အခန်း (၂၂) သိပ်ခက်ခဲလွန်းတယ်
"ယုံဝေ လောင်ယို" ဆန်ခေါက်ဆွဲဆိုင်။
ကျောက်ကျင်းသည် ဤ "လောင်ယိုဖန်" (ဒေသထွက် ဆန်ခေါက်ဆွဲ) ဆိုင်၏ ပင်တိုင်ဖောက်သည်တစ်ဦးဟု ဆိုနိုင်သည်။ သူမ အလုပ်လုပ်သော ကုမ္ပဏီနှင့် နီးသောကြောင့် ဒီဆိုင်သို့ မကြာခဏ လာစားလေ့ရှိသည်။
ဒီနေ့ နေ့လယ်တွင်လည်း ကျောက်ကျင်းသည် ထုံးစံအတိုင်း လာစားသော်လည်း စားနေရင်း မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျလာသည်။ ကျောက်ကျင်းက တစ်ရှူးဖြင့် မျက်ရည်များကို အမြန်သုတ်လိုက်သော်လည်း တိုက်ဆိုင်စွာပင် သူမနှင့် မျက်နှာချင်းဆိုင်ဝိုင်းတွင် ထိုင်နေသော ကျန်းဖုန်းက ခေါက်ဆွဲစားပြီး၍ ပါးစပ်သုတ်ရန် တစ်ရှူးလှမ်းယူချိန်နှင့် ကြုံကြိုက်သွားသဖြင့် ထိုမြင်ကွင်းကို မတော်တဆ မြင်လိုက်ရသည်။
"ဇာတ်လမ်းတစ်ပုဒ် ရှိနေတဲ့ မိန်းကလေးပဲ။"
ကျန်းဖုန်းသည် သူမ ရုတ်တရက် ငိုရသည့် အကြောင်းရင်းကို တိတ်တဆိတ် သုံးသပ်ကြည့်သည်။ ဆွေမျိုးသားချင်း တစ်ယောက်ယောက် မတော်တဆမှု ဖြစ်တာလား၊ ရောဂါကြီးကြီးမားမား ဖြစ်တာလား၊ ဒါမှမဟုတ် အချစ်ရေး ကိစ္စလား။ ဒါမှမဟုတ် အလုပ်ခွင် ပြဿနာလည်း ဖြစ်နိုင်တာပဲ။ ကျန်းဖုန်းကတော့ အချစ်ရေးကြောင့် ဖြစ်ဖို့များတယ်လို့ ထင်မိတယ်။
ကျောက်ကျင်းက ကျန်းဖုန်းကြည့်နေတာကို သတိထားမိသွားပုံရတယ်။ စိတ်ညစ်နေတာနဲ့ စားချင်စိတ်မရှိတာ ပေါင်းပြီး ထိုင်ရာကထကာ ဆိုင်ထဲက ထွက်သွားတော့တယ်။
ဒါကိုမြင်တော့ ကျန်းဖုန်းလည်း မတ်တပ်ရပ်ပြီး နောက်က လိုက်သွားတယ်။ ဆိုင်ပြင်ရောက်တော့ အမှီလိုက်ပြီး မေးလိုက်တယ်။ "မိန်းကလေး... တောင်းပန်ပါတယ်ခင်ဗျာ။ ဘာအခက်အခဲများ ကြုံနေရလို့လဲ သိချင်လို့ပါ။"
ကျောက်ကျင်းက သူ လိုက်လာတာကို အံ့သြသွားပြီး ခေါင်းခါကာ "ဘာအခက်အခဲမှ မရှိပါဘူး။ ဂရုစိုက်ပေးတာ ကျေးဇူးပါပဲ" လို့ ပြောတယ်။
တစ်ဖက်လူ စိတ်မကြည်မှန်း ကျန်းဖုန်း သိလိုက်လို့ ဆက်မမေးတော့ဘဲ လိပ်စာကတ်တစ်ခု ထုတ်ပေးလိုက်တယ်။ "ကျွန်တော်က ပရော်ဖက်ရှင်နယ် အောင်သွယ်တော်ပါ။ ဒါ ကျွန်တော့် လိပ်စာကတ်ပါ။ မိန်းကလေး အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာ ကြုံနေရတယ်ဆိုတာ ကျွန်တော် ခံစားမိပါတယ်။ ဆက်မနှောင့်ယှက်တော့ပါဘူး။ အကူအညီလိုရင် ဆက်သွယ်လိုက်ပါ။ သွားပါဦးမယ်။"
ပြောပြီးတာနဲ့ ကျန်းဖုန်း လှည့်မကြည့်ဘဲ ထွက်ခွာသွားတယ်။
ကျောက်ကျင်းက လက်ထဲက လိပ်စာကတ်ကို တစ်ချက်ကြည့်၊ ပြီးတော့ ထွက်သွားတဲ့ ကျန်းဖုန်းကို တစ်ချက်ကြည့်လိုက်တယ်။ ပုံမှန်ဆို သူစိမ်းပေးတဲ့ လိပ်စာကတ်ကို သူမ သိမ်းလေ့မရှိပေမယ့် ဒီတစ်ခါတော့ ဘာကြောင့်မှန်းမသိ အိတ်ထဲ ထည့်သိမ်းလိုက်မိတယ်။
...
ကျန်းဖုန်း 4S ကားအရောင်းပြခန်းသို့ ကားဝယ်ရန် သွားနေချိန်တွင်... ဟူပေပြည်နယ် မြို့တော်ရှိ ကော်ဖီဆိုင်တစ်ဆိုင်၌ ဟူဝမ်ဟွာသည် သဘောကောင်းသော အိမ်ရှင်အဒေါ်ကြီး စီစဉ်ပေးသည့် Blind date (အိမ်ထောင်ဖက် တွေ့ဆုံပွဲ) ကို တက်ရောက်နေသည်။
ကော်ဖီတစ်ခွက်စီ မှာပြီးနောက် တစ်ဖက်မှ အမျိုးသမီးက မာန်ပါပါဖြင့် စကားစပြောသည်။ "ဟူဝမ်ဟွာ ဟုတ်တယ်မလား။ ရှင့်အကြောင်း ဒေါ်လေးဝမ် ပြောပြလို့ သိပြီးပြီ။ မိသားစုအခြေအနေက သာမန်ပဲ၊ အိမ်မရှိ၊ ကားမရှိ၊ ဝင်ငွေလည်း မငြိမ်ဘူး။ မူလကတော့ ရှင့်အခြေအနေက ကျွန်မ စံနှုန်းတွေနဲ့ မကိုက်ညီဘူး။ ဒါပေမဲ့ ဒေါ်လေးဝမ်က တတွတ်တွတ် လာပြောနေလို့ ရှင့်ကို ကျွန်မ လက်ခံလာအောင် စည်းရုံးနိုင်မလားဆိုပြီး အခွင့်အရေးပေးဖို့ လာခဲ့တာ။ ဒီအခွင့်အရေးကို အရယူနိုင်မလား ဆိုတာကတော့ ရှင့်စွမ်းဆောင်ရည်အပေါ်ပဲ မူတည်တယ်။"
ဟူဝမ်ဟွာ ကြောင်အသွားသည်။ သူ Blind date အကြိမ်ကြိမ် လုပ်ဖူးသော်လည်း ဒီလို အထင်ကြီးစရာ ကောင်းလောက်အောင် မာနကြီးသည့် အဖွင့်စကားမျိုး တခါမှ မကြားဖူးပေ။ တစ်ဖက်လူက အရပ်ရှည်ပြီး ရုပ်ရည်ချောမောနေလို့သာ သည်းခံနေခြင်း ဖြစ်သည်။ မဟုတ်လျှင် ထိုင်ရာမှထပြီး နှုတ်ဆက်ပြန်လာလောက်ပြီ။
သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားကြောင့် ဟူဝမ်ဟွာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ "အလှမယ်... အိမ်ရှင်အဒေါ်ကြီးက ကျွန်တော် ဘာအလုပ်လုပ်လဲဆိုတာ ပြောပြထားလား။"
မာနကြီးသော အမျိုးသမီးက လှောင်ပြောင်သလို ပြောသည်။ "အွန်လိုင်းဝတ္ထု ရေးတယ်ဆို။ ရှင့်လောကအကြောင်း ကျွန်မ နည်းနည်းပါးပါး သိပါတယ်။ အဲ့ဒီလောကမှာ ဝင်ငွေက ကွာဟချက် အရမ်းကြီးတယ်လေ။ ထိပ်တန်းစာရေးဆရာတွေက တစ်နှစ်ကို သန်းချီ၊ ကုဋေချီ ရှာနိုင်ပေမယ့် အောက်ခြေကလူတွေကျတော့ တစ်လနေလို့ ကျွန်မလစာလောက်တောင် ရပါ့မလား မသိဘူး။ တချို့က ရေငတ်လို့သေ၊ တချို့က ရေနစ်လို့သေ ဆိုသလိုပဲ။ ရှင်ကရော ဘယ်အဆင့်မှာလဲ။"
ထိုအချိန်တွင် စားပွဲထိုးက ကော်ဖီလာချပေးသည်။ ဟူဝမ်ဟွာက သကြားထည့် မွှေရင်း "အတော်ဆုံးတော့ မဟုတ်ဘူး၊ အညံ့ဆုံးလည်း မဟုတ်ပါဘူး။ အလယ်အလတ်တန်းစား စာရေးဆရာလို့ ပြောလို့ရပါတယ်" ဟု ဖြေလိုက်သည်။
အမျိုးသမီးက ကော်ဖီတစ်ငုံသောက်ပြီး "တစ်လဝင်ငွေ ဘယ်လောက်ရှိလဲ" ဟု ထပ်မေးသည်။
ဟူဝမ်ဟွာက "ပျမ်းမျှဆိုရင် တစ်လ ယွမ်တစ်သောင်းလောက် ရှိမယ်" ဟု ဖြေသည်။
အမျိုးသမီးက မထီမဲ့မြင် ကြည့်ပြီး "ဒါပဲလား" ဟု ပြောသည်။
ဟူဝမ်ဟွာ နည်းနည်း စိတ်ဆိုးသွားပြီး "ဒါဆို ခင်ဗျား လစာကရော ဘယ်လောက်မို့လို့လဲ" ဟု ပြန်မေးလိုက်သည်။
အမျိုးသမီးက တည်ငြိမ်စွာပင် "ငါးထောင်၊ ခြောက်ထောင်လောက် ရှိတယ်" ဟု ပြန်ဖြေသည်။
ဟူဝမ်ဟွာ မျက်မှောင်ကြုတ်ပြီး "အလှမယ်... ခင်ဗျားဝင်ငွေနဲ့ ကျွန်တော့်ကို အထင်သေးစရာ အကြောင်း မရှိဘူး ထင်တယ်နော်" ဟု ပြောလိုက်သည်။
အမျိုးသမီးက နှာခေါင်းရှုံ့ပြီး "ရှင်က ယောကျ်ားလေ၊ မိသားစုကို ရှာကျွေးရမယ့်သူ။ ကျွန်မတို့ မိန်းမတွေနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမလဲ။ ရှင့်ရဲ့ အခုဝင်ငွေနဲ့ အိမ်ဝယ်နိုင်ဖို့ ဘယ်နှစ်နှစ် စုရမလဲ။ ကားဝယ်နိုင်ဖို့ရော ဘယ်နှစ်နှစ် ကြာမလဲ။ ပြီးတော့ တင်တောင်းငွေ မပါဘဲ မိန်းမရမယ် ထင်နေလား။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလောက်ပဲ ဝင်ငွေရှိတယ်ဆိုရင်တော့ ရှင့်ကို ကျွန်မ လက်မခံနိုင်ဘူး" ဟု ပြောလိုက်သည်။
ဟူဝမ်ဟွာ မနေနိုင်ဘဲ ပြောလိုက်သည်။ "အလှမယ်... အရင် လက်ထပ်ပြီးမှ နှစ်ယောက်အတူ ကြိုးစားပြီး အိမ်ဝယ် ကားဝယ် လုပ်လို့ရတာပဲ။ ကျွန်တော့်ရဲ့ လက်ရှိဝင်ငွေက မများပေမယ့် အလားအလာ ရှိပါတယ်။ တစ်နေ့ကျရင် ကျွန်တော် ထိပ်တန်းစာရေးဆရာ ဖြစ်လာပြီး တစ်လကို သိန်းချီ ဝင်ငွေရလာမှာပါ။"
အမျိုးသမီးက လှောင်ရယ်လိုက်ပြီး "တစ်နေ့ကျရင် ဟုတ်လား။ ရေရာမှု မရှိလိုက်တာ။ အဲ့ဒီနေ့က ၁၀ နှစ်ကြာမလား၊ နှစ် ၅၀ ကြာမလား ဘယ်သူသိမှာလဲ။ အိမ်ရှိ၊ ကားရှိ၊ ပိုက်ဆံစုထားတာရှိတဲ့ ယောကျ်ားမျိုးကို ကျွန်မ အခုချက်ချင်း ရှာယူလို့ ရတယ်။ မရေရာတဲ့ အလားအလာပဲ ရှိတဲ့ ရှင်နဲ့ပေါင်းပြီး ဘာကိစ္စ ဒုက္ခခံရမှာလဲ။ ရှင်က ပန်းအန်း (ရှေးခေတ် အလှအပနတ်သား) လောက် ချောလို့လား၊ ချောင်ကျစ် (ရှေးခေတ် စာဆိုတော်) လောက် စာတော်လို့လား။"
ဒီစကားက တော်တော် နာစရာ ကောင်းသည်။ ဟူဝမ်ဟွာ စကားပြန်မပြောနိုင်တော့ပေ။ တစ်ဖက်လူ၏ စကားများက ကြမ်းတမ်းသော်လည်း သေချာစဉ်းစားကြည့်လျှင် အဓိပ္ပာယ်ရှိနေသည်။ ယနေ့ခေတ်တွင် ယောကျ်ားများပြီး မိန်းမနည်းသဖြင့် အနည်းငယ် ရုပ်ရည်ရှိသော အမျိုးသမီးများသည် အလွန် မျက်နှာပွင့်ကြသည်။ သူမကဲ့သို့ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားရှိသူ တစ်ယောက်အဖို့ အိမ်၊ ကား၊ ငွေ ရှိသူကို ရှာယူရန် မခက်ခဲပေ။
အမျိုးသမီးက စကားမပြောနိုင်တော့သော ဟူဝမ်ဟွာကို ကြည့်ပြီး နောင်တရသံဖြင့် ပြောသည်။ "တကယ်တော့ ရှင့်ရဲ့ ကိုယ်ပိုင်အရည်အချင်းက မဆိုးပါဘူး။ မိသားစု နောက်ခံ မကောင်းတာက ရှင့်ကို ဆွဲချနေတာပဲ။"
"ကဲ... ဒီလောက်ပါပဲ။ ကော်ဖီတိုက်တာ ကျေးဇူးပါ။ သွားတော့မယ်။"
မာနကြီးသော အမျိုးသမီး ထွက်ခွာသွားသည်ကို ကြည့်ပြီး ဟူဝမ်ဟွာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ထို့နောက် အမြဲယူဆောင်သွားလေ့ရှိသော လက်ပ်တော့အိတ်ကို ဖွင့်ပြီး စာစရိုက်လိုက်သည်။ ကော်ဖီဆိုင် အငွေ့အသက်က ကောင်းမွန်သဖြင့် အလဟသမဖြစ်စေလိုပေ။
၂ နာရီခန့် ကြာသောအခါ အခန်းတစ်ခန်း ရေးပြီးသွားသည်။ ဟူဝမ်ဟွာသည် အခန်းဆုံးတွင် သူယခုလေးတင် ကြုံတွေ့ခဲ့ရသော Blind date အကြောင်းနှင့် ခံစားချက်အချို့ကို စာဖတ်သူများအား မျှဝေလိုက်သည်။ Update လုပ်ပြီးနောက် ပစ္စည်းများသိမ်း၊ ပိုက်ဆံရှင်းပြီး ပြန်လာခဲ့သည်။
...
4S ကားအရောင်းပြခန်းတွင်။
ကျန်းဖုန်းသည် သူဖတ်နေကျ ဝတ္ထု ၁၀ ပုဒ်ကျော်ထဲမှ တစ်ပုဒ်ဖြစ်သော "Rebirth: Raising Kids to Get Rich" (ပြန်လည်မွေးဖွားခြင်း - ချမ်းသာဖို့ ကလေးမွေးမယ်) ၏ နောက်ဆုံးထွက် အခန်းကို ဖတ်နေသည်။
ဒီစာအုပ်က မျိုးဆက် ၉ ဆက်တိုင် တစ်ဦးတည်းသောသား ဖြစ်ခဲ့ပြီး ကံဆိုးမိုးမှောင်ကျနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လွန်ခဲ့သော နှစ် ၂၀ သို့ ပြန်လည်မွေးဖွားသွားပြီး "အကိုင်းအခက်များ ဖြန့်ကျက်ခြင်း"ဟုခေါ်သော ကလေးမွေးမြူရေး စနစ်ကို ရရှိကာ မြို့ပြတွင် ဇိမ်ကျကျ နေထိုင်သွားပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။
စာရေးသူ၏ အရေးအသား ကောင်းမွန်ပြီး ဇာတ်လမ်းဆန်းသစ်သဖြင့် ကျန်းဖုန်း နေ့စဉ် မပျက်မကွက် ဖတ်ရှုသော Urban Rebirth ဝတ္ထုတစ်ပုဒ် ဖြစ်သည်။
စာဖတ်ရင်း နောက်ဆုံးအခန်းသို့ ရောက်သွားပြီး အခန်းဆုံးရှိ စာရေးသူ၏ မှတ်ချက်ကို ဖတ်မိလိုက်သည်။
"ဒီနေ့က စာရေးသူရဲ့ ၆ ကြိမ်မြောက် Blind date ပါ။ အိမ်ရှင်အဒေါ်ကြီးရဲ့ အကဲခတ်ပုံက တော်တော်ကောင်းတယ်လို့ ပြောရမယ်။ သူ မိတ်ဆက်ပေးတဲ့ ကောင်မလေးက အရပ်ရှည်ပြီး ချောမောလှပတယ်။ ရင်ခုန်စရာကောင်းတဲ့ အလှမယ်လေးပါပဲ။"
"ဒါပေမဲ့ စာရေးသူက သာမန်မိသားစုက ဆင်းသက်လာတာလေ။ အိမ်မရှိ၊ ကားမရှိ၊ စုဆောင်းငွေလည်း သိပ်မရှိဘူး။ ရုပ်ရည်မဆိုးတာရယ်၊ အွန်လိုင်းစာရေးဆရာ ဆိုတာရယ်ကလွဲရင် ဂုဏ်ယူစရာ ဘာမှ မရှိပါဘူး။"
"ကံမကောင်းစွာနဲ့ပဲ စာရေးသူရဲ့ လက်ရှိစာရေးလို့ရတဲ့ ဝင်ငွေက အလှမယ်လေးရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်လို့ နောက်ဆုံးမှာ အငြင်းခံလိုက်ရပါတယ်။"
"ဟင်း... ဒီလို အရှိန်အဟုန်ပြင်းတဲ့ ခေတ်ကြီးထဲမှာ ကိုယ်နဲ့အတူ ရုန်းကန်မယ့် ဇနီးမယား ရှာရတာ သိပ်ခက်ခဲလွန်းလှတယ်။"
ဒီစာရေးသူမှတ်ချက်ကို မြင်တော့ ကျန်းဖုန်းရဲ့ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်တွေ နိုးကြားလာပြီး Comment မရေးဘဲ မနေနိုင်တော့ဘူး။
"စာရေးသူရေ... ကျွန်တော်က ပရော်ဖက်ရှင်နယ် အောင်သွယ်တော်၊ အိမ်ထောင်ရေး ဖူးစာဆက်ပေးတဲ့ ပါရမီရှင်ပါ။ လက်ရှိအချိန်ထိ ကျွန်တော့်ရဲ့ အောင်မြင်မှုနှုန်းက ၁၀၀% ဖြစ်ပြီး၊ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကလည်း ၁၀၀% ပါပဲ။ ကျွန်တော့်ဝန်ဆောင်မှုကို သုံးဖူးသူတိုင်းက အရမ်းကောင်းတယ်လို့ ပြောကြပါတယ်။"
"110546xxxx ဒါက ကျွန်တော်ရဲ့ QQ accoutnt နဲ့ ဒါ ကျွန်တော့် ဆက်သွယ်ရန် လိပ်စာပါ။ စာရေးသူအနေနဲ့ တကယ် အိမ်ထောင်ပြုဖို့ ဆန္ဒရှိပြီး ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ဆက်သွယ်ပါ။ မယုံရင်တော့လည်း ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ဖူးစာဆိုတာ အတင်းအကြပ် လုပ်ယူလို့ရတာမှ မဟုတ်တာ။"
Comment ရေးပြီးနောက် ကျန်းဖုန်းသည် ထိုဝတ္ထုကို ပိတ်ပြီး အခြားဝတ္ထုတစ်ပုဒ်ကို ပြောင်းဖတ်လိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: