန်ဖြစ်ခဲ့လို့ ဒီနေ့ အထုပ်ဆွဲပြီး ရွာပြန်လာတာ၊ သူ့ကို သားကြီးနဲ့ ထားခဲ့လိုက်ပြီ။"
ကျန်းဖုန်းက နှစ်သိမ့်လိုက်သည်။ "ဦးလေး... ဦးလေးတို့ အိမ်ထောင်ရေးက သိပ်အဆင်မပြေဘူး ဆိုပေမယ့် ပေါင်းသင်းလာတာ ဒီလောက်ကြာပြီပဲ။ သားသမီးတွေ မျက်နှာထောက်ပြီး သည်းခံပေးလိုက်ပါဦး။"
"လူလေးပြောတာ မှန်ပါတယ်။ သားသမီးတွေ မျက်နှာကြောင့်သာ ဒီလောက်ကြာကြာ မကွာရှင်းဘဲ နေခဲ့တာ။ မဟုတ်ရင် ဒီလို အခြေအနေ ရောက်လာမှာ မဟုတ်ဘူး။"
ကျန်းတယ်ယွမ်က ခေတ္တမျှ သက်ပြင်းချလိုက်ပြီးနောက် ကျန်းဖုန်းကို ကြည့်ကာ ပြောသည်။ "လူလေး... မင်း တကယ်တော်တဲ့သူပဲ။ မင်းရဲ့ လိပ်စာကတ်ကို သေချာ သိမ်းထားမယ်။ နှစ်ကုန်လို့ သားအငယ်ကောင် ကွမ်တုန်းက ပြန်လာရင် မင်းကိုပဲ အောင်သွယ်ခိုင်းတော့မယ်။"
ကျန်းဖုန်း ရယ်မောလိုက်ပြီး "ကောင်းပါပြီ၊ စောင့်နေပါ့မယ်။"
ဒါကိုမြင်တော့ ကားပေါ်က ခရီးသည်အများစု စိတ်လှုပ်ရှားသွားကြသည်။ သို့သော် အလိမ်အညာ ခံရဖူးသော လူငယ်အချို့ကတော့ သတိထားနေဆဲဖြစ်ပြီး ဒါဟာ လိမ်နည်းအသစ်များလားဟု တွေးကာ စောင့်ကြည့်နေကြသည်။
ကျန်းဖုန်း၏ နောက်တွင် ထိုင်နေသော အသက် ၃၀ အရွယ် လူငယ်တစ်ဦးက ခဏမျှ တွေဝေနေပြီးမှ မေးလိုက်သည်။ "အစ်ကို... ကျွန်တော့် အိမ်ထောင်ရေးကိုရော ဟောပေးလို့ရမလား။"
"ရတာပေါ့!" ကျန်းဖုန်းက ခေါင်းညိတ်လိုက်ပြီး ခရီးသည်များကို ဝေ့ကြည့်ကာ ပြုံးလျက် ပြောသည်။ "ဒီနေ့ ခင်ဗျားတို့ကို လက်စွမ်းပြလိုက်ပါမယ်။ ကြော်ငြာတယ်လို့ပဲ သဘောထားလိုက်ပါ။ ခင်ဗျားတို့ ဒါမှမဟုတ် မိတ်ဆွေတွေ အိမ်ထောင်ဖက် ရှာနေရင် ကျွန်တော့်ကို ဆက်သွယ်ပါ။ အိုအောင်မင်းအောင် ပေါင်းရမယ့်သူကို ရှာပေးမယ်လို့ အာမခံပါတယ်။"
ထိုသို့ပြောပြီးနောက် ကျန်းဖုန်းက နောက်ခုံမှ လူငယ်ကို ကြည့်လိုက်သည်။
[နာမည်] ကျူးလျန်
[ဇနီး] ကျိုးလိမေ
[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၄၅
[အိမ်ထောင်ရေး သုံးသပ်ချက်]...
ထို ဆိုးရွားလှသော ကိန်းဂဏန်းကို မြင်လိုက်ရသောအခါ ကျန်းဖုန်း ခေါင်းခါမိသွားပြီး ပြောလိုက်သည်။ "အစ်ကိုရေ... အစ်ကို့အိမ်ထောင်ရေးက တော်တော်ဆိုးတယ်။ ဟိုဦးလေးထက်တောင် ဆိုးနေသေးတယ်။ ကျွန်တော်ထင်တာတော့ ဒီအိမ်ထောင်ရေးက ကပ်သီးကပ်သပ် စီစဉ်လိုက်ရတာမို့ တစ်ယောက်အကြောင်းတစ်ယောက် သေချာလေ့လာချိန်တောင် မရလိုက်ဘူးထင်တယ်။ ပြောစရာတောင်မလိုဘူး၊ ကွာရှင်းဖို့က အချိန်မရွေး ဖြစ်လာနိုင်တယ်။"
ထိုစကားကြားတော့ ကျူးလျန် တုန်လှုပ်သွားပြီး မေးလိုက်သည်။ "အစ်ကို... ကွာရှင်းဖို့က တကယ်ပဲ မလွဲမသွေ ဖြစ်လာမှာလား။"
ကျန်းဖုန်းက သေချာပေါက် ပြောလိုက်သည်။ "မှန်ပါတယ်။ ထူးခြားဆန်းကြယ်တာတခုခု မပေါ်လာရင်တော့ ကြာဒါမှမဟုတ် မြန်မြန် ကွာရှင်းရမှာပဲ။ ခင်ဗျားတို့က လုံးဝ လိုက်ဖက်မှုမရှိဘူး။ ကျွန်တော့်စကား ယုံမယ်ဆိုရင် အမြန်ဆုံး ကွာရှင်းဖို့ ဆုံးဖြတ်လိုက်ပါ။"
ကျူးလျန် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ ပြောသည်။ "လမ်းညွှန်ပေးတာ ကျေးဇူးပါပဲ။ ဘာလုပ်ရမလဲ ကျွန်တော် သိပါပြီ။ အစ်ကို့ကတ်ကို သေချာ သိမ်းထားပါ့မယ်။ နောက်ထပ် အိမ်ထောင်ပြုဖို့ စဉ်းစားဖြစ်ရင် အစ်ကို့ကိုပဲ အောင်သွယ်ခိုင်းပါ့မယ်။"
ကျန်းဖုန်းက ခေါင်းညိတ်ပြီး "ကြိုဆိုပါတယ်ဗျာ။ ထပ်ပြောလိုက်ပါဦးမယ်... ကျွန်တော့်ကို အောင်သွယ်ခိုင်းမယ်ဆိုရင် အိုအောင်မင်းအောင် ပေါင်းသင်းရမယ့်သူမျိုး ရှာပေးမယ်လို့ အာမခံပါတယ်။"
ဒီ ထင်ရှားတဲ့ သာဓက ၃ ခုက ကျန်းဖုန်း တကယ်တော်ကြောင်း သက်သေပြဖို့ လုံလောက်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ စကားဆုံးသည်နှင့် ဘတ်စ်ကားပေါ်ရှိ အိမ်ထောင်သည်များအားလုံးက သူတို့၏ အိမ်ထောင်ရေးကံကို တွက်ပေးရန် ကျန်းဖုန်းကို အလုအယက် တောင်းဆိုကြတော့သည်။
"လူလေးရေ... ဒေါ်လေးကိုလည်း တွက်ပေးပါဦး၊ အဆင်ပြေရဲ့လားလို့။"
"လူလေး... ဦးလေးကိုရော တွက်ပေးပါဦး။ အကြံဉာဏ်လေးပါ ပေးနိုင်ရင် ပိုကောင်းတာပေါ့။"
"အစ်ကို... ကျွန်တော့်ကိုရော ကြည့်ပေးပါဦး။ မှန်ရင် WeChat Moments မှာ ကြော်ငြာပေးမယ်ဗျာ၊ အမျိုးတွေ သူငယ်ချင်းတွေ အကုန်လုံးကို အစ်ကို့ဆီမှာပဲ အောင်သွယ်ခိုင်းတော့မယ်။"
"..."
နောက်ထပ် နာရီဝက်ကြာသည်အထိ ကျန်းဖုန်းသည် ကားပေါ်ရှိ အိမ်ထောင်သည်များစွာကို "ဗေဒင်" ဟောပေးခဲ့ပြီး သူတို့၏ လက်ရှိအိမ်ထောင်ရေး အခြေအနေများကို တိတိကျကျ ပြောပြနိုင်ခဲ့သဖြင့် ခရီးသည်များ အံ့အားသင့်ခဲ့ရသည်။
မူလက ကျန်းဖုန်း၏ လိပ်စာကတ်ကို ဘယ်သူမှ အလေးမထားခဲ့ကြပေ။ ဒီခေတ်ကြီးထဲမှာ လိပ်စာကတ်တွေက ပေါလွန်းလှသည် မဟုတ်ပါလား။ မြို့ထဲ တစ်ပတ်လောက် လည်လိုက်ရင်တောင် လိပ်စာကတ် အများကြီး ရနိုင်သည်။
သို့သော် ကျန်းဖုန်း၏ ထူးခြားသော 'ဗေဒင်' စွမ်းရည်ကို မြင်တွေ့ပြီးနောက်တွင်တော့ အိမ်ထောင်သည်ရော လူပျိုလူလွတ်များပါ သူပေးသော လိပ်စာကတ်ကို သေချာသိမ်းဆည်းကြပြီး WeChat ဖြင့် ချက်ချင်း add လိုက်ကြသည်။
ကျန်းဖုန်းကို အောင်သွယ်လုပ်ပေးရန် ပြောဆိုခြင်းကိုတော့ ထိုနေရာတွင် ချက်ချင်း ဘယ်သူမှ မပြောကြပေ။
ကျန်းဖုန်း၏ စွမ်းရည်ကို မယုံလို့မဟုတ်ဘဲ ဒေသဓလေ့ထုံးစံအရ အောင်သွယ်ငှားမည်ဆိုလျှင် လူကိုယ်တိုင် အိမ်တိုင်ရာရောက်သွားပြီး လက်ဆောင်ပစ္စည်းများ၊ အနီရောင်စာအိတ်များဖြင့် သွားရောက် ပြောဆိုရလေ့ရှိသောကြောင့် ဖြစ်သည်။
ဒါမှလည်း အိမ်ထောင်ရေး အဆင်မပြေခဲ့ရင်တောင် အောင်သွယ်တော်အတွက် ပင်ပန်းခအနေဖြင့်ရပြီး အလုပ်အလကားမဖြစ်စေရန် ကြိုတင်ပေးသော သဘောဖြစ်သည်။
အိမ်ထောင်ရေး အောင်မြင်သွားပြီ ဆိုလျှင်လည်း လက်ဆောင်များ ထပ်မံပြင်ဆင်ရပြီး နှစ်ဖက်သဘောတူထားသော ငွေပမာဏကို ကျေးဇူးတင်သောအားဖြင့် အောင်သွယ်တော်အား ပေးအပ်ရမြဲဖြစ်သည်။
...
ညနေ ၃ နာရီတွင် ဘတ်စ်ကားသည် ချင်းဟယ်မြို့နယ်၊ လုံဆန်းရွာအဝင်၌ ရပ်တန့်လိုက်သည်။
ကျန်းဖုန်းက ကားပေါ်တွင် ကျန်ရစ်သော ခရီးသည်များကို လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ပြုံးလျက် ပြောသည်။ "ဦးလေး၊ ဒေါ်လေး၊ အစ်ကို၊ အစ်မတို့ရေ... ကျွန်တော် ဆင်းတော့မယ်နော်။ နောက်မှ ဖုန်းနဲ့ဖြစ်ဖြစ် WeChat နဲ့ဖြစ်ဖြစ် ဆက်သွယ်ကြတာပေါ့။ သွားလိုက်ပါဦးမယ်။"
"ကောင်းပါပြီ ဆရာကျန်းရေ။"
"ဆရာကျန်း... ကျွန်မ အမြန်ဆုံး ဆက်သွယ်လိုက်ပါ့မယ်။"
"ဆရာကျန်း... ကျွန်တော့် ကလေးနဲ့ အရင်တိုင်ပင်ပြီးမှ ပြန်ဆက်သွယ်လိုက်မယ်နော်။"
"..."
ကျန်းဖုန်းသည် ဘေးမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားသော ဘတ်စ်ကားကြီးကို မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်နေမိသည်။
သူ အောင်သွယ်တော်လောကမှာ နာမည်ရမရ ဆိုတာကတော့ ကားပေါ်က ခရီးသည်တွေ ဘယ်လောက်ထိ အားပေးမလဲ ဆိုတာအပေါ် မူတည်နေပြီဖြစ်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: