အခန်း (၈) ပထမဆုံး Blind Date စီစဉ်မှု
နောက်တစ်နေ့ နေ့လယ်။
တန်ကျန်းဟိုတယ်။
အောင်သွယ်တော် ကျန်းဖုန်း၏ စီစဉ်မှုဖြင့် ဟိုတယ်၏ အထူးခန်း တစ်ခုအတွင်း၌ လီမိသားစုနှင့် ကျန်းမိသားစုတို့ တွေ့ဆုံကြသည်။
လီမိသားစုဘက်မှ လီမင်ချန်တို့ ဇနီးမောင်နှံနှင့် မင်းသားဖြစ်သူ လီရှင်းဝမ်တို့ တက်ရောက်ကြပြီး၊ ကျန်းမိသားစုဘက်မှ ကျန်းကျင်းစုန်းတို့ ဇနီးမောင်နှံနှင့် မင်းသမီးဖြစ်သူ ကျန်းချိုလန်တို့ တက်ရောက်ကြသည်။ နှစ်ဖက်စလုံးမှ မိဘများ စုံလင်စွာ တက်ရောက်ခြင်းက ဤအိမ်ထောင်ဖက် တွေ့ဆုံပွဲကို နှစ်ဦးနှစ်ဖက် မည်မျှ အလေးထားကြောင်း ပြသနေသည်။
သာမန်အားဖြင့် အလွန်အရေးမကြီးသော ပွဲများတွင် အမျိုးသမီးဘက်မှ မိဘနှစ်ပါးစလုံး တက်ရောက်လေ့မရှိပေ။ အများအားဖြင့် မိခင်နှင့် စကားပြောကောင်းသော ဆွေမျိုးတစ်ယောက် နှစ်ယောက်လောက်သာ လိုက်ပါလေ့ရှိပြီး ဖခင်ဖြစ်သူမှာ လိုက်ပါလေ့မရှိပါ။
ပိုင်လျန်ခရိုင်၏ အောင်သွယ်ထုံးစံများအရ Blind date ကာလအတွင်း ကုန်ကျစရိတ်အားလုံးကို အမျိုးသားဘက်မှ ကျခံရသည်။ ပွဲပြီးဆုံးသည့်အခါ အမျိုးသားဘက်မှ အမျိုးသမီးဘက်သို့ အနီရောင်စာအိတ် (Red envelope/မုန့်ဖိုး) ပေးရသည်။ ထိုမုန့်ဖိုးကို အမျိုးသမီးကိုသာမက အမျိုးသမီးဘက်မှ ပါလာသူအားလုံးနှင့် အောင်သွယ်တော်ကိုပါ ပေးရသည်။
သမီးဖြစ်သူနှင့် Blind date လိုက်သွားပြီး တစ်ဖက်လူ၏ မိဘများပေးသော မုန့်ဖိုးကို ယူရသည်မှာ အမျိုးသမီးများအတွက် လက်ခံရလွယ်ကူသော်လည်း အမျိုးသားကြီးတစ်ယောက်အနေဖြင့်မူ နေရခက်စရာ ဖြစ်သည်။
ထို့အပြင် "ယောက္ခမ" နှင့် "သားမက်" ကြားတွင် သဘာဝအလျောက် ရှိတတ်သော တင်းမာမှုများကြောင့်လည်း မဖြစ်မနေ လိုအပ်မှသာ ဖခင်များ လိုက်ပါလေ့ရှိသည်။
...
VIP အခန်းထဲတွင် ကျန်းဖုန်း မိတ်ဆက်ပေးပြီးနောက် နှစ်ဖက်မိသားစုမှာ အလိုအလျောက် စကားလက်ဆုံ ကျသွားကြသည်။ အောင်သွယ်တော် ကျန်းဖုန်းအနေဖြင့် လေပေးဖြောင့်ရန်ပင် မလိုတော့ပေ။ ဒါက လိုက်ဖက်မှုရမှတ် ၈၆ ၏ ကြောက်စရာကောင်းသော အချက်ပင်။
မင်းသားနှင့် မင်းသမီးတင် လိုက်ဖက်သည်မဟုတ်၊ မိသားစုချင်းပါ အပေးအယူ တည့်နေသည်။
လီမင်ချန်တို့ လင်မယားက ဝက်မွေးသည်၊ ကျန်းကျင်းစုန်းတို့ လင်မယားက တိရစ္ဆာန်အစာ ရောင်းသည်။ လုပ်ငန်းသဘောသဘာဝချင်း ဆက်နွယ်နေသဖြင့် ပြောစရာ စကားအကြောင်းအရာများက ကုန်နိုင်ဖွယ်မရှိ။
လီရှင်းဝမ်နှင့် ကျန်းချိုလန်တို့ကမူ ဓာတ်ပုံမြင်ကတည်းက မြင်မြင်ချင်း ချစ်မိနေကြပြီဖြစ်ရာ ပြောစရာပင် မလိုတော့။ ယခု တရားဝင် တွေ့ဆုံကြသောအခါ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားလွန်း၍ တစ်ဖက်လူ လေလည်တာတောင် မွှေးသည်ဟု ထင်ရလောက်အောင် ဖြစ်နေကြသည်။ သူတို့နှစ်ယောက်ကြားတွင် ပြောစရာစကား ပြတ်သွားမည်ကို ပူစရာမလိုပေ။
ထို့ကြောင့် အစပိုင်းတွင် မိတ်ဆက်ပေးပြီးသည်နှင့် အောင်သွယ်တော် ကျန်းဖုန်းမှာ ဘာမှလုပ်စရာ မလိုတော့ဘဲ စားသောက်ဖွယ်ရာများကိုသာ အရသာခံ စားသောက်နေလိုက်သည်။
ထမင်းစားပွဲမှာ ၃ နာရီနီးပါး ကြာမြင့်ပြီးမှ ပြီးဆုံးသွားသည်။
ပွဲမပြီးခင် လီမင်ချန်တို့ ဇနီးမောင်နှံသည် ဒေသဓလေ့ထုံးစံအတိုင်း အမျိုးသမီးဘက်မှ လူများနှင့် အောင်သွယ်တော်ကို အနီရောင်စာအိတ်များ ပေးကမ်းကြသည်။
အနီရောင်စာအိတ်ထဲမှ ငွေပမာဏသည် အလွန်အရေးကြီးသည်။ Blind date ၏ မင်းသမီးဖြစ်သူမှာ အများဆုံး ရရှိပြီး ကျန်သူများမှာ သူမနှင့် ပတ်သက်ဆက်နွယ်မှုအလိုက် အနည်းနှင့်အများ ရရှိကြသည်။
တကယ်လို့ အမျိုးသားဘက်က အမျိုးသမီးကို သဘောမကျပါက ပေးသော ငွေပမာဏမှာ အလွန်နည်းပါးလိမ့်မည်။ ယေဘုယျအားဖြင့် သဘောမကျပါက အမျိုးသမီးကို ယွမ် ၁၀၀ သို့မဟုတ် ၂၀၀ ခန့်သာ ပေးပြီး ကျန်သူများကို ယွမ် ၅၀ မှ ၁၀၀ ကြားသာ ပေးလေ့ရှိသည်။
အကယ်၍ အမျိုးသားဘက်က သဘောကျပါက ပေးသော ငွေပမာဏမှာ လုံးဝ ကွာခြားသွားသည်။ အမျိုးသမီးမှာ ယွမ် ၈၀၀ မှ ၁၀၀၀ အထိ ရရှိနိုင်ပြီး ကျန်သူများမှာ အနည်းဆုံး ယွမ် ၂၀၀ ခန့် ရရှိနိုင်သည်။
ဒီပိုက်ဆံက အလကားပေးသော သဘောဖြစ်သည်။ အမျိုးသမီးဘက်က ရှေ့ဆက်တိုးချင်သည်ဖြစ်စေ၊ မတိုးချင်သည်ဖြစ်စေ ဒီပိုက်ဆံကို ပြန်ပေးစရာ မလိုပေ။ ပိုင်လျန်ခရိုင်၏ ဤဓလေ့ထုံးစံကြောင့်ပင် အချို့သော မရိုးသားသည့် အမျိုးသမီးများသည် Blind date လုပ်ပြီး ပိုက်ဆံရှာသည့် အလုပ်ကို လုပ်ကိုင်ကြသည်။
အနည်းငယ် ရုပ်ရည်ရှိသော အမျိုးသမီးတစ်ယောက်သည် တစ်နေ့လျှင် Blind date နှစ်ပွဲလောက် လုပ်ရုံဖြင့် အလကား စားသောက်ရသည့်အပြင် အနည်းဆုံး ယွမ် တစ်ထောင်၊ နှစ်ထောင်လောက် ဝင်ငွေရနိုင်သည် မဟုတ်ပါလား။ ဘယ်လောက် တွက်ခြေကိုက်သည့် အလုပ်ပါနည်း။
လီမင်ချန်တို့ ဇနီးမောင်နှံမှာ သားဖြစ်သူ၏ Blind date နှင့် ပတ်သက်၍ အလွန်ကျေနပ်အားရနေကြသည်။ ထို့အပြင် သူတို့မိသားစုမှာ ငွေကြေးပြည့်စုံသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သဘောထားကို ပြသသည့်အနေဖြင့် ကျန်းချိုလန်ကို ယွမ် ၁၈၀၀၊ ကျန်းကျင်းစုန်းတို့ ဇနီးမောင်နှံနှင့် အောင်သွယ်တော် ကျန်းဖုန်းတို့ကို တစ်ယောက်လျှင် ယွမ် ၁၀၀၀ စီ ပေးလိုက်သည်။
လီမင်ချန်တို့က ဒီထက်ပိုမပေးချင်၍ မဟုတ်ပေ။ ပထမဆုံး တွေ့ဆုံပွဲမှာ ယွမ်သောင်းချီ ပေးလိုက်လျှင် တစ်ဖက်လူကို ပိုက်ဆံနှင့် ပေါက်သလို ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။ ဒီလောကကြီးမှာ လူတော်တော်များများက ပိုက်ဆံနှင့် အပေါက်ခံရတာကို ကြိုက်နှစ်သက်ကြပေမယ့် အချို့လူများကတော့ မကြိုက်ကြပေ။ အထူးသဖြင့် ဂုဏ်သိက္ခာချင်း၊ အဆင့်အတန်းချင်း တူညီနေသည့်အခါမျိုးတွင် ဘယ်သူက အောက်ကျခံချင်ပါ့မလဲ။
ထို့ကြောင့် လီမင်ချန်တို့ ပေးလိုက်သော ပမာဏသည် အလွန် သင့်တော်သည်။ အမျိုးသမီးဘက်ကို သဘောကျကြောင်း ပြသရာရောက်သလို တစ်ဖက်လူကိုလည်း ပိုက်ဆံနှင့် ဖိသလို မခံစားရစေပေ။
...
တန်ကျန်းဟိုတယ်မှ ထွက်ခွာပြီးနောက် ကျန်းကျင်းစုန်းတို့ မိသားစုသည် ဆိုင်ဖွင့်ရန် ပြန်သွားကြသည်။ ကျန်းဖုန်းမှာ လီမိသားစု၏ ကားဖြင့် ပြန်လိုက်လာခဲ့သည်။ လီမင်ချန်၊ လီရှင်းဝမ်နှင့် ကျန်းဖုန်း သုံးယောက်စလုံး အရက်သောက်ထားကြသဖြင့် ဒေါ်လေးလီက ကားမောင်းရသည်။
"ဦးလေးလီ၊ ဒေါ်လေးလီ... ကျွန်တော် ရှာပေးတဲ့ ချွေးမလောင်းကို သဘောကျရဲ့လား" ဟု ကျန်းဖုန်းက လီမင်ချန်နှင့်အတူ နောက်ခုံတွင် ထိုင်လိုက်ရင်း ပြုံးကာ မေးလိုက်သည်။
လီမင်ချန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဆရာကျန်း... ဆရာ့ရဲ့ အကဲခတ်ပုံက တကယ့်ကို အပြစ်ပြောစရာ မရှိပါဘူးဗျာ။ ကျွန်တော့်သားအတွက် ဆရာ့လိုလူက ကူညီပေးတာ တကယ့် ကံကောင်းခြင်းပါပဲ" ဟု ပြောလိုက်သည်။
ဒေါ်လေးလီကလည်း သက်ပြင်းချကာ "ဟုတ်တယ်၊ ကောင်မလေးက တကယ့်ကို ထူးချွန်ထက်မြက်တဲ့ပုံပဲ။ သူ့မိဘတွေကလည်း ပေါင်းသင်းဆက်ဆံရ လွယ်ကူတယ်။ သူတို့နဲ့ ခမည်းခမက်တော်ရမယ်ဆိုရင် ကျွန်မကတော့ ရာနှုန်းပြည့် ထောက်ခံပါတယ်" ဟု ဝင်ပြောသည်။
လီရှင်းဝမ်က ကျန်းဖုန်းဘက် လှည့်ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ "ဆရာကျန်း... ဆရာ အရင်က ပြောခဲ့တာတွေ တကယ် မှန်တာပဲ။ ချိုလန်နဲ့ ကျွန်တော်က တကယ့်ကို လိုက်ဖက်ညီပါတယ်။ ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားဖို့ အသင့်တော်ဆုံးက သူပဲလို့ ကျွန်တော် ခံစားနေရပြီ။"
ကျန်းဖုန်း ရယ်မောလိုက်ပြီး "အစ်ကိုတို့ ကျေနပ်တယ်ဆိုရင် ကျွန်တော် ဝမ်းသာပါတယ်" ဟု ပြောလိုက်သည်။
လီမင်ချန်က "ဆရာကျန်း... ဟိုဘက် ကျန်းမိသားစုရဲ့ သဘောထားကိုလည်း နောက်မှ စုံစမ်းပေးပါဦးဗျာ။ ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်" ဟု ပြောသည်။
အောင်သွယ်တစ်ယောက်အနေဖြင့် ဒါက သူ့တာဝန်ဖြစ်သဖြင့် ကျန်းဖုန်းက ချက်ချင်း ပြန်ဖြေသည်။ "ဦးလေးလီကလည်း အားနာစရာမလိုပါဘူး ဒါ ကျွန်တော့်တာဝန်ပါပဲ။ ပြန်ရောက်တာနဲ့ ဦးလေးကျန်းဆီ ဖုန်းဆက်မေးလိုက်ပါ့မယ်။ ကျွန်တော့်အမြင်အရတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။ ဦးလေးကျန်းတို့ လင်မယားရဲ့ သဘောထားက ရှင်းနေတာပဲလေ။ အစ်ကိုဝမ်ကို သဘောမကျဘူးဆိုရင် အကြောင်းပြချက်တစ်ခုခုပြပြီး ပြန်သွားလောက်ပြီပေါ့။"
လီမင်ချန်က ပြုံးပြီး ခေါင်းညိတ်သည်။ "ဒါလည်း ဟုတ်တာပဲ။ ဆရာကျန်းက အမြင်ရှင်းသားပဲ။"
...
ထိုအချိန်တွင် ကျန်းကျင်းစုန်းတို့ ဆိုင်ပြန်ရောက်သောအခါ သားဖြစ်သူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "အဖေနဲ့အမေ... အစ်မရဲ့ Blind date ဘယ်လိုနေလဲ။ တစ်ဖက်လူက တကယ်ရော ကျန်းဖုန်းပြောသလောက် ကောင်းရဲ့လား။"
ကျန်းကျင်းစုန်းက သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး "ဒီနေ့ တွေ့ရသလောက်တော့ အဆင်ပြေမယ့်ပုံပါပဲ။ တစ်ဖက်လူက ရှောင်ဖုန်း ပြောတာနဲ့ သိပ်မကွာပါဘူး။ အသေးစိတ်ကိုတော့ နောက်ပိုင်း ဆက်ဆံကြည့်မှ သိရမှာပေါ့" ဟု ပြောလိုက်သည်။
မိခင်ဖြစ်သူကလည်း ချီးကျူးစကား အနည်းငယ် ဆိုလိုက်ရာ ဒီနေ့ပွဲကို သူမ တော်တော်ကျေနပ်ကြောင်း သိသာစေသည်။
ကျန်းကျိန်းတုန်း မျက်လုံးများ အရောင်တောက်သွားပြီး ကာယကံရှင်ကို တိုက်ရိုက် မေးလိုက်သည်။ "အစ်မ... အဖေနဲ့အမေကတော့ သဘောကျနေပြီ။ အစ်မရော... ဘယ်လိုမြင်လဲ။"
ကျန်းချိုလန်သည် တစ်ဖက်လူကို သဘောကျနေသော်လည်း မူနေသေးပြီး "လောလောဆယ်တော့ အဆင်ပြေပါတယ်။ အဖေပြောသလိုပဲ၊ သေချာပေါင်းသင်းကြည့်မှ သိရမှာပေါ့။ ရှေးစကားပုံလိုပဲ 'ကာလကြာမှ စေတနာမှန်ကို သိရ' မယ်လေ" ဟု ပြောလိုက်သည်။
ဒါကိုကြားတော့ ကျန်းကျိန်းတုန်း သဘောပေါက်လိုက်သည်။ သူ့အစ်မ အကြောင်း သူအသိဆုံး မဟုတ်ပါလား။ "အဆင်ပြေပါတယ်" လို့ ပြောပြီဆိုကတည်းက တော်တော်လေး သဘောကျနေပြီဟု အဓိပ္ပာယ်ရသည်။ သူ့အစ်မ ယောက်ျားရဖို့ သိပ်မလိုတော့ဘူးပဲ...
...
ချင်းရှန်းမြို့နယ်။
ကျူးကျားရွာ။
လင်မယားနှစ်ယောက် ရန်ဖြစ်နေကြသည်။
အမျိုးသမီးဖြစ်သူက ဒေါသတကြီး အော်ဟစ်နေသည်။ "ကျူးလျန်... နင်က အိမ်မှာ မိန်းမကိုပဲ အော်ရဲတာ။ ဘာကောင်မို့လို့လဲ။ သတ္တိရှိရင် အပြင်ထွက်ပြီး သူများကို သွားအော်ပါလား။ အသုံးမကျတဲ့ကောင်၊ ငါ နည်းနည်းပြောလိုက်တာနဲ့ ဒေါသထွက်ပြနေတယ်။"
ရန်တွေ့နေသော ဇနီးသည် ကျိုးလိမေကို ကြည့်ရင်း ကျူးလျန်၏ မျက်နှာမှာ အလွန် အရုပ်ဆိုးနေသည်။ ဟင်းချက်ရင်း မတော်တဆ ဆားနည်းနည်းလေး ပိုထည့်မိတာကို သူ့ကို ကြည့်မရသော ဇနီးသည်က အခွင့်ကောင်းယူပြီး မညှာမတာ ဆဲဆိုနေခြင်းဖြစ်သည်။
ဒါ ပထမဆုံးအကြိမ်လည်း မဟုတ်။ "ကိုယ့်ကို မုန်းနေတဲ့သူနဲ့ အတူနေရင် ဘယ်ခြေထောက်နဲ့ အရင်လှမ်းလှမ်း အပြစ်ဖြစ်နေမှာပဲ" ဆိုတဲ့ သဘောတရားကို ကျူးလျန် နက်နက်ရှိုင်းရှိုင်း နားလည်လိုက်ပြီ။ သူ့ကို ဆူဖို့ အကြောင်းပြချက် မလိုပေ။
သူ့ကို ဒီလောက် မုန်းနေမှတော့ ကျိုးလိမေက ဘာကိစ္စ သူ့ကို လက်ထပ်ခဲ့လဲဆိုတာ ကျူးလျန် တကယ် နားမလည်နိုင်ပေ။ အမုန်းဆုံးကတော့ လက်မထပ်ခင်တုန်းက သိမ်မွေ့သိတတ်ချင်ယောင်ဆောင်ပြီး သူ့ကို လှည့်စားခဲ့ခြင်းပင်။ သားလေး မွေးပြီးမှ ဇာတိရုပ် အမှန်ပေါ်လာသည်။ ဒီလို တမင်သက်သက် လှည့်စားခြင်းက တကယ့်ကို ယုတ်မာလွန်းသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း ကျူးလျန် အတော်လေး ခံစားခဲ့ရပြီ။ အခုတော့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်သည်။
ကျိုးလိမေက ပိုပိုပြီး ဆိုးလာကာ ပါးစပ်ထဲ ရှိရာ လျှောက်ပြောနေသည်။ "ကျူးလျန်... နင်က လုံးဝ အသုံးမကျတဲ့ အကောင်။ နင့်ကို ယူမိတာ ငါ့ဘဝရဲ့ အကြီးမားဆုံး အမှားပဲ။"
ဒါကိုကြားတော့ ကျူးလျန် ဒေါသထွက်သွားသည်။ သို့သော် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဒေါသကို ပြန်ထိန်းလိုက်သည်။
လွန်ခဲ့သော ၂ ရက်က ကားပေါ်တွင် ဆရာကျန်း ဟောခဲ့သည်များကို ပြန်သတိရလိုက်ပြီး ကျူးလျန်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျိုးလိမေ... တို့တွေ ကွာရှင်းကြရအောင်။"
ကျိုးလိမေ ကြောင်အသွားပြီးနောက် မထီမဲ့မြင် ပြုံးလိုက်သည်။ "ကောင်းပြီလေ၊ ကွာရှင်းကြတာပေါ့။ မကွာတဲ့ကောင် ခွေးဖြစ်ကြေး။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: