အခန်း (၃၆) ရင်ခုန်သံ
အဒေါ့်အိမ်မှ ထွက်လာပြီးနောက် ကျန်းဖုန်းသည် အချိန်စောနေသေးသည်ကို တွေ့သဖြင့် ဘယ်သူ့ဆီ ဖုန်းဆက်ရမလဲ စဉ်းစားနေလိုက်သည်။
ရှင်းကျန်းတွင် ကျန်းဖုန်း သိကျွမ်းသူ များများစားစား မရှိပါ။ အဒေါ့်မိသားစုမှလွဲလျှင် ဝမ်းကွဲအစ်ကိုကြောင့် သိကျွမ်းခဲ့ရသော လျူယန်နှင့် တက္ကသိုလ်အတန်းဖော် ထန်အန်းကျွင်း ၂ ယောက်သာ ရှိသည်။
ခဏစဉ်းစားပြီးနောက် ကျန်းဖုန်းသည် လျူယန်ဆီ အရင်ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် လျူယန်၏ အားနည်းနေသော အသံလေး ထွက်ပေါ်လာသည်။ "မောင်လေးရှောင်ဖုန်း..."
သူမအသံကို နားထောင်ရုံဖြင့် စိတ်အခြေအနေ မကောင်းမှန်း ကျန်းဖုန်း သိလိုက်သဖြင့် လိုရင်းကို တည့်ပြောလိုက်သည်။ "အစ်မယန်... ကျွန်တော် ရှင်းကျန်း ရောက်နေတယ်။ အစ်မနဲ့ တွေ့ပြီး စကားပြောချင်လို့ အဆင်ပြေမလား။"
လျူယန် ခဏ တိတ်ဆိတ်သွားပြီးမှ "ကောင်းပြီလေ... နင် ကားမောင်းလာတာဆိုတော့ ငါ့ Location ပို့ပေးလိုက်မယ်။ လာခဲ့လိုက်လေ" ဟု ပြောသည်။
"အိုကေ၊ တွေ့မှ ပြောကြတာပေါ့။ ဒါပဲနော်။"
"အေး၊ တွေ့မယ်။"
ဖုန်းချပြီးနောက် ကျန်းဖုန်း WeChat ဖွင့်ကြည့်ရာ လျူယန် Location ပို့ပေးထားသည်ကို တွေ့ရသည်။ GPS ဖွင့်ပြီး လိုရာခရီးသို့ တန်းမောင်းလိုက်သည်။
တစ်နာရီကျော် ကြာသောအခါ ကျန်းဖုန်းသည် လျူယန်နှင့် အသားကင်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံလိုက်သည်။ ဒီတစ်ခေါက် လျူယန်၏ ပုံစံသည် ပထမဆုံးအကြိမ် တွေ့တုန်းကနှင့် အတော်ကွာခြားနေသည်။ သူမပုံစံက တော်တော်လေး နွမ်းနယ်နေပြီး ဝမ်းကွဲအစ်ကိုနှင့် ဖြစ်ခဲ့သော ကံဆိုးမိုးမှောင်ကျသည့် အချစ်ရေးက သူမကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း သိသာထင်ရှားနေသည်။
စားပွဲပေါ်တွင် အသားကင်နှင့် ဘီယာတို့ ရှိနေသည်။ လျူယန်က ကျန်းဖုန်းအတွက် ဘီယာတစ်ခွက် ငှဲ့ပေးရင်း "ငါ အသားကင် နည်းနည်း မှာထားတယ်။ နင် စားချင်တာရှိရင် ထပ်မှာလိုက်လေ" ဟု ပြောသည်။
ကျန်းဖုန်းက ဘီယာခွက်ကို မြှောက်ပြီး ခွက်ချင်းတိုက်ကာ "မလိုပါဘူး၊ ဒီဟာတွေ ကျွန်တော် အကုန်ကြိုက်ပါတယ်" ဟု ပြောလိုက်သည်။
နှစ်ယောက်သား တစ်ခွက်မော့လိုက်ကြပြီး ကျန်းဖုန်းက သိုးသားကင် ၂ ချောင်း စားပြီးမှ စကားစပြောသည်။
"အစ်မယန်... အစ်မနဲ့ အစ်ကိုကြီးကိစ္စ ရှင်းပြီးသွားပြီလား။" အခြေအနေမှန်ကို သိထားသူမို့ ကျန်းဖုန်းက မထိမ်ချန်ဘဲ တည့်တိုးမေးလိုက်သည်။
ကုဋေတစ်ပုံ တစ်ပုံလောက်သာ ဖြစ်နိုင်ခြေရှိသော ကံဆိုးမှုမျိုး သူမမှ လာကြုံရလေခြင်းဟု တွေးမိတိုင်း လျူယန် ရင်ထဲ ဆို့နင့်နေမိသည်။ သူမက ခါးသီးစွာဖြင့် "ရှင်းပြီးပါပြီ။ ရှင်းကျန်းကို ပြန်ရောက်တဲ့နေ့မှာပဲ နင့်ဝမ်းကွဲအစ်ကိုကို အမှန်အတိုင်း ဖွင့်ပြောလိုက်ပါပြီ" ဟု ပြောပြသည်။
ကျန်းဖုန်းက ကြက်သွန်မြိတ်ကင် တစ်ချောင်းကောက်ကိုင်ရင်း "အဲ့တုန်းက အစ်ကိုကြီး ဘယ်လိုတုံ့ပြန်လဲ" ဟု ဆက်မေးသည်။
လျူယန်က ဘီယာတစ်ငုံ ထပ်သောက်လိုက်ပြီး ထိုနေ့က အဖြစ်အပျက်ကို ပြန်လည်မြင်ယောင်ရင်း သက်ပြင်းချကာ ပြောသည်။ "အစပိုင်းမှာတော့ သူက ဒီလို ရယ်စရာကောင်းတဲ့ကိစ္စကို မယုံဘူးပေါ့။ သူ့အဖေဆီ ချက်ချင်း ဖုန်းဆက်မေးမယ် လုပ်သေးတယ်။ ငါ တားလိုက်ရတယ်။ အဲ့ဒီလူကြီးကို မသိစေချင်လို့ နင့်အစ်ကိုနဲ့ ငါ အသိမိတ်ဆွေတစ်ယောက်ဆီသွားပြီး အမြန်ဆုံးနည်းနဲ့ DNA စစ်လိုက်ကြတယ်။"
"အဖြေထွက်လာတော့ နင့်အစ်ကို လုံးဝ ပြိုလဲသွားတာပဲ။"
တကယ်ပါပဲဟု ကျန်းဖုန်း တွေးမိလိုက်သည်။ သူ့ဝမ်းကွဲအစ်ကို ခံစားချက်ကို ကိုယ်ချင်းစာမိသည်။ သူက သက်ပြင်းချလိုက်ပြီး "အစ်မတို့ နှစ်ယောက်က တစ်ကယ့်ကို ကုဋေတစ်ပုံ တစ်ပုံ ကံဆိုးခြင်းမျိုးနဲ့ လာကြုံကြတာပဲဗျာ။ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ အစ်ကိုကြီး အခု ဘယ်လိုနေလဲ မသိဘူး။ ဒီဒဏ်ချက်ကို ခံနိုင်ရည် ရှိပါ့မလား" ဟု ပြောလိုက်သည်။
လျူယန်က "သူက ငါ့ထက် ပိုပြီး ခံစားရတယ်။ အခုလောလောဆယ်တော့ သူ အဆင်ပြေနိုင်ဦးမယ် မထင်ဘူး။ အခွင့်အရေးရရင် သူ့ကို နည်းနည်းလောက် ဖျောင်းဖျပေးပါဦး" ဟု ပြောသည်။
ကျန်းဖုန်း ခေါင်းညိတ်ပြီး "အဒေါ့်အိမ်သွားတုန်းက သူ့ကို မတွေ့ခဲ့ဘူး။ သူ့ကို တိုက်ရိုက် ဆက်သွယ်မလို့ လုပ်ပေမယ့် အစ်မကို အရင်မေးကြည့်တာ ပိုကောင်းမယ်ထင်လို့ပါ။ အခွင့်အရေးရရင် သူ့ကို နှစ်သိမ့်ပေးပါ့မယ်" ဟု ပြောလိုက်သည်။
လျူယန်က သဘောတူကြောင်း အသံပြုပြီး ဘီယာတစ်ခွက် မော့ချလိုက်ပြန်သည်။
သူမ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ဒီကံဆိုးတဲ့ အချစ်ရေးကနေ လုံးဝ ရုန်းမထွက်နိုင်သေးကြောင်း ကျန်းဖုန်း သိလိုက်သည်။ ထို့ကြောင့် သူက "အစ်မယန်... ကောင်းတဲ့ဘက်က ကြည့်လိုက်ပါ။ မသင့်တော်တဲ့သူနဲ့ လာတွေ့ရတာ ကံဆိုးတယ် ဆိုပေမယ့် အချိန်မီ ပြန်လှည့်နိုင်ခဲ့ပြီး ကြီးမားတဲ့ အကျိုးဆက်တွေ မဖြစ်အောင် ရှောင်လွှဲနိုင်ခဲ့တာကတော့ ကံဆိုးမိုးမှောင်ကျနေတဲ့ကြားက ကံကောင်းမှုပါပဲ" ဟု နှစ်သိမ့်လိုက်သည်။
လျူယန် ခေါင်းညိတ်ပြီး "ငါ သိပါတယ်။ ဒါပေမဲ့ သံယောဇဉ်တစ်ခုကို မေ့ပစ်ဖို့က အချိန်တစ်ခုတော့ ယူရမှာပေါ့" ဟု ပြောသည်။
ချစ်သူတွေ လမ်းခွဲကြတဲ့အခါ အခက်ခဲဆုံးအချိန်က ပထမဆုံး ၂ ပတ် ဖြစ်တယ်လို့ ကျန်းဖုန်း စာအုပ်တစ်အုပ်မှာ ဖတ်ဖူးသည်။ အဲ့ဒီအချိန် ကျော်လွန်သွားရင် ခံစားချက်တွေ တဖြည်းဖြည်း မှေးမှိန်သွားတတ်သည်။ ဒါက ခေတ်သစ် သာမန် အချစ်ရေးတွေအတွက်ပဲ မှန်ပါတယ်။ သေခြင်းတရားကိုတောင် ကျော်လွန်တဲ့ သိုင်းဝတ္ထုထဲက "ယန်ကော်နဲ့ ရှောင်လုံနွီ" တို့လို အချစ်မျိုးဆိုရင်တော့ တစ်မျိုးပေါ့။
"အစ်မယန်... ကျွန်တော့် လူကဲခတ်ညံ့တာ အစ်မ သိသားပဲ။ အခု ကျွန်တော် ရှင်းကျန်း ရောက်နေတုန်း အစ်မ သဘောတူရင် အချိန်ပေးပြီး အစ်မနဲ့ သင့်တော်မယ့်သူ ရှာပေးမယ်။ အစ်မနဲ့ ကွက်တိကျမယ့်သူ ဖြစ်စေရမယ်လို့ အာမခံတယ်" ဟု ဘီယာအနည်းငယ် သောက်ပြီးနောက် ကျန်းဖုန်းက သူ့ထုံးစံအတိုင်း ပြောလိုက်သည်။
လျူယန်က မူးနေသဖြင့် မျက်နှာရဲရဲလေးနှင့် "ကောင်းပြီလေ... ငါလည်း Single ဖြစ်နေပြီပဲ။ ရှာပေးပေါ့။ လက်ရှိအချစ်ဟောင်းကို မေ့ပစ်ဖို့ အကောင်းဆုံးနည်းလမ်းက အချစ်သစ် စတာပဲတဲ့။ တကယ် ဟုတ်မဟုတ် စမ်းကြည့်ရတာပေါ့" ဟု ပြောလိုက်သည်။
ဒါက အမှန်ပဲဆိုတာ ကျန်းဖုန်း သိတယ်။ သူ့ပတ်ဝန်းကျင်မှာ သာဓကတွေ အများကြီး ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေက လမ်းခွဲပြီးတာနဲ့ ချက်ချင်းဆိုသလို အချစ်သစ် စတင်နိုင်ကြတယ်။ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်ကြတယ်။
"အိုကေ၊ ဒါဆို သဘောတူလိုက်ပြီနော်။ သင့်တော်တဲ့သူ တွေ့ရင် ကျွန်တော် ဆက်သွယ်လိုက်မယ်။"
"ကျေးဇူးပါပဲဟာ။ ငါ တစ်ခွက်တိုက်ပါရစေ။"
"ရပါတယ်၊ ချီးယားစ်!"
"ချီးယားစ်!"
...
နောက်တစ်နေ့။
ကျန်းဖုန်း နိုးလာတော့ မနက် ၁၀ နာရီ ကျော်နေပြီ။
မနေ့ညက လျူယန်နဲ့အတူ မနက် ၁ နာရီလောက်အထိ သောက်ဖြစ်ခဲ့ကြတယ်။ လျူယန်ကို အငှားယာဉ်မောင်းနဲ့ အိမ်အရင်ပြန်ပို့ခိုင်းပြီးမှ သူလည်း ဈေးနှုန်းသင့်တင့်တဲ့ ဟိုတယ်တစ်ခုမှာ ဝင်နားခဲ့တယ်။
သူ့လက်ရှိ ငွေကြေးအခြေအနေအရ သိပ်ဈေးမကြီးတဲ့ ဟိုတယ်တွေမှာပဲ တည်းဖို့ သင့်တော်သေးတယ်။ ကြယ်ငါးပွင့် ဟိုတယ်တွေကတော့ သူ့အတွက် ဈေးကြီးလွန်းနေသေးတယ်။
ကျန်းဖုန်း ထလိုက်ပြီး မျက်နှာသစ်၊ ရေချိုးလိုက်တော့ လန်းဆန်းသွားတယ်။ ပစ္စည်းတွေသိမ်းပြီး Check-out ထွက်ဖို့ အောက်ဆင်းလာခဲ့တယ်။
Check-out လုပ်၊ မနက်စာ အမြန်စားပြီးနောက် ကျန်းဖုန်း ကားမောင်းထွက်လာခဲ့တယ်။ လမ်းကြုံရာ လျှောက်မောင်းနေတာပေါ့။ ရှင်းကျန်းဆိုတာ လူဦးရေ ၁၇ သန်းကျော်ရှိတဲ့ နိုင်ငံတကာ အဆင့်မီ မြို့ကြီးတစ်မြို့လေ။ ကျန်းဖုန်းက လာခဲတာဆိုတော့ သေချာပေါက် အနှံ့အပြား လျှောက်သွားပြီး သူ့အတွက် သင့်တော်မယ့် ကောင်မလေး ရှိမရှိ ရှာဖွေရမှာပေါ့။
ဘာပဲပြောပြော ဒီရက်ပိုင်း သူများတွေကို လိုက်ပြီး အောင်သွယ်ပေးနေရတာ၊ ပြီးတော့ သူများတွေ ရိုမန်းတစ်ဆန်နေတာကို ထိုင်ကြည့်နေရတာဆိုတော့... ၂၂ နှစ်တိုင်တိုင် ဆောင်းလာခဲ့တဲ့ "Single Dog" (လူပျိုကြီး) ဦးထုပ်ကို အမြန်ဆုံး ချွတ်ပစ်ချင်နေပြီလေ။
ဒါ့အပြင် ကိုယ့်အတွက်တင်မကဘဲ အစ်မကြီး ကျန်းရွှယ်၊ ဝမ်းကွဲအစ်ကို ဆွေ့ယွမ်နဲ့ လျူယန်တို့အတွက်ပါ ရှာဖွေပေးနေတယ်။ ဒါကြောင့် ကားမောင်းလိုက်၊ ခဏရပ်ပြီး ရှာဖွေလိုက်နဲ့ အလုပ်ရှုပ်နေတော့တယ်။
နာရီဝက်လောက်အတွင်းမှာပဲ ဝမ်းကွဲအစ်ကို ဆွေ့ယွမ်နဲ့ လိုက်ဖက်မှုရမှတ် ၈၃ ရှိတဲ့ အလှမယ်တစ်ယောက်ကို တွေ့လိုက်တယ်။ နောက်တစ်နာရီလောက်ကြာတော့ လျူယန်နဲ့ လိုက်ဖက်မှုရမှတ် ၈၃ ရှိတဲ့ လူချောတစ်ယောက်ကို ထပ်တွေ့တယ်။ နှစ်ယောက်စလုံး သူတို့ရဲ့ အိမ်ထောင်ဖက်လောင်းတွေနဲ့ ရမှတ် ၈၃ စီ ရနေကြတာ တော်တော် တိုက်ဆိုင်တာပဲ။
ကျန်းဖုန်းနဲ့ သူ့အစ်မအတွက်ကတော့... ကျန်းဖုန်းက ရမှတ် ၉၀ နဲ့အထက်မှ လိုချင်တာဆိုတော့ နေ့တစ်ဝက်လောက် ရှာတာတောင် စိတ်တိုင်းကျတဲ့သူ မတွေ့သေးဘူး။
နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျန်းဖုန်းက မြို့ထဲက လူနေရပ်ကွက်တစ်ခုဆီ မောင်းလာခဲ့တယ်။ ကားရပ်ပြီး သူ့ရဲ့ မှော်စွမ်းရည်နဲ့ ကိုယ့်အတွက် ဖူးစာရှင် ရှာဖွေလိုက်တဲ့အခါ... မမြင်ရတဲ့ လှိုင်းတစ်ခု ဖြာထွက်သွားပြီး ၁၀ မိုင် x ၃ ဆ (မိုင် ၃၀ ပတ်လည်) ကို လွှမ်းခြုံသွားတယ်။
မရေမတွက်နိုင်တဲ့ ပုံရိပ်တွေ လျင်မြန်စွာ ဖြတ်သန်းသွားပြီး နောက်ဆုံးမှာ တစ်ခုတည်းသော ပုံရိပ်အပေါ် ရပ်တန့်သွားတယ်။
[နာမည်] ဟွမ်လင်ဝေ
[အသက်] ၂၁ နှစ်
[အရပ်] ၁၇၀ စင်တီမီတာ
[ကိုယ်အလေးချိန်] ၅၀ ကီလိုဂရမ်
[မိသားစုနောက်ခံ]...
[ပင်ကိုယ်စရိုက်နှင့် ဝါသနာများ]...
[အချစ်ရေးရာဇဝင်]...
[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ၉၈
လိုက်ဖက်မှုရမှတ် ၉၈ ကို မြင်လိုက်ရတဲ့အခါ ကျန်းဖုန်း အသက်ရှူ မြန်လာတယ်၊ ရင်တွေ တဒိန်းဒိန်း ခုန်လာတယ်၊ စိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံး တုန်ရီလာတော့တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: