အနီရောင်စာအိတ်ထဲတွင် ယွမ် ၈၀၀ ပါဝင်ပြီး၊ "တလောင်" စီးကရက် ၂ ဘူး၊ သစ်သီး ၂ ထုပ်နှင့်အတူ စုစုပေါင်းတန်ဖိုး ယွမ် ၁၀၀၀ ကျော်ရှိသည်။ ဒါက လီရှင်းဝမ်၏ ဦးလေးဖြစ်သူ ဝမ်ကျင်းချန်က အောင်သွယ်လာငှားစဉ် ပေးသော လက်ဆောင်များဖြစ်သည်။ အခြေခံအားဖြင့် လီမိသားစု၏ စံနှုန်းအတိုင်း ပေးခြင်းဖြစ်သည်။

ကျန်းဖုန်းက စာအိတ်ကို လက်ခံလိုက်သည်နှင့် ဝမ်ကျင်းချန်က ပြုံးလျက် ပြောသည်။ "ဆရာကျန်း... ကျွန်တော့် မိသားစုအကြောင်း အရင် မိတ်ဆက်ပေးပါရစေ။ ကျွန်တော်က တာဖီမြို့နယ်ကပါ။ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးက မြို့ထဲမှာ ဆန်ခေါက်ဆွဲဆိုင် ဖွင့်ထားတယ်။ ဒီဆိုင်ဖွင့်လာတာ ၁၀ နှစ်ကျော်ပြီ၊ စီးပွားရေး မဆိုးပါဘူး။ ယောက်ဖကြီး (လီမင်ချန်) တို့ မိသားစုလောက် မချမ်းသာပေမယ့် အနည်းဆုံး ယွမ် တစ်သန်းလောက်တော့ စုမိဆောင်းမိ ရှိပါတယ်။"

လီရှင်းဝမ်က ဘေးကနေ ဝင်ထောက်သည်။ "ဆရာကျန်း... ဦးလေးက နှိမ့်ချနေတာပါ။ သူ့ခေါက်ဆွဲဆိုင်က မဆိုးရုံတင် မကပါဘူး၊ မြို့ထဲမှာ အရောင်းရဆုံး ဆိုင်ပါဗျ။"

ကျန်းဖုန်း ခေါင်းညိတ်ပြုံးပြပြီး "အစ်ကိုဝမ်... သဘောပေါက်ပါပြီ။ ဦးလေးဝမ်... ဆက်ပြောပါ" ဟု ပြောလိုက်သည်။

ဝမ်ကျင်းချန်က ပြုံးပြီး ဆက်ပြောသည်။ "ကျွန်တော့်သားနာမည်က ဝမ်ဖုန်း။ အသက် ၂၈ နှစ်၊ သာမန်တက္ကသိုလ် ဘွဲ့ရ၊ အရပ် ၁၇၂ စင်တီမီတာ ရှိတယ်။ ဒီမှာ သူ့ဓာတ်ပုံပါ၊ WeChat ကနေ ပို့လိုက်မယ်။"

ပြောရင်းနှင့် ဖုန်းကိုထုတ်ကာ ပို့ပေးလိုက်သည်။ "လက်ရှိမှာ ကျွန်တော့်သားက ပြည်နယ်မြို့တော်မှာ လက်ဖက်ရည်ဆိုင် အသေးစားလေး ဖွင့်ထားတယ်။ ဒါပေမဲ့ ဆိုင်နေရာက သိပ်မကောင်းတော့ အရောင်းအဝယ်က ပါးတယ်။ ပျမ်းမျှ တစ်လ အမြတ်က ၃ ထောင်၊ ၄ ထောင်လောက်ပဲ ရှိတယ်။ အပြင်ထွက် အလုပ်လုပ်တဲ့သူရဲ့ လစာလောက်တောင် မရှိဘူး။ အရင်းအနှီး ဆုံးရှုံးမယ့် အန္တရာယ်ကိုလည်း အလကား ရင်ဆိုင်နေရတယ်။ တကယ် မတန်ပါဘူးဗျာ။"

ကျန်းဖုန်းက ဝမ်ဖုန်း၏ ဓာတ်ပုံကို ကြည့်လိုက်ရာ ရုပ်ရည် သာမန်အဆင့်၊ မဆိုးမချော၊ မျက်မှန်တပ်ထားပြီး စာပေသမား ပုံစံပေါက်သည်။

ဝမ်ကျင်းချန် ပြောတာကြားတော့ ကျန်းဖုန်း ရယ်မောလိုက်ပြီး "ဦးလေးဝမ်... အဲ့လို မပြောပါနဲ့။ ဝန်ထမ်းလုပ်တယ်ဆိုတာ လစာရဖို့ အန္တရာယ်မရှိဘူး ဆိုပေမယ့် လစာက ပုံသေပဲလေ။ လစာနဲ့ သူဌေးဖြစ်ဖို့ဆိုတာ သာမန်လူတွေအတွက် မဖြစ်နိုင်ပါဘူး။"

"ဒါပေမဲ့ ကိုယ်ပိုင်ဆိုင် ဖွင့်တယ်ဆိုတာ မတူဘူး။ အခု ဝင်ငွေနည်းပြီး ဆုံးရှုံးနိုင်ချေ ရှိတယ်ဆိုပေမယ့် အောင်မြင်သွားရင် ရလာမယ့် အကျိုးအမြတ်က အံ့မခန်း ဖြစ်လာနိုင်တယ်။"

လီရှင်းဝမ်က ထောက်ခံသည်။ "ဆရာကျန်း ပြောတာ မှန်တယ်။ ပြီးတော့ ညီလေးဝမ်ဖုန်းရဲ့ ဆိုင်က ရှုံးနေတာမှ မဟုတ်တာ၊ မြတ်တာ နည်းနေရုံပဲ ရှိသေးတယ်။ သူ့ကို ဆက်လုပ်ခိုင်းလိုက်ပါ။ ပိုက်ဆံသိပ်မရရင်တောင် အတွေ့အကြုံ ရတာပေါ့။ နောက်တစ်ခါ ထပ်ရင်းနှီးမြှုပ်နှံရင် ပိုပြီး ပြည့်ပြည့်စုံစုံ စဉ်းစားတတ်လာမယ်၊ အောင်မြင်မှု ရာခိုင်နှုန်း ပိုများလာမှာပေါ့။"

"အဲ့ဒါတော့ ဦးလေး နားလည်ပါတယ်။ ဦးလေး စိတ်ပူတာက စီးပွားရေး ရှုံးမှာ မဟုတ်ဘူး၊ သူ့အိမ်ထောင်ရေးကို စိတ်ပူတာ။"

ဝမ်ကျင်းချန်က သက်ပြင်းချပြီး ဆက်ပြောသည်။ "ဆရာကျန်း မသိလို့ပါ၊ ကျွန်တော့်သားက နည်းနည်း အေးတိအေးစက် နိုင်တယ်၊ ပေါင်းသင်းဆက်ဆံရေး လုံးဝ မရှိသလောက်ပဲ။ တူတော်မောင် ရှောင်ဝမ်နဲ့ ယှဉ်ရင် ပြောင်းပြန်ပဲ။ ကျွန်တော်သာ Blind date စီစဉ်မပေးရင် တစ်သက်လုံး လူပျိုကြီး ဖြစ်သွားမှာ စိုးရိမ်ရတယ်။"

ကျန်းဖုန်းက "ဦးလေးဝမ်... စိတ်မပူပါနဲ့။ လူတိုင်းရဲ့ စရိုက်က မတူကြဘူးလေ။ အစ်ကိုဝမ်ဖုန်းရဲ့ ပုံစံက မြေကြီးလက်ခတ်မလွဲ ရိုးသားပြီး တည်ငြိမ်တဲ့ပုံပါပဲ။ ဒီလို ယောကျ်ားမျိုးက ရိုမန်းတစ် မဆန်ဘူး၊ မိန်းမတွေကို ဘယ်လို ပျော်အောင်ထားရမလဲ မသိဘူး ဆိုပေမယ့် မိန်းမတွေ အလိုချင်ဆုံးဖြစ်တဲ့ လုံခြုံမှုကို ပေးနိုင်ပါတယ်။ အဲ့ဒါနဲ့တင် လုံလောက်ပါပြီ" ဟု နှစ်သိမ့်လိုက်သည်။

ဝမ်ကျင်းချန် ခေါင်းညိတ်ပြီး "ဆရာကျန်းရဲ့ အကဲခတ်မှုကို ယုံပါတယ်။ ဘာပဲဖြစ်ဖြစ် အကုန်လုံး ဆရာ့လက်ထဲ အပ်လိုက်ပြီ" ဟု ပြောသည်။

ကျန်းဖုန်းက "ဦးလေးဝမ်ကလည်း ယဉ်ကျေးလွန်းနေပါပြီ။ သတင်းကောင်းသာ စောင့်နေပါ" ဟု ပြန်ပြောလိုက်သည်။

...

နောက် ၂ ရက်အတွင်း ကြိုတင်ချိန်းဆိုထားသကဲ့သို့ နောက်ထပ် ဖောက်သည် ၂ ယောက် ထပ်ရောက်လာသည်။ တစ်ယောက်မှာ လီရှင်းဝမ်၏ ငယ်သူငယ်ချင်း ကျိုးရှောင်ပန်ဖြစ်ပြီး၊ နောက်တစ်ယောက်မှာ ကျန်းချိုလန်၏ ဝမ်းကွဲမောင်လေး ဟယ်ရွှီဖြစ်သည်။

၃ ရက်ဆက်တိုက် ဖောက်သည် ၃ ယောက် ရရှိခဲ့ပြီး အားလုံးသည် ပထမဆုံးဖောက်သည် လီရှင်းဝမ်နှင့် ရင်းနှီးပတ်သက်သူများ ဖြစ်ကြသည်။ ဒါကိုကြည့်ရင် နာမည်ကောင်းရဲ့ အရေးပါမှုကို သိသာစေသည်။

ဖောက်သည် ၃ ယောက်စလုံး လီမိသားစုနှင့် ပတ်သက်နေသဖြင့် လက်ဆောင်ပစ္စည်းများမှာ အတူတူနီးပါး ဖြစ်ပြီး အောင်သွယ်လာငှားစဉ်ပေးသော မုန့်ဖိုးမှာလည်း ယွမ် ၁ ထောင်ဝန်းကျင် ရှိကြသည်။ ဒါက အောင်သွယ်ငှားရမ်းခ စံနှုန်းကို အနည်းငယ် မြှင့်တင်လိုက်သလို ဖြစ်သွားသည်။

ယခုအခါ ကျန်းဖုန်းတွင် ကိုယ်ပိုင်ကား ရှိနေပြီဖြစ်သလို၊ အိမ်ထောင်ရေး လိုက်ဖက်မှု ရှာဖွေနိုင်သည့် အတိုင်းအတာကလည်း မိုင် ၁၀ မှ မိုင် ၃၀ အထိ ကျယ်ပြန့်သွားပြီဖြစ်၍ သင့်တော်သူကို ရှာဖွေရန် လွယ်ကူနေပြီဖြစ်သည်။

ထို့အပြင် ဖောက်သည် ၃ ယောက်အတွက် တွေ့ရှိရသော အိမ်ထောင်ဖက်များ၏ လိုက်ဖက်မှု ရမှတ်များမှာလည်း မနည်းလှပေ။ တစ်ယောက်က ၈၁၊ တစ်ယောက်က ၈၃၊ နောက်တစ်ယောက်က ၈၄ အထိ ရှိကြသည်။ ဒီလို မြင့်မားတဲ့ ရမှတ်တွေနဲ့ဆိုရင် လက်ထပ်ပြီးတာနဲ့ စံပြဇနီးမောင်နှံ ဖြစ်လာမှာ သေချာသလောက်ပါပဲ။

သူတို့အတွက် Blind date စီစဉ်ပေးပြီးနောက် ကျန်းဖုန်းသည် နောက်ထပ် မုန့်ဖိုး ယွမ် ၃၀၀၀ ထပ်ရလိုက်သည်။ သေချာတာကတော့ ဖောက်သည် ၃ ယောက်စလုံးက မုန့်ဖိုးပမာဏနဲ့ သူတို့ရဲ့ သဘောထားကို ဖော်ပြလိုက်ကြတာပါပဲ။

Blind date ဆိုတာ လူငယ်တွေရဲ့ လွတ်လပ်စွာ ချစ်ကြိုက်တာနဲ့ လုံးဝ မတူပါဘူး။ Blind date လုပ်ချင်တဲ့ အမျိုးသား၊ အမျိုးသမီး ၁၀၀ မှာ အနည်းဆုံး ၉၉ ယောက်က မင်္ဂလာဆောင်ဖို့ ရည်ရွယ်ချက်နဲ့ လာကြတာပါ။

ဒါကြောင့် Blind date လုပ်သူတွေဟာ အချိန်တိုအတွင်းမှာပဲ ရှေ့ဆက်တိုးမလား၊ မတိုးဘူးလား ဆိုတာ ဆုံးဖြတ်လေ့ ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် Blind date လုပ်သူ အများစုက အသက်အရွယ် ရလာသူတွေ ဖြစ်ကြပြီး လူငယ်တွေလို ၂ နှစ်၊ ၃ နှစ် အချိန်ဆွဲပြီး လေ့လာဖို့ အချိန်မရှိကြတော့ဘူးလေ။

ကျား၊ မ မရွေး အသက် ၂၀ ကျော်ကနေ ၃၀ ကျော် ရောက်လာရင် စိတ်နှလုံးသားက အရင်လို တည်ငြိမ်အေးဆေးမှု မရှိကြတော့ပါဘူး။

...

ရှင်းကျန်း။

မြို့ပြင်ရှိ မြို့နယ်တစ်ခုတွင်။

ကျန်းချွန်းလျန်သည် ပျော်ရွှင်စွာဖြင့် ခရီးဆောင်အိတ်များနှင့် လက်ဆောင်ပစ္စည်းများကို ကားပေါ် တင်နေသည်။ မနက်ဖြန်က ဇူလိုင် ၁၄ ရက် (တရုတ်ပြက္ခဒိန်)။ ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းကတည်းက ဒီကို အလုပ်လာလုပ်ပြီး အဝေးကလူနဲ့ အိမ်ထောင်ကျသွားကတည်းက မိဘအိမ်ကို ပြန်ရောက်တာ လက်ချိုးရေလို့ ရတယ်။ ၇ လပိုင်း ၁၄ ရက်နေ့ (သရဲပွဲတော်) မှာ မိဘအိမ်ပြန်တာဆိုလို့ တစ်ခါမှ မရှိဖူးသေးဘူး။

ဒီနှစ် ၇ လပိုင်း ၁၄ ရက်မှာတော့ သားဖြစ်သူက မိဘအိမ်ပြန်ဖို့ လိုက်ပို့မယ်ဆိုလို့ ကျန်းချွန်းလျန် အပျော်ကြီး ပျော်နေရတယ်။

၇ လပိုင်း ၁၄ ရက်နေ့ကို သရဲပွဲတော် သို့မဟုတ် ကျုံးယွမ်ပွဲတော်လို့ ခေါ်ကြပြီး ကျွန်မတို့နိုင်ငံရဲ့ အရေးကြီးဆုံး ရိုးရာပွဲတော်တွေထဲက တစ်ခုပါ။

ကျွန်မတို့နိုင်ငံက ကျယ်ဝန်းပြီး ဓလေ့ထုံးစံတွေ ကွဲပြားကြတယ်။ တချို့ဒေသတွေမှာ ၇ လပိုင်း ၁၃၊ ၁၄၊ ၁၅ ရက်တွေကို ပွဲတော်ရက်အဖြစ် သတ်မှတ်ကြပြီး "၁၃ ရက်မှာ ကြက်၊ ၁၄ ရက်မှာ ဘဲ၊ ၁၅ ရက်မှာ ဝက်သား" ဆိုတဲ့ ဆိုရိုးတောင် ရှိကြတယ်။

ကွမ်ရှီးနဲ့ ကွေ့ကျိုး ပြည်နယ်တွေက တချို့ဒေသတွေမှာဆိုရင် ၇ လပိုင်း ၁ ရက်နေ့ကတည်းက ပွဲတော်စပြီး ၁၄၊ ၁၅ ရက်နေ့အထိ ကျင်းပကြတယ်။ ဒါကြောင့် ၇ လပိုင်း ၁၄ ရက်နေ့ဟာ တစ်နှစ်တာရဲ့ အရေးအကြီးဆုံးနေ့လို့ ပြောကြတာပေါ့။

ကျန်းချွန်းလျန်ရဲ့ ဇာတိ ချင်းဟယ်မြို့နယ်မှာလည်း ၇ လပိုင်း ၁၄ ရက်နေ့ သရဲပွဲတော်ကို အလွန် အလေးထားကြတယ်။ ဒါပေမဲ့ ၁၄ ရက်နေ့ တစ်ရက်တည်းပဲ ကျင်းပကြတာပါ။

ပစ္စည်းတွေ တင်ပြီးတော့ ကျန်းချွန်းလျန်နဲ့ လျူယန်တို့ ကားပေါ်တက်လိုက်ကြတယ်။ လျူယန်က သားဖြစ်သူ ချွေ့ယွမ်လွန်ခဲ့တဲ့ ၂ လလောက်က စတွဲတဲ့ ရည်းစားပါ။ အခုတော့ မင်္ဂလာဆောင်ဖို့အထိ ပြောနေကြပြီ။ ဒီခရီးစဉ်မှာ သားနဲ့အတူ လိုက်ပါလာတာပါ။

သားဖြစ်သူ ကားမောင်းထွက်လာတော့ ကျန်းချွန်းလျန် စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။ တကယ်တော့ သူမက ခင်ပွန်းသည် ချွေ့ကျစ်ချောင်ကို လိုက်ပို့စေချင်တာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာက သူတို့ အိမ်ထောင်သက် နှစ် ၂၀ ကျော်အတွင်းမှာ ခင်ပွန်းသည်က သူမကို မိဘအိမ် တစ်ခါပဲ လိုက်ပို့ဖူးတယ်။

နှစ်တွေတစ်လျှောက်လုံး မိဘမောင်နှမတွေ မေးလာတိုင်း ကျန်းချွန်းလျန်က ခင်ပွန်းသည် အလုပ်များလို့ မအားဘူးဆိုပြီး ဖုံးဖိပေးခဲ့ရတယ်။ ဒါပေမဲ့ တကယ့်အဖြစ်မှန်ကို ကျန်းချွန်းလျန် ကိုယ်တိုင်သိသလို သူမ မိသားစုဝင်တွေလည်း ရိပ်မိကြမှာပါ။

သူမက ပိုင်ဆိုင်မှု သန်းချီ (၁၀ သန်းကျော်) ရှိတဲ့ ဂုဏ်သရေရှိ မိသားစုနဲ့ လက်ထပ်ထားတယ်လို့ အများက ထင်ကြတယ်။ ဒါပေမဲ့ "ရေအေးရေပူ ကိုယ်သောက်မှ ကိုယ်သိ" ဆိုသလိုပါပဲ။ လက်တွေ့မှာတော့ သူမဟာ အိမ်မှာ ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိသလို ငွေကြေးကိစ္စမှာလည်း ဝင်ပြောပိုင်ခွင့် မရှိပါဘူး။ သူမ ကိုင်တွယ်ခွင့်ရတဲ့ ငွေပမာဏက ယွမ် ၁ သိန်းတောင် ဘယ်တော့မှ မကျော်ဖူးပါဘူး။