အခန်း (၃၁) ပြန်လည်ထွက်ခွာခြင်း
ည ၈ နာရီခန့်တွင် ဦးလေးတို့မိသားစုသည် အဖွားကိုခေါ်ဆောင်လျက် ရွာသို့ ပြန်ရောက်လာကြသည်။
ကျန်းမောင်နှမ ၃ ယောက်တွင် ကျန်းဖခင်သာ သားသမီး ၃ ယောက်ရှိပြီး၊ အဒေါ်နှင့် ဦးလေးတို့တွင် သားတစ်ယောက်စီသာ ရှိကြသည်။ ဦးလေး၏သား၊ ကျန်းဖုန်း၏ ဝမ်းကွဲညီလေး ကျန်းယုသည် ကျန်းဖုန်းထက် ၃ နှစ်ငယ်ပြီး တက္ကသိုလ် ပထမနှစ် ပြီးထားသူ ဖြစ်သည်။
ကျန်းယုသည် သူ့မိဘများထံမှ အစ်ကိုဝမ်းကွဲ ကျန်းဖုန်း၏ အောင်သွယ်လောကတွင် အောင်မြင်မှုများကို ကြားထားပုံရသည်။ ရောက်ရောက်ချင်း ကျန်းဖုန်းနားကပ်ပြီး တရစပ် မေးခွန်းထုတ်နေတော့သည်။ မသိရင် ကျောင်းထွက်ပြီး အောင်သွယ်လုပ်တော့မည့်အတိုင်းပင်။
လူကြီးများကတော့ ဝိုင်းဖွဲ့ထိုင်ပြီး စကားပြောနေကြသည်။ အဓိက အကြောင်းအရာကတော့ ကျန်းဖုန်းနှင့် ဆွေ့ယွမ်တို့အကြောင်းပင်။
ကျန်းဖုန်းကတော့ ပြောနေစရာ မလိုတော့။ ဘွဲ့ရပြီး တစ်လမပြည့်ခင်မှာ ငွေသားသောင်းချီ၊ လက်ဆောင်ပစ္စည်းသောင်းချီတန်အောင် ရှာနိုင်ခဲ့သည်။ အောင်သွယ်လုပ်ပြီး ရှာခဲ့တာလေ။ ဘယ်ဆွေမျိုးက စိတ်မဝင်စားဘဲ နေမလဲ။
ဆွေ့ယွမ်ကလည်း ရည်းစားပါ ခေါ်လာတာဆိုတော့ ပြောစရာခေါင်းစဉ်တစ်ခု ဖြစ်လာပြီး အာရုံစိုက်ခံရသူ ဖြစ်လာသည်။
လျူယန်ကတော့ ကျန်းဖုန်းနှင့် အချဉ်သွားဝယ်ပြီး ပြန်လာကတည်းက ကျန်းဖုန်းအကြံပေးထားသည့်အတိုင်း နေမကောင်းချင်ယောင်ဆောင်ပြီး အခန်းထဲ ဝင်နားနေလိုက်သည်။ အတိုချုပ်ပြောရရင် ဆွေ့ယွမ်နှင့် ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ရှားနေပြီး နောက်တစ်နေ့ ရှင်းကျန်း ပြန်ရောက်မှ ရှင်းမယ်ဆိုတဲ့ သဘောထားမျိုးပင်။
ထိုညတွင် နှစ်ပေါင်းများစွာ မဆုံဖြစ်ကြသော မောင်နှမ ၃ ယောက်သည် ၇ လပိုင်း ၁၄ ရက် ပွဲတော်တွင် မကြုံစဖူး ဆုံတွေ့ကြသဖြင့် မနက် ၁ နာရီလောက်အထိ စကားထိုင်ပြောပြီးမှ အိပ်ရာဝင်ကြသည်။
...
နောက်တစ်နေ့။
၇ လပိုင်း ၁၄ ရက်နေ့သည် ဒဏ္ဍာရီလာ သရဲပွဲတော်နေ့ဖြစ်သည်။ လုံဆန်းရွာရှိ အိမ်တိုင်းလိုလို ဘိုးဘေးကန်တော့ရန် ဘဲသတ်ကြသည်။
သရဲပွဲတော်မှာ ဘာလို့ ဘဲသားစားကြသလဲဆိုတာ စိတ်ဝင်စားစရာ ရှင်းပြချက်တစ်ခု ရှိပါတယ်။ ၇ လပိုင်း ၁၄ ရက်နေ့မှာ ဘိုးဘေးတွေက ဆွေမျိုးတွေဆီ ပြန်လာချင်ကြပေမယ့် "နိုင်းဟယ်တံတား" ရောက်တဲ့အခါ လှေမရှိလို့ မြစ်ကို မကူးနိုင်ကြဘူးတဲ့။ ဒါကြောင့် လူ့ပြည်ကလူတွေက ဘိုးဘေးတွေ စီးပြီးပြန်လာနိုင်အောင် ဘဲတွေကို လွှတ်ပေးကြတယ်ဆိုတဲ့ အယူအဆရှိပါတယ်။
ဒါတွေကတော့ ဒဏ္ဍာရီတွေပါပဲ။ တကယ့်အဖြစ်မှန်နဲ့ အနီးစပ်ဆုံးကတော့ ဒီအချိန်မှာ ဘဲတွေက အသားတက်ပြီး အစားကောင်းဆုံးအချိန် ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ဘဲသတ်ပြီး ပွဲတော်ကျင်းပတဲ့ ဓလေ့က မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့တာပါ။
ချင်းဟယ်မြို့နယ်တွင် နေ့လယ်အချိန်၌ ပွဲတော်ကျင်းပလေ့ရှိသည်။ ဘိုးဘေးများကို ဘဲသားဖြင့် ကန်တော့ပြီးနောက် နေ့လယ်စာ စားကြသည်။
ကျန်းဖုန်းတို့အိမ်တွင် ၁၀ ပေါင်ကျော် အလေးချိန်ရှိသော ဘဲကြီး ၂ ကောင်ကို သတ်သည်။ ယခင်နှစ်များက ဦးလေးတို့မိသားစု ပြန်လာလျှင်တောင် ၁ ကောင်သတ်လျှင် လုံလောက်သည်။ ဒါပေမဲ့ ဒီနှစ်က အဒေါ်တို့ပါ ရောက်နေတော့ ကျန်းမေက ရက်ရက်ရောရော ၂ ကောင် သတ်လိုက်သည်။ ဒါတွေက ကျန်းမေ ကိုယ်တိုင်မွေးထားတဲ့ လွှတ်ကျောင်းဘဲတွေမို့ ဈေးထဲက မွေးမြူရေးဘဲတွေနဲ့ ယှဉ်လို့မရအောင် အရသာရှိလှသည်။
လုံဆန်းရွာတွင် ဘဲသားချက်ပြုတ်နည်း ၄ မျိုး ရှိသည်။
၁။ ဘဲပေါင်း
၂။ ဘဲသားဆန်ပြုတ်
၃။ ဂျင်းမွှတုံး ဘဲသားကြော်
၄။ အားရှိစေပြီး အပူငြိမ်းစေသော ဘဲသားဟင်းရည်
ကျန်းမိသားစုသည် ဒီနေ့ ဘဲသားဆန်ပြုတ်မှလွဲ၍ ကျန် ၃ မျိုးလုံးကို ချက်ပြုတ်ထားသည်။
အရသာကတော့ ကိုယ်တိုင်စားကြည့်မှ သိနိုင်မည့် အရသာမျိုးဖြစ်သည်။ သူဌေးသား ဆွေ့ယွမ်ပင်လျှင် ချီးကျူးမဆုံး ဖြစ်နေသည်။ လတ်ဆတ်သော အသား၏ သဘာဝအရသာကို ဟိုတယ်စားဖိုမှူးကြီးတွေတောင် အမွှေးအကြိုင်တွေနဲ့ လိုက်တုလို့ မရနိုင်ပေ။
နေ့လယ်စာနှင့်အတူ တွဲသောက်သည်မှာ ကျန်ရှိနေသေးသော ယွမ် ၃ ထောင်ကျော်တန် မောင်ထိုင်အရက်ပုလင်း ဖြစ်သည်။ ဦးလေးတို့က အနီးနားမှာနေတော့ မကြာခဏ တွေ့ရပေမယ့် အဒေါ်က အဝေးကြီးမှာ အိမ်ထောင်ကျနေတာမို့ လာခဲသည်။ ပြီးတော့ ပွဲတော်ရက်လည်း ဖြစ်နေတော့ ကျန်းဖုန်းက အကောင်းဆုံး အရက်ကို ထုတ်ပြီး ဧည့်ခံလိုက်ခြင်း ဖြစ်သည်။
နေ့လယ်စာ စားပြီးနောက် လျူယန်က "အဖွား၊ ဦးလေးကြီး၊ အဒေါ်ကြီး၊ ဦးလေးငယ်၊ အဒေါ်ငယ်နဲ့ မောင်လေးတို့ရေ... ကျွန်မ အိမ်မှာ အရေးကြီးကိစ္စလေး ပေါ်လာလို့ အခုပဲ ပြန်ပါရစေ။ နွေးထွေးစွာ ဧည့်ခံပေးတာ ကျေးဇူးတင်ပါတယ်။ ရှင်းကျန်း ရောက်ရင် ဖုန်းဆက်နော်၊ ကျွန်မ ဧည့်ခံကျွေးမွေးပါ့မယ်" ဟု နှုတ်ဆက်စကား ပြောသည်။
"ရှောင်ယန်.. ဘာလို့ ရုတ်တရက်ကြီး ပြန်မှာလဲ။ တောရွာမှာ နေရတာ အဆင်မပြေလို့လား။"
"ဟုတ်တယ် ရှောင်ယန်ရေ... ရောက်တုန်းရောက်ခိုက် ရက်နည်းနည်းလောက် ဆက်နေပါဦးလား။"
"အရေးမကြီးရင် နောက်ရက်နည်းနည်းနေမှ ပြန်သွားပြီး ဖြေရှင်းလိုက်ပါလား။"
လျူယန် ပြန်တော့မည်ဆိုသဖြင့် ကျန်းမိဘများ၊ ဦးလေး၊ အဒေါ် အားလုံးက ဝိုင်းဝန်းတားကြသည်။
ကျန်းချွန်းလျန်လည်း အံ့သြသွားသည်။ မလာခင်တုန်းက ရက်နည်းနည်းနေပြီးမှ ပြန်မယ်လို့ တိုင်ပင်ထားပြီး အခု ရုတ်တရက် ပြန်မယ်ဆိုတော့ သူမ ဘာမှ မပြင်ဆင်ရသေး။
လျူယန်က ဆွေ့ယွမ်ကို ကြိုပြောထားပြီးသားမို့၊ ကမကထလုပ်သူ ကျန်းဖုန်းကလွဲရင် ဆွေ့ယွမ် တစ်ယောက်တည်းသာ ကြိုသိထားသည်။
လူကြီးတွေ ဝိုင်းတားနေတာကို မြင်တော့ ဆွေ့ယွမ်က ဝင်ပြောပေးသည်။ "ဦးလေးတို့ အဒေါ်တို့ရေ... ရှောင်ယန်က တကယ် အိမ်ကိစ္စ အရေးကြီးနေလို့ပါ။ ကျွန်တော်တို့ အရင်ပြန်မှ ဖြစ်မယ်။"
ကျန်းချွန်းလျန်က ပြန်လာခဲတဲ့ မိဘအိမ်မှာ ရက်နည်းနည်းလောက် ပိုနေချင်သေးသည်။ အခု ရုတ်တရက် ပြန်ရမယ်ဆိုတော့ စိတ်မကောင်းဖြစ်မိသည်။ ဘယ်တော့မှ ထပ်လာနိုင်မလဲ မသိဘူးလေ။
ဒါကိုမြင်တော့ ကျန်းဖုန်း ဝင်ပြောလိုက်သည်။ "အစ်မယန်က အိမ်ကိစ္စရှိတယ်ဆိုတော့ အစ်ကိုကြီးက သူ့ကို အရင်လိုက်ပို့ပေးလိုက်လေ။ အဒေါ်က ရောက်ခဲလို့ ရက်နည်းနည်း ပိုနေခဲ့ပါလား။ ပြန်ချင်တဲ့အခါ ပြော၊ ကျွန်တော် လိုက်ပို့ပေးမယ်။"
ကျန်းချွန်းလျန် စိတ်ဝင်စားသွားပေမယ့် ခေါင်းခါပြီး "ထားလိုက်ပါ ရှောင်ဖုန်းရယ်... ဒုက္ခများပါတယ်။ အဒေါ်လည်း မင်းအစ်ကိုကြီးတို့နဲ့ပဲ လိုက်ပြန်လိုက်ပါ့မယ်" ဟု ငြင်းလိုက်သည်။
ကျန်းဖုန်း ရယ်မောပြီး "ဘာဒုက္ခများစရာ ရှိလို့လဲ။ ကျွန်တော်ကလည်း ရှင်းကျန်းဘက် သွားလည်ချင်နေတာနဲ့ အတော်ပဲ" ဟု ပြောလိုက်သည်။
ကျန်းယုံကွေ့က "အစ်မကြီး... မပြန်ဖြစ်တာ နှစ်နဲ့ချီနေပြီ။ ရှောင်ဖုန်းက ပြောနေမှတော့ ရက်နည်းနည်းလောက် ပိုနေခဲ့ပါလား" ဟု ဝင်ပြောသည်။
ဆွေ့ယွမ်ကလည်း မိခင်ဖြစ်သူ၏ ဆန္ဒကို သိသဖြင့် "အမေ... ရက်နည်းနည်းလောက် ပိုနေခဲ့လိုက်လေ။ ကျွန်တော်ပဲ ရှောင်ယန်ကို လိုက်ပို့ပေးလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆို ရှောင်ယွမ်၊ မင်းတို့နှစ်ယောက် အရင်ပြန်ကြ။ အမေ နောက်ရက်နည်းနည်းနေမှ ပြန်လာခဲ့မယ်။" ကျန်းချွန်းလျန်က သားဖြစ်သူ ကားမောင်းတာ ဂရုစိုက်ဖို့၊ ပင်ပန်းရင် နားဖို့ မှာကြားလိုက်သည်။
အဖွားအပါအဝင် လူကြီးများက လျူယန်ကို အနီရောင်စာအိတ် (မုန့်ဖိုး) များ စတင် ပေးကမ်းကြသည်။ ဒါက ချင်းဟယ်မြို့နယ် ဓလေ့ထုံးစံဖြစ်သည်။ လူငယ်တစ်ယောက်က ရည်းစားကို အိမ်စခေါ်လာလျှင် ပြန်ခါနီး၌ လူကြီးများက မုန့်ဖိုးပေးလေ့ရှိသည်။
လျူယန်က အားနာပြီး ငြင်းသော်လည်း လူကြီးများက အတင်းပေးသဖြင့် လက်ခံလိုက်ရသည်။
၁၀ မိနစ်အကြာတွင် ကားစက်နှိုးပြီး ထွက်ခွာသွားကြသည်။
ကားထွက်သွားသည်ကို ကြည့်ပြီး ကျန်းဖုန်း စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ လိုက်ဖက်မှု ဒေတာအရ လျူယန်သည် တကယ် မိန်းမကောင်းလေး ဖြစ်သည်။ သွေးသားတော်စပ်မှုသာ မရှိခဲ့လျှင် သူတို့နှစ်ဦး၏ လိုက်ဖက်မှုရမှတ်သည် ၇၅ မှတ် အနည်းဆုံး ရှိနိုင်သည်။
ကံမကောင်းစွာဖြင့် "ကယ်၍များ" ဆိုတာ မရှိပေ။ ဖြစ်နိုင်ချေ အလွန်နည်းပါးသော ကိစ္စရပ်တစ်ခုကို ကြုံတွေ့ခဲ့ရခြင်းက သူမအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်စေခဲ့သည်။
နောက်ရက်နည်းနည်းနေလို့ အဒေါ့်ကို ရှင်းကျန်း ပြန်ပို့ပေးပြီးရင် ဒီကံဆိုးမိုးမှောင်ကျတဲ့ အချစ်ရေးကနေ အမြန်ဆုံး ရုန်းထွက်နိုင်အောင် သူမအတွက် တန်ဖိုးမြင့် အိမ်ထောင်ဖက်တစ်ယောက်လောက် ရှာပေးရမယ်။ ဒါက သူမအတွက်ရော ဝမ်းကွဲအစ်ကိုအတွက်ပါ ကောင်းမွန်တဲ့ ကိစ္စပဲ။
ဝမ်းကွဲအစ်ကို ဆွေ့ယွမ်အတွက်ကတော့... အမှန်တရားကို သိလိုက်ရရင် သူ ပြိုလဲသွားမလားဆိုတာ တွေးပူမိသား။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: