"စိတ်ကြိုက် စီးကရက်၊ အရက်၊ လက်ဖက်ခြောက်"

ဒါက တော်တော်လေး စိတ်ကူးပေါက်ရာ လုပ်တတ်တဲ့ ဆိုင်တစ်ဆိုင်ပါ။

ဆိုင်ရှင်ရဲ့ ဆိုင်ဖွင့်ချိန်က တော်တော် မမှန်ဘူး။ တစ်ခါတလေ မနက်ပိုင်း ဖွင့်ချင်ဖွင့်မယ်၊ တစ်ခါတလေ နေ့လယ်ပိုင်း၊ တစ်ခါတလေ ညနေပိုင်း။ တစ်ခါတလေ တစ်နာရီမပြည့်ခင် ပြန်ပိတ်ချင်ပိတ်မယ်၊ တစ်ခါတလေ တစ်နေ့လုံး ဖွင့်ချင်ဖွင့်မယ်။ ၃ ရက်၊ ၅ ရက်မှ တစ်ခါ ဖွင့်ချင်လည်း ဖွင့်မယ်။ အတိုချုပ်ပြောရရင် ဆိုင်နာမည်နဲ့ လိုက်အောင် "စိတ်ကြိုက်" လုပ်နေတာပါပဲ။

သာမန်လူတစ်ယောက်သာ ဒီလို ပေါ့ပေါ့ဆဆ စီးပွားရေးလုပ်ရင် ရက်ပိုင်းအတွင်း ဆိုင်ပိတ်လိုက်ရမှာ သေချာတယ်။ ဒါပေမဲ့ ဒီလို ပေါ့ပေါ့ပါးပါး ရောင်းနေတဲ့ "မစ္စတာဟွမ်" ကတော့ သာမန်လူ မဟုတ်တာ သေချာပါတယ်။ သူက ညှပ်ဖိနပ်စီး၊ အိမ်ငှားသော့တွဲ အများကြီးကို ခါးကြားထိုးပြီး နေ့တိုင်း အိမ်လခလိုက်ကောက်နေရတဲ့ သူဌေးကြီးမျိုးလေ။ ဒီဆိုင်ဖွင့်တာက စီးပွားရှာတာထက် အချိန်ဖြုန်းချင်လို့ ဖွင့်ထားတာမျိုး။

ဒါပေမဲ့ ဒီဆိုင်က နှစ်စဉ် နွေရာသီနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာတော့ ပုံမှန်ဖွင့်လှစ်လေ့ ရှိတယ်။ အဲ့ဒီ အားလပ်ရက်တွေမှာ ဆိုင်ကို ဦးစီးဖွင့်လှစ်သူကတော့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ သူမကတော့ မစ္စတာဟွမ်ရဲ့ အသည်းကျော်သမီးလေး၊ တက္ကသိုလ်ကျောင်းသူ "ဟွမ်လင်ဝေ" ဖြစ်တယ်လို့ ဆိုကြတယ်။

နွေရာသီ ကျောင်းပိတ်လို့ အိမ်ပြန်ရောက်တဲ့ နောက်တစ်ရက်မှာပဲ ဟွမ်လင်ဝေက နေ့တိုင်း ဆိုင်ဖွင့်မယ်လို့ ဇွတ်တောင်းဆိုခဲ့တယ်။

အခုအချိန်မှာ ဟွမ်လင်ဝေက ငွေရှင်းကောင်တာမှာ ထိုင်ပြီး ဖုန်းနဲ့ ဇာတ်လမ်းတွဲ ကြည့်နေတယ်။ အဲ့ဒီအချိန်မှာ WeChat ကနေ Friend request တစ်ခု ဝင်လာတယ်။ ဖွင့်ကြည့်လိုက်တော့ "ကျန်းဖုန်း" ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက် ဖြစ်နေတယ်။

အရင်တုန်းကဆို သူမက သူစိမ်းတွေရဲ့ Request ကို ဘယ်တော့မှ လက်မခံပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ တဖက်လူရဲ့ မိတ်ဆက်စာကို မြင်ပြီး ခဏလောက် တွေဝေသွားပြီးမှ နောက်ဆုံးမှာ လက်ခံလိုက်တယ်။

"မင်္ဂလာပါ... ပေါင် ၁၀၀ အလှမယ်!"

အဲ့ဒီ စာကြောင်းလေးက တဖက်လူ Add တုန်းက ရေးထားတဲ့ မိတ်ဆက်စာပါ။ တကယ် ထူးဆန်းတယ်။

Friend request လက်ခံပြီးတာနဲ့ တဖက်လူက ချက်ချင်း နှုတ်ဆက်စာ ပို့လာတယ်။

ကျန်းဖုန်း - "မင်္ဂလာပါ အလှမယ်၊ တွေ့ရတာ ဝမ်းသာပါတယ်။"

မြက်ပန်းပွင့်လေး - "မင်္ဂလာပါ။ ရှင်က ဘယ်သူလဲ။ ကျွန်မ WeChat ID ကို ဘယ်သူပေးတာလဲ။ ပြီးတော့ ကျွန်မ ကိုယ်အလေးချိန်ကို ဘယ်လို သိတာလဲ။"

ကျန်းဖုန်း - "ကျွန်တော့် WeChat နာမည်က နာမည်ရင်းပါ။ ခင်ဗျားရဲ့ WeChat ID နဲ့ ကိုယ်အလေးချိန်ကိုတော့ ကျွန်တော် မှန်းလိုက်တာပါလို့ ပြောရင် ယုံမလား ^_^"

မြက်ပန်းပွင့်လေး - "မယုံပါဘူး။ ဒါမျိုး ဘယ်သူက မှန်းလို့ရမှာလဲ။"

ကျန်းဖုန်း - "အလှမယ်ရဲ့ WeChat နာမည် (မြက်ပန်းပွင့်လေး) ကို ကြည့်ရတာ 'ချောင်ကျန်ကျား' ဆိုတဲ့ ဇာတ်ကောင်ကို တော်တော်ကြိုက်ပုံရတယ်။"

မြက်ပန်းပွင့်လေး - "ဟယ်... ဒါတောင် သိတယ်လား။"

ကျန်းဖုန်း - "ခက်တာမှ မဟုတ်တာ။ ကျွန်တော်လည်း 'ချန်အာဂေါင်၏ ထူးခြားသောဘဝ' ဆိုတဲ့ ဝတ္ထုရဲ့ ပရိသတ်အရင်းခေါက်ခေါက်ပါဗျာ။ ခင်ဗျားရဲ့ WeChat နာမည်ကို မြင်လိုက်တာနဲ့ နတ်သမီး ချောင်ကျန်ကျားကို မပြေးမြင်မိဘဲ မနေနိုင်ဘူး။ သူမက ပရိသတ်သန်းပေါင်းများစွာရဲ့ ရင်ထဲက အပြည့်စုံဆုံး ဇနီးသည်လေ။ နောက်ဆုံးအခန်းကို ဖတ်ပြီးတုန်းကဆို မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတာ။"

မြက်ပန်းပွင့်လေး - "ဟုတ်ပါ့၊ စာရေးသူ ဖုန်းဟွိုက ရက်စက်လွန်းတယ်။ ဒီလောက် ပြည့်စုံတဲ့ အမျိုးသမီးကို သတ်ပစ်ရက်တယ်။ နောက်ဆုံးမှာ 'အာဂေါင်... ဒီဘဝမှာ မင်းအပေါ် အကြွေးတွေ တင်ခဲ့ပြီ။ နောက်ဘဝကျရင် မင်းရဲ့ မြက်ပန်းပွင့်လေး ပြန်ဖြစ်ပါရစေ' ဆိုတဲ့ စာကြောင်းကို ဖတ်ရတုန်းက သေလောက်အောင် ငိုခဲ့ရတာ။"

ကျန်းဖုန်း - "ဖုန်းဟွိုရဲ့ လက်ရာထဲက အမျိုးသမီး ဇာတ်ကောင်တွေက ထူးခြားကြပေမယ့် ကိုယ်တိုင်တော့ နတ်သမီး ချောင်ကျန်ကျားကို အကြိုက်ဆုံးပဲ။ နှစ်တွေကြာလာပေမယ့် တခြားစာအုပ်ထဲက ဇာတ်ကောင်တွေကို မေ့သွားတတ်ကြပေမယ့် ချောင်ကျန်ကျားကတော့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်နေတုန်းပဲ။ ဘယ်တော့မှ မမေ့နိုင်ဘူး။"

မြက်ပန်းပွင့်လေး - "ကျွန်မလည်း ချောင်ကျန်ကျားကို အကြိုက်ဆုံးပဲ။ ဖုန်းဟွိုရဲ့ အရေးအသားက တကယ် ကောင်းလွန်းတယ်။ ဆရာကြီး ကျင်းယုံရဲ့ 'လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ' (Demi-Gods and Semi-Devils) ထဲက အားကျူး သေသွားတုန်းကလို ခံစားရတယ်။ လူကို တကယ် နှိပ်စက်တာပဲ။"

ကျန်းဖုန်း - "စိတ်ချင်း တိုက်ဆိုင်လိုက်တာဗျာ။ 'နယ်စပ်မှာ နွားတွေ သိုးတွေ မွေးမြူမယ်' ဆိုတဲ့ ကတိက အခုတော့ အလကား ဖြစ်သွားပြီလို့ တွေးမိတိုင်း ရင်နာရတယ်။ ဂိုဏ်းချုပ်ချောင် ကိုယ်တိုင် သူ့ချစ်သူ အားကျူးကို သတ်မိလိုက်တဲ့ အခန်းဆိုရင် ယောကျ်ားရင့်မာကြီး ကျွန်တော်တောင် မျက်ရည်ကျခဲ့ရတယ်။"

နှစ်ယောက်သား "ချန်အာဂေါင်" ထဲက ချောင်ကျန်ကျား သေဆုံးခန်း၊ ပြီးတော့ "နတ်လူမင်းသမီး" ထဲက အားကျူး သေဆုံးခန်း၊ ပြီးတော့ ဂိုဏ်းချုပ်ချောင် သေဆုံးခန်းတွေအကြောင်း ပြောဖြစ်ကြတယ်။ အဲ့ဒီကနေ သိုင်းလောကသားတွေ စိတ်ဓာတ်တွေအကြောင်း သဘာဝကျကျ ရောက်သွားကြတယ်။

သူရဲကောင်းပီသတဲ့ ချောင်ဖုန်း အကြောင်း၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးတဲ့ ကော့ကျင့် အကြောင်း၊ မာနကြီးပြီး စည်းကမ်းမဲ့ပေမယ့် အချစ်ကြီးတဲ့ ယန်ကော် အကြောင်း၊ အချစ်ရေးမှာ တွေဝေတတ်ပေမယ့် ကြင်နာတတ်တဲ့ ကျန်းဝူကျိ အကြောင်း...

ကဗျာဆရာကြီး အိုယန်ရှို ရေးသလိုပါပဲ။ "မိတ်ဆွေစစ်နဲ့ သောက်ရင် အရက်တစ်ထောင်တောင် မလောက်ဘူး၊ သဘောထား မတိုက်ဆိုင်သူနဲ့ ပြောရင် စကားတစ်ခွန်းတောင် များလွန်းတယ်" တဲ့။

ဘုံတူညီတဲ့ အကြိုက်တွေ တွေ့သွားတော့ နှစ်ယောက်သား ၂ နာရီကျော်ကြာအောင် မရပ်မနား ပြောဖြစ်ကြတယ်။ ဟွမ်လင်ဝေရဲ့ အမေက ဆိုင်ပိတ်ပြီး ထမင်းပြန်စားဖို့ ဖုန်းဆက်ခေါ်မှပဲ မချင့်မရဲနဲ့ ရပ်လိုက်ကြရတယ်။

...

မြို့ထဲက လူနေရပ်ကွက် တစ်ခုဘေးမှာ။ ကျန်းဖုန်း ကားထဲမှာ လှဲရင်း ဟွမ်လင်ဝေနဲ့ ပြောခဲ့တဲ့ စကားဝိုင်းကို ပြန်တွေးပြီး အရသာခံနေတယ်။

"အင်း... အစပျိုးတာ တော်တော်ကောင်းတယ်။ လက်ရှိ မဟာဗျူဟာအတိုင်း ဆက်သွားပြီး သူမ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုပဲ ရွေးပြောရမယ်။ မကြာခင်မှာ ဘာမဆို တိုင်ပင်လို့ရတဲ့ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်လာမှာ သေချာတယ်!" ကျန်းဖုန်း ကျေနပ်စွာနဲ့ WeChat ကို ပိတ်လိုက်တယ်။

ပြီးတော့ ဖုန်း Contact ထဲက တက္ကသိုလ် အတန်းဖော် ထန်အန်းကျွင်းဆီ ဖုန်းခေါ်လိုက်တယ်။ တက္ကသိုလ် ၄ နှစ်တာ ကာလအတွင်းမှာ ကျန်းဖုန်းနဲ့ ခင်မင်ရင်းနှီးတဲ့ အတန်းဖော် လက်တစ်ဆုပ်စာပဲ ရှိတယ်။ ထန်အန်းကျွင်းက အဲ့ဒီအထဲက တစ်ယောက်ပေါ့။ အခု သူမရဲ့ နယ်မြေရောက်နေမှတော့ မဆက်သွယ်ဘဲ နေလို့ မကောင်းဘူးလေ။

ဖုန်းဝင်သွားတာနဲ့ ထန်အန်းကျွင်းရဲ့ ရွှင်လန်းတဲ့ ရယ်သံလေး ထွက်ပေါ်လာတယ်။ "အို... မစ္စတာကျန်း။ ဒီနေ့ ဘယ်လေက တိုက်လို့ အတန်းဖော်ဟောင်းဆီ ဖုန်းဆက်ရတာလဲ။"

ကျန်းဖုန်းက ဒရာမာဆန်ဆန် လေသံနဲ့ "အလှမယ်ထန်... ကျွန်တော် ရှင်းကျန်း ရောက်နေပါပြီ။ မြန်မြန် လာကြိုပါဦး" လို့ ပြောလိုက်တယ်။

ထန်အန်းကျွင်း အသံထဲမှာ အံ့သြရိပ်တွေ ပါသွားပြီး "တကယ်ကြီးလား။ နင် ရွာမှာ အောင်သွယ်လုပ်လို့ ကောင်းနေတယ်ဆို။ ဘယ်လိုဖြစ်ပြီး ရှင်းကျန်း ရောက်လာတာလဲ" လို့ မေးတယ်။

"ငါ့မှာ ရှင်းကျန်းမှာနေတဲ့ အဒေါ်တစ်ယောက်ရှိတယ်လို့ မပြောဖူးဘူးလား။ ဒီတစ်ခေါက် အဒေါ့်ကို လိုက်ပို့ရင်း ရောက်လာတာ။ ကဲ... ပေါက်ကရတွေ ပြောမနေနဲ့တော့၊ နင့် Location မြန်မြန်ပို့" လို့ ကျန်းဖုန်းက ပြောလိုက်တယ်။

ထန်အန်းကျွင်းက "အခု နင်က ပိုက်ဆံတွေ အများကြီး ရှာနိုင်နေပြီဆိုတော့ ငါက နင့်ဆီက ပြန်စားဖို့ အခွင့်အရေး ချောင်းနေတာ။ ကိုယ့်ဖာသာ ရောက်လာမှတော့ အားမနာတော့ဘူးနော်။ Location အခု ပို့လိုက်မယ်" လို့ ပြောတယ်။

"မလုပ်ပါနဲ့ အလှမယ်ထန်ရာ... ဒါ နင့်နယ်မြေလေ။ နင်လို သူဌေးမလေးက ငါ့ဆီက ပြန်စားဖို့ မျှော်လင့်နေတာလား။"

"ဟွန်း... ငါက တစ်လမှ ထောင်ဂဏန်းပဲ ရတာ။ နင်က အောင်သွယ်တစ်ခါလုပ်ရင် ငါ့ ၃၊ ၄ လစာလောက် လွယ်လွယ်လေး ရနေတာ။ နင်မကျွေးရင် ဘယ်သူကျွေးမလဲ။"

"ကောင်းပြီလေ၊ ကျွေးပါ့မယ်။ ဒါပေမဲ့ မြေရှင်အိမ်မှာတောင် ပိုလျှံတဲ့ စပါးမရှိတော့ဘူးဆိုတာ သတိရပြီး ညှာညှာတာတာ လည်လှီးပါနော်။"

"..."

နှစ်ယောက်သား ဟာသတွေပြောပြီး စနောက်ကြရင်း ဖုန်းချလိုက်တယ်။ ၁၀ စက္ကန့် မပြည့်ခင်မှာပဲ ထန်အန်းကျွင်း Location ပို့လာတယ်။ ကျန်းဖုန်း OK လို့ စာပြန်ပြီး GPS ဖွင့်ကာ ဦးတည်ရာဆီသို့ အမြန်မောင်းထွက်သွားတယ်။


မှတ်ချက် - ကျန်းဖုန်း ဖွန်ကြောင်နေတာတွေမှာ ပါတဲ့ ဇာတ်ကောင်နာမည်တွေက သိကြမယ်လို့ထင်ပါတယ် မသိကြဘူးဆိုရင်တော့ လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ-မိုးကျော်သူ၊ သိုင်းလောကမှ သူရဲကောင်းများ-မိုးကျော်သူ၊ သိုင်းလောကမှ မောင်မယ်များ, သိုင်းလောကမှ မျိုးဆက်များ-မိုးကျော်သူ၊ နဂါးနိုင်ဓား-တက္ကသိုလ် နေလင်းအောင်၊ သိုင်းလောက၏ စိန်ခေါ်သံ-တက္ကသိုလ် နေလင်းအောင် အဲ့စာအုပ်တွေဖတ်ရင် အဆင်ပြေမှာပါ။