ညနေ ၅ နာရီ။

ကျန်းမိသားစု၏ ထမင်းစားပွဲပေါ်တွင် ကြက်သွန်မြိတ်ကြက်သားကြော် ၂ ပွဲ၊ ငရုတ်သီးဝါဝက်သားကြော် ၂ ပွဲ၊ ကန်စွန်းရွက်ကြော် ၂ ပွဲ၊ မြေပဲဆန်ကြော် ၁ ပွဲနှင့် ဝက်သုံးထပ်သားချဉ်ဖတ်ဟင်း ၁ အိုး စသည်ဖြင့် ဟင်းပွဲများ ရိုးရှင်းသော်လည်း စုံလင်စွာ တည်ခင်းထားသည်။

ကျန်းချောင်က အစ်မလတ်ပေးသော မောင်ထိုင်အရက်ပုလင်းကို ကိုင်ကာ "ယောက်ဖရေ... ဒီမောင်ထိုင်ပုလင်းကို ဖွင့်ပြီး ကျွန်တော်နဲ့ အတူ သောက်မလား" ဟု မေးလိုက်သည်။

ကျန်းဖခင်က လက်ကာပြလိုက်ပြီး "ငါ ဒီအရက်ကို သောက်မကျင့်ဘူးကွ။ ဒီမှာ ဒေသထွက် ဆန်အရက် မရှိဘူးလား" ဟု မေးလိုက်သည်။

ကျန်းချောင်က "ရှိတာပေါ့ဗျာ၊ ဒါဆို ယောက်ဖနဲ့အတူ ဆန်အရက်ပဲ သောက်ကြတာပေါ့။ ရှောင်ဖုန်း... မင်းရော သောက်မလား" ဟု မေးလိုက်သည်။

ကျန်းဖုန်းက ခေါင်းခါလိုက်ပြီး "ကျွန်တော် မသောက်တော့ဘူး ဦးလေး။ ခဏနေ ကားမောင်းပြန်ရဦးမှာလေ" ဟု ပြောလိုက်သည်။

ချန်ကွေ့ယင်းက နွေးထွေးစွာ ပြုံးပြီး "ရှောင်ဖုန်းရာ... ဦးလေးနဲ့ နည်းနည်းလောက် သောက်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် မင်းမှာ အလုပ်မှ မရှိတာ။ ဒီည ပြန်မသွားဘဲ ဒီမှာပဲ အိပ်လိုက်။ မနက်ဖြန်မှ ပြန်လည်း နောက်မကျပါဘူး" ဟု ဖိတ်ခေါ်လိုက်သည်။

အဖွားကလည်း ဝင်ပြောသည်။ "ဟုတ်တယ် ရှောင်ဖုန်းရေ။ မင်းက သူများတွေလို ရုံးတက်ရတာမှ မဟုတ်တာ။ ဒီည ပြန်ပြန် မပြန်ပြန် ထူးမှမထူးတာ။ ဒီမှာပဲ ညအိပ်လိုက်ပါဟယ်။"

ကျန်းမေက ပြုံးပြီး "အမေရာ... အိမ်မှာ ကြက်တွေ ဘဲတွေ ကျန်သေးတယ်လေ။ ပြီးတော့ မနက်ဖြန် အောင်သွယ်ခိုင်းမယ့်သူက ရှောင်ဖုန်းကို ဖုန်းဆက်ပြီး ချိန်းထားသေးတယ်။ ညစာစားပြီးရင် ပြန်မှဖြစ်မယ်" ဟု ပြောလိုက်သည်။

ချန်ကွေ့ယင်းက အံ့သြတကြီး ပြောလိုက်သည်။ "ရှောင်ဖုန်း... မင်း ဘယ်လိုလုပ်လိုက်တာလဲ။ စုံတွဲ ၂ တွဲပဲ အောင်သွယ်ပေးရသေးတယ်၊ နောက်ထပ် အောင်သွယ်ခိုင်းမယ့်သူတွေက ရောက်လာကြပြီ။ ကြည့်ရတာ မင်းရဲ့ အောင်သွယ်နာမည်က တော်တော် ပျံ့နေပြီပဲ။"

ကျန်းချောင်က ယောက်ဖလတ်နဲ့ သူ့အတွက် အရက်ငှဲ့ရင်း ပြုံးလျက် ပြောသည်။ "ရှောင်ဖုန်းရဲ့ အောင်သွယ်စွမ်းရည်က သာမန်အောင်သွယ်တွေနဲ့ ယှဉ်လို့မရဘူးကွ။ ခုနက အစ်မလတ်ပြောတာ မကြားလိုက်ဘူးလား။ ရှောင်ဖုန်းက အောင်သွယ်လုပ်ရင် အောင်သွယ်ခ ဘယ်လောက်ဆိုပြီး မသတ်မှတ်ဘူးတဲ့။ အောင်မြင်သွားမှ စေတနာရှိသလောက် မုန့်ဖိုးပေးပါလို့ပဲ ပြောတာတဲ့။"

"ရလဒ်က ဘာဖြစ်သွားလဲ သိလား။"

"မုန့်ဖိုးအနေနဲ့ ယွမ် ၃ သောင်း ၈ ထောင် ရတယ်၊ လက်ဆောင်ပစ္စည်းတန်ဖိုးက ယွမ် ၁ သောင်းနီးပါး ရှိတယ်။ မြို့နယ်တစ်ခုလုံးမှာ အောင်သွယ်ခ အများဆုံးစံချိန် တင်သွားတာပေါ့။ ဒါ ဘာကိုပြလဲ သိလား။"

ကျန်းချောင်က စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။ "ဒါက ရှောင်ဖုန်းရဲ့ အောင်သွယ်မှုက အရမ်းအောင်မြင်ပြီး တစ်ဖက်လူက အလွန်အမင်း ကျေနပ်သွားလို့ အခုလို ရက်ရက်ရောရော ပေးတာကို ပြနေတာပေါ့။"

ချန်ကွေ့ယင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဟုတ်သားပဲ။ ရှောင်ဖုန်း... မင်း တကယ်တော်တယ်။ မင်းရဲ့ ဝမ်းကွဲအစ်ကိုသာ မင်းခြေဖျားတစ်ဝက်လောက် မီရင်တောင် အဒေါ် ကျေနပ်ပါပြီ" ဟု ပြောလိုက်သည်။

"ရှောင်ဖုန်းက နာမည်ကြီး တက္ကသိုလ်ကျောင်းသားလေ။ ရှေးခေတ်သာဆိုရင် နန်းတွင်းစာမေးပွဲ အောင်တဲ့ ပညာရှိတစ်ယောက် ဖြစ်နေပြီ။ ဟို အသုံးမကျတဲ့ အာလုံက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။" အဖွားက ပြောပြီးသည်နှင့် ဘယ်သူ့ကိုမှ စကားပြန်ပြောခွင့် မပေးတော့ဘဲ "ကဲ... စကားတွေပဲ ပြောမနေနဲ့တော့၊ ဟင်းတွေ အေးကုန်တော့မယ်။ စားကြစို့" ဟု အမိန့်ပေးလိုက်သည်။

ဒါကိုကြားတော့ အားလုံးက ပြုံးပြီး စားသောက်ကြတော့သည်။

ဦးလေး၏ ဟင်းချက်လက်ရာသည် မိခင်ဖြစ်သူထက် သာလွန်သည်မှာ ထင်ရှားသည်။ ထို့အပြင် ထင်းမီးဖိုနှင့် ဒယ်အိုးကြီးကို သုံးပြီး ချက်ထားသဖြင့် ဟင်းအရသာက တကယ့်ကို ထူးကဲလှသည်။ ကျန်းဖုန်းသည် ပါးစပ်အိုင်သည်အထိ စားသောက်ရင်း "ဦးလေး... ဒီလက်ရာနဲ့ စားသောက်ဆိုင် မဖွင့်တာ နှမြောစရာကြီးဗျာ" ဟု ချီးကျူးလိုက်သည်။

ကျန်းမိဘနှစ်ပါးကလည်း ဝိုင်းဝန်းချီးကျူးကြသဖြင့် ကျန်းချောင်မှာ ပြုံးပန်းဝေနေတော့သည်။

ညစာစားပွဲသည် ည ၇ နာရီအထိ ကြာမြင့်ခဲ့သည်။

မပြန်ခင် ကျန်းဖုန်းသည် အဖွားကို မုန့်ဖိုး ယွမ် ၁ ထောင် ပေးရာ အဖွားက ငြင်းသော်လည်း အတင်း ထိုးပေးခဲ့သည်။

ထို့နောက် အဒေါ်ဖြစ်သူ ချန်ကွေ့ယင်းက ကျန်းမေအတွက် ချဉ်ဖတ်၊ ပဲပုပ်၊ မြေပဲ၊ ကန်စွန်းဥခြောက် စသော ဒေသထွက် လက်ဆောင်ပစ္စည်းများကို တစ်ပုံကြီး ထည့်ပေးသည်။ ကျန်းမေသာ မတားလျှင် ကြက်၊ ဘဲ အရှင်များပါ ဖမ်းထည့်ပေးမည့်ကိန်း ဆိုက်နေသည်။

ဒါသည် ကျန်းမေ မိဘအိမ်ပြန်လာသမျှ ကာလတစ်လျှောက်လုံးတွင် အမြင့်ဆုံးသော ဆက်ဆံရေးကို ခံစားရခြင်း ဖြစ်သည်။

ယခင်က သူမကို လေးစားမှုမရှိဘဲ ဟန်ဆောင်ဆက်ဆံခဲ့သော ယောက်မသည် ယခုအခါ ညီမအငယ်ဆုံး ကျန်းကျန်ထက်ပင် ပိုမို ကောင်းမွန်စွာ ဆက်ဆံနေပြီဖြစ်သည်။ အတိတ်နှင့် ပစ္စုပ္ပန်၏ ကွာခြားချက်က သိသာလွန်းလှသဖြင့် ကျန်းမေ စိတ်ထဲတွင် ကျေနပ်သလိုလို၊ ရှုပ်ထွေးသလိုလို ခံစားနေရသည်။

အိမ်ပြန်လမ်းတွင် ကျန်းမေက သူမခံစားချက်ကို ဖွင့်ပြောရာ ကျန်းဖုန်းက ရယ်မောပြီး ပြောလိုက်သည်။ "အမေရာ... ဒီလောက်နှစ်တွေ ကြာနေပြီ၊ အဒေါ်က ဘယ်လိုလူလဲဆိုတာ အခုထိ နားမလည်သေးဘူးလား။ တကယ်တော့ အဒေါ်က လူကောင်းစာရင်း ဝင်ပါတယ်။ အရင်က ကျွန်တော်တို့အိမ်ကို အထင်မကြီးပေမယ့် အနည်းဆုံးတော့ ဟန်ဆောင်ပြီး ယဉ်ကျေးပြခဲ့သားပဲ။ ဘယ်တုန်းကမှ မျက်နှာပျက်အောင် မလုပ်ခဲ့ပါဘူး။"

ကျန်းဖခင်ကလည်း ဝင်ထောက်သည်။ "ရှောင်ဖုန်းပြောတာ မှန်တယ်။ မင်းယောက်မက နည်းနည်းတော့ မာနကြီးပေမယ့် ယေဘုယျအားဖြင့် လူကောင်းပါ။ အရင်ကလည်း ငါတို့ကို ပစ္စည်းတွေ ပေးဖူးတာပဲ။ ဒီတစ်ခါလောက် မရက်ရောတာပဲ ရှိတာ။"

ကျန်းမေ စဉ်းစားကြည့်ပြီး သဘောတူလိုက်ကာ ဒီကိစ္စကို ဆက်မတွေးတော့ပေ။

...

အိမ်ပြန်ရောက်သောအခါ ကျန်းဖုန်းသည် ရေအရင်ချိုးလိုက်သည်။ ထို့နောက် အစ်ကိုကြီးနှင့် စကားပြောပြီး မိန်းကလေးကို ဘယ်လိုလိုက်နေလဲ မေးမြန်းသည်။ ပြီးနောက် ဝက်ဘ်ဝတ္ထုစာရေးဆရာ ဟူဝမ်ဟွာနှင့် WeChat တွင် Blind date အခြေအနေကို မေးမြန်းသည်။ အားလုံး အဆင်ပြေချောမွေ့နေကြောင်း သိရသောအခါ Qidian app ကို ဖွင့်ပြီး သူဖတ်နေကျ ဝတ္ထုများကို Update ဖတ်ရှုလိုက်သည်။

စာအုပ်စင်ပေါ်ရှိ ဝတ္ထု ၁၀ ပုဒ်ကျော်ကို ဖတ်ပြီးသောအခါ ည ၁၀ နာရီ ထိုးနေပြီ။ မြို့ကြီးများတွင် ည ၁၀ နာရီဆိုသည်မှာ ညဘက်ဘဝ စတင်ချိန် ဖြစ်သော်လည်း ကျေးလက်တွင်တော့ လူအများစု အိပ်ရာဝင်နေကြပြီ ဖြစ်သည်။

ခေတ်လူငယ်တစ်ယောက်အနေဖြင့် ကျန်းဖုန်း ဒီလောက်စောစော မအိပ်နိုင်သေး။ ထို့ကြောင့် Short video များကို ဖွင့်ပြီး နိုင်ငံအနှံ့က ခြေတံရှည် အလှမယ်များကို ကြည့်ရှုခံစားလိုက်သည်။ Short video များတွင် လှပသော အမျိုးသမီးများ များပြားလှသော်လည်း ကံမကောင်းစွာဖြင့် ၁၀ ယောက်တွင် ၉ ယောက်လောက်က အတုများ (Filter သုံးထားသူများ) ဖြစ်နေတတ်သည်။

"ဘုရားရေ... ဒီတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ရှယ်ပဲ။ အစစ်သာဆိုရင်တော့ မိုက်ပြီ။"

"ကျွတ် ကျွတ်... ဒီအလှမယ်ရဲ့ အခန်းဖွဲ့စည်းပုံက လုံးဝ ပြည့်စုံတာပဲ။ စိတ်တူကိုယ်တူ နေဖူးသူ ဘယ်နှစ်ယောက်လောက် ရှိမလဲ မသိဘူး။"

"ဝိုး... ဒီအလှမယ်ရဲ့ လက်ချောင်းလေးတွေက သွက်လိုက်တာ။ Finger dance ကတာ တကယ့်ကို အသက်ရှူမှားလောက်တယ်။"

"ယို ဟို..."

ကျန်းဖုန်းသည် Short video များကို ပွတ်ဆွဲရင်း တစ်ယောက်တည်း မှတ်ချက်ပေးကာ ရေရွတ်နေမိသည်။ သတိမထားမိလိုက်ဘဲ ၂ နာရီခန့် ကုန်ဆုံးသွားသည်။

ဆီးသွားချင်လာ၍ အိမ်သာသွားမှ အချိန်တော်တော် လင့်နေပြီဖြစ်ကြောင်း သတိထားမိပြီး အိပ်သင့်ပြီဟု တွေးလိုက်သည်။

ထို့ကြောင့် ကျန်းဖုန်းသည် မချင့်မရဲဖြင့် Video app ကို ပိတ်လိုက်သည်။ ထို့နောက် အိမ်သာသွား၊ ကိုယ်လက်သန့်စင်ပြီး အိပ်ရာဝင်လိုက်သည်။

မအိပ်ခင် ကျန်းဖုန်း တွေးမိသည်မှာ ဒီလို အဓိပ္ပာယ်မရှိသော Video တိုများကို တစ်နေ့လုံး ထိုင်ကြည့်နေခြင်းသည် အချိန်ဖြုန်းခြင်း၊ ဘဝကို အလဟသ ဖြစ်စေခြင်းပင် ဖြစ်သည်။ အသုံးဝင်သော ဗဟုသုတရစေမည့် Video များကို ကြည့်ချင်သော်လည်း ကံမကောင်းစွာဖြင့် Big data က ခွင့်မပြုပေ (သူကြည့်နေကျ ပုံစံအတိုင်းသာ ဆက်ပြနေသဖြင့်)။

...

နောက်တစ်နေ့။

မနက် ၁၀ နာရီတွင် မနေ့က ချိန်းထားသော ဖောက်သည်သည် လက်ဆောင်များနှင့် အနီရောင်စာအိတ်ကို ယူဆောင်ကာ အောင်သွယ်လာငှားသည်။ ဒီဖောက်သည်ကတော့ တခြားသူမဟုတ်၊ လီရှင်းဝမ်၏ ဦးလေး ဝမ်ကျင်းချန်ပင်ဖြစ်သည်။

သေချာပေါက် ဝမ်ကျင်းချန်သည် အောင်သွယ်ဆရာကြီး ကျန်းဖုန်းကို သူ့သားအကြီးဆုံး ဝမ်ဖုန်းအတွက် အောင်သွယ်လုပ်ပေးရန် လာရောက်ငှားရမ်းခြင်း ဖြစ်သည်။ သူနှင့်အတူ တူတော်မောင် လီရှင်းဝမ်လည်း ပါလာသည်။

ကားပေါ်က ဆင်းဆင်းချင်း လီရှင်းဝမ်က ပြုံးဖြီးဖြီးဖြင့် နှုတ်ဆက်လိုက်သည်။ "ဆရာကျန်း... ပြန်တွေ့ကြပြန်ပြီနော်။"

ဒါက သူ့ရဲ့ ငွေတွင်းကြီး ဖြစ်သဖြင့် ကျန်းဖုန်းကလည်း ပြုံးဖြီးဖြီးဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ "ဟုတ်တယ် အစ်ကိုဝမ်... ပြန်တွေ့ကြပြန်ပြီ။"

ဝမ်ကျင်းချန်က လက်ဆောင်ကမ်းပေးရင်း ပြုံးလျက် ပြောသည်။ "ဆရာကျန်း... ရှောင်ဝမ်ရဲ့ မင်္ဂလာဆောင်တုန်းက ကျွန်တော်တို့ စကားပြောဖူးတယ်လေ။ မှတ်မိသေးတယ် မဟုတ်လား။"

ကျန်းဖုန်းက လက်ဆောင်ကို ကျွမ်းကျင်စွာ လက်ခံလိုက်ပြီး ပြုံးလျက် "ဦးလေးဝမ်ကို မှတ်မိတာပေါ့ဗျာ။ အိမ်ထဲဝင်ပြီး လက်ဖက်ရည်သောက်ရင်း အေးဆေး ပြောကြတာပေါ့" ဟု ဖိတ်ခေါ်လိုက်သည်။