အခန်း (၁၅) အောင်သွယ်တော် အလည်ရောက်ခြင်း
ချင်းဟယ်မြို့နယ်။
ကျေးလက်သမဝါယမအသင်းရုံး အပေါက်ဝတွင် ကျန်းဖုန်းက စိတ်ကူးလိုက်သည်နှင့် virtual screen တစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ သူက ဖောက်သည် ကျူးလျန်၏ နာမည်နှင့် ID နံပါတ်ကို ရိုက်ထည့်လိုက်ပြီး "အိမ်ထောင်ဖက် ရှာဖွေခြင်း" ခလုတ်ကို နှိပ်လိုက်သည်။
ချက်ချင်းပင် ကျန်းဖုန်းရှိရာမှ မမြင်ရသော လှိုင်းတစ်ခု ဖြာထွက်သွားပြီး ပတ်ဝန်းကျင်ကို စကင်န်ဖတ်လိုက်သည်။ ၁၀ မိုင်ပတ်လည်အတွင်း မရေမတွက်နိုင်သော ဝေဝါးသော ပုံရိပ်များ လျင်မြန်စွာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး နောက်ဆုံးတွင် တစ်ခုတည်းသော ပုံရိပ်အပေါ်တွင် ရပ်တန့်သွားသည်။
[နာမည်] တိန့်ဝမ်ထင်
[အသက်] ၂၇ နှစ်
[မိသားစုနောက်ခံ]...
[ပင်ကိုယ်စရိုက်နှင့် ဝါသနာများ]...
[အချစ်ရေးရာဇဝင်]...
[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၇၂
ရမှတ်ကို ကြည့်ပြီး ကျန်းဖုန်း ခေါင်းခါလိုက်သည်။ ရမှတ်က မဆိုးသော်လည်း ကျန်းဖုန်း စိတ်တိုင်းမကျသေးပေ။
ထို့ကြောင့် ကျူးလျန်နေထိုင်ရာ ချင်းရှန်းမြို့နယ်ဘက်သို့ လျှပ်စစ်စကူတာ မောင်းနှင်ထွက်ခွာခဲ့သည်။ လမ်းတစ်ဝက်တွင် နောက်တစ်ကြိမ် ထပ်ရှာကြည့်သော်လည်း ရမှတ်က ပိုနိမ့်သွားသည်။
ချင်းရှန်းလမ်းမပေါ် ရောက်သောအခါ ထပ်ရှာကြည့်ရာ ရမှတ် ၇၃ အထိ တက်လာသည်။ သို့သော် သူ့သတ်မှတ်ချက် မပြည့်မီသေးသဖြင့် တန်ကျန်းမြို့နယ်ဘက်သို့ ဦးလှည့်လိုက်ရသည်။
တန်ကျန်းမြို့နယ်သို့ သွားရာလမ်းနှင့် ရောက်သောအခါ ထပ်ရှာကြည့်သော်လည်း အမြင့်ဆုံးရမှတ်မှာ ၆၈ သာ ရှိသဖြင့် ကျန်းဖုန်း မျက်မှောင်ကြုတ်မိသွားသည်။
နောက်ထပ် မြို့နယ်တစ်ခု ဆက်သွားချင်သော်လည်း မြို့နယ် ၂ ခု ဖြတ်မောင်းလာပြီးဖြစ်ရာ စကူတာဘက်ထရီ အားကုန်တော့မည်ဖြစ်၍ ပြန်လှည့်ခဲ့ရသည်။
နောက် ၂ ရက်အတွင်း ကျန်းဖုန်းသည် မြို့နယ် ၅ ခုလောက် လှည့်လည်သွားလာပြီးမှ နောက်ဆုံးတွင် မောင်လင်မြို့နယ်၊ ထန်ကျောင်ရွာမှ "တိန့်ယာဖျင်" အမည်ရှိ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ကျူးလျန်တို့၏ လိုက်ဖက်မှုရမှတ် ၈၀ ရှိသည်ကို တွေ့ရှိခဲ့သည်။
သင့်တော်မည့်သူ ရှာတွေ့သည်နှင့် ကျန်းဖုန်းသည် မဆိုင်းမတွပင် သစ်သီးတစ်ထုပ်ဝယ်ကာ ထန်ကျောင်ရွာရှိ တိန့်ယာဖျင်၏ အိမ်သို့ ထွက်ခွာလာခဲ့သည်။
...
ထန်ကျောင်ရွာ။
လွန်ခဲ့သော ၂ နှစ်ကမှ ဆင်းရဲမွဲတေမှု လွတ်ကင်းစာရင်းဝင်ခဲ့သော တိန့်မိသားစု၏ အိမ်ရှေ့တွင် ဖြစ်သည်။
အမြစ်များထွက်နေသော လိုင်ချီးပင်ကြီးအောက်တွင် တိန့်ချင်းရှန်းသည် ဘယ်လက်ဖြင့် ရေပိုက် (ရေပြောင်း) ကို ကိုင်ထားပြီး ညာလက်ဖြင့် ဆေးရွက်ကြီးကို ကျွမ်းကျင်စွာ ထည့်ကာ မီးညှိပြီး ဖွာရှိုက်နေသည်။
ရေပြောင်းဖွာရင်း အိမ်ထဲတွင် ဆန်ဆေးပြီး ထမင်းချက်နေသော သမီးဖြစ်သူ တိန့်ယာဖျင်ကို လှမ်းကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
တိန့်ချင်းရှန်းသည် ဖခင်မရှိဘဲ ကြီးပြင်းလာသူ ဖြစ်သည်။ (သူ့ဖခင်သည် ရာစုနှစ်ဟောင်းက အထူးကာလအတွင်း ကျေးလက်သို့ ပို့ဆောင်ခံရသော ပညာတတ်လူငယ်တစ်ဦးဖြစ်ပြီး တီဗီဇာတ်လမ်းတွဲများထဲကအတိုင်း မြို့ပြန်ရန်အတွက် သားမယားကို စွန့်ပစ်ခဲ့သူဖြစ်သည်။) မိခင်ဖြစ်သူကလည်း သူ ၆ နှစ်သားအရွယ်တွင် ဆုံးပါးသွားသည်။
အဘိုးအဘွားများက သူ့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ခဲ့ကြသော်လည်း ကျန်းမာရေးမကောင်းသဖြင့် သူ ၁၀ နှစ်သားအရွယ်တွင် ဆုံးပါးသွားကြပြန်သည်။ ဦးလေးဖြစ်သူသာ မရှိလျှင် တိန့်ချင်းရှန်း လူဖြစ်လာပါ့မလား မသေချာပေ။
အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် ဦးလေး၏ ကူညီမှုဖြင့် အိမ်ထောင်ပြုနိုင်ခဲ့သည်။ ဘဝအမောတွေ ပြီးဆုံးပြီး ကောင်းမွန်သော ဘဝတစ်ခု စတင်နိုင်ပြီဟု ထင်ခဲ့သည်။
သို့သော် ယခင်က ကံဆိုးမှုများသည် အစပျိုးရုံသာ ရှိသေးကြောင်း သူ မသိခဲ့ပေ။ အိမ်ထောင်သက် ၃ နှစ်အရောက်တွင် ဇနီးဖြစ်သူသည် ထင်းသယ်ရင်း ချော်လဲကာ သစ်တုံးပိပြီး လည်ပင်းရိုးကျိုးကာ တစ်ကိုယ်လုံး လေဖြတ်သွားခဲ့သည်။ ကျင်ကြီးကျင်ငယ်ပင် မထိန်းနိုင်တော့ပေ။
ထိုအချိန်မှစ၍ တိန့်ချင်းရှန်းသည် လေဖြတ်နေသော ဇနီးနှင့် တစ်နှစ်အရွယ် သမီးငယ်ကို ပြုစုရင်း မိသားစု စားဝတ်နေရေးအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရသည်။ ယောက္ခမနှင့် ခယ်မတို့ ကူညီကြသော်လည်း ထိုနှစ်များက အလွန် ခက်ခဲကြမ်းတမ်းခဲ့သည်။ ယခု ပြန်တွေးမိလျှင်ပင် တိန့်ချင်းရှန်း ကြက်သီးထမိနေဆဲ။
သမီးဖြစ်သူ တိန့်ယာဖျင်ကို ဆင်းရဲဒုက္ခများကြားမှ ပြုစုပျိုးထောင်ကာ လွန်ခဲ့သော နှစ်အနည်းငယ်က အိမ်ထောင်ချပေးခဲ့သည်။ သို့သော် သမီးဖြစ်သူကလည်း မိသားစု၏ ကံဆိုးမိုးမှောင်ကျမှုကို ဆက်ခံထားသကဲ့သို့ ကိုယ်ဝန်လွယ်ထားရစဉ် မတော်တဆ ချော်လဲခဲ့သည်။
ထိုသို့ချော်လဲမှုကြောင့် ကလေးပျက်ကျရုံသာမက သွေးလွန်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကလေးမရနိုင်တော့သော အခြေအနေ ဖြစ်သွားခဲ့သည်။
ထိုအခါ သမီးဖြစ်သူ၏ ခင်ပွန်းသည်က မိဘများ၏ မြှောက်ပေးမှုဖြင့် ဆေးရုံတက်နေသော ဇနီးသည်ကိုပင် ဂရုမစိုက်ဘဲ ရက်ရက်စက်စက် ကွာရှင်းခွင့် တောင်းခဲ့သည်။
ယခုအခါ သမီးဖြစ်သူ ကွာရှင်းထားသည်မှာ ၃ နှစ် ရှိပြီဖြစ်သလို၊ ၂၈ နှစ်တိုင်တိုင် အိပ်ရာထဲ လဲနေခဲ့သော ဇနီးသည်လည်း နောင်တများနှင့်အတူ ကွယ်လွန်သွားခဲ့ပြီ။
တစ်ဘဝလုံး ဆင်းရဲဒုက္ခ ခံစားခဲ့ရသော တိန့်ချင်းရှန်းအတွက် ကံကြမ္မာက ပြောင်းလဲစရာ မရှိတော့။ ယခု သူ တစ်ခုတည်းသော စိတ်ပူပန်စရာမှာ သမီးဖြစ်သူ တိန့်ယာဖျင်၏ အိမ်ထောင်ရေးပင် ဖြစ်သည်။
သမီးဖြစ်သူက အခုမှ အသက် ၃၀ သာ ရှိသေးပြီး လျှောက်လှမ်းရမည့် ခရီးက ရှည်ဝေးလှသည်။ ဒါပေမဲ့ သမီးဖြစ်သူရဲ့ အခြေအနေနဲ့ အိမ်ထောင်ကောင်းတစ်ခု ရဖို့ဆိုတာ သိပ်ခက်ခဲလွန်းလှတယ်။
တွေးရင်းနဲ့ တိန့်ချင်းရှန်းသည် စီးကရက်ကို ပါးစပ်ထဲပြန်ထည့်ကာ မီးညှိပြီး ဖွာရှိုက်နေလိုက်သည်။
ထိုစဉ် ရွှင်လန်းတက်ကြွသော အသံတစ်ခု ထွက်ပေါ်လာသည်။ "မင်္ဂလာပါ ဦးလေး... ဒီအိမ်က တိန့်ယာဖျင်ရဲ့ အိမ် ဟုတ်ပါသလား။"
တိန့်ချင်းရှန်း လှမ်းကြည့်လိုက်တော့ အသက် ၂၀ မပြည့်တပြည့်လောက် ခန့်မှန်းရသော ရုပ်ရည်ချောမောသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသဖြင့် စိတ်ဝင်တစား ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်ကွဲ့။ လူလေးက ဘာကိစ္စ ရှိလို့လဲ။"
ထိုလူငယ်ချောလေးမှာ ဖောက်သည်အတွက် အိမ်ထောင်ဖက် ရှာဖွေပေးရန် တက်ကြွစွာ လှုပ်ရှားနေသော ကျန်းဖုန်းပင် ဖြစ်သည်။
ကျန်းဖုန်းက စကူတာကို ရပ်လိုက်ပြီး မြို့ထဲမှ ဝယ်လာသော သစ်သီးထုပ်ကို ကမ်းပေးရင်း ပြုံးလျက် ပြောလိုက်သည်။ "အော်... ဦးလေးတိန့်ပဲ။ ကျွန်တော့်နာမည်က ကျန်းဖုန်းပါ။ ချင်းဟယ်မြို့နယ်ကပါ။ ဒီနေ့ ဦးလေးတိန့်နဲ့ အစ်မယာဖျင်ကို တိုင်ပင်စရာ အရေးကြီးကိစ္စရှိလို့ လာခဲ့တာပါ။"
ကျန်းဖုန်း လျှောက်လာကတည်းက တိန့်ချင်းရှန်းသည် ရေပြောင်းကို ဘေးချထားလိုက်ပြီး သစ်သီးအိတ်ကို မသိစိတ်ဖြင့် လှမ်းယူကာ ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။ "ဘာအရေးကြီးကိစ္စများလဲ။"
"အဖေ... ဘယ်သူရောက်နေတာလဲ။"
အိမ်ထဲမှ တိန့်ယာဖျင်က အသံကြား၍ ထွက်လာသည်။
ကျန်းဖုန်းက အမြန် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ အစ်မယာဖျင်။ ကျွန်တော့်နာမည်က ကျန်းဖုန်းပါ။"
တိန့်ချင်းရှန်းက "ယာဖျင်ရေ... ဒီက လူငယ်လေးက အရေးကြီးကိစ္စ ပြောစရာရှိလို့တဲ့" ဟု ပြောလိုက်သည်။
ဒါကိုကြားတော့ တိန့်ယာဖျင် မျက်မှောင်ကြုတ်လိုက်ပြီး သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ သူမ၏ မသိစိတ်ထဲတွင် ကျန်းဖုန်းကို လိမ်လည်လှည့်ဖြားသူ တစ်ယောက်ဟု ထင်မြင်သွားပုံရသည်။
ပရော်ဖက်ရှင်နယ် အောင်သွယ်တော်တစ်ယောက်အနေဖြင့် လူကဲခတ်ခြင်းသည် အခြေခံကျွမ်းကျင်မှု ဖြစ်သည်။ တိန့်ယာဖျင်၏ တုံ့ပြန်မှုကို ကျန်းဖုန်း သတိပြုမိသဖြင့် ပါးပါးလေး ပြုံးကာ ပြောလိုက်သည်။ "ဦးလေးတိန့်၊ အစ်မယာဖျင်... ကျွန်တော့်ကိုယ်ကျွန်တော် ပြန်မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်က ကျန်းဖုန်းပါ၊ ချင်းဟယ်မြို့နယ်ကပါ။ ကျွန်တော်က လူတွေကို ဖူးစာရေးနတ် ဆက်ပေးတဲ့ အောင်သွယ်တော်တစ်ယောက်ပါ။"
ဒါကိုကြားတော့ သားအဖနှစ်ယောက်စလုံး အံ့သြမှင်တက်သွားကြသည်။ အောင်သွယ်တော်တွေ အများကြီး မြင်ဖူးပေမယ့် ဒီလောက် ငယ်ရွယ်တဲ့ အောင်သွယ်တော်မျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ကျန်းဖုန်းက ပြုံးပြီး ဆက်ပြောသည်။ "ဒါကြောင့် ဒီနေ့ ကျွန်တော် ခွင့်မတောင်းဘဲ ရောက်လာတာပါ။ ဦးလေးတိန့်နဲ့ အစ်မယာဖျင်ကို မင်္ဂလာကိစ္စ ဆွေးနွေးချင်လို့ပါ။"
"အော်... အဲ့လိုလား" ဟု တိန့်ယာဖျင်က အထင်လွဲမှားမိတာကို သဘောပေါက်ပြီး ပြောလိုက်သည်။
တိန့်ချင်းရှန်းက အောင်သွယ်လာမှန်း သိလိုက်သည်နှင့် သမီးဖြစ်သူကို အမြန် ပြောလိုက်သည်။ "ယာဖျင်... ဘာရပ်လုပ်နေတာလဲ။ ဧည့်သည်ထိုင်ဖို့ ထိုင်ခုံ မြန်မြန်သွားယူလေ။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: