၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်၊ တနင်္ဂနွေနေ့။

ယနေ့သည် လီရှင်းဝမ်နှင့် ကျန်းချိုလန်တို့၏ မင်္ဂလာနေ့ရက် ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် မင်္ဂလာဆောင်နှင့် နာရေးကိစ္စများသည် အလွန်အရေးကြီးသော ပွဲများဖြစ်ပြီး ဒေသအလိုက် ဓလေ့ထုံးစံများ ကွဲပြားကြသည်။

ချင်းဟယ်မြို့နယ်တွင် မင်္ဂလာဆောင်သည့်အခါ နေ့လယ်ကျော်သည်အထိ မလုပ်ရဟူသော ဓလေ့တစ်ခု ရှိသည်။ ဆိုလိုသည်မှာ သတို့သားသည် သတို့သမီးကို နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး အိမ်ပြန်ခေါ်လာရသည်။ ၁၂ နာရီ ကျော်သွားပါက လာဘ်မကောင်းဟု ယူဆကြသည်။ ထို့အပြင် သတို့သမီးကို သွားကြိုသည့်အခါ ဗြောက်အိုးဖောက်ခြင်းကို လုံးဝ တားမြစ်ထားပြီး၊ အိမ်ပြန်ရောက်မှသာ ကြိုဆိုသည့်အနေဖြင့် ဗြောက်အိုးဖောက်ကြသည်။

ဤဓလေ့သည် နာရေးနှင့် ခွဲခြားရန်အတွက် ဖြစ်သည်။ ချင်းဟယ်မြို့နယ်တွင် အသုဘပို့သည့် အချိန်သည် နေ့လယ်ခင်းဖြစ်ပြီး အလောင်းစင် ထမ်းသည်နှင့် ဗြောက်အိုးစဖောက်လေ့ရှိသည်။ အချို့ အိမ်နီးချင်းများဆိုလျှင် အလောင်းစင် ဖြတ်သွားသည်နှင့် ဗြောက်အိုးဖောက်ပြီး ပို့ဆောင်ပေးတတ်ကြသည်။

မင်္ဂလာဆောင်သည့်အခါ နေ့လယ်ကျော်မှ သတို့သမီးကို မခေါ်ရဟူသော ဓလေ့ကြောင့် ချင်းဟယ်မြို့နယ်သားများသည် ဝေးလံသော ဒေသမှ အမျိုးသမီးနှင့် လက်ထပ်ပါက သတို့သမီးကို တစ်ရက်ကြိုတင်၍ မြို့နယ် (သို့မဟုတ်) ခရိုင်ရှိ ဟိုတယ်တစ်ခုခုသို့ ခေါ်ဆောင်ထားရပြီး မင်္ဂလာဆောင်မည့်နေ့ကျမှ သွားရောက်ကြိုဆိုရလေ့ရှိသည်။

လီရှင်းဝမ်နှင့် ကျန်းချိုလန်တို့ကတော့ ကပ်လျက်မြို့နယ်များ ဖြစ်ကြသဖြင့် ဒီပြဿနာ မရှိပေ။

လီနှင့် ကျန်း မိသားစုနှစ်ဖက်စလုံးသည် ငွေကြေးပြည့်စုံကြပြီး သက်ဆိုင်ရာ မြို့နယ်အသီးသီးတွင် မျက်နှာဖုံးများ ဖြစ်ကြသည်။ ယခု အင်အားကြီး မိသားစုနှစ်ခု ပေါင်းဖက်ကြသည်ဖြစ်ရာ မင်္ဂလာဧည့်ခံပွဲသည် အလွန်ခမ်းနားပြီး စားပွဲဝိုင်း ၁၀၀ ကျော်အထိ ရှိကာ မကြာသေးမီနှစ်များအတွင်း တွေ့ရခဲသော ပွဲကြီးပွဲကောင်း ဖြစ်လာသည်။

ယာယီစင်မြင့်ပေါ်တွင်... သတို့သား လီရှင်းဝမ်သည် မိုက်ခရိုဖုန်းကို ကိုင်၍ မင်္ဂလာစကား ပြောကြားနေသည်။

"ချစ်ခင်လေးစားရပါသော ဆွေမျိုးမိတ်သင်္ဂဟများ၊ လူချောလူလှများခင်ဗျာ... ကျွန်တော်နဲ့ ကျန်းချိုလန်တို့ရဲ့ အချစ်ဇာတ်လမ်းမှာ အရေးပါတဲ့ အခိုက်အတန့်လေးကို သက်သေပြုပေးဖို့ ဒီနေ့လို နေ့ရက်ကောင်းလေးမှာ တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။"

"ခင်ဗျားတို့မရှိရင် ကျွန်တော်တို့ ဘယ်တော့မှ မမေ့နိုင်မယ့် ဒီမင်္ဂလာပွဲလေး ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။"

"ကျွန်တော် ပထမဆုံး ကျေးဇူးတင်ချင်သူတွေကတော့ ကျွန်တော်တို့ကို ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ မိဘနှစ်ပါးပဲ ဖြစ်ပါတယ်။"

"မွေးဖွားလာကတည်းက စကားပြောတတ်ဖို့၊ လမ်းလျှောက်တတ်ဖို့၊ အကောင်းအဆိုး ခွဲခြားတတ်ဖို့၊ လူကောင်းတစ်ယောက် ဖြစ်လာဖို့... အရာအားလုံးကို သင်ကြားပေးပြီး အချစ်တွေ ပုံပေးခဲ့ကြတယ်။ မိဘမေတ္တာဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့ မကုန်နိုင်ပါဘူး။"

"အဖေနဲ့အမေ... စိတ်ချပါ။ ကျွန်တော်တို့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး မိသားစုတစ်ခု တည်ဆောက်ပြပါ့မယ်။"

ထိုအချိန်တွင် လီရှင်းဝမ်သည် ကျန်းချိုလန်၏ လက်ကို ကိုင်လိုက်ပြီး နှစ်ယောက်သား မိဘများဘက်သို့ လှည့်ကာ ဦးညွှတ်အရိုအသေ ပြုလိုက်ကြသည်။

စင်ပေါ်တွင် ရပ်နေကြသော လီမင်ချန်တို့ ဇနီးမောင်နှံနှင့် ကျန်းကျင်းစုန်းတို့ ဇနီးမောင်နှံသည် ပြုံးပန်းဝေနေကြသည်။ သူတို့သည် ဤမင်္ဂလာပွဲကို အလွန်ကျေနပ်ကြပြီး တစ်နေကုန် ပြုံးထားရသဖြင့် ပါးစပ်များပင် ညောင်းနေလောက်ပြီ ဖြစ်သည်။

လီရှင်းဝမ်က ဆက်ပြောသည်။ "ဒုတိယမြောက် ကျေးဇူးတင်ချင်သူကတော့ ကျွန်တော်တို့ရဲ့ အောင်သွယ်တော်ကြီး ဆရာကျန်းပဲ ဖြစ်ပါတယ်။"

သူ့နာမည် ခေါ်လိုက်သည်ကို ကြားသောအခါ စင်အောက်တွင် ရပ်နေသော ကျန်းဖုန်းသည် ချက်ချင်း ပြုံးပြပြီး လက်ပြလိုက်သည်။

လီရှင်းဝမ်က ဆက်လက် ချီးကျူးလေသည်။ "မိတ်ဆွေတို့ရေ... ကျွန်တော်တို့ရဲ့ အောင်သွယ်တော်ကြီး ဆရာကျန်းက တကယ့်ကို ထူးခြားသူပါ။ လူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ပြီး အိမ်ထောင်ရေးအခြေအနေကို ဟောနိုင်တယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ တစ်ဖက်လူ ပျော်ရွှင်မလား မပျော်ရွှင်ဘူးလားဆိုတာ သိနိုင်တယ်။ တကယ် အံ့မခန်းပါပဲ။"

"အိမ်ထောင်မပြုရသေးတဲ့ မိတ်ဆွေတွေကို ဆရာကျန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီလို အကဲခတ်တော်ပြီး အရည်အချင်းရှိတဲ့ အောင်သွယ်တော်မျိုးနဲ့ ခင်ဗျားတို့ ထိုက်တန်ပါတယ်။"

ရင်းနှီးသော ဆွေမျိုးမိတ်ဆွေ အနည်းငယ်မှလွဲ၍ ဧည့်သည်အများစုသည် လီရှင်းဝမ်နှင့် ကျန်းချိုလန်ကို ပေါင်းဖက်ပေးခဲ့သော အောင်သွယ်တော်မှာ ဤမျှ စွမ်းဆောင်ရည်ရှိမှန်း မသိခဲ့ကြပေ။ လူအများအကြား ပြောစကားများ ဆူညံသွားသည်။

လီရှင်းဝမ်က ရယ်မောပြီး "အိမ်ထောင်ပြုဖို့ စိတ်ဝင်စားတဲ့ မိတ်ဆွေများ ကျွန်တော့်ကို သီးသန့် လာမေးလို့ ရပါတယ်။ အတိုချုပ်ပြောရရင် ဆရာကျန်းသာ မရှိရင် ဒီနေ့ လီရှင်းဝမ်ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

ထို့နောက် လီရှင်းဝမ်နှင့် ကျန်းချိုလန်တို့သည် ကျန်းဖုန်းဘက်သို့ လှည့်ကာ ဦးညွှတ်အရိုအသေ ပြုလိုက်ကြသည်။ ထိုအချိန်တွင် ကျန်းဖုန်းသည် ကျေနပ်ပီတိ ဖြစ်မိသွားသည်။ အသိအမှတ်ပြုခံရခြင်းသည် တကယ် ခံစားရ ကောင်းလှသည်။

"တတိယမြောက် ကျေးဇူးတင်ချင်သူကတော့ ကျွန်တော့်ဘေးနားက အလှမယ်လေးပါပဲ။ ကျွန်တော့်အမြင်မှာတော့ သူဟာ ကမ္ဘာပေါ်မှာ အလှဆုံး အမျိုးသမီးပါပဲ။"

လီရှင်းဝမ်က ကြင်နာစွာ ပြောလိုက်သည်။ "မိန်းမရေ... ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို လက်ထပ်ဖို့ သဘောတူခဲ့လို့ ကျေးဇူးတင်ပါတယ်။ ကိုယ်က မင်းကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီး မဖြစ်စေနိုင်ပေမယ့် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး အမျိုးသမီး ဖြစ်လာအောင် ကိုယ့်အသက်နဲ့ရင်းပြီး ကြိုးစားပေးပါ့မယ်။"

ပြောရင်းနှင့် လီရှင်းဝမ်သည် ကျန်းချိုလန်ကို ဦးညွှတ်လိုက်သည်။ ကျန်းချိုလန်သည် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး ခင်ပွန်းသည်ကို ကြင်နာစွာ ကြည့်နေမိသည်။ သူတို့နှစ်ဦး မျက်လုံးချင်းဆုံရာမှ အရာအားလုံးကို စကားလုံးမလိုဘဲ နားလည်လိုက်ကြသည်။

လီရှင်းဝမ်က နိဂုံးချုပ်အနေဖြင့် "နောက်ဆုံးအနေနဲ့ ဧည့်သည်တော်ကြီးများ အားလုံးကို ထပ်မံ ကျေးဇူးတင်ပါတယ်။ ထမင်းဟင်း သာမန်ကာလျှံကာလေးနဲ့ ဧည့်ခံတာကို သုံးဆောင်ပေးကြပါဦး။ အားလုံး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ" ဟု ပြောကြားလိုက်သည်။

နောက်ပိုင်း စားသောက်ဧည့်ခံမှု အသေးစိတ်ကိုတော့ ပြောပြနေစရာ မလိုတော့ပေ။ ဒီမင်္ဂလာပွဲတွင် ကျန်းဖုန်းသည် WeChat friend အယောက် ၁၀၀ ကျော် ထပ်တိုးသွားပြီး အားလုံးသည် အလားအလာရှိသော ဖောက်သည်များ ဖြစ်ကြသည်။

...

နောက်တစ်နေ့။

လီမိသားစု ၄ ယောက်သည် ကြီးမားလှသော အနီရောင်စာအိတ်ကြီးနှင့် လက်ဆောင်ပစ္စည်းများစွာကို သယ်ဆောင်ကာ အောင်သွယ်တော်အိမ်သို့ ရောက်ရှိလာကြသည်။ မနေ့က ကျူးမိသားစု လာတုန်းကထက် ပို၍ စည်ကားသိုက်မြိုက်သဖြင့် ကျန်းမိသားစု၏ အိမ်နီးချင်းများပါ အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။

လီမိသားစု ရောက်ရှိလာခြင်းကို ကျန်းမိဘများက ဝမ်းပန်းတသာ ကြိုဆိုကြသည်မှာ သေချာသည်။

"ဆရာကျန်း... မနေ့က မင်္ဂလာပွဲမှာ သေချာ ဧည့်မခံလိုက်ရဘူး။ ဒီနေ့ အခွင့်ကောင်းယူပြီး ဆရာ့ကို အရက်တစ်ခွက် တိုက်ပါရစေ။ ကျွန်တော့်အတွက် ဒီလောက် ပြည့်စုံတဲ့ ဇနီးသည်မျိုးနဲ့ မိတ်ဆက်ပေးတဲ့အတွက် ထပ်ပြီး ကျေးဇူးတင်ပါတယ်ဗျာ။"

"ဆရာကျန်း... နောက်တစ်ခွက် ထပ်တိုက်ပါရစေ။ ဒီခေတ်ကြီးမှာ ကိုယ်နဲ့ကိုက်ညီတဲ့ လက်တွဲဖော်ရှာရတာ ဘယ်လောက်ခက်ခဲလဲ ကျွန်တော် သိပါတယ်။ သူငယ်ချင်းတွေထဲမှာ မှားယွင်းတဲ့သူကို ရွေးမိလို့ ဘဝပျက်သွားတဲ့သူတွေ အများကြီးပဲ။ ဆရာကျန်းရဲ့ ကျေးဇူးကြောင့် ကျွန်တော်ကတော့ ကံကောင်းသွားပါပြီ။ ဒီကျေးဇူးကို တစ်သက် မမေ့ပါဘူး။"

"ဆရာကျန်း... ဒီတစ်ခွက်က ကျွန်တော့်မိန်းမ ကိုယ်စား တိုက်တာပါ။ သူ့ကို လက်ထပ်ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာဖြစ်သလို၊ သူ ကျွန်တော့်ကို ရတာကလည်း သူ့ကံကောင်းခြင်းပါပဲ။ အားလုံးက ဆရာကျန်းကြောင့်ပါ။"

"ဆရာကျန်း... နောက်တစ်ခွက်လောက်..."

လီရှင်းဝမ်သည် လူမှုရေးအရာတွင် ပါရမီရှင်ဆိုသည့် ဂုဏ်ပုဒ်နှင့်အညီ စားပွဲတွင် ထိုင်လိုက်သည်နှင့် မနားတမ်း ခွက်ချင်းတိုက်ကာ ဂုဏ်ပြုစကား ပြောတော့သည်။ မိနစ်ပိုင်းအတွင်းမှာပင် ကျန်းဖုန်းကို ၃၊ ၄ ခွက်လောက် တိုက်ပြီးနေပြီ။

ကံကောင်းသည်မှာ ကျန်းဖုန်း သောက်နေသည်မှာ ဘီယာဖြစ်၍သာ တော်တော့သည်။ မဟုတ်လျှင် ထမင်းစားစရာမလိုဘဲ အပေါ်ထပ်တက် အိပ်ရမည့်ကိန်း ဆိုက်နေပြီ။

လီရှင်းဝမ် ခွက်ထပ်မြှောက်တာ မြင်တော့ ကျန်းဖုန်း အမြန်တားလိုက်ရသည်။ "တော်ပါတော့ အစ်ကိုဝမ်ရာ။ ကျွန်တော်က အစ်ကို့လောက် အရက်မနိုင်ဘူး။ ဒီလိုဆက်တိုက်နေရင် ကျွန်တော် မှောက်တော့မယ်။"

လီရှင်းဝမ် ရယ်မောလိုက်ပြီး "ဆရာကျန်း... ကျွန်တော်က တိုက်ချင်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော်ပဲ မော့လိုက်ပါ့မယ်။ ဆရာကတော့ အဆင်ပြေသလို သောက်ပါ" ဟု ပြောလိုက်သည်။

ကျန်းဖုန်း ခွက်မြှောက်ပြီး ခွက်ချင်းတိုက်ကာ ရယ်မောလျက် "အစ်ကိုဝမ်... 'ဆရာ'၊ 'ဆရာ' နဲ့ ခေါ်မနေပါနဲ့ဗျာ။ ရင်းရင်းနှီးနှီးပဲ ခေါ်ပါ" ဟု ပြောလိုက်သည်။

လီရှင်းဝမ်က "ကောင်းပြီလေ၊ ဆရာသဘော" ဟု ချက်ချင်း သဘောတူလိုက်သည်။

စားပွဲ၏ တစ်ဖက်တွင်တော့ ကျန်းဖခင်နှင့် လီမင်ချန်တို့ ခွက်ချင်းတိုက်နေကြသည်။ သက်တူရွယ်တူများ ဖြစ်ကြပြီး တစ်ယောက်သားအကြောင်း တစ်ယောက် ချီးကျူးရင်း စကားလက်ဆုံ ကျနေကြသည်။

ကျန်းမိခင်နှင့် လီမိခင်တို့ကလည်း ရောက်တတ်ရာရာ ပြောရင်း ရံဖန်ရံခါ ကောက်ညှင်းဝိုင်ချိုလေး သောက်ကာ လိုက်ပါ စီးမျောနေကြသည်။

ကားမောင်းရမည့် ကျန်းချိုလန် တစ်ယောက်သာ အရက်မသောက်ရဘဲ ကျန်ရစ်သည်။ သူမသည် ခင်ပွန်းသည်ဘေးတွင် ပြုံးလျက် ထိုင်နေပြီး ရံဖန်ရံခါ အရက်ငှဲ့ပေးခြင်း၊ တစ်ရှူးပေးခြင်းတို့ ပြုလုပ်ပေးနေသည်။

ထမင်းစားပွဲသည် နေ့လယ် ၁၂ နာရီမှ ၂ နာရီအထိ ကြာမြင့်ပြီး အောင်မြင်စွာ ပြီးဆုံးသွားသည်။ လီမိသားစုသည် မျက်နှာများ နီရဲလျက် နှုတ်ဆက်ပြန်သွားကြသည်။

လီမိသားစု ပြန်သွားသည်နှင့် ကျန်းမေသည် သူမ အမျှော်လင့်ဆုံး အပိုင်းဖြစ်သော "ရလာဒ် စစ်ဆေးခြင်း" ကို စတင်တော့သည်။ ပထမဆုံး အာရုံအဖမ်းစားဆုံးအရာမှာ ထို ကြီးမားလှသော အနီရောင်စာအိတ်ကြီးပင် ဖြစ်သည်။

ကျန်းမေ စာအိတ်ဖွင့်သောအခါ လက်များပင် တုန်နေသည်။ စာအိတ်ဖွင့်လိုက်သောအခါ ငွေစက္ကူ ၄ ထပ် ထွက်လာသည်။ ၃ ထပ်မှာ ဘဏ်တံဆိပ်တုံး ပါရှိပြီး တစ်ထပ်လျှင် ယွမ် ၁၀,၀၀၀ တန်သည်။ အဖြူရောင် ဘဏ်တံဆိပ်ကြိုးကို အမင်္ဂလာမဖြစ်စေရန် အနီရောင် ဆေးဆိုးထားသည်။ နောက်တစ်ထပ်မှာ အနည်းငယ် ပါးပြီး သားရေကွင်း စည်းထားသည်။

ကျန်းဖခင် မျက်လုံးများ ပြူးကျယ်သွားသည်။

ကျန်းဖုန်း တစ်ချက်ကြည့်လိုက်ပြီး "ဟို ၃ ထပ်က ရေစရာမလိုဘူး၊ ၃ သောင်းတန်တွေ။ ပါးတဲ့တစ်ထပ်က အထူကိုကြည့်ရင် ၇ ထောင်၊ ၈ ထောင်လောက် ရှိမယ်။ လာဘ်ကောင်းဂဏန်း ယူထားတာဆိုတော့ ၃ သောင်း ၈ ထောင် ဖြစ်မယ်" ဟု ခန့်မှန်းလိုက်သည်။

ထိုအချိန်တွင် ကျန်းမိဘနှစ်ပါးလုံး ထိတ်လန့်အံ့သြနေကြသည်။ အထူးသဖြင့် တစ်နှစ်ပတ်လုံး ပင်ပန်းခံလုပ်၊ သစ်သီးခြံဝင်ငွေပါပေါင်းမှ ယွမ် ၄ သောင်း၊ ၅ သောင်းလောက်သာ ရသော ဖခင်ဖြစ်သူအဖို့ သားအငယ်ဆုံး၏ အောင်သွယ် ၂ ပွဲစာ ဝင်ငွေက သူ့တစ်နှစ်စာဝင်ငွေကို အလွယ်တကူ ကျော်လွန်သွားသည်ကို မြင်ရသောအခါ ပြောမပြတတ်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။

အတိအကျ သိရအောင် ကျန်းမေက ပိုက်ဆံများကို ထပ်ခါထပ်ခါ ရေတွက်ကြည့်ရာ သားအငယ်ဆုံး ခန့်မှန်းသည့်အတိုင်း ယွမ် ၃၈,၀၀၀ တိတိ ဖြစ်နေသည်။

ပိုက်ဆံရေပြီးသောအခါ ကျန်းမေက မေးလိုက်သည်။ "ရှောင်ဖုန်း... ဟိုလက်ဆောင်ပစ္စည်းတွေရဲ့ တန်ဖိုးကိုရော ခန့်မှန်းပြီးပြီလား။"

ကျန်းဖုန်း ခေါင်းညိတ်ပြီး "အကြမ်းဖျင်း တွက်ကြည့်တာတော့ အတန်ဖိုးအကြီးဆုံးက မောင်ထိုင် အရက် ၂ ပုလင်းပဲ။ တစ်ပုလင်းကို ၃ ထောင်ကျော်တယ်။ ကျန်တဲ့ လက်ဆောင်တွေ ပေါင်းလိုက်ရင် မောင်ထိုင်တစ်ပုလင်းစာလောက် ရှိမယ်။ စုစုပေါင်း တန်ဖိုး ယွမ် တစ်သောင်းနီးပါး ရှိတယ်" ဟု ပြောလိုက်သည်။

ဒါကိုကြားတော့ ကျန်းမိဘများ ထပ်မံ ထိတ်လန့်သွားကြသည်။ တကယ့်ကို လက်ကြီးလိုက်တာ။

ကျန်းမေက မနေနိုင်ဘဲ တွက်ချက်ကြည့်သည်။ "လီမိသားစု အောင်သွယ်လာငှားတုန်းက မုန့်ဖိုးနဲ့ လက်ဆောင်တွေက ၁ ထောင်လောက် တန်တယ်။ နောက်တော့ Blind date နဲ့ အိမ်လာကြည့်တုန်းက မုန့်ဖိုး ၂ ထောင် ထပ်ရတယ်။ မနေ့က မင်္ဂလာဆောင်သွားတော့ မင်းပေးတဲ့ လက်ဖွဲ့ငွေ ပြန်ပေးတဲ့အပြင် ၈၀၀ ထပ်ဆောင်းပေးလိုက်သေးတယ်။ ဒါဆို ၃ ထောင် ၈ ရာ ရှိပြီ။"

"ဒီနေ့ရတာနဲ့ အဲ့ဒီ ၃၈၀၀ ပေါင်းလိုက်ရင် စုစုပေါင်း ၅ သောင်းကျော်၊ ၅ သောင်း ၁ ထောင်လောက် ရှိနေပြီ မဟုတ်လား။"

ဒီအဆင့်ရောက်တော့ ကျန်းမိဘနှစ်ပါး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောင်အသွားကြသည်။ ဒီနေ့တော့ တကယ့်ကို မျက်စိပွင့်သွားကြပြီ။