အခန်း (၁၁) တင်တောင်းငွေနှင့် မင်္ဂလာလက်ဖွဲ့
ယနေ့သည် ကျန်းမိသားစုက လီမိသားစုအိမ်သို့ "အိမ်လာကြည့်" သောနေ့ဖြစ်သည်။ အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်သော လီရှင်းဝမ်နှင့် ကျန်းချိုလန်တို့အပြင် အောင်သွယ်တော် ကျန်းဖုန်းသည်လည်း နှစ်ဖက်ဆွေမျိုးများ၏ ဝိုင်းဝန်းမြှောက်ပင့်မှုကို ခံနေရသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းဖုန်းတွင် မျက်နှာကြည့်ပြီး အိမ်ထောင်ရေးဟောနိုင်သည့် အံ့မခန်းစွမ်းရည်ရှိကြောင်း လီနှင့် ကျန်းမိသားစု နှစ်ဖက်စလုံးက သတင်းဖြန့်ထားသောကြောင့်ဖြစ်သည်။ တစ်ဖက်တွင် "ဆရာကျန်း" နာမည်ကြီးပြီး စီးပွားပိုဖြစ်စေရန် ရည်ရွယ်သလို အခြားတစ်ဖက်တွင်လည်း သူတို့ဆွေမျိုးများအတွက် စေတနာထား၍ ပြောပြခြင်းဖြစ်သည်။ အကြောင်းမှာ မိသားစုနှစ်ဖက်စလုံးက "ဆရာကျန်း" ၏ ဟောကိန်းများ မည်မျှမှန်ကန်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးဖြစ်၍ပင်။
ကျန်းဖုန်း၏ စွမ်းရည်ကို သိရှိသွားကြသဖြင့် လီနှင့် ကျန်းမိသားစုဝင် ဆွေမျိုးများ၊ အထူးသဖြင့် အိမ်ထောင်ပြုမည့်အရွယ် သားသမီးရှိသူများက သူ့ကို အလွန်အမင်း စိတ်ဝင်တစား ချဉ်းကပ်ကြသည်။ လက်ဖက်ရည်တစ်ခွက် သောက်ချိန်အတွင်းမှာပင် ကျန်းဖုန်းသည် WeChat friend အယောက် ၂၀ ကျော် လက်ခံလိုက်ရသည်။
ဒီမိဘတွေ ဒီလောက် စိတ်အားထက်သန်နေကြတာ အံ့သြစရာတော့ မဟုတ်။ ဒီခေတ်ကြီးမှာ ဇနီးမယားရှာဖို့ဆိုတာ တကယ် မလွယ်ကူတော့။ ကျွန်တော်တို့နိုင်ငံ၏ သတ္တမအကြိမ်မြောက် သန်းခေါင်စာရင်းအရ ကျားမ အချိုးအစား မညီမျှမှုသည် အလွန်ဆိုးရွားနေသည်။ စုစုပေါင်းလူဦးရေတွင် အမျိုးသား ၅၁.၂၄% နှင့် အမျိုးသမီး ၄၈.၇၆% ရှိရာ အမျိုးသမီးထက် အမျိုးသား ၃၄.၉ သန်း ပိုများနေသည်။ ဆိုလိုသည်မှာ နိုင်ငံအတွင်း အမျိုးသား သန်း ၃၀ ကျော်သည် ဇနီးမယား ရှာမရနိုင်သော အခြေအနေ ဖြစ်နေသည်။
ဒီစကားက နည်းနည်း ပိုပြောတယ်ဆိုပေမယ့် လက်တွေ့မှာ အမျိုးသားတွေ အိမ်ထောင်ပြုဖို့ တော်တော်ခက်ခဲနေတာ အမှန်ပါပဲ။ အထူးသဖြင့် ကျေးလက်ဒေသများတွင် "သားယောက်ျားလေးကို တန်ဖိုးထားသည့်" အယူအဆက အမြစ်တွယ်နေဆဲဖြစ်ရာ ယေဘုယျအားဖြင့် အမျိုးသားဦးရေက အမျိုးသမီးထက် များစွာ သာလွန်နေသည်။ ထို့အပြင် အိမ်ထောင်ပြုမည့်အရွယ် အမျိုးသမီးအများစုက မြို့ကြီးများတွင် အလုပ်သွားလုပ်ကြပြီး ကျေးလက်သို့ ပြန်မလာချင်ကြသဖြင့် ကျေးလက်ဒေသရှိ အမျိုးသမီးဦးရေ လျော့နည်းလာသည်။ ရလဒ်အနေဖြင့် အသက် ၃၀၊ ၄၀ အရွယ် အမျိုးသားအများအပြားမှာ ဇနီးမယား ရှာမရဘဲ ကျန်ရစ်နေကြသည်။
လူဦးရေ အထူထပ်ဆုံး ခရိုင်သုံးခုထဲတွင် ပါဝင်သော ပိုင်လျန်ခရိုင်သည် ဖိုဝါဒီလွှမ်းမိုးမှုဒဏ်ကို အကြီးအကျယ် ခံစားနေရသော ဒေသဖြစ်သည်။ ၂၀၂၀ သန်းခေါင်စာရင်းအရ ပိုင်လျန်ခရိုင်တွင် အိမ်ထောင်စုပေါင်း ၅၂၉,၂၅၆ စု ရှိပြီး စုစုပေါင်း လူဦးရေ ၁,၉၂၅,၂၆၁ ဦး ရှိသည်။ ထိုအထဲတွင် အမျိုးသား ၁,၀၅၄,၁၃၅ ဦးနှင့် အမျိုးသမီး ၈၇၁,၁၂၆ ဦး ရှိရာ ကျားမအချိုးအစားမှာ ၁၂၁:၁၀၀ ဖြစ်သည်။
ဒီအချက်အလက်တွေက ကျားမ မညီမျှမှု ဘယ်လောက်ဆိုးရွားနေလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေသည်။ ဘုန်းကြီးများပြီး ဆွမ်းနည်းသည့် ပြဿနာ အစစ်အမှန်ပင်။
ချမ်းသာသော မိသားစုမှ အမျိုးသားများအတွက်မူ ကျားမ မညီမျှမှုက ပြဿနာ သိပ်မရှိလှ။ သူတို့အတွက် ရွေးချယ်စရာ အမျိုးသမီးများစွာ ရှိနေသည်။ သို့သော် သာမန်မိသားစုမှ အမျိုးသားများအတွက်မူ ဇနီးရှာရန် အလွန်ခက်ခဲသည်။
အဝေးကြီး မကြည့်ပါနဲ့၊ ကျန်းဖုန်းနေထိုင်သော လုံဆန်းရွာလေးမှာပင် အသက် ၃၀ ကျော် လူပျိုကြီးများစွာ ရှိနေပြီး အသက် ၄၀ ကျော် လူပျိုကြီး ၁၀ ယောက်ကျော် ရှိသည်။ ကွာရှင်းထားသူများကိုပါ ထည့်တွက်လျှင် အရေအတွက် ပိုများမည်ဖြစ်သည်။
တကယ်ကို ကိုယ်နဲ့လိုက်ဖက်တဲ့သူ မတွေ့သေးလို့ မယူတာကလွဲရင် ကျန်တဲ့သူ အများစုကတော့ ကိုယ်နဲ့တန်းတူ လူတန်းစား၊ ကိုယ်နဲ့ရွယ်တူ အမျိုးသမီးကို လက်ထပ်ဖို့ ငွေကြေးမတတ်နိုင်ကြလို့သာ လူပျိုကြီးဖြစ်နေရခြင်း ဖြစ်သည်။
အမျိုးသားဦးရေက အမျိုးသမီးထက် များနေသဖြင့် "ရောင်းလိုအားနှင့် ဝယ်လိုအား သဘောတရား"အရ ဝယ်လိုအားက ရောင်းလိုအားထက် များနေသောအခါ လက်ထပ်ရန် ပေးရမည့် "တင်တောင်းငွေ" ဈေးနှုန်းများ မြင့်တက်လာခြင်းမှာ သဘာဝပင်။ နှစ်စဉ် မြင့်တက်လာသော တင်တောင်းငွေများသည် အမျိုးသားများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်လာပြီး အိမ်ထောင်ပြုရန် ပိုမိုခက်ခဲစေကာ သံသရာလည်နေတော့သည်။
ဤနောက်ခံအခြေအနေများကြောင့် ကျားမ မိတ်ဆက်ပေးနိုင်သော အောင်သွယ်တော်များသည် ပို၍ အရေးပါလာသည်။ မိဘများစွာသည် သားဖြစ်သူ အိမ်ထောင်ကျရေးအတွက် အောင်သွယ်တော်များကို ငွေအများအပြား ပေးချေရန် ဝန်မလေးကြပေ။ ဒါကြောင့်လည်း ပိုင်လျန်ခရိုင်အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် အောင်သွယ်တော်များ၏ ဝင်ငွေ မြင့်တက်လာရခြင်း ဖြစ်သည်။
...
နေ့လယ်စာ စားပွဲ စတင်သောအခါ လီမိသားစု ပြင်ဆင်ထားသော အရသာရှိလှသည့် အစားအသောက်နှင့် အကောင်းစား အရက်များသည် ဧည့်သည်အားလုံးကို ကျေနပ်စေခဲ့သည်။
စားသောက်ပြီးစီးကြသောအခါ "အိမ်လာကြည့်" သည့် အခမ်းအနား ပြီးဆုံးလုနီးပါး ဖြစ်လာသည်။ ကျန်းမိသားစု ပြန်ရန် ပြင်သောအခါ လီမိသားစုက ယဉ်ကျေးမှုအရ ခဏနေပါဦးဟု တားသော်လည်း လက်မခံတော့သဖြင့် ကြိုတင်ပြင်ဆင်ထားသော အနီရောင်စာအိတ်များကို ထုတ်ကာ ကျန်းမိသားစု ဆွေမျိုးများအား တစ်ယောက်ချင်းစီ လိုက်ဝေလေသည်။
အောင်သွယ်တော်ဖြစ်သော ကျန်းဖုန်းသည်လည်း ထူထဲသော အနီရောင်စာအိတ် တစ်အိတ် ရရှိခဲ့သည်။
စာအိတ်ကို လက်ခံပြီးနောက် ကျန်းဖုန်းက ပြုံးလျက် မေးလိုက်သည်။ "ဦးလေးလီ... ဒီမင်္ဂလာကိစ္စအတွက် ဦးလေးတို့ဘက်က ဘာပြဿနာမှ မရှိဘူးမလား။"
လီမင်ချန်က ကျေနပ်အားရစွာ ပြုံးပြီး "ဘာပြဿနာမှ မရှိပါဘူး ဆရာကျန်းရယ်။ ဆရာ့ရဲ့ ရွေးချယ်မှုက တကယ့်ကို ကွက်တိပါပဲ" ဟု ပြောသည်။
ကျန်းဖုန်း ခေါင်းညိတ်လိုက်ပြီး "ဦးလေးလီတို့ဘက်က အဆင်ပြေပြီဆိုတော့ ဟိုဘက် ကျန်းမိသားစုလည်း အဆင်ပြေမှာပါ။ ဒါဆို နောက်တစ်ဆင့်အနေနဲ့ မင်္ဂလာကိစ္စ ဆွေးနွေးရအောင်။ ဦးလေးလီ... တင်တောင်းငွေ ဘယ်လောက်ပေးဖို့ စိတ်ကူးထားလဲ။"
လီမင်ချန် ခဏစဉ်းစားပြီး ပြန်မေးသည်။ "ဆရာကျန်း... ကျန်းမိသားစုဘက်ကရော တင်တောင်းငွေနဲ့ ပတ်သက်ပြီး သတ်မှတ်ချက် ရှိလား။"
ကျန်းဖုန်းက "ကျွန်တော် ဦးလေးကျန်းနဲ့ ဒီကိစ္စ မဆွေးနွေးရသေးပါဘူး။ ခဏနေ ပြန်လိုက်သွားရင်း ဆွေးနွေးလိုက်ပါ့မယ်။ ဦးလေးလီဘက်က ပမာဏတစ်ခု အရင်ပြောထားပါလား" ဟု ဆိုသည်။
လီမင်ချန်က "ဒါဆို ၃ သိန်း ၈ သောင်း ထားလိုက်မယ်။ ကျန်းမိသားစု မကျေနပ်ရင် ထပ်ဆွေးနွေးကြတာပေါ့" ဟု ပြောလိုက်သည်။
ကျန်းဖုန်းက လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။ "ဦးလေးလီက တကယ် ရက်ရောတာပဲ။ ဒီပမာဏက ကျွန်တော်တို့ ချင်းဟယ်မြို့နယ်မှာ အမြင့်ဆုံးပဲဗျ။ ကျန်းမိသားစုဘက်က မကျေနပ်စရာ အကြောင်းမရှိလောက်ပါဘူး။ သတင်းကောင်းသာ စောင့်နေပါ ဦးလေးလီ။"
"ဒါဆို ဆရာကျန်းကိုပဲ အပူကပ်ရတော့မယ်။"
"ရပါတယ် ဦးလေးလီ။ ဒါ ကျွန်တော့်တာဝန်ပဲလေ။"
...
လာတုန်းက ကျန်းကျင်းစုန်း မောင်းပြီး ကျန်းဖုန်းက ရှေ့ခန်း၊ ကျန်းမေနှင့် သားသမီးနှစ်ယောက်က နောက်ခန်းတွင် လိုက်ပါလာခဲ့ကြသည်။ အပြန်လမ်းတွင်တော့ ကျန်းမေက မောင်းပြီး ကျန်းချိုလန်က ရှေ့ခန်း၊ ကျန်းဖုန်းနှင့် ကျန်းကျင်းစုန်းတို့က နောက်ခန်းတွင် လိုက်ပါလာကြသည်။
ရှားပါးရွာမှ ထွက်လာပြီးနောက် ကျန်းဖုန်းက ပြုံးပြီး မေးလိုက်သည်။ "ဦးလေးကျန်း၊ ဒေါ်လေးကျန်း... လီမိသားစုဘက်ကတော့ ဘာပြဿနာမှ မရှိဘူးတဲ့။ ဦးလေးတို့ဘက်ကရော အဆင်ပြေရဲ့လား။"
ကျန်းကျင်းစုန်းက "တို့ဘက်ကလည်း အဆင်ပြေပါတယ်။ ဆရာကျန်းရဲ့ ရွေးချယ်မှုကို ယုံပါတယ်" ဟု ပြောသည်။
ကျန်းမေကလည်း "လီမိသားစုက တကယ် စေတနာမှန်တာပါ။ လီ့အမျိုးသမီး (ဒေါ်လေးလီ) ကလည်း သဘောထားပြည့်ဝမယ့်ပုံပဲ။ တို့ချိုလန်လေး သူတို့အိမ်ရောက်ရင် ယောက္ခမနဲ့ အဆင်မပြေဖြစ်မှာ ပူစရာမလိုတော့ဘူး" ဟု ဝင်ပြောသည်။
ကျန်းဖုန်းက "ဒေါ်လေးကျန်း စိတ်ချပါ။ အစ်မချိုလန်သာ လီမိသားစုနဲ့ လက်ထပ်လိုက်ရင် ခင်ပွန်းသည်ရဲ့ အချစ်ကို ရမယ့်အပြင် ယောက္ခမတွေနဲ့လည်း သားအမိလို နေရမှာပါ" ဟု ပြောလိုက်သည်။
ဒါကိုကြားတော့ ကျန်းလင်မယား ခေါင်းတငြိမ့်ငြိမ့်ဖြင့် သမီးဖြစ်သူ၏ မင်္ဂလာရေးကို ပို၍ ကျေနပ်သွားကြသည်။
ကျန်းချိုလန်မှာလည်း ဝမ်းသာပီတိဖြစ်နေသည်။ သာမန်အောင်သွယ်တစ်ယောက်က ပြောလျှင် အောင်သွယ်ကောင်းအောင် မြှောက်ပြောသည်ဟု ထင်မိမည်။ သို့သော် "ဆရာကျန်း" ပြောသည့်စကားဖြစ်၍ အလေးချိန်စီးသည်။ သာယာသော အိမ်ထောင်ရေးနှင့် ယောက္ခမများနှင့် သဟဇာတဖြစ်မည့်အရေး တွေးပြီး ကျန်းချိုလန် တစ်ယောက်တည်း ကျိတ်ပျော်နေသည်။
"နှစ်ဖက်စလုံး သဘောတူပြီဆိုတော့ မင်္ဂလာကိစ္စ ဆက်ဆွေးနွေးကြတာပေါ့။ တင်တောင်းငွေနဲ့ ပတ်သက်ပြီး ဦးလေးကျန်းတို့ဘက်က ဘယ်လောက်လိုချင်လဲ" ဟု ကျန်းဖုန်း မေးလိုက်သည်။
ကျန်းကျင်းစုန်း ခေါင်းခါလိုက်ပြီး "တို့ဘက်က ဘာမှ မသတ်မှတ်ထားပါဘူး။ သမီးကို အိမ်ထောင်ချပေးတာ၊ ရောင်းစားတာမှ မဟုတ်တာ။ လီမိသားစုဘက်က သင့်တော်သလို လာဘ်ကောင်းမင်္ဂလာ ဂဏန်းတစ်ခု သတ်မှတ်ပေးရင် ရပါပြီ" ဟု ပြောသည်။
ကျန်းဖုန်းက "ဦးလေးကျန်းပြောတာ မှန်ပါတယ်။ တင်တောင်းငွေအပေါ် အရမ်းအာရုံစိုက်တဲ့ မိဘတွေက သမီးကို ရောင်းစားတာနဲ့ မခြားပါဘူး။ သမီးကို တကယ်ချစ်တဲ့ မိဘက သမီးပျော်ရွှင်ဖို့ပဲ ကြည့်တာပါ။ တင်တောင်းငွေက ဒုတိယအဆင့်ပါ" ဟု ထောက်ခံလိုက်သည်။
ကျန်းကျင်းစုန်း ခေါင်းညိတ်လိုက်သည်။ ဒီစကားကို သူ သဘောကျသည်။
ကျန်းဖုန်းက ဆက်ပြောသည်။ "ဦးလေးကျန်း... ကျွန်တော် လီမိသားစုကို မေးပြီးပါပြီ။ တင်တောင်းငွေက ညှိနှိုင်းလို့ရတယ်လို့ ပြောပါတယ်။ ဦးလေးတို့ဘက်က သတ်မှတ်ချက် မရှိဘူးဆိုရင် ၃ သိန်း ၈ သောင်း သတ်မှတ်လိုက်ကြရင် ကောင်းမလား။ ဒါက လီမိသားစုရဲ့ ဆန္ဒပါပဲ။"
ကျန်းကျင်းစုန်းတို့ လင်မယား သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သမီးဖြစ်သူ၏ ပျော်ရွှင်မှုကို အဓိကထားပြီး တင်တောင်းငွေ မမက်မောသော်လည်း တင်တောင်းငွေ ပမာဏသည် သတို့သားဘက်က သတို့သမီးကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြသသည့် သင်္ကေတဖြစ်သည်။
လီမိသားစုက ချက်ချင်း ၃ သိန်း ၈ သောင်း ပေးမည်ဟု ဆိုလာသည်။ ဒါက ပိုင်လျန်ခရိုင်တွင် အမြင့်ဆုံး တင်တောင်းငွေ အဆင့်ဖြစ်သည်။ ထို့အပြင် လီမိသားစုက ညှိနှိုင်းနိုင်သည်ဟု ပြောသေးရာ ကျန်းမိသားစုက မကျေနပ်လျှင် ထပ်တိုးပေးနိုင်ကြောင်း သက်သေပြနေသည်။
ဒီအချက်က လီမိသားစုသည် သူတို့သမီးကို မည်မျှ တန်ဖိုးထားကြောင်း ပြသနေသည်။ ဒီလို ခမည်းခမက်မျိုး ရှားပါးလှသည်။ သမီးဖြစ်သူအတွက် စိတ်ချရပြီ။
ကျန်းချိုလန်လည်း ဝမ်းသာသွားသည်။ သူမ အသက် ၂၈ နှစ် ရှိပြီ၊ ကလေးမဟုတ်တော့။ ၃ သိန်း ၈ သောင်း ဆိုသည့် ပမာဏက ဘာကို ဆိုလိုကြောင်း သူမ ကောင်းကောင်း နားလည်သည်။
"လီမိသားစုရဲ့ ဆန္ဒအတိုင်း ၃ သိန်း ၈ သောင်းပဲ ထားလိုက်ကြတာပေါ့။"
ကျန်းကျင်းစုန်းက ပြောပြီးနောက် ဆက်မေးသည်။ "ဆရာကျန်း... မင်္ဂလာလက်ဖွဲ့နဲ့ ပတ်သက်ပြီးရော ဘာအကြံပေးချင်လဲ။" (မှတ်ချက် - မင်္ဂလာလက်ဖွဲ့ ဆိုသည်မှာ သတို့သမီးဘက်မှ သတို့သားအိမ်သို့ ယူဆောင်သွားရမည့် ပစ္စည်းဥစ္စာများ ဖြစ်သည်)
ကျန်းဖုန်း ခဏစဉ်းစားပြီး "မင်္ဂလာလက်ဖွဲ့အတွက်ကတော့ လက်တွေ့အသုံးဝင်မယ့် ပစ္စည်းတွေ ရွေးသင့်တယ်။ အစ်မချိုလန် သုံးလို့ရမယ့်ဟာမျိုးပေါ့။ ကျွန်တော့်အမြင်အရ ကားတစ်စီးလောက်ဆို သင့်တော်မယ်။ အခုခေတ်မှာ ကားက ခေတ်အမီဆုံး လက်ဖွဲ့ပစ္စည်းပဲလေ" ဟု အကြံပေးလိုက်သည်။
ကျန်းကျင်းစုန်း ခေါင်းညိတ်ပြီး "ကောင်းပြီလေ။ ဒါဆို တို့ဘက်က တန်ဖိုး ၃ သိန်းအောက် မနည်းတဲ့ ကားတစ်စီး ပြင်ဆင်လိုက်မယ်။ ကျန်တဲ့ အသေးအဖွဲတွေလည်း ထည့်ပေးလိုက်မယ်။ ဘယ်လိုလဲ ဆရာကျန်း။"
ကျန်းဖုန်းက ထပ်ခါတလဲလဲ ချီးကျူးလိုက်သည်။ "ဒါဆိုရင်တော့ ချင်းဟယ်မြို့နယ်မှာ အမြင့်ဆုံးအဆင့် လက်ဖွဲ့ပဲဗျ။"
တင်တောင်းငွေနှင့် မင်္ဂလာလက်ဖွဲ့ ပမာဏကို ကြည့်ရုံဖြင့် လီနှင့် ကျန်း မိသားစုနှစ်ဖက်စလုံး ဤမင်္ဂလာကိစ္စကို မည်မျှ ကျေနပ်အားရနေကြောင်း သိသာထင်ရှားလှပေသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: