နေ့လယ်စာ စားပြီးနောက် အဒေါ်နှင့် ဦးလေးတို့သည် နောက်တစ်နေ့ အလုပ်တက်ရမည်ဖြစ်၍ ခရိုင်မြို့သို့ ပြန်သွားကြသည်။

သို့သော် အဖွားနှင့် ဝမ်းကွဲညီလေး ကျန်းယုတို့က ပြန်မလိုက်ကြပါ။ အဖွားက ခရိုင်မြို့တွင် နေတာများသော်လည်း သမီး (အဒေါ်ကြီး) ပြန်ရောက်နေချိန်မို့ ခရိုင်မြို့သို့ ပြန်ရန် မလောသေးပေ။

ကျန်းယုကတော့ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်နေသလို၊ အစ်ကိုကြီး ကျန်းဖုန်း အောင်သွယ်လုပ်တာကို စိတ်ဝင်စားနေသောကြောင့် အတွေ့အကြုံရအောင် ရက်နည်းနည်းလောက် လိုက်လေ့လာချင်နေသည်။ ကံမကောင်းစွာဖြင့် သူမျှော်လင့်ထားသလောက် ကျန်းဖုန်းက သူ့ကို ခေါ်သွားမည် မဟုတ်ပေ။

ပွဲတော်ရက် ပြီးဆုံးပြီးနောက် ကျန်းဖုန်းသည် ဖောက်သည် ၃ ယောက်အတွက် "အိမ်လာကြည့်" သည့် အစီအစဉ်များကို တစ်ယောက်ပြီးတစ်ယောက် စီစဉ်ပေးရတော့မည်။ ဒါက အောင်သွယ်ခြင်း အဆင့် ၃ ဆင့်ထဲက အလွန်အရေးကြီးသော ဒုတိယအဆင့် ဖြစ်သည်။ ဒီအဆင့် ချောမွေ့သွားလျှင် မင်္ဂလာပွဲ ဖြစ်မြောက်ရန် သေချာသလောက် ရှိပြီဖြစ်သည်။

ပထမဆုံး "အိမ်လာကြည့်" မည့်သူမှာ လီရှင်းဝမ်၏ ဝမ်းကွဲ (ဦးလေးဝမ်၏ သား) ဝမ်ဖုန်းဖြစ်သည်။ သူနှင့် တွဲဖက်ထားပေးသူမှာ ချန်မန်အမည်ရှိ မိန်းကလေးဖြစ်ပြီး သူမသည်လည်း တာဖီမြို့နယ်မှပင် ဖြစ်သည်။ တစ်ရွာတည်းသားတော့ မဟုတ်ပေ။ ချန်မန်သည် ဒီနှစ် ၂၇ နှစ်ရှိပြီဖြစ်ပြီး ဝမ်ဖုန်းထက် တစ်နှစ်ငယ်သည်။ သူတို့နှစ်ဦး၏ လိုက်ဖက်မှု ရမှတ်မှာ ၈၄ ဖြစ်သည်။

မနက် ၉ နာရီခွဲတွင် ကျန်းဖုန်းသည် တာဖီမြို့နယ်၊ ရှန်ထျန်ရွာရှိ ချန်မန်၏ အိမ်သို့ ကားမောင်း ရောက်ရှိလာသည်။

ဒီအချိန်တွင် ချန်မန်တို့ဘက်မှ သတို့သားအိမ်သို့ လိုက်ပါကြည့်ရှုမည့် ဆွေမျိုးများ စုံလင်နေပြီ ဖြစ်သည်။ အများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး အဒေါ်၊ အရီး၊ ဝမ်းကွဲအစ်မ စသူတို့ ပါဝင်သည်။ အမျိုးသားဆိုလို့ ဖခင်ဖြစ်သူနှင့် ဝမ်းကွဲအစ်ကို တစ်ယောက်သာ ပါသည်။

ဖုန်းဖြင့် ကြိုတင်ချိန်းဆိုထားပြီးဖြစ်၍ ကျန်းဖုန်း ရောက်သည်နှင့် နှုတ်ဆက်စကား အနည်းငယ်ပြောကာ ဝမ်ဖုန်းအိမ်သို့ ထွက်ခွာကြသည်။

ချန်မန်တို့အိမ်တွင် ကားမရှိသဖြင့် မိဘနှစ်ပါးနှင့် ချန်မန်ကို ကျန်းဖုန်းက သူ့ကားဖြင့် ခေါ်ဆောင်သွားပြီး ကျန်ဆွေမျိုးများက ဝမ်းကွဲအစ်ကို၏ ကားဖြင့် လိုက်ပါလာကြသည်။

"အစ်မမန်... လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း အတူရှိခဲ့ကြတာဆိုတော့ အစ်ကိုဝမ်ဖုန်းကို ဘယ်လိုမြင်လဲ" ဟု ကားမောင်းရင်း ကျန်းဖုန်း မေးလိုက်သည်။

ချန်မန်က ရှက်ပြုံးလေး ပြုံးပြီး "သူက တော်တော်ကောင်းပါတယ်။ အရမ်း ရိုးသားတဲ့သူပါ" ဟု ဖြေသည်။

ကျန်းဖုန်း ရယ်မောလိုက်ပြီး "အစ်ကိုဝမ်ဖုန်းက စကားနည်းပေမယ့် အလုပ်ကြိုးစားပြီး တည်ငြိမ်တဲ့သူပါ။ ဒီလိုယောကျ်ားမျိုးနဲ့ လက်ထပ်ရတာ ဘယ်လောက် အကျိုးရှိလဲဆိုတာ ဦးလေးချန်နဲ့ ဒေါ်လေးချန်တို့က ကျွန်တော်တို့ထက် ပိုသိမှာပါ" ဟု ပြောလိုက်သည်။

မိခင်ဖြစ်သူ ဒေါ်လေးချန်က "ဆရာကျန်း အမြင်က ရှင်းလင်းသားပဲ။ တို့ ရှန်ထျန်ရွာကိုပဲ ကြည့်လေ... အိမ်ထောင်ကျပြီး စိတ်ချမ်းသာရတဲ့ မိန်းမတွေက အလုပ်ကြိုးစားပြီး စိတ်ချရတဲ့ ယောကျ်ားမျိုး ယူထားတဲ့သူတွေချည်းပဲ" ဟု ဝင်ပြောသည်။

ဖခင်ဖြစ်သူ ဦးလေးချန်ကလည်း "စိတ်ချရတဲ့ ယောကျ်ားက ကောင်းတယ်ကွ၊ အားကိုးရတယ်" ဟု ထောက်ခံသည်။

"အစ်မမန် ကြားတယ်မလား။ ဒါတွေက မိဘတွေရဲ့ အတွေ့အကြုံက ပြောတဲ့ စကားတွေပဲ။"

ကျန်းဖုန်းက ဘေးခုံမှ ချန်မန်ကို ကြည့်ပြီး ပြုံးလျက် ဆက်ပြောသည်။ "မြို့နယ်တိုင်း၊ ရွာတိုင်းမှာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့ ယောကျ်ားတွေ မရှားပါဘူး။ ဒါပေမဲ့ အစ်ကိုဝမ်ဖုန်းလို မိသားစုနောက်ခံ ကောင်းပြီး ပိုက်ဆံရှာတတ်တဲ့ ရိုးသားသူမျိုးကတော့ တကယ် ရှားပါတယ်ဗျာ။"

ချန်မန် ခေါင်းညိတ်ပြီး "ဆရာကျန်း ပြောတာ သဘောပေါက်ပါတယ်။ ကျွန်မလည်း သေချာ စဉ်းစားပြီးပါပြီ။ မဟုတ်ရင် ဒီနေ့ အိမ်လိုက်ကြည့်ဖို့ သဘောတူမှာ မဟုတ်ပါဘူး" ဟု ပြောသည်။

ကျန်းဖုန်းက "သေချာစဉ်းစားထားတာ ကောင်းပါတယ်။ အစ်ကိုဝမ်ဖုန်းက ဒီမှာ အလုပ်လုပ်တာ မဟုတ်ဘူးလေ။ ပြည်နယ်မြို့တော်မှာ ကိုယ်ပိုင်ဆိုင် ဖွင့်ထားတာ။ ဒီကို ပြန်လာတိုင်း ဆိုင်ပိတ်ထားရတော့ စီးပွားရေး ထိခိုက်တာပေါ့။ နှစ်ယောက်လုံး သဘောကျတယ်ဆိုရင် အမြန်ဆုံး လက်မှတ်ထိုးလိုက်ပြီး မြို့တက်ကာ လင်မယားနှစ်ယောက် ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာကြတာက အားလုံးအတွက် ပိုကောင်းတယ်" ဟု အကြံပေးလိုက်သည်။

ချန်မိသားစု ၃ ယောက်လုံး ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောတူကြသည်။ ဒါကိုမြင်တော့ အခြေအနေကောင်းပြီမှန်း ကျန်းဖုန်း သိလိုက်ပြီး တင်တောင်းငွေနှင့် မင်္ဂလာလက်ဖွဲ့ အကြောင်း စတင် ဆွေးနွေးလိုက်သည်။

မိနစ် ၂၀ မပြည့်မီမှာပင် ဝမ်မိသားစုအိမ်သို့ ရောက်ရှိသွားကြသည်။

ကျန်းဖုန်းအတွက် "အိမ်လာကြည့်" ခြင်း အစီအစဉ်က ပထမဆုံးအကြိမ် မဟုတ်တော့သဖြင့် ကျွမ်းကျင်နေပြီ ဖြစ်သည်။ နှစ်ဖက်မိသားစုကို မိတ်ဆက်ပေး၊ ဧည့်ခံခိုင်းပြီးတာနဲ့ သူ့တာဝန် ပြီးဆုံးသလောက် ရှိနေပြီ။

ကျန်းဖုန်း အောင်သွယ်လောကတွင် အောင်မြင်နေရခြင်း အဓိက အကြောင်းရင်းမှာ "လိုက်ဖက်မှု ရမှတ်" ကို မြင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။ သူ တွဲပေးလိုက်သော စုံတွဲတိုင်းသည် ရမှတ် ၈၀ နှင့်အထက် ရှိသူများ ဖြစ်ကြသည်။ ဒီအချက်ကတင် သူ့အတွက် အလုပ်အများကြီး သက်သာစေသည်။

အခြား အောင်သွယ်များမှာ ဒီအစွမ်းမရှိသဖြင့် Blind date စီစဉ်ပြီးနောက် နှစ်ဖက်ကြားတွင် လွန်းပြန်ထိုးကာ အဆင်ပြေအောင် ညှိနှိုင်းပေးရသည်။ သို့သော်လည်း အောင်မြင်မှုနှုန်းက သိပ်မမြင့်မားလှပေ။

ဒီနေ့ ဝမ်ဖုန်းအတွက် "အိမ်လာကြည့်" ခြင်းက ဟန်ပြသက်သက်သာ ဖြစ်သည်။ မိန်းကလေးဘက်က ယောကျ်ားလေးဘက် မိသားစုအခြေအနေကို Blind date မတိုင်ခင်ကတည်းက အကုန်သိပြီးသား ဖြစ်သည်။ တစ်မြို့နယ်တည်းသားတွေလေ။ ဝမ်ကျင်းချန်က မြို့ထဲမှာ ခေါက်ဆွဲဆိုင်ဖွင့်လာတာ ၁၀ နှစ်ကျော်ပြီ။ နာမည်အရမ်းကြီးတာ မဟုတ်ပေမယ့် ရွာတိုင်းက လူတော်တော်များများက သူ့ကို သိကြသည်။ ချန်မန်နှင့် မိဘများပင် သူ့ဆိုင်မှာ စားဖူးကြသည်။

နှစ်ဦးသဘောတူပြီးနောက် မင်္ဂလာကိစ္စ ဆောင်ရွက်ပုံ အဆင့်ဆင့်က လျင်မြန်သွားသည်။ ထိုနေ့တွင်ပင် ကျန်းဖုန်း၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တင်တောင်းငွေကို ယွမ် ၁ သိန်း ၃ သောင်း ၈ ထောင် ဖြင့် သတ်မှတ်လိုက်ကြသည်။ လီမိသားစု၏ ၃ သိန်း ၈ သောင်းနှင့် ယှဉ်လျှင် နည်းသော်လည်း တာဖီမြို့နယ်တွင်တော့ တော်တော်လေး မျက်နှာပွင့်သော ပမာဏဖြစ်သည်။

ချန်မိသားစု၏ မင်္ဂလာလက်ဖွဲ့ ကတော့ ကားမဟုတ်ပါ။ သူတို့ကိုယ်တိုင်တောင် ကားမဝယ်နိုင်သေးရာ သမီးကို ကားလက်ဖွဲ့ပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။ မျက်နှာလို မျက်နှာဖုံး လုပ်ရုံသက်သက် ဖြစ်သွားလိမ့်မည်။ ချန်မိသားစုက ပရိဘောဂနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို လက်ဖွဲ့အဖြစ် ပေးသည်။ ဒါက ပိုင်လျန်ခရိုင် ကျေးလက်ဒေသများတွင် အတွေ့ရအများဆုံး လက်ဖွဲ့ပစ္စည်းများ ဖြစ်သည်။ လူတိုင်းက ကျန်းချိုလန်တို့လို မချမ်းသာကြဘူးလေ။

ဝမ်ဖုန်း ကိစ္စပြီးနောက် နောက်ရက်များတွင် ဟယ်ရွှီနှင့် ကျိုးရှောင်ပန်တို့အတွက်လည်း "အိမ်လာကြည့်" ခြင်းများ ဆက်တိုက် စီစဉ်ပေးခဲ့သည်။ နှစ်တွဲစလုံး၏ လိုက်ဖက်မှု ရမှတ်မှာ ၈၀ အထက်ရှိသဖြင့် အရာရာ ချောမွေ့ခဲ့သည်။

အဆင့် ၃ ဆင့် ပြီးဆုံးပြီးနောက် ဖောက်သည် ၃ ယောက်စလုံး မင်္ဂလာရက် သတ်မှတ်လိုက်ကြရာ တိုက်ဆိုင်စွာပင် "အမျိုးသားနေ့" (အောက်တိုဘာ ၁ ရက်) ကို ရွေးချယ်လိုက်ကြသည်။ ဖိတ်စာရထားသော ကျန်းဖုန်းမှာ မင်္ဂလာဆောင် ၃ ပွဲကို ပြေးလွှား တက်ရောက်ရတော့မည် ဖြစ်သဖြင့် ခါးသက်သက် ပြုံးလိုက်မိသည်။

...

ပြည်နယ်မြို့တော်။

လူနေအိမ်ရာဝင်းတစ်ခုတွင်။

ဝူယွီထင်သည် နေ့လယ် ၁ နာရီမှ ၂ နာရီခွဲအထိ နေ့လယ်စာစားပြီး တစ်မှေးအိပ်လေ့ရှိသည်။ သို့သော် ဒီနေ့တွင်တော့ ၂ နာရီမထိုးခင် ထလာပြီး သွားတိုက်၊ မျက်နှာသစ်၊ ခေါင်းလျှော်၊ ရေချိုး လုပ်နေသည်။

ဝူမိခင်က ဒါကိုမြင်တော့ မအံ့သြပါဘူး။ မိန်းကလေးတွေက ဆံပင်ရှည်တော့ ခေါင်းလျှော်ရတာ ယောကျ်ားလေးတွေထက် ပိုလက်ဝင်တာ သဘာဝပါပဲ။ အချိန်မရွေး ခေါင်းလျှော်တာ ဆန်းမှမဆန်းတာ။ ရေချိုးရင်း ခေါင်းလျှော်တာကလည်း ဝူယွီထင်ရဲ့ အကျင့်ပဲမို့ မိခင်ဖြစ်သူ ယဉ်ပါးနေပါပြီ။

ဒါပေမဲ့ ဝူယွီထင်ရဲ့ နောက်ထပ် လုပ်ရပ်ကတော့ မိခင်ကို အကြီးအကျယ် အံ့သြသွားစေပါတယ်။ သူမ မိတ်ကပ် လိမ်းနေတယ်! တစ်နှစ်ပတ်လုံး အိမ်ထဲက အိမ်ပြင်မထွက်တဲ့ သမီးက မိတ်ကပ်လိမ်းနေပါလား!!!

သိတဲ့အတိုင်း သူမသမီးက မိတ်ကပ်လိမ်းခဲတယ်။ လိမ်းပြီဆိုရင် သူငယ်ချင်း မင်္ဂလာဆောင်သွားမလို့၊ ဒါမှမဟုတ် အတန်းဖော်တွေ ပြန်ဆုံပွဲရှိလို့၊ ဒါမှမဟုတ် အရေးကြီးတဲ့သူတစ်ယောက်ယောက်နဲ့ တွေ့ဖို့ ရှိလို့ပဲ ဖြစ်ရမယ်...

မင်္ဂလာဆောင်တို့၊ Reunion တို့ ဆိုတာ ကြိုပြောလေ့ရှိတယ်။ သမီးဆီက ဘာသံမှ မကြားရဘူးဆိုတော့ အဲ့ဒါတွေ မဟုတ်တာ သေချာတယ်။

ဒါဆို အဖြေက ရှင်းနေပြီ! ဒါကို တွေးမိပြီး ဝူမိခင် စိတ်လှုပ်ရှားသွားတယ်။ သမီးလေး နောက်ဆုံးတော့ အသိတရား ရသွားပြီပဲ!