အခန်း (၉) မောင်နှမများ
တစ်ပတ်အကြာတွင်။
ကျန်းဖုန်းသည် လီမိသားစုအိမ်သို့ ဖိတ်ကြားခြင်း ခံရသည်။ နောက်တစ်နေ့တွင် ကျန်းမိသားစုဘက်မှ "အိမ်လာကြည့်ခြင်း"ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။
ပိုင်လျန်ခရိုင်တွင် အောင်သွယ်ခြင်းနှင့် ပတ်သက်၍ အဆင့် (၃) ဆင့် ရှိသည်ဟု ဆိုရိုးစကားရှိသည်။
အဆင့် ၁ - တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်အောင် လုပ်ခြင်း။
အဆင့် ၂ - အိမ်လာကြည့်ခြင်း။
အဆင့် ၃ - တင်တောင်းခြင်း။
ပထမအဆင့်ဖြစ်သော Blind date ဆိုသည်မှာ အောင်သွယ်တော်မှ အမျိုးသားနှင့် အမျိုးသမီးကို ပထမဆုံးအကြိမ် တွေ့ဆုံပေးခြင်းဖြစ်သည်။ ပထမအကြိမ်တွေ့ဆုံပြီးနောက် နှစ်ဦးနှစ်ဖက် သဘောကျ၍ ရှေ့ဆက်တိုးလိုပါက အောင်သွယ်တော်မှ စီစဉ်၍ အမျိုးသမီးဘက်မှ ဆွေမျိုးမိတ်ဆွေများကို အမျိုးသားအိမ်သို့ ခေါ်လာကာ "အိမ်လာကြည့်" စေသည်။ အမျိုးသားဘက်မှလည်း ဆွေမျိုးမိတ်ဆွေများကို ဖိတ်ကြား၍ ဧည့်ခံကြရသည်။ ဤသည်မှာ ဒုတိယအဆင့် "အိမ်လာကြည့်ခြင်း" ဖြစ်သည်။
အိမ်လာကြည့်ပြီးနောက် နှစ်ဖက်စလုံး သဘောတူပါက တတိယအဆင့်အနေဖြင့် အမျိုးသားဘက်မှ အမျိုးသမီးဘက်သို့ ပေးရမည့် တင်တောင်းငွေ ပမာဏကို အောင်သွယ်တော်မှတစ်ဆင့် ညှိနှိုင်းကြရသည်။ ဤအဆင့် ၃ ဆင့်လုံး ချောမွေ့စွာ ပြီးဆုံးသွားပါက လက်ထပ်ပွဲ ဖြစ်မြောက်ရန် သေချာသလောက် ရှိပြီဖြစ်သည်။
"ဒါ မနက်ဖြန်အတွက် ကျွန်တော်စီစဉ်ထားတဲ့ ဟင်းပွဲစာရင်းပါ..."
လီမင်ချန်သည် ကျန်းဖုန်းရှေ့တွင် ပိုင်လျန်ခရိုင်၏ ဧည့်ခံပွဲများ၌ မပါမဖြစ်သော ဟင်းပွဲ ၁၈ မျိုးကို ရွတ်ပြလိုက်သည်။ ပြီးနောက် "ဆရာကျန်း... ဒီအစီအစဉ် အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
ကျန်းဖုန်းက ခေါင်းညိတ်ပြုံးပြပြီး "အဆင်ပြေပါတယ် ဦးလေးလီ။ မင်္ဂလာဆောင်ဧည့်ခံပွဲတွေမှာတောင် ဒီလောက် ခမ်းနားတဲ့ ဟင်းပွဲတွေ မပါတတ်ဘူး" ဟု ပြောလိုက်သည်။
လီမင်ချန် စိတ်သက်သာရာရသွားပြီး "ဆရာကျန်း သဘောတူတယ်ဆိုရင် ကျွန်တော် စိတ်အေးရပါပြီ။ စီးကရက်နဲ့ အရက်အတွက်လည်း စီစဉ်ပြီးပါပြီ။ စားပွဲဝိုင်းတစ်ဝိုင်းကို စီးကရက်အကြီးတစ်ထုတ်၊ အရက်အနေနဲ့ မောင်ထိုင် တစ်ပုလင်း၊ ဝူလျန်ရဲ့ တစ်ပုလင်း၊ ဝိုင်အကောင်းစား ၂ ပုလင်းနဲ့ ဘီယာကတော့ အဝသောက်ပါပဲ။ ဘယ်လိုသဘောရလဲ။"
ဒီစံနှုန်းက သာမန်လူအများစု၏ မင်္ဂလာဆောင်ဧည့်ခံပွဲထက်ပင် များစွာသာလွန်နေသည်။ ကျန်းဖုန်းက ထပ်ခါတလဲလဲ ချီးကျူးလိုက်သည်။ "မဆိုးဘူး၊ မဆိုးဘူး။ ဟင်းပွဲတွေကနေ စီးကရက်၊ အရက် စီစဉ်ပုံအထိ ဦးလေးလီတို့မိသားစုရဲ့ စေတနာကို ကျွန်တော်တောင် ခံစားလို့ရတယ်။ မနက်ဖြန်လာမယ့် ကျန်းမိသားစုနဲ့ သူတို့ဆွေမျိုးတွေ သေချာပေါက် ကျေနပ်ကြမှာပါဗျာ။"
ဘေးနားမှ နားထောင်နေသော ဒေါ်လေးလီက ပြုံးပြီး ဝင်ပြောသည်။ "ဆရာကျန်းက အဲ့လိုပြောတော့ ကျွန်မတို့ စိတ်အေးရတာပေါ့။ ကျွန်မတို့ ရှောင်ဝမ်လေး စိတ်ကြိုက်တွေ့တဲ့ ကောင်မလေးမျိုး တွေ့ရခဲတယ်လေ။ မိဘတွေအနေနဲ့ လိုလေသေးမရှိအောင် ပံ့ပိုးပေးရမှာပေါ့။"
ကျန်းဖုန်းက နားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။ ထို့နောက် အသေးစိတ်အချက်အလက် အချို့ကို ဆွေးနွေးကြသည်။ လီမိသားစုသည် နောက်တစ်နေ့ "အိမ်လာကြည့်မည့်" ကျန်းမိသားစုနှင့် ဧည့်သည်များ ကျေနပ်စေရန် အမှန်တကယ် ကြိုးစားအားထုတ်ထားကြသည်။
Blind date မှ "အိမ်လာကြည့်ခြင်း" အဆင့်သို့ ရောက်ရှိလျှင် အောင်မြင်နိုင်ချေ ၅၀% ကျော်ရှိပြီ ဆိုသော်လည်း လီမိသားစုသည် ပေါ့ဆမနေဘဲ "လိုက်သူ"၏ စိတ်ဓာတ်ဖြင့် အကောင်းဆုံး ပြင်ဆင်ထားကြသည်။
...
လီမိသားစုအိမ်မှ လျှပ်စစ်စကူတာဖြင့် ပြန်လာစဉ် ကျန်းဖုန်း၏ WeChat မှ ဗီဒီယိုကော ဝင်လာသည်။ အစ်မဖြစ်သူထံမှ ဖြစ်သည်။ ကျန်းဖုန်းသည် စကူတာကို လမ်းဘေးချရပ်လိုက်ပြီး ဗီဒီယိုကောကို ကိုင်လိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် ချောမောလှပသော မျက်နှာတစ်ခု ပေါ်လာသည်။ ကျန်းဖုန်း၏ အစ်မ ကျန်းရွှယ်ပင်။
"အစ်မ... ဒီအချိန် အလုပ်လုပ်ရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဗီဒီယိုကော ခေါ်ချိန်ရနေတာလဲ" ဟု ကျန်းဖုန်း မေးလိုက်သည်။
ကျန်းရွှယ်က "ဒီနေ့ နေမကောင်းလို့ ခွင့်ယူထားတယ်" ဟု ပြန်ဖြေသည်။
ကျန်းဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။ "ဘာဖြစ်တာလဲ။ နေမကောင်းဘူးလား။ ဆရာဝန်ရော ပြပြီးပြီလား။"
ကျန်းရွှယ် စိတ်ထဲ နွေးထွေးသွားပြီး ခေါင်းခါကာ ပြုံးလျက် "ပြဿနာအသေးလေးပါ၊ အခု သက်သာသွားပါပြီ" ဟု ပြောသည်။
ကျန်းဖုန်း စိတ်သက်သာရာရသွားပြီး "အဆင်ပြေရင် ပြီးတာပါပဲ။ တစ်ယောက်တည်း အဝေးမှာနေတာ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်" ဟု ပြောလိုက်သည်။
ကျန်းရွှယ်က ခေါင်းညိတ်လိုက်ပြီး "ရှောင်ဖုန်း... နင် အိမ်ပြန်ရောက်နေတာ ရက်နည်းနည်း ကြာပြီနော်။ ဘာလုပ်မလဲ ဆုံးဖြတ်ပြီးပြီလား။ အစ်ကိုကြီးလိုပဲ စက်မှုဇုန်ထဲ ဝင်လုပ်မလား၊ ဒါမှမဟုတ် အစ်မလိုပဲ အပြင်ထွက်လုပ်မလား။"
ကျန်းဖုန်းသည် အောင်သွယ်လုပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း မိဘများနှင့် အစ်ကိုဖြစ်သူက သူရေရှည်လုပ်နိုင်ပါ့မလားဟု သံသယရှိနေသဖြင့် ဘယ်သူ့ကိုမှ မပြောပြထားပေ။ အစ်မဖြစ်သူ ကျန်းရွှယ်လည်း မသိသေးပါ။
မူလက လီရှင်းဝမ်နှင့် ကျန်းချိုလန် စုံတွဲကို အောင်မြင်စွာ ပေါင်းဖက်ပေးပြီး ပထမဆုံး အောင်သွယ်ခ ရမှ အစ်မကို ပြောပြရန် စီစဉ်ထားသည်။ သို့သော် အစ်မက အလုပ်ကိစ္စ မေးလာပြီဖြစ်၍ ဆက်မဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။
"အစ်မ... ကျွန်တော် အခု ရွာမှာ အောင်သွယ်လုပ်နေတယ်!"
ကျန်းရွှယ် မျက်လုံးပြူးသွားပြီး နားကြားမှားသလားဟု ထင်ကာ "ဘာပြောလိုက်တယ်" ဟု မေးလိုက်သည်။
ကျန်းဖုန်းက ပြုံးပြီး ထပ်ပြောသည်။ "အစ်မ... ကျွန်တော် ရွာမှာ အောင်သွယ်လုပ်နေပါတယ်လို့!"
ကျန်းရွှယ်က မယုံကြည်နိုင်စွာဖြင့် "ရှောင်ဖုန်း... နင် ဘာတွေ လာနောက်နေတာလဲ။ နင်က အောင်သွယ်လုပ်မယ် ဟုတ်လား။"
ကျန်းဖုန်း နှုတ်ခမ်းမဲ့လိုက်ပြီး "အစ်မကလည်း ကျွန်တော့်ကို အထင်သေးလိုက်တာ။ ကျွန်တော်က ဘာလို့ အောင်သွယ်လုပ်လို့ မရရမှာလဲ။"
ကျန်းရွှယ်က "ရှောင်ဖုန်း... အောင်သွယ်တော် အများစုက အသက်ကြီးတဲ့ အိမ်ထောင်သည်တွေလေ။ နင်က ငယ်ငယ်လေး ရှိသေးတယ်၊ ရည်းစားတောင် မရှိသေးဘူး။ ဘယ်သူက နင့်ကို အောင်သွယ်ငှားမှာလဲ။"
ကျန်းဖုန်း ရယ်မောလိုက်ပြီး "အစ်မရာ... အစ်မအတွေးတွေက ခေတ်နောက်ကျနေပြီ။ အောင်သွယ်ဆိုတာ အသက်ကြီးတဲ့ အိမ်ထောင်သည်ပဲ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ။ အမှန်ပြောရရင် ပြန်ရောက်ကတည်းက အောင်သွယ်ငှားတဲ့သူ ရှိနေပြီ။ မုန့်ဖိုးအနေနဲ့ ယွမ် ၁၈၀၀ တောင် ရပြီးပြီ။ မနက်ဖြန်ဆို အမျိုးသားအိမ်ကို အမျိုးသမီးဘက်က 'အိမ်လာကြည့်' ဖို့ စီစဉ်ထားတယ်။ ဘာပြဿနာမှ မရှိရင် နောက်ထပ် မုန့်ဖိုး ထပ်ရဦးမယ်။"
ကျန်းရွှယ်က မယုံနိုင်စွာဖြင့် "ရှောင်ဖုန်း... နင် ငါ့ကို နောက်နေတာ မဟုတ်ဘူးနော်။ ဒါက ဖြစ်နိုင်ချေမှ မရှိတာ။ ဘွဲ့ရပြီး အိမ်ပြန်ရောက်တာမှ မကြာသေးဘူး၊ ဘယ်သူက နင့်ကို အောင်သွယ်ငှားမှာလဲ။"
ကျန်းဖုန်းက အားရပါးရ ရယ်မောလိုက်သည်။ "အစ်မရေ... အစ်မကတော့ ရက်ပိုင်းလေးအတွင်းမှာ တော်တော်ပြောင်းလဲသွားတာပဲ။ အစ်မမောင်ရဲ့ အောင်သွယ်စွမ်းရည်က ထိပ်တန်းပဲဗျ။ စောင့်သာကြည့်လိုက်၊ ကျွန်တော့်ရဲ့ ပထမဆုံး ဖောက်သည် မကြာခင် မင်္ဂလာဆောင်တော့မှာ။"
မထင်မှတ်ထားသော သတင်းကြောင့် ကျန်းရွှယ် စကားမပြောနိုင်လောက်အောင် အံ့သြသွားသည်။ မယုံချင်သော်လည်း အချက်အလက်များက ငြင်းလို့မရအောင် ဖြစ်နေသည်။ သို့သော်လည်း ဒီသတင်းက တကယ့်ကို ယုံနိုင်စရာ မရှိလောက်အောင် ဖြစ်နေဆဲပင်။
အစ်မဖြစ်သူ၏ အံ့သြနေသော မျက်နှာကို ကြည့်ပြီး ကျန်းဖုန်း ရယ်မောကာ "အစ်မရာ... မျက်နှာကြီးကလည်း သရဲမြင်တဲ့အတိုင်းပဲ။ အစ်မမောင်က အောင်သွယ်လုပ်တာလေ၊ ဘာတွေများ အဲ့လောက် အံ့သြနေရတာလဲ" ဟု ပြောလိုက်သည်။
ကျန်းရွှယ်က မျက်စောင်းထိုးလိုက်ပြီး "နင်ပြောတော့ လွယ်တာပေါ့။ ငါသာ အောင်သွယ်လုပ်မယ်လို့ ပြောရင် နင် ယုံပါ့မလား" ဟု ပြန်မေးသည်။
ကျန်းဖုန်း ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "အစ်မပြောတာ ဟုတ်တယ်။ အစ်မသာဆိုရင်လည်း ကျွန်တော် အံ့သြမိမှာပဲ။ ဘာပဲဖြစ်ဖြစ် အစ်မမောင်က အခု တကယ့် အောင်သွယ်စစ်စစ် ဖြစ်နေပြီ။ အစ်မ... မှတ်ထားနော်၊ ရည်းစားမထားနဲ့ဦး။ ကျွန်တော် အစ်မနဲ့ သင့်တော်မယ့်သူ ရှာမတွေ့မချင်း စောင့်ဦး။"
ကျန်းရွှယ်က ရယ်ရခက်ငိုရခက်ဖြင့် "ငါ ရည်းစားထားချင်ရင် နင် မိတ်ဆက်ပေးစရာ လိုလို့လား" ဟု ပြောသည်။
ကျန်းဖုန်းက လေးလေးနက်နက် ပြောလိုက်သည်။ "အစ်မ... ကျွန်တော် အတည်ပြောနေတာ။ လူနှစ်ယောက် ပျော်ရွှင်မလားဆိုတာ ကျွန်တော် တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ်။ ဒါ ကျွန်တော့်ရဲ့ ပါရမီပဲ။ ဒါကြောင့်လည်း အောင်သွယ်လုပ်ဖို့ ရွေးချယ်ခဲ့တာ။"
ကျန်းရွှယ်က သံသယဖြင့် "နင့်မှာ အဲ့လို ပါရမီရှိတယ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးပါလား" ဟု မေးသည်။
"ဟာ... အသေးစိတ်တွေ ထားလိုက်ပါဗျာ။ အစ်မ မင်္ဂလာရေးကို ကျွန်တော့်လက်ထဲသာ အပ်လိုက်။ သေချာပေါက် အတော်ဆုံးနဲ့ အသင့်တော်ဆုံး ယောက်ျားတစ်ယောက် ရှာပေးပါ့မယ်။"
ကျန်းရွှယ်က "နင့်မှာ တကယ် အဲ့လိုအစွမ်းရှိရင် ငါတို့အတွက် ယောက်မ အရင်ရှာပေးစမ်းပါ!" ဟု ပြောလိုက်သည်။
ကျန်းဖုန်း ခေါင်းညိတ်လိုက်ပြီး "ဒါပေါ့၊ အစ်ကိုကြီးအတွက် မိန်းမ ရှာနေတာပေါ့။ ဒါပေမဲ့ အနီးနားမြို့နယ်တွေမှာ သင့်တော်မယ့်သူ မတွေ့သေးဘူး။ ပထမဆုံး ဖောက်သည်ဆီက အောင်သွယ်ခရရင် ခရိုင်မြို့နဲ့ တခြားမြို့နယ်တွေဘက် သွားပြီး အစ်ကိုကြီးနဲ့ သင့်တော်မယ့်သူ ရှာဖို့ အစီအစဉ်ရှိတယ်။"
ကျန်းရွှယ် အံ့သြသွားပြီး "နင် အတည်ပြောနေတာလား" ဟု မေးသည်။
ကျန်းဖုန်း ရယ်မောလိုက်ပြီး "နောက်နေတယ် ထင်လို့လား။ အစ်ကိုကြီးကို အောင်သွယ်ပေးပြီးသွားရင် ကျွန်တော့်လက်စွမ်းကို အစ်မ ယုံသွားပါလိမ့်မယ်" ဟု ပြောလိုက်သည်။
ကျန်းရွှယ် အနည်းငယ် ကြောင်အသွားပြီး "ကောင်းပြီလေ၊ ဒါဆိုလည်း စောင့်ကြည့်ရတာပေါ့" ဟု ပြောလိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: