အခန်း (၃၅) သဘောထား
မနက် ၁၂ နာရီ ၁၆ မိနစ်။
ဝူယွီထင် အိမ်ပြန်ရောက်လို့ အိတ်ထဲက သော့ထုတ်ပြီး တံခါးဖွင့်တော့ စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခု ၁၀ နှစ်အကြာက တကယ် ကွဲပြားသွားပြီ။
လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကဆို ညဘက် တစ်ယောက်တည်း အပြင်ထွက်ပြီး ၉ နာရီအထိ ပြန်မရောက်သေးရင် မိဘတွေက အချိန်မှန် ဖုန်းဆက်ပြီး ၁၀ မိနစ်၊ ၈ မိနစ် တစ်ခါလောက် အိမ်ပြန်ဖို့ လှမ်းခေါ်နေလောက်ပြီ။ အခုတော့ သန်းခေါင်ကျော်နေပြီ၊ မိဘတွေဆီက ဖုန်းတစ် call တောင် မလာဘူး။
အတွေးလွန်နေရင်း ဝူယွီထင် အိမ်တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်တော့ ဧည့်ခန်း ဆိုဖာပေါ်ကနေ စူးစိုက်ကြည့်နေတဲ့ မျက်လုံး ၄ လုံးနဲ့ သွားဆုံတယ်။ အတင်းအဖျင်း နားထောင်ချင်နေတဲ့ မျက်လုံးတွေပေါ့။
ဒါကိုမြင်တော့ ဝူယွီထင် သက်ပြင်းချပြီး "အဖေနဲ့အမေရာ... လိုလို့လား။ သမီးကို စောင့်ရင်း တစ်ညလုံး မအိပ်ဘဲ နေကြတာလား။ မနက်ဖြန်မှ မေးလည်း ရတာပဲကို" လို့ ပြောလိုက်တယ်။
ဝူမိခင်က ချက်ချင်းပဲ ဝူဖခင်အပေါ် အပြစ်ပုံချလိုက်တယ်။ "အကုန်လုံး နင့်အဖေကြောင့်ပဲ။ နင် ဒီည Date သွားတယ်ဆိုတာ သိပြီးကတည်းက ငါ့ကို အိပ်ခွင့်မပေးဘူး။ နင်ပြန်လာတာ စောင့်ပြီး ဘာတွေဖြစ်ခဲ့လဲ မေးမယ်ဆိုပြီး လုပ်နေတာ။"
ဒါကိုကြားတော့ ဝူဖခင် မျက်မှောင်ကြုတ်လိုက်တယ်။ ဒီမိန်းမ လိမ်လိုက်တာ ပိရိလိုက်တာ၊ တကယ်တမ်း အိပ်ခွင့်မပေးတာက သူပါဗျာ။ ဒါပေမဲ့ ဇနီးသည်ရဲ့ မျက်လုံးအကြည့်ကို မြင်လိုက်ရတော့ သူလည်း လိုက်လျောလိုက်ရပြီး "ဟုတ်တယ်... မင်းအမေ ပြောတာက မင်း ဒီနေ့ Date လုပ်ဖို့ ပထမဆုံးအကြိမ် သေချာ ပြင်ဆင်ခြယ်သသွားတယ်ဆိုလို့ ငါတို့လည်း သိချင်သွားတာပေါ့။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးကတင် ရည်းစားရှာဖို့၊ အိမ်ထောင်ပြုဖို့ ငါတို့ တိုက်တွန်းတုန်းက မင်းက Single ဖြစ်နေတုန်းလေ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး Date လုပ်ဖြစ်သွားတာလဲ" လို့ မေးလိုက်တယ်။
ဝူယွီထင် ဖိနပ်ချွတ်ပြီး မိဘတွေနဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်။ "ဒီနေ့ Date အကြောင်း ပြောရရင် ဟိုတစ်နေ့က ညစာစားတုန်းက အဖေတို့ အိမ်ထောင်ပြုဖို့ ဖိအားပေးတဲ့ကိစ္စကို ပြောရမယ်။ အဲ့တုန်းက သမီး စိတ်ညစ်ပြီး ခေါင်းကြည်အောင် လမ်းလျှောက်ထွက်သွားတာ မှတ်မိတယ်မလား။"
ဝူမိခင်က ကြက်ကလေး စပါးကောက်သလို ခေါင်းတငြိမ့်ငြိမ့်နဲ့ "မှတ်မိတာပေါ့။ အဲ့ဒီနေ့ လမ်းလျှောက်ထွက်ရင်း မင်းရဲ့ ဖူးစာရှင်နဲ့ သွားတွေ့တာတော့ မဟုတ်ပါဘူးနော်" လို့ မေးလိုက်တယ်။
ဝူဖခင် မျက်လုံးပြူးသွားတယ်။ တကယ်ကြီး အဲ့လောက် တိုက်ဆိုင်မှု ရှိနိုင်ပါ့မလား။
"ဖူးစာရှင်နဲ့ မတွေ့ပါဘူး၊ အောင်သွယ်တော်နဲ့ သွားတွေ့တာ!" ဝူယွီထင်က အဲ့ဒီနေ့က ကျန်းဖုန်းနဲ့ တွေ့ဆုံခဲ့ပုံကို ပြောပြပြီး နိဂုံးချုပ်လိုက်တယ်။ "အကြမ်းဖျင်းတော့ ဒါပါပဲ။ သမီးတို့ အွန်လိုင်းမှာ ရက်နည်းနည်းလောက် စကားပြောကြည့်ကြတယ်။ နှစ်ယောက်လုံး အဆင်ပြေတယ်ဆိုတော့ သူက ဟူပေပြည်နယ် မြို့တော်ကနေ သမီးကိုတွေ့ဖို့ ဒီနေ့ တကူးတက ရောက်လာခဲ့တာ။"
ဝူမိဘနှစ်ပါး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြောင်သွားကြတယ်။ သမီးဖြစ်သူရဲ့ အချစ်ရေးက တော်တော် ထူးခြားနေတယ်။ အောင်သွယ်တော် ပါနေတာကိုး။
"ထင်ထင်... အွန်လိုင်း ဝတ္ထုရေးတဲ့အလုပ်ကို စွန့်လွှတ်ဖို့ အဖေနဲ့အမေ ပြောတုန်းက မင်း နားမထောင်ခဲ့ဘူး။ ဒီလောကထဲမှာ ရုန်းကန်လာတာ ၁၀ နှစ်ကျော်ပြီ၊ ကိုယ့်ကိုယ်ကိုတောင် နိုင်အောင် မနည်းရှာနေရတာ။ အခု မင်းက အွန်လိုင်း စာရေးဆရာချင်း ယူမယ်ဆိုတော့... အဆင်ပြေပါ့မလား" လို့ ဝူဖခင်က စိုးရိမ်တကြီး မေးလိုက်တယ်။
ဝူယွီထင် နှုတ်ခမ်းဆူပြီး "အဖေရာ... သမီးက အွန်လိုင်းစာရေးဆရာတွေထဲမှာ ခြွင်းချက်အနေနဲ့ ပါနေတာပါ။ လူတိုင်းက သမီးလို ၁၀ နှစ်ကျော်ကြာတာတောင် မအောင်မြင်ဘဲ ရုန်းကန်နေရတယ် ထင်လို့လား။"
"ဝမ်ဟွာက ပလက်တီနမ်အဆင့် စာရေးဆရာ မဟုတ်ပေမယ့် သူ့မှာ လက်ရာကောင်း စာအုပ်အချို့ ရှိတယ်။ အထူးသဖြင့် အခု လက်ရှိရေးနေတဲ့ စာအုပ်သစ်ဆိုရင် ကြေးပေးဖတ်သူ အရေအတွက် တက်နေတာ။ နောက်ပိုင်း လက်စမကျရင် ၁ သောင်းပြည့်ဖို့ သေချာသလောက် ရှိတယ်။"
ဝူမိဘနှစ်ပါးက အွန်လိုင်းစာပေလောကအကြောင်း သိပ်မသိပေမယ့် သမီးဖြစ်သူက စာရေးဆရာမ ဖြစ်နေတော့ "အရည်အသွေးမြင့် လက်ရာ"၊ "ကြေးပေးဖတ်သူ ၁ သောင်း" စတဲ့ စကားလုံးတွေကို နားလည်ကြတယ်။
ဝမ်ဟွာရဲ့ စာအုပ်သစ်က ကြေးပေးဖတ်သူ ၁ သောင်း ပြည့်တော့မယ်လို့ သမီးက ပြောလိုက်တော့ ဝူမိဘနှစ်ပါး စိတ်အေးသွားကြတယ်။ ဆိုလိုတာက ဒီစာရေးဆရာက မိသားစုကို ရှာကျွေးနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုတဲ့ သဘောပဲလေ။
ဝူဖခင်က သန်းဝေလိုက်ပြီး "ဒါဆိုလည်း စိတ်ချရပါပြီ။ သွား... ရေချိုးပြီး အိပ်တော့။ သင့်တော်တယ် ထင်ရင် မနက်ဖြန် ညစာစားဖို့ အိမ်ခေါ်ခဲ့လိုက်လေ" လို့ ပြောလိုက်တယ်။
ဝူယွီထင်က "အဖေကလည်း လောလိုက်တာ။ ဒီနေ့မှ ပထမဆုံး စတွေ့တာလေ" လို့ ပြောလိုက်တယ်။
အိပ်ခန်းထဲ ဝင်ဖို့ ပြင်နေတဲ့ ဝူမိခင်က "ထင်ထင်... မနက်ဖြန် ခေါ်လာဖို့ စောလွန်းတယ် ထင်ရင် နောက်ရက်နည်းနည်းနေမှ ခေါ်လာခဲ့ပေါ့" လို့ လှမ်းပြောလိုက်တယ်။
ဝူယွီထင် - "..."
...
ရှင်းကျန်း။
မြို့ပြင်ရှိ မြို့နယ်တစ်ခုတွင်။
ကျန်းဖုန်းသည် အဒေါ်ကို အိမ်လိုက်ပို့ပြီးနောက် ဦးလေး (အဒေါ့်ခင်ပွန်း) ဆွေ့ကျစ်ချန်နဲ့ ဒုတိယအကြိမ် တွေ့ဆုံရတယ်။
ဟုတ်ပါတယ်၊ အဒေါ်နဲ့ လက်ထပ်ထားတာ အနှစ် ၂၀ ကျော်ပြီဆိုပေမယ့် ကျန်းဖုန်းက ဦးလေးကို အရင်က တစ်ခါပဲ တွေ့ဖူးသေးတယ်။ အဲ့ဒါကလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က၊ ကျန်းဖုန်း ၆ နှစ်၊ ၇ နှစ် သားလောက်တုန်းက။
ဒါကြောင့် အဒေါ်သာ မိတ်မဆက်ပေးရင် ဒီဒုတိယအကြိမ် တွေ့ဆုံမှုမှာ ကျန်းဖုန်း သူ့ဦးလေးကို မှတ်မိမှာ မဟုတ်ပါဘူး။
ဦးလေး ဆွေ့ကျစ်ချန်က အဒေါ်ထက် အများကြီး အသက်ကြီးပုံ ပေါက်တယ်။ မျိုးရိုးဗီဇကြောင့်လားမသိ၊ ဆံပင်အများစုက ဖြူနေပြီ။ ဘီယာဗိုက်ကြီးနဲ့ဆိုတော့ ကြည့်ရတာ သိပ်မကောင်းလှဘူး။
ကျန်းဖုန်း နှုတ်ဆက်လိုက်တော့ သူက ခေါင်းတစ်ချက် ငြိမ့်ပြတယ်။ စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ သူက ထွက်သွားတယ်။
ဒီမြင်ကွင်းကို ကြည့်ပြီး ကျန်းချွန်းလျန် မျက်နှာပျက်သွားတယ်။ ဆွေ့ကျစ်ချန်က သူမတို့မိသားစုကို အထင်မကြီးမှန်း သိပေမယ့် ဒီလောက်ထိ ဟန်ဆောင်မှုတောင် မလုပ်ဘဲ နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တူအရင်းက သူ့ကို အဝေးကြီးကနေ လိုက်ပို့တာတောင် ဦးလေးတစ်ယောက်ရဲ့ သဘောထားက ဒီလိုတဲ့လား။
ပရော်ဖက်ရှင်နယ် အောင်သွယ် ဖြစ်လာကတည်းက ကျန်းဖုန်းဟာ လူတွေရဲ့ မျက်နှာရိပ်မျက်နှာကဲနဲ့ စိတ်ခံစားချက်တွေကို ဖတ်တတ်လာပြီ။ သူက ချက်ချင်းပဲ အဒေါ်ကို နှစ်သိမ့်လိုက်တယ်။ "အဒေါ်... ဒီလောက် ကိစ္စသေးသေးလေးအတွက် စိတ်ဆိုးမနေပါနဲ့။ နောက်နှစ်နည်းနည်းနေလို့ ကျွန်တော် အောင်မြင်လာရင် အဒေါ် ဂုဏ်တက်စေရမယ်။"
ဒီစကားက ဦးလေးရဲ့ လက်ရှိ သဘောထားကို ရည်ညွှန်းတာတင် မဟုတ်ဘဲ ဦးလေးက အဒေါ့်အပေါ် မကောင်းခဲ့တာတွေကိုပါ ရည်ညွှန်းတာပါ။ ကျန်းဖုန်းက သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်ကို စစ်ဆေးကြည့်ပြီးပြီ။ ၅၆ မှတ်ပဲ ရှိတယ်။ ကျရှုံးတဲ့ အဆင့်ပေါ့။
အဒေါ်သာ ငယ်သေးရင် ကျန်းဖုန်းက ကွာရှင်းဖို့ တိုက်တွန်းမှာ သေချာတယ်။ ဒါပေမဲ့ အဒေါ်က အသက် ၄၀ ကျော်နေပြီ။ သားဖြစ်သူသာ စောစော အိမ်ထောင်ကျရင် အဖွားတောင် ဖြစ်နေပြီ။ ဒီအရွယ်ရောက်မှ ကွာရှင်းဖို့ လုပ်ရတာ တကယ် မလိုအပ်တော့ဘူး။
"ရှောင်ဖုန်း... မင်း တကယ် လူကြီးဖြစ်သွားပြီပဲ။"
ကျန်းချွန်းလျန် ဝမ်းနည်းသလို ခံစားလိုက်ရတယ်။ သူမက ကျန်းဖုန်း ပခုံးကို ပုတ်ပြီး "အဒေါ် မင်းအတွက် အခန်းရှင်းပေးမယ်။ သွား... ကားပေါ်က အိတ်တွေ သွားယူချေ" လို့ ပြောလိုက်တယ်။
ကျန်းဖုန်း ခေါင်းခါပြီး "အဒေါ်... ဒုက္ခမရှာပါနဲ့။ ကျွန်တော် အပြင်ထွက်ပြီး ဟိုတယ်ငှားနေလိုက်မယ်" လို့ ငြင်းလိုက်တယ်။
ကျန်းချွန်းလျန် မကျေမနပ်နဲ့ "ရှောင်ဖုန်း... ဘာလို့ ပိုက်ဆံဖြုန်းမှာလဲ။ အိမ်မှာ အခန်းလွတ်တွေ အများကြီးရှိတာကို ဘာလို့ ဟိုတယ်သွားငှားမလဲ" လို့ ပြောတယ်။
ကျန်းဖုန်း ရယ်မောပြီး "အဒေါ်ရာ... ကျွန်တော် ပြောဖူးတယ်လေ။ အဒေါ့်ကို လိုက်ပို့ရင်း ရှင်းကျန်းမှာ လည်ပတ်ဦးမယ်လို့။ အလှမယ်လေးတွေများ တွေ့မလားလို့ ကံစမ်းချင်လို့ပါ။ ဒီမှာနေရင် အခွင့်အရေးတွေ လက်လွှတ်ကုန်မှာပေါ့" လို့ စနောက်လိုက်တယ်။
ကျန်းချွန်းလျန် မနေနိုင်ဘဲ ရယ်မောပြီး "ဒီကောင်လေး... စကားတတ်လိုက်တာ။ ထားလိုက်ပါတော့။ မင်းတို့ လူငယ်ကိစ္စ အဒေါ် ဝင်မပါတော့ပါဘူး။ မနက်ဖြန် အဒေါ် ဟင်းကောင်းကောင်း ချက်ကျွေးမယ်။ ညစာ လာစားဖို့ မမေ့နဲ့နော်" လို့ မှာလိုက်တယ်။
ကျန်းဖုန်း အမြန် ငြင်းလိုက်တယ်။ "အဒေါ်... ညစာစားဖို့ မလောပါနဲ့ဦး။ ကျွန်တော်က လာလည်တာလေ။ မနက်ဖြန် ဘယ်ရောက်နေမလဲတောင် မသိသေးဘူး။ လည်လို့ဝပြီး ပြန်ခါနီးမှပဲ အဒေါ့်လက်ရာ လာစားတော့မယ်။"
"ကောင်းပြီလေ၊ ဒါဆို မပြန်ခင် ထမင်းတစ်နပ်တော့ လာစားရမယ်နော်။ မဟုတ်ရင် အဒေါ် စိတ်ဆိုးမှာ။"
"သိပါပြီဗျာ၊ သေချာပေါက် လာစားပါ့မယ်။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: