အခန်း (၃၀) ရှင်းလင်းခြင်း
ညစာစားပြီးနောက် အဒေါ်က အိမ်နီးချင်းတွေနဲ့ စကားလက်ဆုံ ကျနေပြီး၊ ဝမ်းကွဲအစ်ကိုကတော့ သူ့ရည်းစားလေးကို ခေါ်ပြီး လမ်းထွက်လျှောက်ရင်း မြို့ကြီးနဲ့ မတူတဲ့ ကျေးလက်ရှုခင်းတွေကို ခံစားနေကြတယ်။
ကျန်းဖုန်းကတော့ ပုခက်ထဲမှာ လှဲလျောင်းရင်း ဝမ်းကွဲအစ်ကိုရဲ့ ရှုပ်ထွေးလှတဲ့ အခြေအနေကို ဘယ်လို ပြီးပြည့်စုံအောင် ဖြေရှင်းရမလဲဆိုတာ ဦးနှောက်ခြောက်မတတ် စဉ်းစားနေရတယ်။ စဉ်းစားလေ ခေါင်းကိုက်လေပါပဲ။ တခြားဟာတွေ ထားလိုက်ဦး၊ ဒီလောက် မယုံနိုင်စရာကောင်းတဲ့ ကိစ္စကို သူဘယ်လိုလုပ် သိတာလဲဆိုတာကိုပဲ ကျိုးကြောင်းဆီလျော်အောင် ရှင်းပြဖို့ မလွယ်ကူပါဘူး။
ကျန်းဖုန်း ဘယ်လောက်ကြာကြာ စဉ်းစားနေမိမှန်း မသိဘူး။ ဝမ်းကွဲအစ်ကိုနဲ့ လျူယန်တို့ လက်ချင်းချိတ်ပြီး ပြန်ရောက်လာကြတယ်။ သူတို့နှစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ပုံစံကို မြင်တော့ အမှန်တရားကို သိထားတဲ့ ကျန်းဖုန်းဟာ ဆက်ပြီး သည်းမခံနိုင်တော့ဘူး။
ပုခက်ထဲက ထလိုက်ပြီး သူတို့နှစ်ယောက်ဆီ လျှောက်သွားကာ "အစ်မယန်... အစ်မက အချဉ်ပေါင်းတွေ ကြိုက်တတ်လား။ ကျွန်တော်တို့မြို့က အချဉ်ပေါင်းတွေက နာမည်ကြီးတယ်" လို့ မေးလိုက်တယ်။
ကွမ်တုန်းနဲ့ ကွမ်ရှီးပြည်နယ်က အမျိုးသမီး ၁၀ ယောက်မှာ အနည်းဆုံး ၈ ယောက်လောက်က အချဉ်ပေါင်း ကြိုက်ကြတယ်။ လျူယန်လည်း အချဉ်ကြိုက်သူ ဖြစ်ပုံရတယ်။ ကြားတာနဲ့ ဝမ်းသာအားရ "အစ်မက အချဉ်ဆို သိပ်ကြိုက်တာ။ ဒီမြို့နယ်လေးမှာ အချဉ်ပေါင်း ရောင်းတဲ့ဆိုင် ရှိမယ်လို့ မထင်ထားဘူး" လို့ ပြောတယ်။
ဝမ်းကွဲအစ်ကို ချွေ့ယွမ်က ရယ်မောပြီး "ရှောင်ယန်... မင်းစားချင်ရင် ကိုယ်သွားဝယ်ပေးမယ်လေ" လို့ ပြောတယ်။
ကျန်းဖုန်းက အမြန် ဝင်ပြောလိုက်တယ်။ "အစ်ကိုကြီးကလည်း... မြို့ထဲမှာ ဘယ်ဆိုင်က အချဉ်ပေါင်း အကောင်းဆုံးလဲဆိုတာ အစ်ကိုကြီးမှ မသိတာ။ ကျွန်တော်ပဲ အစ်မယန်နဲ့အတူ သွားဝယ်ပေးလိုက်ပါ့မယ်။ အစ်ကိုကြီးက တစ်နေကုန် ကားမောင်းလာရတာ ပင်ပန်းနေရောပေါ့" လို့ ပြောလိုက်တယ်။
ချွေ့ယွမ် ခေါင်းညိတ်ပြီး "ဟုတ်သားပဲ။ ဒါဆို ရှောင်ဖုန်းကိုပဲ ဒုက္ခပေးရတော့မယ်" လို့ ပြောတယ်။
ကျန်းဖုန်းက လက်ကာပြပြီး "အစ်ကိုကြီးကလည်း အားနာစရာကြီး။ အစ်မယန်... သွားကြမယ်" လို့ ခေါ်လိုက်တယ်။
လျူယန် ရယ်မောပြီး "သွားကြတာပေါ့။ အချဉ်ပေါင်းဆိုတာနဲ့ သွားရည်တောင် ကျလာပြီ" လို့ ပြောတယ်။
မကြာခင် နှစ်ယောက်သား ကားပေါ်ရောက်သွားကြတယ်။ ကျန်းဖုန်း ကားစက်နှိုးရင်း "အစ်မယန်... အစ်မနဲ့ အစ်ကိုကြီး ဘယ်လိုတွေ့ခဲ့ကြတာလဲ" လို့ မေးလိုက်တယ်။
လျူယန် ပြုံးလိုက်ပြီး "တိုက်ဆိုင်မှုပါပဲ။ အစ်မက ကမ်းခြေမှာ ရေကူးရတာ ကြိုက်တယ်။ လွန်ခဲ့တဲ့ ၂ လလောက်က ကမ်းခြေမှာ ရေကူးရင်း ခြေထောက် ကြွက်တက်သွားတာ။ ကံကောင်းလို့ မင်းအစ်ကိုကြီးက အချိန်မီ ကယ်လိုက်လို့ပေါ့။ မဟုတ်ရင် ဒုက္ခရောက်ပြီ" လို့ ပြောပြတယ်။
ကျန်းဖုန်း ခေါင်းညိတ်ပြီး "အော်... အဲ့လိုလား။ ဒါနဲ့ အစ်ကိုကြီးက အစ်မတို့မိသားစုနဲ့ တွေ့ပြီးပြီလား" လို့ မေးလိုက်တယ်။
လျူယန်က "တွေ့ပြီးပြီပေါ့" လို့ ဖြေတယ်။
ကျန်းဖုန်း ကားကို လမ်းမပေါ် မောင်းတင်လိုက်ပြီး "ဒါဆို အစ်မအမေက အစ်ကိုကြီးနဲ့ တွဲတာကို သဘောတူတယ်ပေါ့" လို့ ထပ်မေးတယ်။
လျူယန်က ကျန်းဖုန်း ဒီလိုမေးတာ နည်းနည်းထူးဆန်းတယ်လို့ ထင်ပေမယ့် "သဘောတူတာပေါ့။ မင်းအစ်ကိုကြီးက ပြည့်စုံတယ်လေ။ အမေက သမီးရွေးချယ်မှုကို လေးစားပါတယ်" လို့ ပြန်ဖြေတယ်။
ကျန်းဖုန်း သက်ပြင်းချလိုက်ပြီး "အစ်မယန်... အစ်မမိဘတွေက အစ်ကိုကြီးရဲ့ မိဘတွေနဲ့တော့ မတွေ့ဖူးကြသေးဘူး မလား" လို့ မေးလိုက်တယ်။
လျူယန် ခဏ တိတ်ဆိတ်သွားပြီး "မောင်လေးရှောင်ဖုန်း... နင် ဘာကို ဆိုလိုချင်တာလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ကားကို လမ်းဘေးက ကွင်းပြင်ကျယ်တစ်ခုမှာ ရပ်လိုက်တယ်။ ပြီးတော့ လျူယန်ဘက် လှည့်ပြီး လေးလေးနက်နက် မျက်နှာထားနဲ့ ပြောလိုက်တယ်။ "အစ်မယန်... အခု ကျွန်တော် ပြောပြမယ့် အကြောင်းအရာက အစ်မကို ဒေါသထွက်စေနိုင်သလို မယုံချင်စရာလည်း ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် မပြောလို့ မဖြစ်ဘူး။ ကျေးဇူးပြုပြီး စိတ်ကို တည်ငြိမ်အောင် ထားပေးပါ" လို့ တောင်းဆိုလိုက်တယ်။
လျူယန် စိတ်ထဲမှာ မကောင်းတဲ့ အရိပ်အယောင် ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်ကာ "မောင်လေးရှောင်ဖုန်း... ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ ပြောစရာရှိတာ ပြောပါ" လို့ ပြောလိုက်တယ်။
ကျန်းဖုန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး "အစ်မယန်... အစ်မ အစ်ကိုကြီးနဲ့ တွဲလို့ မရဘူး" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ လျူယန် မျက်နှာပျက်သွားပြီး "ဘာလို့လဲ။ အဒေါ်ကျန်း (ကျန်းဖုန်း၏အဒေါ်/ချွေ့ယွမ်၏မိခင်) က ငါနဲ့ ကိုကိုယွမ်တွဲတာကို သဘောမတူလို့ နင့်ကို လာပြောခိုင်းတာလား" လို့ တင်းမာစွာ မေးလိုက်တယ်။
ကျန်းဖုန်း ခေါင်းခါပြီး "အဒေါ်နဲ့ ဘာမှ မဆိုင်ပါဘူး။ အကြောင်းရင်း အတိအကျကို ကျွန်တော် ဘယ်လို ရှင်းပြရမလဲ မသိဘူး။ အစ်မ အခုပဲ အစ်မအမေဆီ ဖုန်းဆက်ပြီး မေးကြည့်လိုက်ပါ။ မေးတဲ့အခါ ကျွန်တော့်ဦးလေး ချွေ့ကျစ်ချောင် နာမည်ကို ထည့်ပြောပြီး အစ်ကိုကြီးနဲ့ တွဲလို့ရမလားဆိုတာ မေးကြည့်လိုက်ပါ" လို့ ပြောလိုက်တယ်။
လျူယန် တစ်ခုခုကို ရိပ်မိသွားပုံရတယ်။ အိတ်ထဲက ဖုန်းကို ချက်ချင်းထုတ်လိုက်ပြီး ကျန်းဖုန်းကို တစ်ချက်ကြည့်ကာ ဖုန်းခေါ်လိုက်တယ်။
ကျန်းဖုန်းက အလိုက်တသိနဲ့ ကားပေါ်က ဆင်းပေးပြီး တံခါးပိတ်ပေးလိုက်တယ်။
ကမ္ဘာကြီးက ကျယ်ဝန်းသလို နေ့စဉ်နဲ့အမျှ မယုံနိုင်စရာ ကိစ္စတွေ ဖြစ်ပျက်နေတတ်တယ်။ ဝမ်းကွဲအစ်ကိုနဲ့ လျူယန်တို့ ကြုံရတဲ့ ဒရာမာဆန်တဲ့ ဇာတ်လမ်းမျိုးက လက်တွေ့မှာ ရှားပါးပေမယ့် ရံဖန်ရံခါ သတင်းတွေမှာ တွေ့ရတတ်ပါတယ်။ အခြေခံအားဖြင့်တော့ အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် နောက်ခံအကြောင်း မသိကြလို့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတာပါပဲ။
လျူယန် ဖုန်းပြောတာ မိနစ် ၂၀ ကျော် ကြာတယ်။ ဖုန်းချမှ ကျန်းဖုန်း ကားတံခါးဖွင့်ပြီး ဝင်လိုက်တယ်။
လျူယန် ငိုထားလို့ မျက်လုံးတွေ နီရဲနေတာကို မြင်တော့ ကျန်းဖုန်း သက်ပြင်းချပြီး "အစ်မယန်... ဒါတွေအားလုံးက လူကြီးတွေရဲ့ အမှားပါ။ အစ်မနဲ့ အစ်ကိုကြီးက ကြားထဲကနေ ကံဆိုးပြီး မြေစာပင် ဖြစ်သွားရတာပါ" လို့ နှစ်သိမ့်လိုက်တယ်။
လျူယန် ရင်ထဲမှာ ဗလောင်ဆူနေပြီး ကျန်းဖုန်းကို ကြည့်ကာ "ငါ သိချင်တာ တစ်ခုပဲ ရှိတယ်။ နင် ဒါကို ဘယ်လို သိတာလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ကားစက်နှိုးရင်း "ကျွန်တော်က မျက်နှာကြည့်ပြီး ဟောနိုင်တယ်၊ အစ်မနဲ့ အစ်ကိုကြီးရဲ့ မျက်နှာကို ကြည့်ပြီး သိတာပါလို့ ပြောရင် အစ်မ ယုံမလား" လို့ ပြန်မေးလိုက်တယ်။
လျူယန် ခဏတိတ်သွားပြီး "ဒါကြောင့်ကိုး... နင်က တစ်လကျော်လေးအတွင်းမှာ အောင်သွယ်လောကမှာ ဒီလောက် အောင်မြင်နေတာ။ နင့်မှာ တကယ်ပဲ မျက်နှာဖတ်နိုင်တဲ့ အစွမ်းရှိတယ်ဆိုရင်တော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ" လို့ ပြောတယ်။
ကျန်းဖုန်း ကားမောင်းရင်း "အစ်မယန်... ရှေ့ဆက် ဘာလုပ်ဖို့ စိတ်ကူးရှိလဲ" လို့ မေးလိုက်တယ်။
"ဘာလုပ်ရမှာလဲ။ နင် ငါ့ကို ခရိုင်မြို့ အရောက် လိုက်ပို့ပေးပါလား။ ငါ့ဘာသာ ဘတ်စ်ကားစီးပြီး ပြန်လိုက်ပါ့မယ်" လို့ လျူယန်က ပြောတယ်။
"အစ်မယန်... ထွက်ပြေးတာက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ အစ်ကိုကြီးကို ဘယ်လို ပြောပြမလဲ။"
လျူယန်က ခါးသီးတဲ့ မျက်နှာထားနဲ့ "သူလည်း သိခွင့်ရှိတာပဲ" လို့ ပြောတယ်။
ကျန်းဖုန်း ခေါင်းခါလိုက်ပြီး "အစ်မယန်... အစ်ကိုကြီးကို အခုချက်ချင်း အမှန်အတိုင်း ပြောပြလိုက်တာကို ကျွန်တော် သဘောမတူဘူး။ မဟုတ်ရင် အစ်မကို သီးသန့်ခေါ်ပြီး ပြောနေမှာ မဟုတ်ဘူး။ ပြောချင်ရင်တောင် ပြန်ရောက်မှ ပြောပါ။ ပြီးတော့ အဒေါ့်ကို မသိစေတာ အကောင်းဆုံးပဲ၊ သူ့ကို စိတ်မထိခိုက်စေချင်ဘူး" လို့ ပြောလိုက်တယ်။
လျူယန် သက်ပြင်းချပြီး "အမှန်အတိုင်း မပြောဘဲနဲ့ ငါက သူ့ကို အရင်လို ဆက်ဆံနိုင်မယ် ထင်လား" လို့ မေးတယ်။
ဒါက လက်တွေ့မကျမှန်း ကျန်းဖုန်း သိပါတယ်။ ခဏစဉ်းစားပြီးတော့ "ဒါဆို အစ်မယန်... ဒီလိုလုပ်ပါလား။ နေမကောင်းဘူးဆိုပြီး အကြောင်းပြချက်ပေးကာ ဒီည အစ်ကိုကြီးကို ရှောင်နေလိုက်။ မနက်ဖြန် ပွဲတော်ပြီးတဲ့အထိ စောင့်လိုက်။ ပြီးရင် အိမ်မှာ ကိစ္စရှိလို့ဆိုပြီး အစ်ကိုကြီးကို ပြန်လိုက်ပို့ခိုင်းလိုက်။ လမ်းခရီးမှာ ဘာမှ မပြောနဲ့ဦး။ စိတ်မကြည်ရင် ကားမောင်းတာ အန္တရာယ်ရှိတယ်။ ရှင်းကျန်း ပြန်ရောက်မှ အမှန်အတိုင်း ဖွင့်ပြောလိုက်။ ဘယ်လိုလဲ" လို့ အကြံပေးလိုက်တယ်။
လျူယန် စဉ်းစားပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ "ကောင်းပြီလေ၊ အဲ့ဒီအတိုင်း လုပ်တာပေါ့" လို့ သဘောတူလိုက်တယ်။
အဲ့ဒီအချိန်မှာ သူမဖုန်း မြည်လာတယ်။ Screen ကို ကြည့်လိုက်တော့ ချွေ့ယွမ် ဆက်တာ ဖြစ်နေတယ်။ သူမ စိတ်ကို တည်ငြိမ်အောင် ထားပြီး ဖုန်းကိုင်ကာ စကားနည်းနည်းပြောပြီး ဖုန်းချလိုက်တယ်။
ထိုအချိန်မှာပဲ ကားက မြို့ထဲ ရောက်လာတယ်။ ကျန်းဖုန်းက အချဉ်ပေါင်းသည်ရှေ့မှာ ကားရပ်ပြီး ယွမ် ၁၀၀ ဖိုးလောက် ဝယ်ကာ အိမ်ပြန်ခဲ့ကြတယ်။
အပြန်လမ်းမှာ ကျန်းဖုန်းက လေးလေးနက်နက် ကတိပေးလိုက်တယ်။ "အစ်မယန်... ကျွန်တော်က ပရော်ဖက်ရှင်နယ် အောင်သွယ်တော်ဆိုတာ အစ်မ သိတယ်နော်။ ကျွန်တော့်ရဲ့ 'ဗေဒင်' စွမ်းရည်ကလည်း မဆိုးပါဘူး။ ရှင်းကျန်း ပြန်ရောက်လို့ အစ်ကိုကြီးနဲ့ ပွင့်ပွင့်လင်းလင်း ပြောပြီးသွားတဲ့အခါ၊ တကယ်လို့ အစ်မ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် စိတ်တိုင်းကျစေမယ့်သူတစ်ယောက် ကျွန်တော် မိတ်ဆက်ပေးပါ့မယ်။ အာမခံပါတယ်။"
လျူယန်က အံ့သြတကြီး ပြောလိုက်တယ်။ "မောင်လေးရှောင်ဖုန်း... နင်က တကယ့်ကို အောင်သွယ်ဖြစ်ဖို့ မွေးလာတာပဲ။ နှစ်နည်းနည်းအတွင်းမှာ နင်က နာမည်ကြီး အောင်သွယ်တစ်ယောက် ဖြစ်လာမယ်လို့ ငါ ယုံကြည်တယ်" လို့ ပြောတယ်။
"အစ်မယန်ကလည်း မြှောက်လွန်းပါပြီ။ ကျွန်တော့် ဖုန်းနံပါတ် မှတ်ထားလိုက်ပါ။ တကယ် အိမ်ထောင်ပြုချင်တဲ့အချိန်ကျရင် ဆက်သွယ်လိုက်ပါ။"
"အေးပါ၊ ငါ တကယ် အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ နင့်ကို သေချာပေါက် ဆက်သွယ်လိုက်ပါ့မယ်။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: