အခန်း (၃၇) လိုက်ဖက်မှုရမှတ် အဆင့်ခွဲခြားခြင်းနှင့် ပြောင်းလဲမှုများ
ကြိုးစားအားထုတ်မှုသည် အကျိုးရှိပေသည်။
လိုက်ဖက်မှုရမှတ် ၉၈ ကို မြင်လိုက်ရသောအခါ ကျန်းဖုန်း အလွန် စိတ်လှုပ်ရှားသွားသည်။
ဒီကာလအတွင်း အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်အပေါ် သူနားလည်ထားသမျှနဲ့ ခန့်မှန်းချက်တွေအရ ကျန်းဖုန်းက ရမှတ်တွေကို အကြမ်းဖျင်း အဆင့်ခွဲခြား သတ်မှတ်လိုက်တယ်။
- ရမှတ် ၀ - ဒါကတော့ ရှင်းပြနေစရာ မလိုတော့ဘူး။ အခြေခံအားဖြင့် သွေးသားတော်စပ်သူချင်း လက်ထပ်တာမျိုးလို့ သတ်မှတ်လို့ရတယ်။
- ရမှတ် ၁ မှ ၁၀ ကြား - သေချာပေါက်နီးပါး အဖြစ်ဆိုးနဲ့ အဆုံးသတ်မယ့် အိမ်ထောင်ရေးတွေ။ "သိန်းငှက်သူရဲကောင်း" ထဲက ကုန်းစွန်းကျစ်နဲ့ ချိုချန်ချစ် စုံတွဲက အကောင်းဆုံး ဥပမာပဲ။
- ရမှတ် ၁၀ မှ ၂၀ ကြား - ဒါလည်း အဖြစ်ဆိုးနဲ့ အဆုံးသတ်ဖို့ သေချာသလောက်ပဲ။ "ကျင်းဖျင်မေ" ဝတ္ထုထဲက ဝူတာလန်နဲ့ ဖန်ကျင်းလျန် စုံတွဲက ထင်ရှားတဲ့ ဥပမာပေါ့။
- ရမှတ် ၂၀ မှ ၃၀ ကြား - တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်မရှိဘဲ မမျှော်လင့်တဲ့ အကြောင်းအရာတွေကြောင့်သာ ပေါင်းဖက်ရတဲ့ အိမ်ထောင်ရေးမျိုး။ လက်ထပ်ပြီးတာနဲ့ ချက်ချင်းပြန်ကွာရှင်းတဲ့ စုံတွဲတွေက ဒီအမျိုးအစားထဲ ပါဝင်တယ်။
- ရမှတ် ၃၀ မှ ၄၀ ကြား - နာမည်ခံ အိမ်ထောင်ရေးတွေ။ တစ်ယောက်တည်း နေသလိုမျိုး ကိုယ့်ဘာသာကိုယ် နေကြတယ်။ တစ်ယောက်ဖောက်ပြန်လည်း နောက်တစ်ယောက်က ဂရုမစိုက်၊ ဝင်မစွက်ဖက်တဲ့ ပုံစံမျိုးပေါ့။
- ရမှတ် ၄၀ မှ ၅၀ ကြား - အမျိုးသမီးက လိုလားပေမယ့် အမျိုးသားက မလိုလားတဲ့ အခြေအနေမျိုး။ နောက်ဆုံးမှာ လမ်းခွဲရမယ့် အိမ်ထောင်ရေးမျိုး။
- ရမှတ် ၅၀ မှ ၆၀ ကြား - ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အတွေ့ရအများဆုံး အိမ်ထောင်ရေးပုံစံ။ တစ်သက်လုံး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ သံသရာလည်နေတယ်။ တချို့က သည်းမခံနိုင်တော့လို့ ကွာရှင်းကြပေမယ့်၊ တချို့က ကလေးမျက်နှာကြောင့် ကြိတ်မှိတ်ပေါင်းသင်းကြတယ်။
- ရမှတ် ၆၀ မှ ၇၀ ကြား - လက်ခံနိုင်တဲ့ အဆင့်။ အရမ်းကြီး ချစ်ခင်ကြင်နာတာမျိုး မဟုတ်ပေမယ့်၊ ရံဖန်ရံခါ စကားများတာ ရှိပေမယ့်၊ ခိုင်မာတဲ့ သံယောဇဉ် အခြေခံ ရှိတယ်။ မမျှော်လင့်တဲ့ ကိစ္စကြီးကြီးမားမား မကြုံရင် မကွာရှင်းကြဘူး။
- ရမှတ် ၇၀ မှ ၈၀ ကြား - အလွန်ကောင်းမွန်တဲ့ အဆင့်။ သာယာပျော်ရွှင်ပြီး တိုးတက်တဲ့ ဘဝကို ပိုင်ဆိုင်ကြတဲ့ စုံတွဲတွေ။
- ရမှတ် ၈၀ မှ ၉၀ ကြား - ထူးခြားကောင်းမွန်တဲ့ အဆင့်။ သန်းချီတဲ့ စုံတွဲတွေထဲမှာမှ တစ်တွဲလောက်သာ တွေ့ရတတ်တယ်။ ပျော်ရွှင်ရုံတင်မကဘူး၊ တစ်ယောက်နဲ့တစ်ယောက် အလုပ်အကိုင်မှာလည်း အထောက်အကူပြုကြတယ်။ ဆင်းရဲရာက စရင်တောင် နှစ်ယောက်ပေါင်း ကြိုးစားမှုကြောင့် တဖြည်းဖြည်း ချမ်းသာလာမယ့် စုံတွဲမျိုး။
- ရမှတ် ၉၀ မှ ၁၀၀ ကြား - ထိပ်တန်းအဆင့် အိမ်ထောင်ရေး။ အလွန်ရှားပါးပြီး လူတိုင်း လိုချင်တောင့်တကြတယ်။ မတော်တဆမှုကြောင့် တစ်ယောက်က အိပ်ရာထဲလဲနေရင်တောင် ကျန်တစ်ယောက်က တစ်သက်လုံး မစွန့်ခွာဘဲ ပြုစုစောင့်ရှောက်မယ့် အချစ်မျိုး။
- ရမှတ် ၁၀၀ - သေခြင်းတရားကိုတောင် ကျော်လွန်တဲ့ အချစ်မျိုး။ လိုအပ်ရင် တစ်ယောက်အတွက် တစ်ယောက်က အသက်ပေးဖို့ ဝန်မလေးကြဘူး။ "သိန်းငှက်သူရဲကောင်း" ထဲက ယန်ကော်နဲ့ ရှောင်လုံနွီ၊ ဒါမှမဟုတ် ကော့ကျင့် နဲ့ ဟွမ်ရုန် တို့လို စုံတွဲတွေပေါ့။ သေတူရှင်ဖက် လက်တွဲဖော်တွေ။
အခု ကျန်းဖုန်း တွေ့ထားတဲ့ ဟွမ်လင်ဝေနဲ့ သူ့ရဲ့ လိုက်ဖက်မှုရမှတ်က ၉၈ ဖြစ်နေတယ်။ ဆိုလိုတာက သေတူရှင်ဖက် ဖြစ်ဖို့ တစ်လှမ်းပဲ လိုတော့တဲ့ အခြေအနေ။ စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်ပါ့မလဲ။
မိနစ်အနည်းငယ်ကြာမှ ကျန်းဖုန်း စိတ်ကို ထိန်းနိုင်ပြီး ဟွမ်လင်ဝေရဲ့ အချက်အလက်တွေကို သေချာ ဖတ်ကြည့်လိုက်တယ်။ ဖတ်ရင်းနဲ့ ကျန်းဖုန်း မျက်နှာ တည်သွားတယ်။
ဒီ ဟွမ်လင်ဝေဆိုတဲ့ မိန်းကလေးက သူဌေးသမီး အစစ်။ မိသားစုက အဆောက်အအုံပေါင်းများစွာ ပိုင်ဆိုင်ပြီး အိမ်ငှားခ စားနေတဲ့ သူဌေးတွေ။
ဟွမ်လင်ဝေရဲ့ အချက်အလက်တွေကို ကြည့်ပြီးနောက် ကျန်းဖုန်း သေချာပေါက် ပြောနိုင်တာတစ်ခုက... သူ့မှာသာ မှော်စွမ်းရည် မရှိခဲ့ရင် ဒီလို ချောမောလှပပြီး ချမ်းသာတဲ့ မိန်းကလေးနဲ့ သူ့ရဲ့ လိုက်ဖက်မှုရမှတ်က ၈၀ တောင် ပြည့်မှာ မဟုတ်ပါဘူး။
နောက်ခံအခြေအနေ အရမ်းကွာခြားနေပေမယ့် ရမှတ် ၉၈ ရနေတယ်ဆိုတာက သူ့ရဲ့ "မှော်စွမ်းရည်" ကို ထည့်တွက်ထားလို့ ဖြစ်မှာပါ။
ရမှတ်က မယုံနိုင်လောက်အောင် မြင့်နေပေမယ့် လက်ထပ်နိုင်ဖို့ဆိုတာ စိန်ခေါ်မှုတွေ အများကြီး ရှိနေဦးမှာပါ။ ဘာလို့လဲဆိုတော့ လိုက်ဖက်မှုရမှတ်ဆိုတာ အရာအားလုံး မဟုတ်သေးလို့ပါ။
ရမှတ် ၁၀၀ ရထားတဲ့ ယန်ကော်နဲ့ ရှောင်လုံနွီကိုပဲ ကြည့်။ သူတို့ လက်ထပ်ချင်တုန်းက ယောကျ်ားလေးဘက်က လူကြီးတွေ (ဦးလေး ကော့ကျင့်) ရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုကို ကြုံခဲ့ရတယ် မဟုတ်လား။ ကော့ကျင့်နဲ့ ဟွမ်ရုန်တောင်မှ မိန်းကလေးဘက်က မိဘ (ဟွမ်ရုန်အဖေ) ရဲ့ သဘောကျမှုကို ချက်ချင်း မရခဲ့ပါဘူး။
ရမှတ် ၉၈ ဆိုတာ ဖဲဝိုင်းမှာ အကြီးဆုံးဖဲကို ကိုင်ပြီး စဖွင့်ရသလို၊ လက်ထဲမှာလည်း ဗုံးတွေ အပြည့်ပါနေသလိုပါပဲ။ ဒါပေမဲ့ ဒီပွဲကို အနိုင်ရမလား ဆိုတာကတော့ ကိုယ်ဘယ်လို ကစားမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စည်းကမ်းအတိုင်း သေချာ ကစားရင် ၁၀၀% နိုင်မှာ သေချာတယ်။ ဒါပေမဲ့ ကိုယ်က ညစ်ပတ်ပြီး ကစားရင်၊ ကိုယ့်ဗုံးကိုယ် ဖြိုခွဲပစ်ရင်တော့ ရှုံးသွားရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး။
ဒါကို တွေးမိတော့ ကျန်းဖုန်း ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ "ဒီ လိုက်ဖက်မှုရမှတ်က ပုံသေလား၊ ပြောင်းလဲနိုင်သလား"
ဥပမာ - ဟွမ်လင်ဝေနဲ့ ရမှတ် ၉၈ ရှိတယ် ဆိုပါစို့။ ဒါပေမဲ့ လက်ထပ်ပြီးမှ အိမ်ထောင်ရေးကို တန်ဖိုးမထားဘဲ ဖောက်ပြန်တာတွေ၊ ဆိုးသွမ်းတာတွေ လုပ်ရင် ဒီရမှတ် ၉၈ က ဆက်ရှိနေနိုင်ပါ့မလား။
ဒီအချိန်မှာ ကျန်းဖုန်းဟာ တရားထူးရသွားတဲ့ ကျင့်ကြံသူတစ်ယောက်လို သူ့ရဲ့ မှော်စွမ်းရည်အကြောင်း ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားသလို ခံစားလိုက်ရတယ်။
ချက်ချင်းပဲ ဟွမ်လင်ဝေနဲ့ သူ့ရဲ့ လိုက်ဖက်မှုရမှတ်ကို ပြန်စစ်ဆေးကြည့်လိုက်တယ်။ တကယ်ပဲ ပြောင်းလဲသွားတယ်။
[အိမ်ထောင်ရေး လိုက်ဖက်မှု ရမှတ်] ကော်လံမှာ ၉၈ ကနေ ၇၆/၉၈ ဆိုပြီး ပြောင်းသွားတယ်။
ဒီ အပြောင်းအလဲလေးက ကျန်းဖုန်းကို စိတ်လှုပ်ရှားသွားစေတယ်။ ၇၆/၉၈ ဆိုတာ ဘာအဓိပ္ပာယ်လဲ သူ ချက်ချင်း နားလည်လိုက်တယ်။ ၉၈ ဆိုတာ သူနဲ့ ဟွမ်လင်ဝေ ရောက်ရှိနိုင်တဲ့ သီအိုရီအရ အမြင့်ဆုံး ရမှတ်ဖြစ်ပြီး၊ ၇၆ ဆိုတာက လက်ရှိ ရမှတ်ဖြစ်တယ်။
ကျန်းဖုန်းက အစ်ကိုကြီး ကျန်းဖေးနဲ့ ဒေါက်တာမလေး ကျန်းရုံယင်းတို့ရဲ့ ရမှတ်ကိုလည်း ပြန်စစ်ကြည့်လိုက်တယ်။ ၇၀/၉၆ လို့ ပြောင်းနေတယ်။ ဆိုလိုတာက အမြင့်ဆုံး ရောက်နိုင်တဲ့ ရမှတ် (၉၆) က မြင့်မားပေမယ့်၊ လက်ရှိ ရမှတ် (၇၀) ကတော့ သိပ်အားရစရာ မကောင်းသေးဘူး။
သူ အောင်သွယ်ပေးခဲ့တဲ့ စုံတွဲတွေကိုလည်း ပြန်စစ်ကြည့်တယ်။ ပထမဆုံး ဖောက်သည် လီရှင်းဝမ်နဲ့ ကျန်းချိုလန်တို့က အမြင့်ဆုံးပဲ။ ၈၄/၈၆ တဲ့။ အမြင့်ဆုံး ရမှတ်နဲ့ တော်တော် နီးစပ်နေပြီ။
ကျန်တဲ့ စုံတွဲတွေကတော့ အမြင့်ဆုံးရမှတ်နဲ့ နည်းနည်း ကွာနေသေးပေမယ့် အားလုံးက ၇၀ အထက်မှာ ရှိနေကြလို့ ကျန်းဖုန်း ကျေနပ်သွားတယ်။ နောက်ပိုင်း သူတို့ အိမ်ထောင်ရေးအခြေအနေတွေကို ပိုဂရုစိုက်ပေးရမယ်။
လက်ရှိမှာ ကျန်းဖုန်းက အောင်သွယ်လောကထဲ ရောက်တာ မကြာသေးဘူး။ အဆင်ပြေနေတယ် ဆိုပေမယ့် ဖောက်သည် အများကြီး မရသေးသလို၊ ဒီလောကမှာ ထူးခြားတဲ့ အောင်မြင်မှုတွေလည်း မရသေးဘူး။ ဒါကြောင့် ဟွမ်လင်ဝေနဲ့ လိုက်ဖက်မှု အလားအလာ (၉၈) မြင့်မားပေမယ့် လက်ရှိ ရမှတ်က (၇၆) ပဲ ရှိနေသေးတာ။
ဒီအခြေအနေမှာ ဟွမ်လင်ဝေကို တရားဝင် ပိုးပန်းတာက အကောင်းဆုံး ရွေးချယ်မှု မဟုတ်သေးဘူး။
ဒါကို တွေးမိပြီး ကျန်းဖုန်း စိတ်ကို အတင်းငြိမ်အောင် ထားလိုက်တယ်။ ဟွမ်လင်ဝေကို ချက်ချင်း သွားတွေ့ချင်တဲ့ စိတ်ဆန္ဒကို ဖိနှိပ်လိုက်တယ်။
"လက်တွေ့ဘဝမှာ လိုက်လို့ အဆင်မပြေသေးရင်၊ အွန်လိုင်းကနေ လိုက်မယ်။"
ဒါမှ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ အချိန်အလုံအလောက် ရမှာဖြစ်ပြီး၊ အချိန်တန်ရင် အပြင်မှာ တွေ့ဆုံတာက သဘာဝကျကျ ဖြစ်လာလိမ့်မယ်။
ဆုံးဖြတ်ချက် ချပြီးတာနဲ့ ကျန်းဖုန်း မတုံ့ဆိုင်းတော့ဘဲ WeChat ကို ဖွင့်ပြီး ဟွမ်လင်ဝေကို Friend Add လိုက်တော့တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: