အခန်း (၁၈) အမှတ်တရနေ့လေးတစ်နေ့
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ စနေနေ့။
ဒီနေ့သည် နေ့ထူးနေ့မြတ် ဖြစ်သောကြောင့် ကျန်းဖုန်းသည် ပုံမှန်ထက် စောစောထခဲ့သည်။ သူ မျက်နှာသစ်သွားတိုက်နေစဉ် ဆန်ဆေးနေသော မိခင်ဖြစ်သူက မနေနိုင်ဘဲ မေးလိုက်သည်။ "ရှောင်ဖုန်း... ဘာလို့ စောစောထတာလဲ။ နည်းနည်းလောက် ထပ်အိပ်ပါဦးလား။"
ကျန်းဖုန်းက မျက်နှာသစ်ရင်း "အိပ်မပျော်လို့ ထလိုက်တာပါ။ ဒီနေ့မနက် အိမ်ကို ဧည့်သည်လာမှာလေ။ အမေ... ဘာဟင်းချက်စရာ လိုလဲပြော၊ ကျွန်တော် ခဏနေ သွားဝယ်လိုက်မယ်" ဟု ပြောလိုက်သည်။
ဒါကိုကြားတော့ ကျန်းမေ မျက်လုံးများ အရောင်တောက်သွားပြီး "ရှောင်ဖုန်း... ဖောက်သည်သစ် ရပြန်ပြီလား" ဟု မေးလိုက်သည်။
ကျန်းဖုန်းက မျက်နှာသုတ်ပုဝါကို ချိတ်ရင်း ခေါင်းခါပြုံးပြလိုက်သည်။ "ဖောက်သည်သစ် မဟုတ်ပါဘူး။ ချင်းရှန်းမြို့နယ်က အစ်ကိုကျူးလေ။ သူတို့ မနေ့က မြို့ပေါ်တက်ပြီး လက်မှတ်ထိုးလိုက်ကြပြီ။ ဒီနေ့ အောင်သွယ်လာကန်တော့မလို့တဲ့။"
ပြောရင်းနှင့် ကျန်းဖုန်း သက်ပြင်းချမိသွားသည်။ ပထမဆုံး အောင်သွယ်လာကန်တော့သည့် ဖောက်သည်သည် ပထမဆုံး ဖောက်သည်ဖြစ်သော လီမိသားစု မဟုတ်ဘဲ ဒုတိယဖောက်သည် ကျူးမိသားစု ဖြစ်လာလိမ့်မည်ဟု ဘယ်သူ ထင်ထားမိပါ့မလဲ။
ပိုင်လျန်ခရိုင် ဓလေ့ထုံးစံအရ မင်္ဂလာဆောင်ပြီး နောက်တစ်ရက်တွင် အောင်သွယ်ကို လာရောက်ကန်တော့လေ့ရှိသည်။ ပထမဆုံး ဖောက်သည် လီရှင်းဝမ်နှင့် ကျန်းချိုလန်တို့၏ မင်္ဂလာပွဲသည် မနက်ဖြန် (ဇူလိုင် ၃၁) ကျမှ ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် ထုံးစံအရ သဘက်ခါမှသာ လာကန်တော့ကြမည် ဖြစ်သည်။
ဒုတိယဖောက်သည် ကျူးလျန်က ၁၀ ရက်လောက် နောက်ကျပြီးမှ ရောက်လာသော်လည်း မင်္ဂလာပွဲ ကျင်းပရန် အစီအစဉ်မရှိဘဲ လက်မှတ်ထိုးရုံသာ လုပ်လိုက်သဖြင့် ပထမဖောက်သည်ထက် စောစီးစွာ အောင်သွယ်လာကန်တော့ခြင်း ဖြစ်သည်။
ဒါကိုကြားတော့ ကျန်းမေ မျက်လုံးပြူးသွားပြီး "ဟယ်... မြန်လိုက်တာ။ မင်း Blind date စီစဉ်ပေးတာ တစ်ပတ်လောက်ပဲ ရှိသေးတယ် မဟုတ်လား။ အခု လက်မှတ်ထိုးပြီးသွားပြီပေါ့။"
ကျန်းဖုန်း ရယ်မောလိုက်ပြီး "နည်းနည်းတော့ မြန်တယ်ဗျ။ ဒါပေမဲ့ ဒါက ရိုးရိုးပါပဲ။ ဒီထက်မြန်တာတွေတောင် ရှိသေးတယ်။ သူတို့က ရက်ပိုင်းလောက် တွဲကြည့်ပြီး အဆင်ပြေတယ်လို့ ခံစားရလို့ရယ်၊ ပြီးတော့ ကျွန်တော့်ကို ယုံကြည်လို့ရယ်ကြောင့် အခုလို မြန်မြန်ဆန်ဆန် လက်မှတ်ထိုးလိုက်ကြတာပါ။"
ကျန်းမေ ဝမ်းသာအားရ ပြောလိုက်သည်။ "ဝမ်းသာစရာပဲ။ မင်း အိမ်မှာပဲနေပြီး ဧည့်သည်စောင့်လိုက်။ ဈေးဝယ်တာ ချက်ပြုတ်တာ အမေတို့ လုပ်လိုက်မယ်။ မင်းအဖေနဲ့ အစ်ကိုကြီးကို အခုပဲ သွားနှိုးပြီး ကူခိုင်းလိုက်မယ်။"
ကျန်းဖုန်း ရယ်မောလိုက်ပြီး "အမေရာ... ဧည့်သည်က ဒီလောက်စောစော ဘယ်ရောက်လာပါ့မလဲ။ ကျွန်တော်ပဲ ဈေးသွားဝယ်လိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
သို့သော် ကျန်းမေ လက်မခံပေ။ သားအငယ်ဆုံးသည် သူမ၏ အသည်းကျော်ဖြစ်ပြီး အမြဲ အလိုလိုက်ထားသူဖြစ်သည်။ ယခု အောင်သွယ်လုပ်ငန်းဖြင့် ပိုက်ဆံရှာနိုင်နေပြီဖြစ်ရာ ဈေးဝယ်သည့် အလုပ်သေးသေးမွှားမွှားလေးကိုပင် မခိုင်းချင်တော့ပေ။
မိခင်ဖြစ်သူကို တားမရမှန်းသိသဖြင့် ကျန်းဖုန်း လက်လျှော့လိုက်ရသည်။
မကြာခင် ဖခင်ဖြစ်သူနှင့် အစ်ကိုကြီးတို့ နိုးလာကြသည်။ အစပိုင်းတွင် အိပ်ချင်မူးတူး ဖြစ်နေကြသော်လည်း "ဒီနေ့ အောင်သွယ်လာကန်တော့မယ့် ဧည့်သည်ရှိတယ်" ဟု ကြားလိုက်သည်နှင့် သားအဖနှစ်ယောက်လုံး ချက်ချင်း နိုးကြားသွားကြသည်။
ကျန်းဖုန်း အောင်သွယ်စလုပ်ကတည်းက သားအဖနှစ်ယောက် အတော်လေး အကျိုးခံစားခွင့် ရနေသည်။ သစ်သီးတွေ မပြောနဲ့ဦး၊ ဖောက်သည် ၂ ယောက် ပေးထားသည့် "True Dragon" စီးကရက်တွေကြောင့် သူတို့မိတ်ဆွေအပေါင်းအသင်းများကြား မျက်နှာပွင့်နေရသည်။
တစ်ဘူး ယွမ် ၅၀ တန် စီးကရက်ဆိုတာ ရှားပါးသည်လေ။ ကျေးလက်မှာ သူဌေးတွေနဲ့ လောင်းကစားသမားတွေကလွဲရင် ဘယ်သူက ဒီလောက်ဈေးကြီးတဲ့ စီးကရက်ကို သောက်မှာလဲ။ ကျန်းဖုန်းက ဆေးလိပ်မသောက်တတ်တော့ ဖောက်သည်တွေပေးသမျှ စီးကရက်အကောင်းစားတွေက ဖခင်နှင့် အစ်ကိုကြီးအတွက် ဖြစ်လာသည်။
အခု အောင်သွယ်လာကန်တော့မယ်ဆိုတော့ "True Dragon" စီးကရက်တွေ ပါလာဦးမှာ သေချာသည်။ ဒါကြောင့် သားအဖနှစ်ယောက်က ကျန်းဖုန်းထက်တောင် ပိုတက်ကြွနေပြီး တစ်ယောက်က အိမ်သန့်ရှင်းရေးလုပ်၊ တစ်ယောက်က ဈေးသွားဝယ်နဲ့ အလုပ်ရှုပ်နေကြသည်။
မနက် ၁၀ နာရီ ဝန်းကျင်တွင် အနီရောင် တီယာနာ ကားတစ်စီး ကျန်းမိသားစု အိမ်ရှေ့သို့ ရောက်လာသည်။ ဧည့်သည်များမှာ မင်္ဂလာမောင်နှံသစ် ကျူးလျန်နှင့် တိန့်ယာဖျင်တို့အပြင် အစ်မဖြစ်သူ ကျူးလီနှင့် ဖခင်ဖြစ်သူတို့ ဖြစ်သည်။
ကျန်းမိသားစု လေးယောက်လုံး ထွက်ကြိုကြသည်။ နှုတ်ဆက်စကား ပြောပြီးနောက် ကျူးမိသားစု ၄ ယောက်သည် ကားနောက်ဖုံးထဲမှ အောင်သွယ်ကန်တော့ပွဲ ပစ္စည်းများကို စတင် ချပေးကြသည်။
ဝက်ခေါင်း၊ ဝက်ပေါင်၊ ဝက်လက် စသည့် မပါမဖြစ် ပစ္စည်းများအပြင် မောင်ထိုင်အရက် ၂ ပုလင်း၊ တလောင် စီးကရက် ၂ တောင့်၊ ကြည့်ရုံနဲ့ ဈေးကြီးမှန်းသိသာသော လက်ဖက်ခြောက် ၂ ဘူး၊ မင်္ဂလာသကြားလုံးများ၊ ကိတ်မုန့်များ၊ မြေပဲ၊ နေကြာစေ့နှင့် သစ်သီးများ ပါဝင်သည်။ ထို့အပြင် အလွန်တရာ ကြီးမားထူထဲသော အနီရောင်စာအိတ်ကြီး တစ်အိတ်လည်း ပါသေးသည်။ အတွင်းထဲတွင် ငွေစက္ကူ ဘယ်လောက်တောင် ပါမလဲ မသိနိုင်ပေ။
(ဧည့်ခံစကားပြောသည့် စာလုံးရေ ၃၀၀၀ ခန့်ကို ကျော်လိုက်ပါမည်။)
နေ့လယ်တွင် ကျန်းမိသားစုက ကျူးမိသားစုကို ခမ်းနားသော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ အိမ်ရှင်ရော ဧည့်သည်ပါ ပျော်ရွှင်စွာ စားသောက်ကြသည်။ ထမင်းစားပြီးနောက် ကျူးမိသားစုသည် လက်ဖက်ရည်သောက်ရင်း ၁၀ မိနစ်ခန့် စကားစမြည်ပြောကာ ကျေးဇူးတင်စကားများ ပြောကြားပြီး ပြန်လည် ထွက်ခွာသွားကြသည်။
ကျူးမိသားစု ထွက်သွားသည်နှင့် အောင့်ထားရသော ကျန်းဖေးက မနေနိုင်ဘဲ ပြောလိုက်သည်။ "အမေ... ဟို အနီရောင်စာအိတ်အကြီးကြီးကို မြန်မြန်ဖွင့်ကြည့်ပါဦး။ ပိုက်ဆံ ဘယ်လောက်ပါလဲ သိချင်လို့။"
ကျန်းမေက "လောလိုက်တာဟယ်" ဟု ပြောရင်း စာအိတ်သွားယူသည်။ တကယ်တော့ သူမက ကျန်တဲ့သူတွေထက် ပိုသိချင်နေသည်။
ဧည့်သည်များနှင့် အတူသောက်ထားသော ဖခင်ဖြစ်သူက မျက်နှာနီရဲရဲဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။ "ကျူးမိသားစုက တကယ် ရိုးသားတာပဲ။ အနီရောင်စာအိတ်ထဲ ဘယ်လောက်ပါလဲ မသိပေမယ့် လက်ဆောင်ပစ္စည်းတွေချည်းပဲ တွက်ကြည့်တာတောင် အနည်းဆုံး ယွမ် ၄၀၀၀ လောက် ရှိမယ်။ တကယ် မယုံနိုင်စရာပဲ။"
ဒါကိုကြားတော့ ကျန်းဖုန်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူလည်း တွက်ကြည့်ပြီးပြီ၊ လက်ဆောင်ပစ္စည်းတန်ဖိုးက ယွမ် ၄၀၀၀ အောက် မနည်းပေ။
ကျန်းဖေးက စိတ်လှုပ်ရှားစွာ ပြောသည်။ "ဒီတစ်ခေါက် စီးကရက် ၂ တောင့်တောင် ပါတယ်။ အဖေနဲ့ ကျွန်တော်တော့ ရှောင်ဖုန်းကျေးဇူးနဲ့ စီးကရက်ကောင်းတွေ သောက်ရတော့မယ်။"
ဖခင်ဖြစ်သူက ပျော်လည်းပျော် နှမြောလည်းနှမြောဖြင့် "ငါတို့ကို ဒီလောက်ကောင်းတဲ့ စီးကရက်ပေးတာ နှမြောစရာကြီးကွာ" ဟု ပြောသည်။
ကျန်းဖုန်း ရယ်မောလိုက်ပြီး "အဖေကလည်း ဘာနှမြောစရာ ရှိလို့လဲ။ ဆေးလိပ်သောက်တာ ကျန်းမာရေး ထိခိုက်တယ်လို့ ပြောလည်း မရဘူး။ သောက်မယ့်သောက်တော့ ကောင်းတာလေး သောက်ပေါ့။ ပေါပေါပဲပဲတွေ သောက်တာထက် စာရင် တော်သေးတာပေါ့" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် ကျန်းမေက အနီရောင်စာအိတ်ကြီးကို ယူလာသည်။ အမျိုးသား ၃ ယောက်လုံး စီးကရက်ကိစ္စ မေ့သွားပြီး ကျန်းမေ စာအိတ်ဖွင့်သည်ကို မျက်လုံးအဝိုင်းသား ကြည့်နေကြသည်။ ထူထဲသော ယွမ် ၁၀၀ တန် အထပ်လိုက်ကြီး ထွက်လာသည်။
ကျန်းမေက ပိုက်ဆံကို ကျန်းဖုန်းလက်ထဲ ထည့်ပေးပြီး "ရှောင်ဖုန်း... မင်းပဲ ရေတွက်လိုက်" ဟု ပြောသည်။
ကျန်းဖုန်းက ပိုက်ဆံကို ကိုင်ကြည့်ပြီး အထူကို မှန်းဆကာ ပြောလိုက်သည်။ "ကျွန်တော် ထင်တာတော့ ယွမ် ၁၅,၀၀၀ အောက် မနည်းဘူး။ ဒေသဓလေ့အရ လာဘ်ကောင်းဂဏန်းကို ကြိုက်ကြတော့ ၉၀% လောက်က ယွမ် ၁၆,၈၀၀ ဖြစ်ဖို့ များတယ်။"
ပြောပြီးသည်နှင့် သူ ရေတွက်လိုက်သည်။ မကြာခင် ရေတွက်လို့ ပြီးသွားသည်။
ကျန်းဖုန်း ခန့်မှန်းတာ မှန်သည်။ ယွမ် ၁၆,၈၀၀ တိတိ ဖြစ်သည်။
ကျန်းဖေးက အံ့သြတကြီး အော်လိုက်သည်။ "ရှောင်ဖုန်း... မင်း တကယ်တော်တယ်ကွာ။ ဒါတောင် မှန်အောင် ခန့်မှန်းနိုင်တယ်။"
ကျန်းမေက ပိုက်ဆံများကို စုပေါင်းတွက်ချက်လိုက်သည်။ "အောင်သွယ်ခက ၁၆,၈၀၀၊ ကန်တော့ပွဲ လက်ဆောင်တွေက ၄,၀၀၀ ဆိုတော့ ၂၀,၈၀၀။ အောင်သွယ်လာငှားတုန်းက မုန့်ဖိုးနဲ့ လက်ဆောင်တွေက ၁,၁၀၀ ကျော်တယ်။ Blind date နေ့တုန်းက မုန့်ဖိုး ၈၀၀၊ အိမ်လာကြည့်တုန်းက မုန့်ဖိုး ၈၀၀... အားလုံးပေါင်း ဘယ်လောက်လဲ။"
မိခင်ဖြစ်သူက အကုန်မှတ်မိနေသဖြင့် ကျန်းဖုန်း ပြုံးလိုက်ပြီး "စုစုပေါင်း ယွမ် ၂၃,၅၀၀ လောက် ရှိတယ်" ဟု ဖြေလိုက်သည်။
ဒီပမာဏကို ကြားတော့ ကျန်းဖေး အံ့သြလွန်း၍ အသက်ရှူပင် မှားသွားသည်။ "ဘုရားရေ... ကျူးမိသားစု အောင်သွယ်လာငှားတာကနေ ဒီနေ့ ကန်တော့တာအထိ ၁၀ ရက်တောင် မပြည့်သေးဘူး မလား။ ကျွန်တော့်လစာ ၄ လစာလောက် ရသွားပြီပေါ့။"
ဖခင်ဖြစ်သူလည်း ထပ်တူ အံ့သြနေသည်။ ၁၀ ရက်မပြည့်ခင် ယွမ် ၂၃,၅၀၀ ရှာနိုင်သည်မှာ လုံဆန်းရွာတစ်ရွာလုံးတွင် ယှဉ်နိုင်သူ မရှိသလောက်ပင်။
ကျန်းမေက မျက်လုံးမှေးသွားသည်အထိ ပြုံးလိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ "မနက်ဖြန် ရှောင်ဖုန်းရဲ့ ပထမဆုံး ဖောက်သည် မင်္ဂလာဆောင်မယ်။ ဘာမှ မလွဲချော်ဘူးဆိုရင် သဘက်ခါကျရင် ရှောင်ဖုန်းဆီ နောက်ထပ် ငွေတစ်ထုပ် ထပ်ဝင်လာဦးမယ်။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: