အခန်း (၂၆) လူကြည့်ပြီး ပေါင်းတတ်ခြင်း
ဟင်းခင်းထဲတွင်။
ကောက်ရိုးဦးထုပ် ဆောင်းထားသော ချန်ကွေ့ယင်းသည် ကန်စွန်းရွက် လတ်လတ်ဆတ်ဆတ် တစ်စီးကြီးကို အရင်ခူးပြီးနောက် ကြက်သွန်မြိတ် အနည်းငယ်ကို ထပ်နှုတ်လိုက်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်ခြင်းတောင်းကို သယ်ကာ အိမ်ပြန်လာခဲ့သည်။
ချန်ကွေ့ယင်းတွင် ကျေးလက်တောသူ အမျိုးသမီးများ၏ လုံ့လဝီရိယရှိမှုနှင့် လုပ်ရည်ကိုင်ရည်ရှိသော အရည်အချင်းများ အပြည့်အဝ ရှိသည်။ အိမ်မှုကိစ္စ နိုင်နင်းရုံသာမက သစ်သီးခြံနှင့် ဟင်းခင်းများကိုလည်း ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သည်။ ကြက်၊ ဘဲ၊ ဝက် မွေးမြူခြင်းက သူမအတွက် အခြေခံကျွမ်းကျင်မှု ဖြစ်သည်။
ထို့အပြင် ချန်ကွေ့ယင်းသည် ယောက္ခမများကိုလည်း ရိုသေပြုစုသူ ဖြစ်သည်။ ကျန်းချောင် တစ်ယောက် သူမနှင့် အိမ်ထောင်ကျတာ တကယ့်ကို ကံကောင်းလှသည်။
သို့သော် ဒီလောကကြီးမှာ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ ချန်ကွေ့ယင်းက နေရာတိုင်းမှာ ကောင်းမွန်ပေမယ့် တစ်ခုပဲ ရှိတယ်။ သူမက နည်းနည်း မာနကြီးပြီး ဆွေမျိုးမိတ်ဆွေတွေကို တန်းတူမဆက်ဆံတတ်ဘူး။
ဥပမာအနေနဲ့ ချန်ကွေ့ယင်းရဲ့ ယောက်မ ၃ ယောက်အပေါ် ဆက်ဆံပုံကို ကြည့်ရအောင်။
ခင်ပွန်းသည်ရဲ့ အစ်မကြီး ကျန်းချင်က ကျောင်းဆရာတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ အခုတော့ ကျောင်းအုပ်ဆရာကြီး ဖြစ်နေပြီ။ သူတို့မိသားစုရဲ့ နေထိုင်မှုအဆင့်အတန်းက အရမ်းမမြင့်မားပေမယ့် ကျေးလက်ဒေသမှာတော့ ဒီရာထူးက တော်တော်လေး လေးစားခံရတယ်။ ဒါကြောင့် ချန်ကွေ့ယင်းက အစ်မကြီးမိသားစုအပေါ် တော်တော်လေး ကောင်းမွန်စွာ ဆက်ဆံတယ်။ ကိုယ်တိုင်စိုက်ပျိုးတဲ့ ကန်စွန်းဥ၊ ပိန်းဥ၊ ပလောပီနံနဲ့ မြေပဲစတာတွေကို ရံဖန်ရံခါ ပေးပို့လေ့ရှိတယ်။
ယောက်မအငယ်ဆုံး ကျန်းကျန် ကျတော့ မြို့နယ်လေးတစ်ခုမှာ လက်ကားရောင်းဝယ်ရေးလုပ်တဲ့ စီးပွားရေးသမားငယ်တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လို့ တစ်နှစ်ကို သန်းချီ မမြတ်ပေမယ့် ၂ သိန်း၊ ၃ သိန်းလောက်တော့ ရကြတယ်။ ဒီဝင်ငွေကြောင့် ညီအစ်မ ၃ ယောက်ထဲမှာ အငယ်ဆုံးက အချမ်းသာဆုံး ဖြစ်နေတယ်။ ချန်ကွေ့ယင်းက ဒီယောက်မအငယ်ဆုံးကို သေချာပေါက် အထူးတလည် ဆက်ဆံတာပေါ့။ ကိုယ်တိုင်စိုက်တဲ့ ဒေသထွက်ပစ္စည်းတွေ ပို့ပေးရုံသာမက ကိုယ်တိုင်မွေးထားတဲ့ ကြက်၊ ဘဲတွေကိုပါ ရံဖန်ရံခါ ပေးပို့လေ့ရှိတယ်။ သူမရဲ့ ဆက်ဆံပုံက အစ်မကြီးမိသားစုအပေါ် ထားရှိတာထက်တောင် သာလွန်နေတယ်။
ဒုတိယအစ်မ ကျန်းမေ ကျတော့ ရွှေ့ပြောင်းလုပ်သား တစ်ယောက်နဲ့ အိမ်ထောင်ကျတယ်။ သူတို့မိသားစု အခြေအနေက ဘယ်တုန်းကမှ သိပ်မကောင်းခဲ့တော့ ချန်ကွေ့ယင်းရဲ့ ဆက်ဆံပုံက နည်းနည်း အေးစက်တယ်။ ဒါပေမဲ့ ဒီကွာခြားချက်က နှိုင်းယှဉ်ကြည့်မှ သိသာရုံပါပဲ။ တစ်ဖက်သားကို မျက်နှာပျက်အောင် လုပ်တာမျိုးတော့ မဟုတ်ပါဘူး။ ချန်ကွေ့ယင်းက အဲ့လောက်တော့ အလိုက်ကန်းဆိုး မသိတာ မဟုတ်ဘူး။ ဒုတိယအစ်မကိုကျတော့ ကျန်တဲ့ ယောက်မနှစ်ယောက်လောက် လက်ဆောင်ပစ္စည်း မပို့ဘူးပေါ့။
လွန်ခဲ့တဲ့ ၄ နှစ်က ဒုတိယအစ်မရဲ့သား ကျန်းဖုန်း နာမည်ကြီး တက္ကသိုလ် ဝင်ခွင့်ရသွားတော့မှ ချန်ကွေ့ယင်းက သူ့သဘောထားကို ပြုပြင်ခဲ့တယ်။ ညီမအငယ်ဆုံးလောက် မကောင်းပေမယ့် အစ်မကြီးမိသားစုနဲ့တော့ သိပ်မကွာတော့ဘူး။
တကယ်တော့ ချန်ကွေ့ယင်း ကိုယ်တိုင်လည်း ဒီလို လူရွေးပြီး ဆက်ဆံတတ်တဲ့ အကျင့်မကောင်းမှန်း သိပါတယ်။ ဒါပေမဲ့ "တောင်တွေကို ရွှေ့ပြောင်းဖို့ လွယ်ကူပေမယ့် ကိုယ့်ပင်ကိုယ်စရိုက်ကို ပြောင်းလဲဖို့ ခက်ခဲတယ်" ဆိုသလိုပဲလေ။ ခင်ပွန်းသည်က မကြာခဏ သတိပေးပေမယ့် သူ ပြောင်းလဲလို့ မရခဲ့ဘူး။
ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ဆွဲပြီး အိမ်ပြန်လမ်းလျှောက်လာရင်း ချန်ကွေ့ယင်း စဉ်းစားနေမိတယ်။ ဒုတိယအစ်မတို့ လင်မယားနဲ့ တူတော်မောင် ကျန်းဖုန်း ရုတ်တရက် ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲပေါ့။ ကျေးလက်မှာက ဆွေမျိုးအိမ်လည်ရင် မနက်ပိုင်းပဲ သွားလေ့ရှိတာကိုး။ အရေးကြီးကိစ္စ မရှိဘဲ ညနေဘက် အိမ်လည်လာတာ ရှားတယ်။
ကျေးလက်မှာက ဟင်းခင်းနဲ့ အိမ်က သိပ်မဝေးတော့ ချန်ကွေ့ယင်း စဉ်းစားလို့ မဆုံးခင်မှာပဲ အိမ်ရောက်သွားတယ်။
"အဒေါ်!" ကျန်းဖုန်းက သူမကို မြင်တာနဲ့ ချက်ချင်း နှုတ်ဆက်လိုက်တယ်။
ချန်ကွေ့ယင်းက ပြုံးပြီး ပြန်နှုတ်ဆက်တယ်။ "အစ်မလတ်၊ ယောက်ဖလတ်နဲ့ ရှောင်ဖုန်း... ရောက်နေကြပြီလား။" ပြောရင်းနဲ့ လက်ထဲက ခြင်းတောင်းကို ချလိုက်ပြီး အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားသစ်ကြီးကို စူးစမ်းသလို ကြည့်လိုက်တယ်။
"ကွေ့ယင်း!"
ကျန်းချောင်က ဒီနေ့မှ အထူးတလည် ပျော်ရွှင်နေပြီး ပြုံးဖြီးဖြီးနဲ့ ပြောလိုက်တယ်။ "ဒီကားကို မြင်လား။ ဒါ ရှောင်ဖုန်းရဲ့ ကားသစ်လေ။ မင်း သိမှာ မဟုတ်ဘူး၊ ရှောင်ဖုန်းက အခု တော်တော် ဟုတ်နေပြီ။ သူ ဘာလုပ်နေလဲ သိလား။ သူက အောင်သွယ်လုပ်နေတာ..."
နောက်တော့ ကျန်းချောင်က အစ်မလတ်ဆီက ကြားခဲ့ရတဲ့ တူတော်မောင်ရဲ့ အကြောင်းတွေကို ဇနီးသည်ကို ပြန်ပြောပြလိုက်တယ်။ ပြီးတော့ မောင်ထိုင် အရက်ပုလင်းကို ထုတ်ပြပြီး "ဒီမောင်ထိုင်အရက်ပုလင်းက ရှောင်ဖုန်းကို အောင်သွယ်ကန်တော့ပွဲ လက်ဆောင်အနေနဲ့ ပေးထားတာတဲ့။ တန်ဖိုးက ၃ ထောင်ကျော်တယ်" လို့ ပြောလိုက်တယ်။
ချန်ကွေ့ယင်း ကြောင်အသွားတယ်။ ကျန်းဖုန်းရဲ့ အလုပ်အကိုင်ရော၊ ကြောက်စရာကောင်းလောက်အောင် ပိုက်ဆံရှာနိုင်စွမ်းကပါ သူမကို တုန်လှုပ်သွားစေတယ်။
ကျေးလက်ကလူတွေ ကားဝယ်တာ မဆန်းတော့ပေမယ့် အိမ်တိုင်း တတ်နိုင်တာတော့ မဟုတ်ဘူးလေ။ အနည်းဆုံးတော့ ကျန်းမောင်နှမ ၄ ယောက်ထဲမှာ လက်ကားရောင်းဝယ်ရေးလုပ်တဲ့ ညီမအငယ်ဆုံးအိမ်မှာပဲ ကားရှိတာ။ အစ်မကြီးအိမ် အပါအဝင် ကျန်တဲ့ ၃ အိမ်မှာ ကားမရှိကြဘူး။
အခုတော့ မူလက အဆင်းရဲဆုံး ဖြစ်ခဲ့တဲ့ ဒုတိယအစ်မအိမ်က မောင်နှမ ၄ ယောက်ထဲမှာ ဒုတိယမြောက် ကားပိုင်ရှင် ဖြစ်လာခဲ့ပြီ။ ဒါက ချန်ကွေ့ယင်းကို ပြောမပြတတ်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေတယ်။
နာမည်ကြီး တက္ကသိုလ် ဘွဲ့ရဆိုတာ တကယ် ထူးခြားပါလားလို့ စိတ်ထဲကနေ ချီးကျူးမိတယ်။ ဘွဲ့ရပြီး ဘာအလုပ်ပဲလုပ်လုပ် ပိုက်ဆံအများကြီး လွယ်လွယ်ကူကူ ရှာနိုင်တာပဲ။ နှမြောစရာက သူမရဲ့ ကလေး ၂ ယောက်စလုံး စာဖက်မှာ ပါရမီမပါကြတာပဲ။
စိတ်ထဲကနေ ညည်းတွားရင်းနဲ့ ချန်ကွေ့ယင်းဟာ ဒုတိယအစ်မ မိသားစုအပေါ် ထားရှိတဲ့ ဆက်ဆံရေးကို ချက်ချင်း ပြုပြင်လိုက်တယ်။ ညီမအငယ်ဆုံး မိသားစုနဲ့ တန်းတူအဆင့်ကို မြှင့်တင်လိုက်တော့တယ်။
နောက်ပိုင်းမှာတော့ ယောက်မဖြစ်သူ ချန်ကွေ့ယင်းရဲ့ တမင်သက်သက် ဖော်ရွေမှုတွေနဲ့အတူ အမျိုးသမီးနှစ်ယောက် ဟင်းရွက်သင်ရင်း စကားလက်ဆုံ ကျနေကြတော့တယ်။ အဆင်တွေ ပြေလို့ပေါ့။
တစ်ဖက်မှာတော့ သားမက်ဖြစ်သူ ကျန်းဖခင်က ယောက္ခမကြီးနဲ့ စကားထိုင်ပြောနေတယ်။
ဒါကိုမြင်တော့ ကျန်းချောင် မီးဖိုချောင်ထဲ ပြန်ဝင်သွားပြီး ပြုတ်ထားတဲ့ ကြက်သားကို ဆယ်ကာ အတုံးတုံးဖို့ ပြင်တယ်။
ကျန်းဖုန်းလည်း နောက်က လိုက်ဝင်သွားပြီး "ဦးလေး... ကျွန်တော် ဘာကူပေးရမလဲ" လို့ မေးလိုက်တယ်။
"ဒါဆို မင်း ဟို ကြက်ပြုတ်ရည်အိုးကို အရသာ နည်းနည်း ဖြည့်စွက်ပေးကွာ။"
ကျန်းချောင်က တူတော်မောင် ဟင်းချက်တတ်မှန်း သိလို့ ကြက်ပြုတ်ရည် အရသာဖြည့်ခိုင်းတာ ပြဿနာမရှိဘူးလို့ ယူဆလိုက်တယ်။ ပြီးတော့ သူက သက်ပြင်းချရင်း ပြောတယ်။ "ရှောင်ဖုန်း... မင်း ဘွဲ့ရပြီး ရွာပြန်လာပြီး အောင်သွယ်လုပ်မယ်လို့ ဦးလေး တကယ် ထင်မထားခဲ့ဘူး။ မင်း ဘာတွေ တွေးနေတာလဲ။ တစ်သက်လုံး ရွာမှာပဲ အောင်သွယ်လုပ်သွားဖို့ စိတ်ကူးထားတာလား။"
ကျန်းဖုန်းက ကြက်ပြုတ်ရည်ကို အရသာဖြည့်ရင်း ပြုံးလျက် ပြန်ဖြေတယ်။ "ရွာမှာ အောင်သွယ်လုပ်တာက ယာယီပါပဲ။ နာမည်ရလာရင် မြို့ကြီးတွေဘက် သေချာပေါက် သွားမှာပါ။ ဘာပဲဖြစ်ဖြစ် မြို့ကြီးတွေမှာက သူဌေးတွေ ပိုများတယ်လေ။ ကံကောင်းလို့ ဖောက်သည်ကြီးကြီး တစ်ယောက်လောက်နဲ့ တွေ့ရင် တစ်ပွဲတည်းနဲ့တင် အခုရတာထက် အများကြီး ပိုရနိုင်တာပေါ့။"
ကျန်းချောင်က ရှေ့ခါးစည်း ဝတ်ရင်း ချီးကျူးလိုက်တယ်။ "မင်းက တော်တော် ဟုတ်တဲ့ကောင်ပဲ။ စုံတွဲ ၂ တွဲလောက် အောင်သွယ်ပေးရုံနဲ့ လူအများစု တစ်နှစ်ရှာလို့ရတဲ့ ဝင်ငွေထက် ပိုရှာနိုင်နေပြီ။ ကြည့်ရတာ မင်းမှာ တကယ် အောင်သွယ်ပါရမီ ပါပုံရတယ်။ သင့်တော်တဲ့ ကောင်မလေး တွေ့ရင် မင်းဝမ်းကွဲအစ်ကိုနဲ့ မိတ်ဆက်ပေးပါဦးကွာ။"
ကျန်းဖုန်း ရယ်မောပြီး "ရတာပေါ့၊ ပြဿနာမရှိပါဘူး။ အစ်ကိုကြီးက Blind date လုပ်ချင်ပါ့မလား ဆိုတာပဲ မသိတာ" လို့ ပြောလိုက်တယ်။
ဦးလေးမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်။ ဝမ်းကွဲအစ်ကို ကျန်းလုံနဲ့ ဝမ်းကွဲညီမ ကျန်းယန်တို့ ဖြစ်ကြတယ်။ ကျန်းလုံက ကျန်းဖုန်းထက် တစ်နှစ်ကြီးပြီး၊ ကျန်းယန်က တစ်နှစ်ငယ်တယ်။ နှစ်ယောက်စလုံး လက်ရှိ ကွမ်တုန်းပြည်နယ်မှာ အလုပ်လုပ်နေကြတယ်။
ကျန်းချောင်က လက်ဆေး၊ လက်သုတ်ပြီး "သူ့သဘော မပါလည်း ရတယ်။ မင်းသာ ကြည့်ထားပေး၊ နှစ်သစ်ကူးလို့ သူ ပြန်လာရင် တွေ့ဖို့ စီစဉ်လိုက်မယ်" လို့ ပြောတယ်။
ကျန်းဖုန်းက ဟင်းရည်ကို မြည်းကြည့်တော့ နည်းနည်း ပေါ့နေသေးလို့ ဆားထပ်ထည့်လိုက်ပြီး "ကောင်းပါပြီ၊ ဒါဆို ကျွန်တော် ကြည့်ထားပေးမယ်။ နှစ်သစ်ကူး သူပြန်လာရင် စီစဉ်ပေးပါ့မယ်" လို့ ပြောလိုက်တယ်။
ကျန်းချောင်က သဘောတူကြောင်း အသံပြုပြီး ပြုတ်ထားတဲ့ ကြက်သားကို လက်မအရွယ် အတုံးလေးတွေ တုံးလိုက်တယ်။ ကြက်သွန်မြိတ်နဲ့ ကြော်ဖို့ ပြင်ဆင်နေတာပါ။ ဒါက ပိုင်လျန်ခရိုင်ရဲ့ နာမည်ကြီး ချက်ပြုတ်နည်း တစ်ခုပါပဲ။
ကြက်သားက တောရွာမှာ တစ်နှစ်လောက် လွှတ်ကျောင်းထားတဲ့ အကောင်ဖြစ်မှ ကောင်းတာ။ မွေးမြူရေးစာကျွေးပြီး ၃၊ ၄ လလောက်နဲ့ ကြီးလာတဲ့ ကြက်ဆိုရင် ချက်လိုက်တာနဲ့ အသားတွေ ကြေမွသွားပြီး စားလို့မကောင်းဘူး။
ကြက်သွန်မြိတ်ကလည်း ဒေသထွက် မွှေးကြိုင်တဲ့ ကြက်သွန်မြိတ် ဖြစ်ရမယ်။ ဈေးထဲမှာ ရောင်းတဲ့ တစ်နှစ်ပတ်လုံး စိုက်လို့ရတဲ့ ကြက်သွန်မြိတ်မျိုးက အနံ့မမွှေးဘူး။
ပါဝင်ပစ္စည်းတွေ မှန်ကန်မယ်၊ မြေမီးဖိုနဲ့ ဒယ်အိုးကြီးကို သုံးပြီး ကြော်မယ်ဆိုရင် ဆား၊ ပဲငံပြာရည်၊ ခရုဆီ နဲ့ သကြား အနည်းငယ်ပဲ လိုတယ်။ အချိုမှုန့်တွေ၊ ကြက်သားမှုန့်တွေ ထည့်စရာ မလိုဘူး။
ကြက်သားကျက်ခါနီးရင် လှီးထားတဲ့ ကြက်သွန်မြိတ်တွေ ထည့်၊ ၁၀ စက္ကန့်လောက် မွှေပြီးရင် စားလို့ရပြီ။ အရသာက ရှယ်ပဲ။
ကျန်းဖုန်းကတော့ တခြားလူတွေ ဘယ်လိုနေလဲ မသိပေမယ့် သူ့ရှေ့ ဒီဟင်းရောက်လာရင် ထမင်း ၃ ပန်းကန် အပြည့် စားနိုင်တယ်ဆိုတာ သေချာတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: