အဒေါ်ဖြစ်သူ လာမည်ဟု ဖုန်းဆက်လာသောအခါ ကျန်းဖုန်းနှင့် မိဘများသည် အိမ်ကို အသေအချာ သန့်ရှင်းရေး လုပ်ကြသည်။

တကယ်တော့ လွန်ခဲ့သော ၂ ရက်ကပင် ကျန်းမိဘများက အိမ်ဟောင်းကို သန့်ရှင်းရေး လုပ်ထားပြီးသားဖြစ်သည်။ ဒီအိမ်ဟောင်းက ကျန်းဖုန်းတို့မိသားစု လက်ရှိနေထိုင်သော အိမ်မဟုတ်ဘဲ အဘိုးအဘွားများ နေထိုင်ခဲ့သော အိမ်ဟောင်းဖြစ်သည်။ ကျန်းဖခင်သည် မင်္ဂလာမဆောင်မီက ထိုအိမ်ဟောင်းတွင် နေထိုင်ခဲ့ပြီး မင်္ဂလာဆောင်ပြီးမှ လက်ရှိအိမ်ကို ဆောက်လုပ်နေထိုင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က အဘိုးရှိစဉ်က အိမ်ဟောင်းတွင် လူနေခဲ့သော်လည်း အဘိုးဆုံးပြီးနောက် အဘွားကို ဦးလေး (ကျန်းဖခင်၏ ညီ) က ခရိုင်မြို့သို့ ခေါ်သွားကာ ပြုစုစောင့်ရှောက်ထားသည်။ အဘွားသည် ရုံးပိတ်ရက် ပွဲတော်ရက်များတွင်သာ ရွာသို့ ပြန်လာလေ့ရှိသည်။

တရုတ်လူမျိုးများသည် အလွမ်းအဆွတ် ကြီးမားကြသည်။ ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင်ကြသူ အများစုသည် သူတို့၏ ဇာတိမြေကို အမြစ်တွယ်ရာဟု မှတ်ယူထားကြသည်။ မြို့ကြီးများတွင် အခြေချနေထိုင်နေကြသော်လည်း ပွဲတော်ရက်များတွင် ဇာတိရွာသို့ ပြန်လာရသည်ကို နှစ်သက်ကြသည်။ ရွာပြန်မှ ပွဲတော် အရသာကို အပြည့်အဝ ခံစားရသည်ဟု ခံယူထားကြသည်။

ကျန်းဖုန်း၏ ဦးလေး ကျန်းယုံကွေ့သည် ထိုကဲ့သို့သော လူမျိုးဖြစ်သည်။ တက္ကသိုလ်ဘွဲ့ရပြီးနောက် ခရိုင်မြို့တွင် အလုပ်လုပ်၊ အိမ်ထောင်ကျ၊ ကလေးမွေးပြီး အခြေချနေထိုင်နေသော်လည်း ပွဲတော်ရက်များတွင် ရွာသို့ ပြန်လာလေ့ရှိသည်။ ၇ လပိုင်း ၁၄ ရက်နေ့ (သရဲပွဲတော်) လို အရေးကြီးသော ပွဲတော်မျိုးဆိုလျှင် ဘယ်တော့မှ မပျက်ကွက်ပေ။

ထို့ကြောင့် ကျန်းမိဘများသည် ဖုန်းဆက်မေးနေစရာမလိုဘဲ ဦးလေးတို့မိသားစုနှင့် အဘွားပြန်လာလျှင် တည်းခိုရန် အိမ်ဟောင်းကို ကြိုတင် သန့်ရှင်းရေး လုပ်ထားခြင်းဖြစ်သည်။

ယခု အဒေါ်ဖြစ်သူပါ လာမည်ဟု သိရသဖြင့် အိမ်ကို ပိုမို စေ့စပ်သေချာစွာ သန့်ရှင်းရေး လုပ်ရတော့သည်။ အဒေါ်တစ်ယောက်တည်း လာခြင်းမဟုတ်ဘဲ ကျန်းဖုန်း၏ ဝမ်းကွဲအစ်ကို ချွေ့ယွမ်နှင့် သူ့ရည်းစားပါ လိုက်ပါလာမည် ဖြစ်သောကြောင့်ပင်။

အခန်းများကို သန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းဖခင်က "ရှောင်ဖုန်း... မြို့ထဲသွားပြီး ဝါးဖျာတစ်ချပ်နဲ့ ပန်ကာ ၂ လုံးလောက် သွားဝယ်လိုက်။ အိမ်မှာ ပန်ကာ မလောက်ဘူး" ဟု မှာကြားလိုက်သည်။

ကျန်းမေက "စောင်ပါးပါးလေးလည်း ဝယ်ခဲ့ဦး။ နေပါစေ၊ အမေပါ လိုက်ခဲ့မယ်။ သွားပွတ်တံ၊ မျက်နှာသုတ်ပုဝါနဲ့ ရေပုံးတွေလည်း ပြင်ဆင်ထားရဦးမယ်။ မင်းဝမ်းကွဲအစ်ကိုက မြို့ကြီးသား၊ ပြီးတော့ ရည်းစားပါ ခေါ်လာတာဆိုတော့ တို့အိမ်အနေအထားကို အဆင်ပြေပါ့မလား မသိဘူး" ဟု ဖြည့်စွက် ပြောလိုက်သည်။

ကျန်းဖုန်းက "အမေ... ကျွန်တော်တို့ တတ်နိုင်သလောက် ဧည့်ခံကြတာပေါ့။ တကယ်လို့ ဝမ်းကွဲအစ်ကိုနဲ့ သူ့ရည်းစားက အိမ်အနေအထားကို သဘောမကျရင်လည်း ဟိုတယ်သွားတည်းခိုင်းလိုက်ပေါ့။ ဘယ်လောက်မှ ကျတာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

ကျန်းဖခင်က သက်ပြင်းချပြီး "အရင်ဆုံး လိုတာတွေ သွားဝယ်ပြီး ပြင်ဆင်ထားလိုက်ပါ။ အိမ်မှာတည်းမလား၊ ဟိုတယ်သွားမလားဆိုတာ သူတို့ကို ရွေးခိုင်းလိုက်တာပေါ့" ဟု ပြောလိုက်သည်။

ကျန်းဖုန်း ခေါင်းညိတ်လိုက်ပြီး မိခင်ဖြစ်သူကို တင်ကာ မြို့ထဲသို့ ဈေးဝယ်ထွက်ခဲ့သည်။

...

ရှင်းကျန်းမြို့ပြင်မှ ချင်းဟယ်မြို့နယ်အထိ ခရီးအကွာအဝေးသည် ၇၀၀ ကီလိုမီတာကျော် ရှိသည်။ ကျန်းချွန်းလျန်တို့ လူစုသည် မနက် ၉ နာရီခွဲခန့်တွင် ထွက်ခွာခဲ့ရာ ညနေ ၆ နာရီခန့်မှ ချင်းဟယ်မြို့နယ်သို့ ရောက်ရှိလာသည်။ လမ်းခရီးတွင် နားနေစခန်း၌ တစ်နာရီခန့် နားခဲ့သဖြင့် အချိန်ပိုကြာသွားခြင်း ဖြစ်သည်။

ကျန်းချွန်းလျန် မိဘအိမ်သို့ မပြန်ဖြစ်သည်မှာ ၅ နှစ် ရှိပြီဖြစ်သည်။ ချင်းဟယ်မြို့နယ်သို့ ရောက်ရှိပြီး အစ်ကိုကြီးထံ ဖုန်းဆက်အကြောင်းကြားကတည်းက လမ်းဘေးဝဲယာရှိ ရင်းနှီးနေသော တောင်ကုန်းလေးများကို ငေးကြည့်လာခဲ့သည်။ မြို့ထဲရောက်သောအခါ အမှတ်တရ အဆောက်အအုံများကို စူးစိုက်ကြည့်နေမိသည်။

ရွာသို့ ရောက်သောအခါ ပတ်ဝန်းကျင်ကို ပိုမို ဂရုတစိုက် ကြည့်ရှုမိပြီး ရင်ထဲတွင် ဖော်ပြမရသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ အိမ်နှင့် ဝေးကွာနေသူများ အိမ်ပြန်ရောက်သောအခါ ခံစားရသည့် သံယောဇဉ်မျိုး ဖြစ်ပေလိမ့်မည်။

ကားသည် တံတားကို ကျော်လိုက်သည်နှင့် အစ်ကိုကြီး၊ ယောက်မနှင့် တူနှစ်ယောက်တို့ တံတားထိပ်တွင် ရပ်စောင့်နေသည်ကို ကျန်းချွန်းလျန် လှမ်းမြင်လိုက်ရသည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ကျန်းချွန်းလျန် ရင်ထဲ နွေးထွေးသွားသည်။

စက္ကန့်အနည်းငယ်အကြာ ကားရပ်လိုက်သည်နှင့် ကျန်းချွန်းလျန် ကားတံခါးကို ဖွင့်ပြီး ဆင်းလိုက်သည်။

ကျန်းဖုန်းတို့ မိသားစု ၄ ယောက်လုံး ထွက်ကြိုကြသည်။ နှုတ်ဆက်စကား ပြောပြီးနောက် ကျန်းဖခင်က "ဗိုက်ဆာနေကြရောပေါ့။ ထမင်းဟင်း အဆင်သင့် ဖြစ်နေပြီ။ စားရင်းနဲ့ စကားပြောကြတာပေါ့" ဟု ပြောလိုက်သည်။

ကျန်းမေက လျူယန်ကို အလုပ်ရှုပ်ခံ ပြုစုနေသည်။ လျူယန်ဆိုသော မိန်းကလေးသည် ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်သည်။ ရုပ်ရည်သက်သက် ကြည့်မည်ဆိုလျှင် ဝမ်းကွဲအစ်ကို ချွေ့ယွမ်ထက်ပင် သာလွန်နေသည်။ သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး ကျန်းဖုန်း၏ အိမ်ဟောင်းကို မြင်သော်လည်း ရွံရှာသည့်အမူအရာ မပြပေ။

ပရော်ဖက်ရှင်နယ် အကျင့်ပါနေသော ကျန်းဖုန်းသည် ဝမ်းကွဲအစ်ကိုနှင့် လျူယန်တို့၏ အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်ကို စမ်းသပ်ကြည့်လိုက်သည်။

ရလဒ်ကတော့...

မယုံနိုင်စရာ ကိန်းဂဏန်းကို မြင်လိုက်ရသဖြင့် ကျန်းဖုန်းသည် လူမှားစစ်မိသလား၊ ဒါမှမဟုတ် သူ့စွမ်းရည် ချို့ယွင်းသွားသလားဟု သံသယဝင်မိပြီး နောက်တစ်ကြိမ် ထပ်စစ်ကြည့်လိုက်သည်။

ရလဒ်က ပြောင်းလဲမသွားပေ။ ဒါက ကျန်းဖုန်း၏ စိတ်ကို လေးလံသွားစေသည်။ စမ်းသပ်မှု ရလဒ်က လုံးဝ မျှော်လင့်မထားသော အရာပင်။

အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်က တုန်လှုပ်ဖွယ်ရာ "၀" (သုည) ဖြစ်နေသည်။ ဒါက အိမ်ထောင်ရေး လိုက်ဖက်မှုအပေါ် သူနားလည်ထားသမျှကို ရိုက်ချိုးလိုက်သလိုပင်။ လေမှုတ်အရုပ်မနှင့် တွဲပေးရင်တောင် ရမှတ်က ဒီလောက် နိမ့်မနေသင့်ပေ။

သူတို့နှစ်ဦး၏ အသေးစိတ် အချက်အလက်များကို ဖတ်ကြည့်လိုက်မှ ရမှတ် သုည ဖြစ်ရသည့် အဓိက အကြောင်းရင်းကို ကျန်းဖုန်း သိလိုက်ရသည်။ လက်တွေ့ဘဝတွင် ဒီလောက် ရယ်စရာကောင်းပြီး ဆိုးရွားသော အခြေအနေမျိုး ကြုံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။

အကြောင်းရင်းအမှန်မှာ ဝမ်းကွဲအစ်ကိုနှင့် လျူယန်တို့သည် ဖခင်တူ အမေကွဲမောင်နှမအရင်းများ ဖြစ်နေကြသောကြောင့်ပင်။ တကယ့်ကို ဝဋ်လည်စရာ ကောင်းလိုက်လေခြင်း။

လိုက်ဖက်မှုရမှတ် သုည ဖြစ်နေတာ မဆန်းတော့ပေ။ တကယ့် ကပ်ဘေးကြီးပါလား။

ကျန်းဖုန်း အတွေးလွန်နေစဉ် ထမင်းဝိုင်းမှ စကားဝိုင်းသည် သူ့ဆီသို့ ဦးတည်လာသည်။ အဒေါ်ဖြစ်သူက သူ ဘွဲ့ရပြီး အောင်သွယ်လုပ်ကာ ပိုက်ဆံသောင်းချီ ရှာနိုင်နေကြောင်း သိပြီးနေပြီဖြစ်သည်။ လွန်ခဲ့သော ၂ ရက်က အဒေါ်နှင့် ဖခင်တို့ ဖုန်းပြောစဉ် ကျန်းဖုန်း အလုပ်အကြောင်း မေးမြန်းရာမှ ဖခင်ဖြစ်သူက မနေနိုင်ဘဲ ပြောပြလိုက်မိခြင်း ဖြစ်သည်။

"ရှောင်ဖုန်း... မင်းလို နာမည်ကြီး တက္ကသိုလ် ဘွဲ့ရတစ်ယောက်က ရွာပြန်ပြီး အောင်သွယ်လုပ်မယ်လို့ အဒေါ် တကယ် ထင်မထားခဲ့ဘူး။ မင်းအဖေ ပြောပြတုန်းက အဒေါ့်ကို နောက်နေတယ် ထင်ခဲ့တာ။ ဘာမှ မကြာသေးဘူး၊ စုံတွဲ ၂ တွဲတောင် အောင်သွယ်ပေးပြီးပြီ၊ အောင်သွယ်ခ သောင်းချီရပြီး ကားတောင် ဝယ်လိုက်နိုင်ပြီဆိုတော့... မင်း တကယ် တော်တယ်" ဟု ကျန်းချွန်းလျန်က ချီးကျူးလိုက်သည်။

ချွေ့ယွမ်နှင့် လျူယန်တို့လည်း ဒီအကြောင်း ကြားတော့ အံ့သြနေကြသည်။

ကျန်းဖုန်း ပြန်မပြောရသေးခင် အစ်ကိုကြီး ကျန်းဖေးက ဝင်ပြောသည်။ "အဒေါ်ရေ... အဒော့်သတင်းက ခေတ်နောက်ကျနေပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရှောင်ဖုန်းက နောက်ထပ် ဖောက်သည် ၃ ယောက် လက်ခံထားပြီးပြီ။ Blind date တွေလည်း စီစဉ်ပေးပြီးလို့ အားလုံးက ကျေနပ်နေကြပြီ။ ပွဲတော်ပြီးတာနဲ့ 'အိမ်လာကြည့်' ဖို့ စီစဉ်ထားတယ်။ အားလုံး အဆင်ပြေရင် ရှောင်ဖုန်း နောက်ထပ် အောင်သွယ်ခ အများကြီး ထပ်ရဦးမှာ။"

ကျန်းချွန်းလျန် အံ့သြတကြီး ရေရွတ်လိုက်သည်။ "ဟယ်... တကယ်ပါလား။ မင်းက တကယ့်ကို အောင်သွယ်လုပ်ဖို့ ပါလာတာပဲ။ မကြာခင် ငါတို့ ကျန်းမိသားစုကနေ နာမည်ကြီး အောင်သွယ်တစ်ယောက် ထွက်ပေါ်လာတော့မယ် ထင်တယ်။"

ဖခင်ဖြစ်သူ၏ လွှမ်းမိုးမှုကြောင့် ချွေ့ယွမ်သည် မိခင်ဘက်မှ ဆွေမျိုးများကို သိပ်အထင်မကြီးပေ။ ခရိုင်မြို့တွင် နိုင်ငံ့ဝန်ထမ်းလုပ်နေသော ဦးလေး (ကျန်းယုံကွေ့) ကိုပင် သိပ်အရေးမလုပ်ပေ။ သို့သော် ကျန်းဖုန်းကိုတော့ အထင်ကြီးသည်။ ကျန်းဖုန်းက နာမည်ကြီး တက္ကသိုလ်ကျောင်းသား ဖြစ်သောကြောင့် ဂုဏ်ရှိသည်ဟု ယူဆသည်။

ယခု ဝမ်းကွဲညီလေး၏ အောင်သွယ်လောကတွင် အောင်မြင်မှုများကို ကြားသိရသောအခါ ချွေ့ယွမ်က စေတနာဖြင့် အကြံပေးသည်။ "ရှောင်ဖုန်း... မင်းမှာ အောင်သွယ်ပါရမီရှိပြီး ဒီလောကမှာ ရပ်တည်ချင်တယ်ဆိုရင် အောင်သွယ်ကုမ္ပဏီ ထောင်လိုက်ပါလား။ တစ်ယောက်တည်း လုပ်တာထက် ပိုကောင်းတယ်။ ကုမ္ပဏီ အခြေကျသွားရင် အနာဂတ်က အကန့်အသတ် မရှိတော့ဘူး။"

ကျန်းဖုန်း စိတ်ထဲတွင် လေးလံနေသော်လည်း ဖြေရှင်းမည့်နည်းလမ်းကို မတွေ့သေးပေ။ မဖြစ်သင့်တာတွေက ဖြစ်ပြီးနေပြီဆိုတော့လည်း လောနေလို့ မထူးတော့။

သူက စိတ်ကို လျှော့လိုက်ပြီး "အစ်ကိုပြောတာ ကျွန်တော် စဉ်းစားထားပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ရွာမှာပဲ အခြေချပြီး ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ချင်သေးတယ်။ ဖောက်သည် အခြေခံ ခိုင်မာပြီး နာမည်ရလာမှ ကုမ္ပဏီထောင်လည်း နောက်မကျပါဘူး" ဟု ပြန်ဖြေလိုက်သည်။

လျူယန်က ထောက်ခံသည်။ "ရှောင်ဖုန်း အတွေးက ကောင်းပါတယ်။ 'တစ်လုပ်တည်းနဲ့ ဝမလာနိုင်ဘူး' ဆိုသလိုပေါ့။ အခြေခံမရှိဘဲ ကုမ္ပဏီထောင်တာက လက်တွေ့မကျဘူး။"

ချွေ့ယွမ်က ရယ်မောပြီး "ကိုယ့်မိန်းမ ပြောတာ မှန်တယ်" ဟု ပြောလိုက်သည်။

လျူယန်က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း မျက်လုံးထဲတွင် ချစ်ရိပ်များ ပြည့်နှက်နေသည်။

ဒါကိုမြင်တော့ ကျန်းဖုန်း စိတ်ပြန်လေးသွားပြန်သည်။