အခန်း (၂၄) သူများထမ်းတာမြင်ရင် ပေါ့သလိုလို၊ ကိုယ်တိုင်ထမ်းရင် ခဏခဏ အနားယူရ
ယနေ့ခေတ်တွင် အွန်လိုင်းစာပေလောကသည် စာရေးသူဦးရေ သန်း ၂၀ အထိ မြင့်တက်လာပြီး စာဖတ်သူဦးရေ သန်း ၅၀၀ ကျော်လွန်ကာ မကြုံစဖူး အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
သို့သော် အရင်က ပြောခဲ့ဖူးသလိုပင် အွန်လိုင်းစာရေးဆရာများ၏ ဝင်ငွေသည် ဝင်ရိုးစွန်းနှစ်ဖက် ကွဲပြားသကဲ့သို့ အလွန်ကွာခြားသည်။ စာရေးသူ သန်း ၂၀ ထဲတွင် ၇ သိန်းမှ ၈ သိန်းခန့်သာ စာချုပ်ချုပ်ဆိုထားသော စာရေးဆရာများ ဖြစ်ကြသည်။ ဆိုလိုသည်မှာ စာရေးဆရာ အယောက် ၂၀ တွင် ၁ ယောက်ခန့်သာ စာချုပ်ချုပ်ခွင့်ရကြသည်။
ဝူယွီထင်သည် ကံကောင်းသူတစ်ယောက် ဖြစ်သည်။ သူမသည် ထို ၇ သိန်း၊ ၈ သိန်းထဲတွင် တစ်ယောက် အပါအဝင် ဖြစ်ခဲ့သည်။
သို့သော် ဝူယွီထင်သည် ကံဆိုးသူလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စာချုပ်ချုပ်ထားသော စာရေးဆရာ ၇၊ ၈ သိန်းထဲတွင် ၉၀% ကျော်သည် ဝက်ဘ်ဆိုက်၏ ရက်မှန်ကြေးလေးဖြင့် မသေရုံတမယ် ရပ်တည်နေကြရသော အောက်ခြေအဆင့်တွင် ရုန်းကန်နေရသူများ ဖြစ်သောကြောင့်ပင်။
ကံဆိုးစွာဖြင့် ဝူယွီထင်သည် ထိုအောက်ခြေအဆင့် စာရေးဆရာများထဲမှ တစ်ယောက် ဖြစ်နေသည်။
တက္ကသိုလ် စတက်တုန်းက ဝူယွီထင်သည် တက်ကြွလန်းဆန်းသော လူငယ်လေးတစ်ယောက် ဖြစ်ခဲ့သည်။ အွန်လိုင်းစာပေနှင့် စတင်ထိတွေ့ခါစက အချို့လက်ရာများသည် သိပ်မကောင်းလှသော်လည်း ပရိသတ်အများအပြား ရရှိထားသည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် "ငါလည်း လုပ်နိုင်တာပဲ" ဟူသော စိတ်ဓာတ်ဖြင့် ဝူယွီထင်သည် အွန်လိုင်းစာပေ သမုဒ္ဒရာကြီးထဲသို့ ဇောက်ချ ခုန်ဆင်းခဲ့သည်။
ရှေးစကားပုံလိုပင် "သူများထမ်းတာမြင်ရင် ပေါ့သလိုလို၊ ကိုယ်တိုင်ထမ်းရင် ခဏခဏ အနားယူရ" ဆိုသကဲ့သို့ ကိုယ်တိုင် ကွင်းထဲဆင်းလိုက်သောအခါမှ စာရေးခြင်းသည် သူမ ထင်သလောက် မလွယ်ကူကြောင်း ဝူယွီထင် နားလည်လာခဲ့သည်။
သူမ သေချာပြင်ဆင်ထားသော "လက်ရာမွန်" ကို ဝက်ဘ်ဆိုက်ပေါ် တင်လိုက်သောအခါ မျှော်လင့်ထားသလို ချီးကျူးခံရခြင်း မရှိသလို၊ ဆဲဆိုခံရခြင်းလည်း မရှိခဲ့ပေ။ ဝူယွီထင်သည် တစ်လနီးပါး တိတ်တဆိတ် Update လုပ်ခဲ့သော်လည်း သာမန်ကာလျှံကာ စာအုပ်သုံးသပ်ချက် အနည်းငယ်သာ ရရှိခဲ့သည်။ လူကြိုက်မများခြင်းက သူမ၏ ဘဝကိုပင် မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။
အွန်လိုင်းစာပေ၏ အကြီးမားဆုံးသော ထူးခြားချက်မှာ အချိန်နှင့်တပြေးညီ အပြန်အလှန် ဆက်သွယ်နိုင်ခြင်း ဖြစ်သည်။ စာရေးသူများက ဦးနှောက်ခြောက်မတတ် စဉ်းစားထားသော အခန်းများကို နေ့စဉ် တင်ပေးကြပြီး စာဖတ်သူများက ဖတ်ပြီးလျှင် မကောင်းသည့်အပိုင်းကို ထောက်ပြ၊ ကောင်းသည့်အပိုင်းကို ချီးကျူးကာ Comment ပေးကြသည်။ ဤနည်းဖြင့် စာရေးသူများသည် စာဖတ်သူ၏ တုံ့ပြန်ချက် ပေါ်မူတည်၍ ဇာတ်လမ်းကို အချိန်မီ ပြုပြင်ပြောင်းလဲနိုင်သည်။
သို့သော် ဝူယွီထင်သည် တစ်လနီးပါးကြာအောင် တစ်ယောက်တည်း ဂိမ်းဆော့နေရသလို ခံစားနေရသည်။ စာဖတ်သူများထံမှ တုံ့ပြန်မှု လုံးဝမရရှိသဖြင့် သူမ၏ ယုံကြည်မှု များစွာ ထိခိုက်ခဲ့ရပြီး ပွဲဦးထွက် လက်ရာကို အလျင်အမြန် အဆုံးသတ်လိုက်ရသည်။
ထို့နောက် ဝူယွီထင်သည် စိတ်ပိုင်းဆိုင်ရာ ကုစားရန် ၃ လခန့် အချိန်ယူခဲ့ရပြီး နောက်ထပ် လက်ရာတစ်ခုကို သေချာ ပြင်ဆင်ကာ ဝက်ဘ်ဆိုက်ပေါ် ထပ်တင်ခဲ့သည်။ ပထမအကြိမ် အောင်မြင်မှုနှင့် ကျရှုံးမှုများမှ သင်ခန်းစာယူခဲ့သောကြောင့် ဖြစ်မည်၊ ယခုတစ်ခါ ရလဒ်သည် ပထမအကြိမ်ထက် ပိုကောင်းလာသည်။ အနည်းဆုံးတော့ စာဖတ်သူအချို့ Comment ပေးကြပြီး အနည်းငယ်က Follow လုပ်လာကြသည်။
ကံမကောင်းစွာဖြင့် စာလုံးရေ ၁ သိန်းကျော် ရေးပြီးသည့်တိုင် စာချုပ်ချုပ်ရန် ကမ်းလှမ်းခြင်း မခံရသလို Bookmark အရေအတွက်မှာလည်း ၃၀၀ အောက်သာ ရှိနေသေးသည်။ ဤမျှ ဆိုးရွားသော ရလဒ်ကြောင့် သူမ ဆက်မရေးနိုင်တော့ပေ။ ထို့ကြောင့် ဒုတိယစာအုပ်ကိုလည်း ရပ်နားလိုက်ရသည်။
တစ်ကြိမ်ရှိလျှင် နှစ်ကြိမ်ရှိမည်၊ နှစ်ကြိမ်ရှိလျှင် သုံးကြိမ်ရှိမည်။ ၆ လကြာသောအခါ တတိယမြောက် စာအုပ် ထွက်လာသည်။ ဒီတစ်ခါ စာလုံးရေ ပိုများလာပြီး ၃ သိန်းကျော်အထိ တောင့်ခံရေးခဲ့သော်လည်း နောက်ဆုံးတွင် ရပ်နားလိုက်ရပြန်သည်။
တစ်နှစ်ကြာသောအခါ စတုတ္ထမြောက် စာအုပ် ထွက်လာသည်။ စာရေးစွမ်းရည် တိုးတက်လာသောကြောင့် ဖြစ်မည်၊ သူမ၏ စတုတ္ထမြောက် စာအုပ်သည် နောက်ဆုံးတွင် အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ဝူယွီထင်သည် တရားဝင် စာချုပ်ချုပ်ဆိုထားသော စာရေးဆရာ ဖြစ်လာကာ ပထမဆုံး VIP ဝတ္ထုကို ပိုင်ဆိုင်ခွင့် ရရှိခဲ့သည်။
သို့သော် ရလဒ်များက ဆိုးရွားနေဆဲပင်။ ပျမ်းမျှ ကြေးပေးဖတ်သူ အရေအတွက်သည် ၁၀၀ ကျော်ရုံသာရှိပြီး ရရှိသော စာမူခသည် အင်တာနက်ဖိုး ပေးရန်ပင် မလောက်ငပေ။
ဝူယွီထင် စိတ်ထဲ မထားတော့ပေ။ သူမသည် ယခင်ကလို ရိုးအသော မိန်းကလေး မဟုတ်တော့။ အကြိမ်ကြိမ် အရိုက်ခံရပြီးပြီဖြစ်၍ ဒီအလုပ်က မလွယ်ကူကြောင်း သူမ သိနေပြီ။ သို့သော် ဝူယွီထင်သည် ခေါင်းမာသော စရိုက်ရှိပြီး ရည်မှန်းချက် မအောင်မြင်မချင်း အရှုံးမပေးတတ်သူ ဖြစ်သည်။ တက္ကသိုလ်ဘွဲ့ရပြီးနောက် မိဘများ၏ အကြံဉာဏ်ကို လျစ်လျူရှုကာ အွန်လိုင်းစာပေလောကထဲသို့ ဇွတ်ဝင်ရောက်ခဲ့ပြီး အချိန်ပြည့် စာရေးဆရာ လုပ်ခဲ့သည်။
ယခု မျက်စိတစ်မှိတ်အတွင်း ၁၀ နှစ် ကုန်ဆုံးသွားပြီ။ အွန်လိုင်းစာပေလောကတွင် ၁၀ နှစ်ကျော် ကျင်လည်ခဲ့သော ဝူယွီထင်သည် တက်ကြွလန်းဆန်းသော မိန်းကလေးဘဝမှ အိမ်ထောင်ပြုရန် မိဘများ၏ ဖိအားပေးခြင်းကို အမြဲခံနေရသော တစ်ကိုယ်တည်းသမား အမျိုးသမီးဘဝသို့ ရောက်ရှိလာခဲ့သည်။ အလုပ်အောင်မြင်မှု အပိုင်းကိုတော့ မပြောတာ အကောင်းဆုံးပင်။
တကယ်တော့ ဝူယွီထင်သည် စာရေးရန် ပါရမီမပါကြောင်းနှင့် အွန်လိုင်းစာရေးဆရာ လုပ်ရန် မသင့်တော်ကြောင်း လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက သိခဲ့သည်။ သို့သော် သူမ၏ ခေါင်းမာမှုကြောင့် လက်မလျှော့ချင်ဘဲ အွန်လိုင်းစာပေလောကတွင် ဆက်လက် ရုန်းကန်နေခဲ့ခြင်း ဖြစ်သည်။
ဒီနေ့ည ညစာစားပွဲတွင် ဝူယွီထင်သည် မိဘများ၏ အိမ်ထောင်ပြုရန် ဖိအားပေးခြင်းကို ခံရပြန်သည်။ ထို့အပြင် ၁၀ နှစ်ကျော် ကြိုးစားခဲ့သော်လည်း အောင်မြင်သော လက်ရာတစ်ခုမှ မရရှိသေးသဖြင့် စိတ်ဓာတ်ကျကာ ဒီည စာဆက်မရေးချင်တော့ဘဲ ခေါင်းကြည်အောင် လမ်းထွက်လျှောက်ခဲ့သည်။
ဆယ်စုနှစ်တစ်ခုကျော် စာရေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့သဖြင့် သူမသည် လုံးဝ အိမ်တွင်းအောင်းသူ ဖြစ်လာပြီး ပြင်ပကမ္ဘာမှ သူငယ်ချင်းများနှင့် အဆက်အသွယ် ပြတ်တောက်သလောက် ဖြစ်နေသည်။ ယခု ရင်ဖွင့်စရာ သူငယ်ချင်းတစ်ယောက်ပင် မရှိတော့ပေ။
ကုန်တိုက်တစ်ခုရှိ လက်ဖက်ရည်ဆိုင် ရှေ့တွင် ဝူယွီထင်သည် ကြိမ်ကုလားထိုင်ပေါ်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။ ဘေးဘယ်ညာရှိ အတွဲများ၏ ချစ်ကြည်နူးနေပုံများကို ကြည့်ရင်း ရုတ်တရက် အထီးကျန်ဆန်လာပြီး ရည်းစားတစ်ယောက်လောက် ရှာမှဖြစ်တော့မည်ဟု တွေးမိလိုက်သည်။
ထိုစဉ် သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ "မင်္ဂလာပါ အစ်မ... ဒီမှာ ထိုင်လို့ ရမလားခင်ဗျာ။"
ဝူယွီထင် လှမ်းကြည့်လိုက်တော့ သူမ မသိသော ရုပ်ရည်ချောမောသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း ခေါင်းညိတ်ကာ "ရပါတယ်၊ ထိုင်ပါ" ဟု ပြောလိုက်သည်။
ကျန်းဖုန်းသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး အိတ်ကပ်ထဲမှ လိပ်စာကတ်တစ်ခု ထုတ်ပေးကာ ပြုံးလျက် ပြောလိုက်သည်။ "မင်္ဂလာပါ အစ်မ... ကျွန်တော်က ပရော်ဖက်ရှင်နယ် အောင်သွယ်တော်ပါ။ ဒါ ကျွန်တော့် လိပ်စာကတ်ပါ။"
ဒါကိုကြားတော့ ဝူယွီထင် မျက်လုံးပြူးသွားသည်။ အစကတော့ လူပျိုလှည့်တယ် ထင်နေတာ...။
ကျန်းဖုန်းက သူမ လိပ်စာကတ်ယူသည်အထိ စောင့်ပြီးမှ လိုရင်းကို ပြောလိုက်သည်။ "အစ်မ... ကျွန်တော် လိုရင်းပဲ ပြောပါမယ်။ ကျွန်တော့်မှာ အစ်မနဲ့ မိတ်ဆက်ပေးချင်တဲ့ အလွန်ထူးချွန်တဲ့ ဖောက်သည်တစ်ယောက် ရှိပါတယ်။ အစ်မအနေနဲ့ မကြာခင် အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိမလား မသိဘူး။"
ဝူယွီထင်မှာ အိမ်ထောင်ပြုချင်စိတ် ရှိတာပေါ့။ သူမ အသက် ၃၀ ကျော်နေပြီလေ၊ အိမ်ထောင်မပြုချင်ဘူး၊ ကလေးမလိုချင်ဘူး ဆိုတာ လိမ်တာပဲ ဖြစ်လိမ့်မယ်။ ဖိတ်မခေါ်ဘဲ ရောက်လာသော အောင်သွယ်ချောချောလေးကို ကြည့်ပြီး သူမ လက်ဖက်ရည်တစ်ငုံသောက်ကာ ပြောလိုက်သည်။ "ကျွန်မ အသက်အရွယ်နဲ့က မှန်ကန်တဲ့သူ တွေ့ရင်တော့ သေချာပေါက် ယူမှာပေါ့။ မောင်လေးပြောတဲ့ ထူးချွန်တဲ့ ဖောက်သည်က ဘယ်လိုအခြေအနေ ရှိလဲ။"
ကျန်းဖုန်း ခေါင်းညိတ်ပြီး မိတ်ဆက်ပေးလိုက်သည်။ "ကျွန်တော့် ဖောက်သည်နာမည်က ဟူဝမ်ဟွာ ပါ၊ ဟူပေပြည်နယ်က။ သူက အွန်လိုင်း စာရေးဆရာတစ်ယောက်..."
"အွန်လိုင်း စာရေးဆရာ" ဆိုတဲ့ စကားလုံး ကြားလိုက်တာနဲ့ ဝူယွီထင် ချက်ချင်း နိုးကြားသွားပြီး ဖြတ်မေးလိုက်သည်။ "နေပါဦး၊ တစ်ဖက်လူက အွန်လိုင်း စာရေးဆရာ ဟုတ်လား။"
ကျန်းဖုန်းက ဝူယွီထင်၏ နောက်ခံအကြောင်းကို ကောင်းကောင်းသိထားသူပီပီ သူမ ဘာလို့ ဒီလိုတုံ့ပြန်လဲဆိုတာ နားလည်လိုက်သည်။ သူက ပြုံးပြီး ခေါင်းညိတ်ကာ "ဟုတ်ပါတယ်၊ သူက အွန်လိုင်း စာရေးဆရာပါ။ ဘာပြဿနာ ရှိလို့လဲခင်ဗျ။"
ဝူယွီထင်က လက်ကာပြပြီး "ပြဿနာ မရှိပါဘူး။ ကျွန်မက အွန်လိုင်းစာပေအကြောင်း နည်းနည်းသိထားတော့ ဒီအလုပ်အကိုင်နဲ့ ပတ်သက်ရင် နည်းနည်း စိတ်ဝင်စားလို့ပါ။ သူက ဘယ်ဝက်ဘ်ဆိုက်မှာ ရေးတာလဲ။ ကလောင်နာမည်က ဘယ်သူလဲ။"
ကျန်းဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး "သူက Qidian.com မှာ ရေးတဲ့ စာရေးဆရာပါ။ ကလောင်နာမည်က ရှီယွင်ဝမ်ဟွာ။ ထိပ်တန်းအဆင့် စာရေးဆရာ မဟုတ်သေးပေမယ့် သူ့မှာ လက်ရာကောင်း ဝတ္ထုအချို့ ရှိပါတယ်။ အထူးသဖြင့် အခုလက်ရှိ ရေးနေတဲ့ 'Rebirth of Raising Wealth' ဆိုတဲ့ ဝတ္ထုက အောင်မြင်မှု အများဆုံးပဲ။ ပျမ်းမျှ ကြေးပေးဖတ်သူ ၇ ထောင်ကျော် ရှိတယ်။ ဝတ္ထုမပြီးခင် သောင်းကျော်လောက် ရောက်မယ်လို့ ခန့်မှန်းရတယ်။"
ဝူယွီထင်သာ စာရေးဆရာ စလုပ်ကာစမှာ ဒီကိန်းဂဏန်းကို ကြားရင် "ဒါပဲလား" လို့ တုံ့ပြန်မိမှာ သေချာတယ်။ ဒါပေမဲ့ ဒီလောကထဲမှာ ၁၀ နှစ်ကျော် ကျင်လည်ခဲ့ပြီး လက်တွေ့ဘဝရဲ့ ရိုက်နှက်မှုကို အကြိမ်ကြိမ် ခံခဲ့ရတဲ့ ဝူယွီထင်အနေနဲ့ Qidian.com လို ဝက်ဘ်ဆိုက်မှာ အရည်အသွေးမြင့် ဝတ္ထုအချို့ ပိုင်ဆိုင်ထားတဲ့ စာရေးဆရာဆိုတာ ဒီလောကရဲ့ ကျောရိုးစာရေးဆရာ ဖြစ်နေပြီဆိုတာ နားလည်ပါတယ်။
ဒီအဆင့် စာရေးဆရာတွေအတွက် တစ်လဝင်ငွေ ယွမ်တစ်သောင်းကျော်ဆိုတာ သေချာသလောက် ရှိပါတယ်။ အတွေ့အကြုံတွေ စုဆောင်းမိပြီး ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်လောက် ရေးနိုင်ရင်တော့...
ဒါကို တွေးမိပြီး ဝူယွီထင် စိတ်ဝင်စားသွားတယ်။ ဒါပေမဲ့ တစ်ဖက်လူ ဘယ်လိုပုံစံလဲ မသိသေးဘူး။ ရုပ်ဆိုးရင်တော့ အလကားပဲ။ ဘာပဲဖြစ်ဖြစ် သူမရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားအရ ရုပ်ရည်ကို သိပ်ဇီဇာမကြောင်ရင် ငွေကြေးပြည့်စုံတဲ့ ယောကျ်ားတစ်ယောက် ရှာယူဖို့ဆိုတာ လွယ်ကူပါတယ်။
ကျန်းဖုန်းက သူမအတွေးကို ရိပ်မိပုံရတယ်။ ဖုန်းကိုထုတ်ပြီး ဟူဝမ်ဟွာ ပို့ထားတဲ့ ဓာတ်ပုံကို ဖွင့်ကာ ဝူယွီထင်ကို ပြလိုက်တယ်။ "ဒါ သူ့ဓာတ်ပုံပါ။ အစ်မရဲ့ အလှအပ စံနှုန်းနဲ့ ကိုက်ညီရဲ့လား ကြည့်ပါဦး။"
ဝူယွီထင် ဖုန်းကိုယူကြည့်လိုက်တော့ မျက်လုံးထဲမှာ အံ့သြရိပ်တွေ ပေါ်လာတယ်။ "သူက တကယ် ကြည့်ကောင်းတာပဲ။ စာရေးဆရာတွေထဲမှာဆိုရင် ချောတယ်လို့ ပြောလို့ရတယ်။"
တစ်ဖက်လူ သဘောကျမယ်ဆိုတာ ငါ သိပြီးသား။ ဘာပဲဖြစ်ဖြစ် လိုက်ဖက်မှုရမှတ် ၈၈ ဆိုတာ နောက်စရာမှ မဟုတ်တာ။
ကျန်းဖုန်းက ပြုံးပြီး မေးလိုက်တယ်။ "တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ပေးရမလား။ ဒါမှမဟုတ် ဆက်သွယ်ရန် လိပ်စာပေးပြီး ကိုယ့်ဘာသာ စကားပြောကြမလား။"
ဝူယွီထင် ခဏစဉ်းစားပြီး "သူ့ကို WeChat မှာ Add ခိုင်းလိုက်ပါ" ဟု ပြောလိုက်သည်။
ကျန်းဖုန်း သဘောပေါက်ကြောင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် နှစ်ဦးသား ဆက်သွယ်ရန် လိပ်စာချင်း ဖလှယ်ပြီး လမ်းခွဲလိုက်ကြသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: