အခန်း (၁၃) ဘဝက ပိုပြီးမျှော်လင့်ချက်ရှိလာတယ်
ညနေခင်း။
ကျန်းမေသည် စားပွဲတစ်လုံးပြည့် ဟင်းပွဲကောင်းများ ပြင်ဆင်ထားသည်။ ကြက်ပေါင်း၊ ဝက်သား ငရုတ်သီးစိမ်း ငှက်ပျောဖူး မျှစ်ကြော်၊ ဝက်နားရွက်သုပ်၊ သခွားသီးသနပ်၊ မြေပဲဆန်ကြော်နှင့် ကန်စွန်းရွက်ကြော် စသည်ဖြင့် စုံလင်လှသည်။
မိသားစုလေးယောက် ဝိုင်းဖွဲ့စားသောက်ကြသည်။ ဖခင်ဖြစ်သူနှင့် အစ်ကိုကြီးက အရက်ဖြူ သောက်ကြပြီး မိခင်ဖြစ်သူနှင့် ကျန်းဖုန်းက ဘီယာသောက်ကြသည်။
အိမ်ထောင်ဦးစီးပီပီ ဖခင်ဖြစ်သူက အရက်မသောက်ခင် အဖွင့်စကား အနည်းငယ် ပြောကြားသည်။ "အမှန်အတိုင်း ပြောရရင် ရှောင်ဖုန်း ဘွဲ့ရပြီး အိမ်ပြန်ရောက်တုန်းက အောင်သွယ်လုပ်ချင်တယ်လို့ ပြောတော့ အဖေ သဘောမတူခဲ့ဘူး။"
အောင်သွယ်လောကက ဝင်ရောက်လုပ်ကိုင်ဖို့ အတားအဆီး မရှိဘူးဆိုပေမယ့် ဒီလုပ်ငန်းနဲ့ အသက်မွေးဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးလေ။ အထူးသဖြင့် ရှောင်ဖုန်းလို အိမ်ထောင်မပြုရသေးတဲ့ လူငယ်တွေအတွက် အောင်သွယ်လောကမှာ နေရာရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။
ကျန်းဖုန်းက ဖခင်စကားကို ပြုံးပြီး နားထောင်နေသည်။ သူ့အခြေအနေကို သူအသိဆုံး။ အိမ်ထောင်ရေး လိုက်ဖက်မှုရမှတ်ကို မြင်နိုင်သော မှော်စွမ်းရည်သာ ရုတ်တရက် မရရှိခဲ့လျှင် စကားဘယ်လောက်ပြောကောင်းကောင်း သူ အောင်သွယ်လောကထဲ ဝင်မိမှာ မဟုတ်ပေ။
"အရေးကြီးဆုံးက အောင်သွယ်လုပ်တာ မကောင်းရင် လူမုန်းခံရလွယ်တယ်။"
ဖခင်ဖြစ်သူက ဆက်ပြောသည်။ "ဒါပေမဲ့ ရှေးစကားပုံလိုပဲ 'အသက်မွေးဝမ်းကျောင်း ပညာရပ် ၃၆၀ ရှိတယ်၊ ပညာရပ်တိုင်းမှာ ထူးချွန်သူ ပေါ်ထွက်နိုင်တယ်' တဲ့။ ရှောင်ဖုန်းက အောင်သွယ်ကောင်း မဖြစ်နိုင်ဘူးလို့ အဖေ ထင်ပေမယ့် သူကိုယ်တိုင်က ဇွတ်လုပ်ချင်တယ်ဆိုတော့လည်း မတားခဲ့ဘူး။"
"မထင်မှတ်ထားတာက နောက်တစ်နေ့မှာပဲ ရှောင်ဖုန်းဆီ အောင်သွယ်လာငှားတဲ့သူ ရောက်လာတယ်။ ချက်ချင်းပဲ အနီရောင်စာအိတ် ယွမ် ၈၀၀ နဲ့ တန်ဖိုး ယွမ် ၂၀၀ မနည်းတဲ့ လက်ဆောင်တွေ ပေးသွားတယ်။"
"နောက်တော့ ရှောင်ဖုန်း စီစဉ်ပေးတဲ့ Blind date နဲ့ အိမ်လာကြည့်တဲ့ ကိစ္စတွေ ပြီးသွားတော့ အနီရောင်စာအိတ် ယွမ် ၂၀၀၀ ထပ်ရတယ်။"
ဒါကိုကြားတော့ အစ်ကိုဖြစ်သူ ကျန်းဖေးက သူ့ညီလေးကို အားကျသွားသည်။ ဒီလို ရက်ရောတဲ့ ဖောက်သည်မျိုး တွေ့ရခဲသည်။ သူ့ညီလေးက ပထမဆုံး အောင်သွယ်စလုပ်တာနဲ့ ဒီလိုဖောက်သည်မျိုး တန်းတွေ့တာ တကယ့်ကို ကံကောင်းလွန်းသည်။
ထိုအချိန်တွင် ဖခင်ဖြစ်သူက အရက်ခွက်ကို မြှောက်လိုက်ပြီး ပြောသည်။ "၁၀ ရက်ကျော်လေးပဲ ရှိသေးတယ်၊ ဖောက်သည်ဆီက မင်္ဂလာဆောင်ဖိတ်စာ ရနေပြီ။ မြန်လိုက်တာမှ မယုံနိုင်စရာပဲ။ ဒါက ဘာပြတာလဲဆိုတော့ ရှောင်ဖုန်းရဲ့ အောင်သွယ်စွမ်းရည်က တကယ့်ကို ပြိုင်ဘက်ကင်းပဲ။"
"မြွေမှာ မြွေလမ်းကြောင်း၊ ကြွက်မှာ ကြွက်လမ်းကြောင်း ရှိသလိုပဲ။ ရှောင်ဖုန်းရေ... မင်းမှာ တကယ် အောင်သွယ်ပါရမီ ပါလာမှတော့ ဒီအလုပ်ကိုပဲ ကြိုးကြိုးစားစား လုပ်တော့။ အဖေ ကူညီပေးနိုင်တာရှိရင် ပြော၊ အပြည့်အဝ ထောက်ပံ့ပေးမယ်။"
မိခင်ဖြစ်သူကလည်း ခွက်ကိုမြှောက်ပြီး "ရှောင်ဖုန်း... အမေလည်း မင်းကို အပြည့်အဝ ထောက်ခံတယ်" ဟု ပြောသည်။
ကျန်းဖေးကလည်း "ရှောင်ဖုန်း... အစ်ကိုကြီးလည်း ထောက်ခံတယ်ကွာ" ဟု ပြောကာ ခွက်ချင်းတိုက်လိုက်ကြသည်။
"ကျေးဇူးပါ အဖေ၊ အမေနဲ့ အစ်ကိုကြီး။" ကျန်းဖုန်းက အားလုံးနှင့် ခွက်ချင်းတိုက်ပြီး ဘီယာကို မော့ချလိုက်သည်။
"ရှောင်ဖုန်း... ဟင်းတွေစားဦးလေ။ ဒါ မင်းကြိုက်တဲ့ ကြက်ခြေထောက်၊ ဒါ မင်းကြိုက်တဲ့ ကြက်အသည်းအမြစ်၊ ဒါ မင်းကြိုက်တဲ့..." ဘီယာတစ်ဝက်လောက် သောက်ပြီးတာနဲ့ မိခင်ဖြစ်သူက ထုံးစံအတိုင်း သားအငယ်ဆုံး ပန်းကန်ထဲ ဟင်းတွေ မနားတမ်း ထည့်ပေးတော့သည်။
ကျန်းဖုန်းက "အမေ... အမေဘာသာ စားပါဗျာ၊ ကျွန်တော် စားချင်တာ ကိုယ့်ဘာသာ ယူစားပါ့မယ်" ဟု ပြောလိုက်ရသည်။
ကျန်းဖေးကတော့ အမေဖြစ်သူ၏ မျက်နှာလိုက်မှုကို ဂရုမစိုက်တော့ဘဲ ဟင်းအနည်းငယ်စားပြီး မေးလိုက်သည်။ "ရှောင်ဖုန်း... မင်းရဲ့ ပထမဆုံး ဖောက်သည်က တော်တော် ရက်ရောပုံရတယ်။ အခု မင်္ဂလာရက်တောင် သတ်မှတ်ပြီးပြီဆိုတော့ အောင်သွယ်ခ ဘယ်လောက်လောက် ရမယ်မှန်းလဲ။"
ကျန်းဖုန်းက ကြက်ခြေထောက်ကို ဆော့စ်တို့စားရင်း ခေါင်းခါလိုက်သည်။ "အတိအကျတော့ မပြောတတ်ဘူး။ ဦးလေးလီက အောင်သွယ်ခ ဘယ်လောက်လိုချင်လဲ မေးတုန်းက သူ့စေတနာရှိသလောက် မုန့်ဖိုးပဲ ပေးပါလို့ ပြောလိုက်တယ်။ နည်းတာများတာက သူ့စေတနာအပေါ်ပဲ မူတည်တော့မှာပေါ့။"
မိခင်ဖြစ်သူက အောင်သွယ်ခ နှုန်းထားများကို ကောင်းကောင်း သိပုံရသည်။ "အောင်သွယ်ခက အမျိုးသားဘက်က မိသားစု ငွေကြေးအခြေအနေပေါ် မူတည်တာပေါ့။ ယေဘုယျအားဖြင့် အောင်သွယ်ခ သက်သက်တင် ယွမ် ၈၈၀၀ အောက် မနည်းဘူး။ ဒါ့အပြင် အောင်သွယ်လာငှားတုန်းက ပေးတဲ့ မုန့်ဖိုး၊ မိတ်ဆက်ပေးတုန်းက မုန့်ဖိုး၊ အိမ်လာကြည့်တုန်းက မုန့်ဖိုးနဲ့ လက်မှတ်ထိုးတုန်းက မုန့်ဖိုးတွေ ပေါင်းလိုက်ရင် စုစုပေါင်း ယွမ် ၁၀၀၀၀ အောက် မနည်းလောက်ဘူး။"
ဒါက အနိမ့်ဆုံး စံနှုန်းနဲ့ တွက်ထားတာဖြစ်သည်။ ပျမ်းမျှအားဖြင့် အောင်သွယ်တစ်ယောက်သည် မင်္ဂလာပွဲတစ်ပွဲလျှင် ယွမ် ၁၄,၀၀၀၊ ၁၅,၀၀၀ လောက် ရနိုင်သည်။
ဒါကိုကြားတော့ ကျန်းဖေး မျက်လုံးပြူးသွားပြီး "ဟာ... မဖြစ်နိုင်တာ၊ အောင်သွယ်လုပ်တာက အဲ့လောက်တောင် ဝင်ငွေကောင်းလား" ဟု အော်လိုက်မိသည်။
သူ တကယ် အံ့သြသွားသည်။ နှစ်သစ်ကူးကာလတွင် အချို့အောင်သွယ်များ ယွမ် ၄ သောင်း၊ ၅ သောင်းလောက် ရသည်ဟု ကြားဖူးသော်လည်း ထိုပမာဏသည် စုံတွဲ ၁၀ တွဲလောက် အောင်သွယ်ပေးမှ ရသည်ဟု ထင်ထားခဲ့သည်။ တစ်တွဲလျှင် ယွမ်ထောင်ဂဏန်းလောက်သာ ရမည်ဟု တွက်ထားခဲ့သည်။
အမေပြောတာ ကြားမှ ဒီခေတ်ကြီးမှာ မင်္ဂလာဆောင်ဖို့ ဘယ်လောက်ခက်ခဲမှန်း သိလိုက်ရသည်။ အိမ်ဝယ်၊ ကားဝယ်၊ တင်တောင်းငွေ ပေးရတာတွေ မပါသေးဘူး၊ အောင်သွယ်ခ တစ်ခုတည်းနဲ့တင် လူတော်တော်များများ လက်မြှောက်သွားလောက်သည်။
ဖခင်ဖြစ်သူက ဝင်ပြောသည်။ "ဒီခေတ်က ယောကျ်ားများပြီး မိန်းမနည်းတော့ မိန်းမရဖို့ ပိုပိုခက်လာတယ်။ တို့ရွာမှာဆိုရင် ကိုယ့်ဘာသာ မိန်းမရှာနိုင်တဲ့သူ နည်းနည်းလေးပဲ ရှိတယ်။ အများစုက အောင်သွယ်ကို အားကိုးရတာဆိုတော့ အောင်သွယ်ခက ဈေးပိုပိုကြီးလာတာပေါ့။"
"ဒါဆို ရှောင်ဖုန်းက ဒီတစ်ပွဲတည်းနဲ့တင် ကျွန်တော့်လစာ ၂ လ၊ ၃ လစာလောက် ရတော့မှာပေါ့။" ကျန်းဖေး သူ့စက်မှုဇုန်အလုပ်ကို စိတ်မဝင်စားချင်တော့။ သူသာ အောင်သွယ်မလုပ်တတ်မှန်း မသိရင် သူ့ညီလေးလို အောင်သွယ်ထွက်လုပ်ချင်စိတ် ပေါက်သွားမိသည်။
မိခင်ဖြစ်သူက ပြုံးပန်းဝေစွာဖြင့် "ရှောင်ဖုန်း အောင်သွယ်ခ ဘယ်လောက်ရမလဲ မသေချာသေးပေမယ့် လီမိသားစုရဲ့ အရင်က ပေးခဲ့တဲ့ အနီရောင်စာအိတ်တွေကို ကြည့်ရင် ဒီတစ်ပွဲကနေ ရှောင်ဖုန်းရမယ့် ဝင်ငွေက မင်းလစာ ၃ လစာလောက်နဲ့ ညီလိမ့်မယ်" ဟု ပြောလိုက်သည်။
ဖခင်ဖြစ်သူက အရက်တစ်ငုံသောက်ပြီး သက်ပြင်းချပြန်သည်။ "ရှောင်ဖုန်းသာ လတိုင်း တစ်တွဲလောက် အောင်သွယ်ပေးနိုင်ရင် သူ့ဝင်ငွေက လူအများစုထက် သာနေပြီ။ ဆိုးတာက ရှောင်ဖုန်းရဲ့ အသက်အရွယ်က အားနည်းချက် ဖြစ်နေတာပဲ။ ဒုတိယ ဖောက်သည်ရဖို့ ဘယ်လောက်ကြာမလဲ မသိဘူး။"
ကျန်းဖုန်းက ကြက်ခြေထောက် အရိုးကို ထွေးထုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။ "အဖေ... တကယ်တော့ ညနေက ဈေးသွားဝယ်တုန်းက ဖုန်းတစ် call ဝင်လာတယ်။ ပြည်နယ်မြို့တော်က ပြန်လာတုန်းက ကားပေါ်မှာ တွေ့ခဲ့တဲ့ ခရီးသည်တစ်ယောက်ဆီကပါ။ မနက်ဖြန် အိမ်လာပြီး အောင်သွယ်ခိုင်းမလို့တဲ့။"
ဒါကိုကြားတော့ ဖခင်ဖြစ်သူ အံ့သြသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဟေ့ကောင်... မိုက်လှချည်လား။ တစ်တွဲ ပြီးတာနဲ့ နောက်တစ်တွဲက တံခါးလာခေါက်နေပြီ။ မင်းက တကယ်ပဲ အောင်သွယ်ဖြစ်ဖို့ မွေးလာတာပဲ။"
မိခင်ဖြစ်သူလည်း ထပ်ခါတလဲလဲ ချီးကျူးပြီး ဝမ်းသာလွန်း၍ အရက်ခွက်ကို မော့သောက်လိုက်သည်။ သားအငယ်ဆုံး အောင်သွယ်လုပ်ငန်း အဆင်ပြေနေသည်ကို ကြည့်ပြီး ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေသည်။
ကျန်းဖေးက လက်မထောင်ပြီး "ရှောင်ဖုန်း... မင်း တကယ် စွမ်းတယ်ကွာ" ဟု ပြောသည်။
မိဘများ ပျော်ရွှင်နေသည်ကို ကြည့်ပြီး ကျန်းဖုန်း ကျေနပ်သွားသည်။ သူက လေးလေးနက်နက် ပြောလိုက်သည်။ "အဖေနဲ့အမေ... အခုဆို ကျွန်တော်ရော၊ အစ်ကိုကြီးရော၊ အစ်မရော ပိုက်ဆံရှာနိုင်နေကြပြီ။ အဖေတို့ နှစ်ပေါင်းများစွာ ပင်ပန်းလာခဲ့ပြီ၊ အခု ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းသင့်ပြီ။"
"အဖေ... အားတဲ့အချိန်ဆို သူငယ်ချင်းတွေနဲ့ သောက်စား၊ စကားပြော၊ ဖဲရိုက် လုပ်ချင်တာလုပ်။ ပင်ပန်းတဲ့ အလုပ်ကြမ်းတွေ သွားမလုပ်နဲ့တော့။ အမေလည်း ကြက်ကလေး ဘဲကလေး မွေး၊ ဟင်းသီးဟင်းရွက် စိုက်ရုံလောက်ပဲ လုပ်။ အိမ်စားလောက်ရုံဆို ရပြီ။ ခြံကိစ္စတွေကျရင် လူငှားပြီး ခိုင်းလိုက်။"
တောင်သူစစ်စစ်ဖြစ်သော ကျန်းဖခင်၏ ဝင်ငွေသည် အဓိကအားဖြင့် အရင်းအမြစ် ၂ ခုမှ လာသည်။ ပထမတစ်ခုက မိသားစုပိုင် သစ်သီးခြံ။ လုံဆန်းရွာတွင် အိမ်တိုင်းနီးပါး သစ်သီးခြံရှိကြပြီး အဓိကအားဖြင့် လိုင်ချီးပင်များ စိုက်ပျိုးကြသည်။ ထိုခြံများသည် တောင်ကုန်းငယ်လေးများသဖွယ် ဖြစ်နေ၍ ရွာသားများက "လိုင်ချီးတောင်ကုန်း" ဟု ခေါ်ကြသည်။ ကျန်းဖုန်းတို့ ခြံမှ နှစ်စဉ်ဝင်ငွေ ယွမ်တစ်သောင်းကျော်ရရှိရာ မဆိုးလှပေ။
ဒုတိယတစ်ခုက အပြင်အလုပ် လိုက်လုပ်ခြင်း။ ကျေးလက်နေ အမျိုးသားအများစုသည် ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်ကြပြီး ကျန်းဖခင်လည်း မပါမဖြစ်။ ဒါက သူ့၏ အဓိက ဝင်ငွေဖြစ်သည်။ အိမ်ဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ မြောင်းတူးခြင်း စသည့် ပင်ပန်းသော အလုပ်ကြမ်းများကို နေပူမရှောင် မိုးရွာမရှောင် လုပ်ကိုင်ခဲ့ရသည်။
ယခင်က မိဘပိုက်ဆံကို တောင်းသုံးနေရသော ကျန်းဖုန်းအနေဖြင့် ဖခင်ကို အလုပ်ကြမ်းမလုပ်ရန် တားမြစ်ပိုင်ခွင့် မရှိခဲ့ပေ။ ယခုမှသာ သူ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ပြီဖြစ်သည်။
သားဖြစ်သူ၏ စကားကို ကြားရသောအခါ ကျန်းဖခင် အလွန်ကျေနပ်သွားသည်။ မျက်နှာတွင် သွေးရောင်လွှမ်းနေပြီး "ကောင်းပါပြီကွာ" ဟု ထပ်ခါတလဲလဲ ပြောနေသည်။ ဒီနေ့သောက်ရသော အရက်သည် ပို၍ အရသာရှိသလို ခံစားနေရသည်။
မိခင်ဖြစ်သူလည်း သဘောတူကြောင်း ခေါင်းတငြိမ့်ငြိမ့် လုပ်နေသည်။ သားအငယ်ဆုံး ဘွဲ့ရပြီးနောက်ပိုင်း မိသားစုဘဝက တဖြည်းဖြည်း ပိုမို ကောင်းမွန်လာသည်ဟု ခံစားနေရသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: