အခန်း (၁၂) အောင်သွယ်ရလို့ ပျော်ရွှင်ခြင်း၊ နတ်ဖန်တီးရှင် ဖူးစာဆက်ပေးခြင်း
သုံးရက်အကြာတွင်။
လီရှင်းဝမ်နှင့် ကျန်းချိုလန်တို့ မင်္ဂလာဆောင်ရက် သတ်မှတ်လိုက်ကြပြီး လီမင်ချန်သားအဖကိုယ်တိုင် မင်္ဂလာဖိတ်စာကို ကျန်းဖုန်းထံ လာရောက် ပေးပို့လေသည်။
အောင်သွယ်ငှားသည်မှ မင်္ဂလာရက်သတ်မှတ်သည်အထိ ၁၀ ရက်ကျော်မျှသာ ကြာမြင့်ခဲ့သည်။ "ပထမရက်မှာ တွေ့၊ ဒုတိယရက်မှာ အိမ်သွားကြည့်၊ တတိယရက်မှာ လက်မှတ်ထိုး" ဟူသော ထူးဆန်းသည့် လူများလောက် မမြန်သော်လည်း ဤအမြန်နှုန်းသည် အတော်လေး မှတ်တမ်းတင်လောက်ပေသည်။
လီမင်ချန်သားအဖ ပြန်သွားပြီးနောက် မိခင်ဖြစ်သူ ကျန်းမေသည် လက်ရာမြောက်လှသော မင်္ဂလာဖိတ်စာကို ထပ်ခါတလဲလဲ ကြည့်ရှုနေသည်။ အတော်ကြာမှ သက်ပြင်းချလိုက်ပြီး "ရှောင်ဖုန်း... မင်းမှာ ဒီလို အောင်သွယ်ပါရမီ ရှိလိမ့်မယ်လို့ အမေ ထင်မထားခဲ့ဘူး။ ၁၀ ရက်ကျော်လေးအတွင်းမှာ စုံတွဲတစ်တွဲကို အောင်မြင်စွာ ပေါင်းဖက်ပေးနိုင်ခဲ့တယ်။ မင်းရဲ့ အမြန်နှုန်းက ဝါရင့်အောင်သွယ်တွေထက်တောင် မလျော့ဘူး။ ကြည့်ရတာ မင်း အောင်သွယ်လုပ်စားဖို့ ပါရမီပါလာပုံပဲ" ဟု ပြောလိုက်သည်။
ကျန်းဖုန်း ရယ်မောလိုက်ပြီး "အမေ... ကျွန်တော့်ရဲ့ အောင်သွယ်စွမ်းရည်က ထိပ်တန်းအဆင့်ပါဗျ။ စုံတွဲတစ်တွဲ အောင်မြင်စွာ ပေါင်းဖက်ပေးနိုင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ မိသားစုလိုက် စားကောင်းသောက်ကောင်းလေး စားပြီး သောက်လိုက်ကြရအောင်" ဟု ပြောလိုက်သည်။
ကျန်းမေ ဝမ်းသာအားရ ခေါင်းညိတ်ပြီး "ကောင်းပြီလေ၊ ဒါ မင်းအတွက် 'လာဘ်လာဘ' ပွင့်တာပဲ။ ဂုဏ်ပြုသင့်တာပေါ့။ အိမ်မှာမွေးထားတဲ့ ကြက်သား ကြိုက်တယ်မလား။ ဒီနေ့ညနေ မင်းအဖေနဲ့ သောက်ဖို့ အမေ ကြက်တစ်ကောင် သတ်ပေးမယ်" ဟု ပြောသည်။
ကျန်းဖုန်းက "အိမ်မှာ မြေပဲဆန် ကျန်သေးလား" ဟု မေးသည်။
ကျန်းမေက "ကျန်သေးတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ဝယ်ထားတာ မကုန်သေးဘူး" ဟု ပြန်ဖြေသည်။
ကျန်းဖုန်းက "ဒါဆို ကျွန်တော် မြို့ထဲသွားပြီး မှိုခြောက်နဲ့ သခွားသီး နည်းနည်း သွားဝယ်လိုက်မယ်။ ဝက်နားရွက်သုပ် ရောင်းသေးလား ကြည့်လိုက်ဦးမယ်။ ရာသီဥတု ပူနေတာဆိုတော့ အသုပ်စုံလေးနဲ့ သောက်ရရင် ပိုလန်းဆန်းတာပေါ့" ဟု ပြောလိုက်သည်။
ကျန်းမေ ပြုံးလိုက်ပြီး "ဒါဆိုလည်း တစ်ခါတည်း ရှာလကာရည်တစ်ပုလင်း ဝယ်ခဲ့လိုက်။ အသုပ်သုပ်ရင် ရှာလကာရည် မပါလို့ မရဘူး" ဟု မှာလိုက်သည်။
ကျန်းဖုန်း ခေါင်းညိတ်ပြီး "သိပါပြီ။ အချိန်စောပါသေးတယ်။ ပုခက်ထဲ ခဏမှေးပြီးမှ သွားဝယ်လိုက်မယ်" ဟု ပြောလိုက်သည်။
လုံဆန်းရွာတွင် ပုခက်များသည် အိမ်တိုင်းရှိ အသုံးအဆောင်ဖြစ်သည်။ များသောအားဖြင့် အိမ်ရှေ့ရှိ လိုင်ချီးပင် သို့မဟုတ် လောင်ဂန်ပင်များတွင် ချည်ထားလေ့ရှိသည်။ ရာသီဥတုပူလျှင် ပုခက်ထဲ လှဲလျောင်းပြီး အပန်းဖြေခြင်း သို့မဟုတ် တစ်မှေးအိပ်ခြင်းက တော်တော် ဇိမ်ရှိသည်။
ကျန်းမေက သဘောတူကြောင်း အသံပြုလိုက်ပြီး ဖိတ်စာကို သူ့အား ပြန်ပေးလိုက်သည်။
ကျန်းဖုန်း ဖိတ်စာကို လှမ်းယူပြီး လောင်ဂန်ပင်ဆီသို့ လျှောက်သွားကာ အပြာရောင် ပိုက်ကွန်ပုခက်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။ ထို့နောက် လက်ရာမြောက်သော မင်္ဂလာဖိတ်စာကို သေချာ ကြည့်လိုက်သည်။
ခဏကြာတော့ ဖုန်းကို ထုတ်ပြီး ဖိတ်စာကို ဓာတ်ပုံနှစ်ပုံ ရိုက်လိုက်သည်။ လီရှင်းဝမ်နှင့် ကျန်းချိုလန်၏ နာမည်များကို ဝါးလိုက်ပြီး စာသားအချို့ ထပ်ဖြည့်ကာ WeChat Moments တွင် တင်လိုက်သည်။
"အောင်သွယ်တော်အဖြစ် နတ်ဖန်တီးရှင် ဖူးစာတံတား ခင်းပေးရခြင်းကို ဝမ်းမြောက်မိပါသည်။ မောင်နှံနှစ်ဦး ပေါင်းဖက်နိုင်အောင် ကူညီပေးရခြင်းက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ အစ်ကိုဝမ်နဲ့ အစ်မချိုလန်တို့ ပျော်ရွှင်သော အိမ်ထောင်ရေးကို ပိုင်ဆိုင်ပြီး ရင်သွေးရတနာလေး အမြန်ဆုံး ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။"
ပထမဆုံး Like ပေးပြီး Comment ရေးသူမှာ အစ်မဖြစ်သူ ကျန်းရွှယ် ဖြစ်သည်။
"ဟယ်... ရှောင်ဖုန်း။ ဒါ ပြီးခဲ့တဲ့တစ်ခေါက်က နင်ပြောတဲ့ ဖောက်သည်လား။ ဒီလောက် မြန်မြန် စီစဉ်ပေးလိုက်နိုင်ပြီလား။"
ကျန်းဖုန်းက ပြန်ဖြေလိုက်သည်။ "ဟုတ်တယ် အစ်မရေ။ ကြွားတာမဟုတ်ဘူး၊ အောင်သွယ်တဲ့နေရာမှာ အစ်မမောင်ရဲ့ စွမ်းရည်က လုံးဝ ထိပ်တန်းပဲ။"
ဒုတိယမြောက် Like ပေးပြီး Comment ရေးသူမှာ အထက်တန်းကျောင်းတုန်းက အတန်းခေါင်းဆောင် လျူယီယီ ဖြစ်သည်။
"ကျန်းမိနန်... ဘယ်လိုဖြစ်တာလဲ။ နင့်မှာ တကယ်ကြီး အောင်သွယ်ပါရမီ ရှိတာလား။ ငါ အခု Single ဖြစ်နေတာ၊ ချောချောလေးတစ်ယောက်လောက် မိတ်ဆက်ပေးပါလား။ ^_^"
("ကျန်းမိနန်" ဆိုသည်မှာ "အလှလေးကျန်း/မိန်းမချောလေးကျန်း" ဟု အဓိပ္ပာယ်ရပြီး အထက်တန်းကျောင်းတုန်းက ကျန်းဖုန်း၏ နာမည်ပြောင်ဖြစ်သည်။ မိန်းကလေးအများစုက သူ့ကို ထိုသို့ ခေါ်လေ့ရှိကြသည်။)
ကျန်းဖုန်း ပြန်ဖြေလိုက်သည်။ "ဟားဟား... အတန်းခေါင်းဆောင်လျူ၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်က အခု တကယ့် အောင်သွယ်စစ်စစ် ဖြစ်နေပါပြီ။ တကယ် အိမ်ထောင်ပြုဖို့ စဉ်းစားနေတယ်ဆိုရင် အစွမ်းကုန် ကြိုးစားပြီး စိတ်တိုင်းကျမယ့် အိမ်ထောင်ဖက် ရှာပေးပါ့မယ်။ အာမခံပါတယ်။"
တတိယမြောက် Like ပေးပြီး Comment ရေးသူမှာ တက္ကသိုလ်တုန်းက အတန်းထဲတွင် အချောဆုံးဖြစ်သော ထန်အန်းကျွင်းဖြစ်သည်။
"မဖြစ်နိုင်တာ၊ ကျန်းဖုန်း။ ဘွဲ့ရပြီးရင် ဇာတိပြန်ပြီး အောင်သွယ်လုပ်မယ်လို့ ပြောတုန်းက ငါတို့အားလုံး နောက်နေတယ် ထင်ခဲ့ကြတာ။ တကယ်ကြီးလား။ တကယ်ကြီး အောင်သွယ်ဖြစ်သွားပြီလား။"
ကျန်းဖုန်း ပြန်ဖြေလိုက်သည်။ "ဟီးဟီး... တကယ်ပေါ့ဗျ။ လူနှစ်ယောက်ကို အောင်မြင်စွာ ပေါင်းဖက်ပေးပြီးပြီ။ အခု ကျွန်တော်က တရားဝင် အောင်သွယ်တော် ဖြစ်နေပြီ။ အလှမယ်ထန်ရေ... အိမ်ထောင်ဖက် ရှာနေရင် ပြောနော်။ ကျောင်းနေဖက် သံယောဇဉ်နဲ့ ၁၀၀% စိတ်တိုင်းကျစေမယ့် ခင်ပွန်းလောင်း ရှာပေးပါ့မယ်။"
နောက်ပိုင်းတွင် Like နှင့် Comment များ များပြားလာသဖြင့် ကျန်းဖုန်း တစ်ယောက်ချင်းစီ လိုက်မဖြေနိုင်တော့ပေ။
Comment အများစုက ဆင်တူယိုးမှားများ ဖြစ်နေသဖြင့် ကျန်းဖုန်းက အားလုံးအတွက် စုပေါင်းပြီး ပြန်ဖြေလိုက်သည်။
"Like နဲ့ Comment ပေးကြတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အခု အောင်သွယ်အစစ် ဖြစ်နေပါပြီ။ ဘဝလက်တွဲဖော် ရှာဖွေနေတဲ့ မိတ်ဆွေသူငယ်ချင်းများ ကျွန်တော့်ဆီ သီးသန့်စာပို့ နိုင်ပါတယ်။ ခင်ဗျားတို့ကို အံ့သြသွားစေရမယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်!"
အားလုံးကို ပြန်ဖြေပြီးနောက် အတန်းခေါင်းဆောင် လျူယီယီက အထက်တန်းကျောင်း သူငယ်ချင်းများ Group chat တွင် ကျန်းဖုန်းကို Tag တွဲပြီး မေးလိုက်သည်။
"ကျန်းမိနန်... နင် နောက်နေတာ မဟုတ်ဘူးနော်။ နင်က နာမည်ကြီး တက္ကသိုလ် ဘွဲ့ရတစ်ယောက်လေ။ အပြင်မှာ အလုပ်ကောင်းကောင်း မရှာဘဲ ရွာပြန်ပြီး အောင်သွယ်လုပ်တယ်ဆိုတာ တကယ်လား။"
ကျန်းဖုန်း - "မနောက်ပါဘူး။ မွေးကတည်းက အောင်သွယ်လုပ်ဖို့ ပါလာတယ်ဆိုတာ မကြာသေးခင်ကမှ ရှာဖွေတွေ့ရှိလိုက်လို့ပါ။ ယုံချင်ယုံ မယုံချင်နေ အတန်းခေါင်းဆောင်ရေ... ဘယ်သူနဲ့ ဘယ်သူ ပေါင်းဖက်ရင် ပျော်ရွှင်မလဲဆိုတာ ကျွန်တော် တကယ် ကြည့်တတ်တယ်။"
လျူယီယီ - "အေးပါ၊ နင် တော်ပါတယ်။ ဒီလောက်ငယ်တဲ့ အောင်သွယ်တော်မျိုး တစ်ခါမှ မကြားဖူးဘူး။ အောင်သွယ်တော်ဆိုရင် အသက်ကြီးရမယ်ဆိုတဲ့ ငါ့အယူအဆကို နင် ရိုက်ချိုးလိုက်တာပဲ။"
ကျန်းရှောင်လီ - "ကျန်းမိနန်... နင် ရွာပြန်ပြီး အောင်သွယ်လုပ်နေတာလား။ ဘယ်လိုဖြစ်တာလဲ။"
ကျန်းဖုန်း - "အောင်သွယ်လုပ်တာလေ၊ ဘာထူးဆန်းလို့လဲ။"
လျူယီယီ - "နောက်ထပ် အနှစ် ၂၀ ကြာမှ နင် အောင်သွယ်လုပ်မယ်ဆိုရင် ငါ အံ့သြမှာ မဟုတ်ဘူး။ အထက်တန်းတုန်းက လူတွေကို စကားနဲ့ လှည့်စားတတ်တဲ့ နင့်ပါရမီကို ငါတို့ မြင်ဖူးတာပဲ။ ဒါပေမဲ့ အခုက ဘွဲ့ရကာစလေ။ မြို့ကြီးမှာ အလုပ်မရှာဘဲ ရွာပြန်ပြီး အောင်သွယ်လုပ်တယ်ဆိုတာ တော်တော် ထူးဆန်းနေတယ်။"
ကျန်းရှောင်လီ - "အတန်းခေါင်းဆောင် ပြောတာ မှန်တယ်။ ဘွဲ့ရပြီးပြီးချင်း ရွာပြန် အောင်သွယ်လုပ်တယ်ဆိုတာ ငါ့စိတ်ကူးယဉ်မှုတွေကို ပြောင်းပြန်လှန်လိုက်သလိုပဲ။ ငါ အရမ်း သိချင်တယ် ကျန်းမိနန်၊ ဘယ်အရာက နင့်ကို ဒီလို လက်တွေ့မကျတဲ့ စိတ်ကူးမျိုး ရသွားစေတာလဲ။"
ချန်ဘန်းချောင် - "အစ်ကိုဖုန်း... ကောင်မလေးတွေနဲ့ ပရောပရည်လုပ်တဲ့ နည်းလမ်းသစ်တွေ တွေ့ရင်လည်း ကျွန်တော့်ကို သင်ပေးပါဦး။ ကျွန်တော် Single ဖြစ်နေတုန်းပဲ။"
ကျန်းဖုန်း - "——+"
လျူယီယီ - "ချန်ဘန်းချောင်... ကျန်းမိနန်ရဲ့ WeChat Moments ကို သွားကြည့်လိုက်။ သူက ကောင်မလေးတွေကို လိုက်ပိုးနေတာ မဟုတ်ဘူး၊ တကယ့် အောင်သွယ်လုပ်နေတာ!"
ကျန်းရှောင်လီ - "ကျန်းမိနန်က အထက်တန်းတုန်းကတည်းက စကားပြော အရမ်းကောင်းတာ။ အောင်သွယ်လုပ်မယ့် အရည်အချင်း ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက ငယ်လည်းငယ်၊ လူပျိုလည်း ဖြစ်နေတော့ အောင်သွယ်ဖြစ်သွားတာ အံ့သြစရာ ကောင်းနေတာ။"
လျူယီယီ - "ဆေးကုသတဲ့ ပညာလိုမျိုး အသက်ကြီးလေ ဝါရင့်လေ မဟုတ်ပေမယ့် ဒီလုပ်ငန်းက လူငယ်တွေအတွက် သိပ်ပြီး နေရာမပေးတဲ့ လုပ်ငန်းဆိုတာတော့ ငြင်းလို့မရဘူး။ ကျန်းမိနန်... နင် ဒီနယ်ပယ်မှာ အောင်မြင်ချင်ရင် တခြားသူတွေထက် နှစ်ဆလောက် ပိုကြိုးစားရလိမ့်မယ်။"
ကျန်းဖုန်း - "လိုချင်စိတ်ရှိရင် နည်းလမ်းရှိစမြဲပါ။ ကျွန်တော် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။"
လျူယီယီ - "ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာ ကောင်းပါတယ်။ 'အစကောင်းရင် တစ်ဝက်ပြီး' ဆိုတဲ့ စကားလိုပဲ နင်က အစကောင်းနေပြီ။ ဆက်ကြိုးစားရင် တစ်နေ့ကျ ဒီပတ်ဝန်းကျင်မှာ နာမည်ကြီး အောင်သွယ်တစ်ယောက် ဖြစ်လာမှာပါ။"
ကျန်းဖုန်း - "ဆုတောင်းစကားအတွက် ကျေးဇူးပါ။ အဲ့ဒီနေ့ မကြာခင် ရောက်လာတော့မယ်လို့ ယုံကြည်ပါတယ်။"
လျူယီယီ - "ဒါဆို စောင့်ကြည့်ကြတာပေါ့။"
ကျန်းရှောင်လီ - "စောင့်ကြည့်ကြတာပေါ့ +1"
ချန်ဘန်းချောင် - "စောင့်ကြည့်ကြတာပေါ့ +2"
ဝမ်ကျန့်လုံ - "စောင့်ကြည့်ကြတာပေါ့ +3"
ကျိုးရုံရုံ - "စောင့်ကြည့်ကြတာပေါ့ +4"
အတန်းလိုက် ညီညာစွာ စာစီရတာကို Obsessive-compulsive disorder (OCD) ရှိသူများ မငြင်းဆန်နိုင်ကြပေ။ မူလက ငြိမ်နေသော ဝမ်ကျန့်လုံနှင့် ကျိုးရုံရုံတို့လည်း မနေနိုင်ဘဲ ဝင်ရောက် ပူးပေါင်းကြသည်။
နောက်ပိုင်းတွင် စကားဝိုင်းသည် ကျန်းဖုန်း အောင်သွယ်လုပ်သည့် အကြောင်းမှ သူတို့၏ လက်ရှိအခြေအနေများဆီသို့ ရောက်သွားကြသည်။ Group chat သည် စည်ကားလာပြီး အခြားအတန်းဖော်များပါ ဝင်ရောက်လာကြသဖြင့် ကာလကြာရှည် တိတ်ဆိတ်နေခဲ့သော အတန်းဂရုကြီးမှာ ရုတ်တရက် ပြန်လည် အသက်ဝင်လာတော့သည်။
ထိုအချိန်မှာပင် တက္ကသိုလ်တုန်းက သူငယ်ချင်းအရင်းအချာများကလည်း ကျန်းဖုန်း၏ အောင်သွယ်ကိစ္စကို မေးမြန်းရန် Voice message များ ပို့လာကြသည်။ ထို့ကြောင့် ကျန်းဖုန်းသည် အထက်တန်း Group chat ကို ပိတ်လိုက်ပြီး တက္ကသိုလ် သူငယ်ချင်းများနှင့် စကားပြောရန် ပြောင်းလိုက်သည်။
နေ့လယ် ၂ နာရီကျော်မှသာ ကျန်းဖုန်း၏ WeChat စာတိုများ ငြိမ်သက်သွားတော့သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: