အခန်း (၃၉) သူ့အတွက် မုန့်ဖိုးကြီးကြီး ပြင်ဆင်ထားကြစို့
ကျန်းဖုန်းနှင့် ထန်အန်းကျွင်းတို့သည် ဈေးသိပ်မကြီးသော ကွမ်တုံ စားသောက်ဆိုင် တစ်ဆိုင်၌ တွေ့ဆုံကြသည်။
တက္ကသိုလ်ဘွဲ့ရပြီးသည်မှာ တစ်လခွဲမျှသာ ရှိသေးသော်လည်း ထန်အန်းကျွင်း၏ ပုံစံသည် အတော်လေး ပြောင်းလဲသွားသည်။ အဓိကအားဖြင့် ဝတ်စားဆင်ယင်မှုနှင့် အသွင်အပြင်ပိုင်း ဖြစ်သည်။
ကျောင်းတက်စဉ်ကာလတုန်းက ထန်အန်းကျွင်းသည် မိတ်ကပ်လိမ်းခဲပြီး ဆံပင်ကိုလည်း မြင်းမြီးပုံစံ စည်းထားလေ့ရှိသည်။ ဂါဝန်၊ ပေါ့ပေါ့ပါးပါး အဝတ်အစားများ သို့မဟုတ် ဂျင်းဘောင်းဘီ၊ ဂျင်းစကတ်နှင့် တီရှပ်များကိုသာ ဝတ်ဆင်လေ့ရှိသည်။
ယခုအခါ ထန်အန်းကျွင်းသည် မိတ်ကပ်ပါးပါးလေး လိမ်းထားရုံသာမက ဆံပင်ကိုလည်း ကျန်းဖုန်း တစ်ခါမှ မမြင်ဖူးသော အလယ်ခွဲ ကောက်သားပုံစံ ပြုလုပ်ထားသည်။ သူမသည် ရုံးဝတ်စုံ၊ ဒေါက်မြင့်ဖိနပ်နှင့် Otaku (အိမ်တွင်းအောင်း ကာတွန်း/ဂိမ်း စွဲလမ်းသူ) များ အသည်းစွဲဖြစ်သော ခြေအိတ်အနက်ရောင်ကို ဝတ်ဆင်ထားသည်။
သူမ၏ ရင့်ကျက်ပြီး လှပသော ပုံစံကြောင့် ကျန်းဖုန်း ခဏခဏ ခိုးကြည့်မိနေသည်။
ထန်အန်းကျွင်းက မျက်လုံးလေးများ ပြုံးလျက် "ဘာလဲ... တစ်လခွဲလောက်ပဲ ခွဲနေရတာကို မမှတ်မိတော့ဘူးလား" ဟု မေးလိုက်သည်။
ကျန်းဖုန်းက မနေနိုင်ဘဲ ချီးကျူးလိုက်သည်။ "အလှမယ်ထန်... နင် တော်တော် ပြောင်းလဲသွားတာပဲ။ ပိုပိုပြီး လှလာတယ်။ ကျောဘက်ကပဲ မြင်ရင် ငါ သေချာပေါက် မှတ်မိမှာ မဟုတ်ဘူး။"
ထန်အန်းကျွင်း ကျေနပ်သွားပြီး ပြုံးလျက် ပြောသည်။ "နင်ပြောသလောက်လည်း မဟုတ်ပါဘူး။ အခုက လုပ်ငန်းခွင် ဝင်နေပြီလေ။ ကျောင်းတုန်းကလို ပေါ့ပေါ့ပါးပါး နေလို့မရတော့ဘဲ နည်းနည်း ရင့်ကျက်အောင် ဝတ်ရတာပေါ့။"
"နင် တကယ်လှပါတယ်။ ကုမ္ပဏီရောက်တာ သိပ်မကြာသေးဘူး၊ ရုံးက ဘဲတွေ ဘယ်နှစ်ယောက်လောက် ပြုတ်ကျကုန်ပြီလဲ။"
"မရှိပါဘူးဟယ်။ ငါတို့ ကုမ္ပဏီက ရုံးတွင်းအချစ်ရေးကို တားမြစ်ထားတယ်။"
"..."
"ကဲ... အထဲဝင်ကြစို့။ အပြင်မှာ ရပ်နေတာ လမ်းသွားလမ်းလာတွေ ဝိုင်းကြည့်နေကြလို့ နေရခက်တယ်။"
"နင်လှလွန်းလို့ ကြည့်ကြတာပါ။ နင်သာ ရုပ်ဆိုးရင် ဘယ်သူမှ လှည့်ကြည့်မှာ မဟုတ်ဘူး။"
စကားပြောရင်း နှစ်ယောက်သား စားသောက်ဆိုင်ထဲ ဝင်သွားကြသည်။ စားသောက်ဆိုင်က ဈေးမကြီးသော်လည်း သီးသန့်ခန်းများ ရှိသည်။ သူတို့နှစ်ဦး သီးသန့်ခန်းအသေးစားလေး တစ်ခန်းယူလိုက်ပြီး ဟင်း ၃ ပွဲ၊ ဟင်းရည် ၁ ပွဲ မှာကာ ကျောင်းတုန်းက အကြောင်းများ ပြောဖြစ်ကြသည်။
ထန်အန်းကျွင်းက စကားစပြောသည်။ "အောင်သွယ်တော်ကြီး ကျန်း... လွန်ခဲ့တဲ့ တစ်လခွဲအတွင်း နင့်ဇာတိမှာ အောင်သွယ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ ငါ တကယ် သိချင်နေပြီ။ အသေးစိတ် ပြောပြပါလား။"
ကျန်းဖုန်း ရယ်မောလိုက်ပြီး "အောင်သွယ်လုပ်တာက ဆန်းကြယ်တဲ့ အလုပ်မှ မဟုတ်တာ၊ ဘာများ သိချင်စရာ ရှိလို့လဲ" ဟု ပြောသည်။
ထန်အန်းကျွင်းက "အောင်သွယ်အလုပ်က မဆန်းကြယ်ပေမယ့် နင် အောင်သွယ်ဖြစ်လာပုံက ငါသိထားတဲ့ အောင်သွယ်တွေနဲ့ မတူသလို ခံစားရလို့ ပိုသိချင်နေတာ" ဟု ပြောသည်။
ကျန်းဖုန်းက နှိမ့်ချစွာဖြင့် "ဘာကွာလို့လဲ။ အတူတူပါပဲ။ လူတွေကို ပေါင်းဖက်ပေးဖို့ ကြိုးစားရတာပဲလေ" ဟု ပြောသည်။
ထန်အန်းကျွင်း မျက်စောင်းထိုးလိုက်ပြီး "ငါ ဒီလောကအကြောင်း နားမလည်လို့ဆိုပြီး လာမနှပ်နဲ့နော်။ နင်လို ဘီလူးတစ်ကောင်ကလွဲရင် ဘယ်အောင်သွယ်က တစ်လမပြည့်ခင်မှာ သူများတွေ တစ်နှစ်စာ လစာထက် ပိုရှာနိုင်မှာလဲ" ဟု ပြောလိုက်သည်။
ကျန်းဖုန်း ရယ်မောပြီး "ငါ ကံကောင်းလို့ပါဟာ။ ရက်ရောတဲ့ ဖောက်သည်နဲ့ သွားတိုးလို့ပါ" ဟု ပြောသည်။
ထန်အန်းကျွင်း နှုတ်ခမ်းဆူပြီး "ကဲပါ... နှိမ့်ချမနေပါနဲ့တော့။ ဒီကာလအတွင်း နင့်အတွေ့အကြုံတွေကို ပြောပြပြီး ငါ့သိချင်စိတ်ကို ဖြေဖျောက်ပေးစမ်းပါ" ဟု တောင်းဆိုသည်။
ဒါကိုမြင်တော့ ကျန်းဖုန်း ရယ်မောပြီး "ကောင်းပြီလေ၊ နင် သိချင်မှတော့ ပြောပြရတာပေါ့" ဟု ပြောလိုက်သည်။
ထို့နောက် ကျန်းဖုန်းသည် သူ့တွင် မှော်စွမ်းရည်ရှိကြောင်း ဖုံးကွယ်ထားပြီး ပြောသင့်တာများကို ပြောပြလိုက်သည်။ စားပွဲထိုး ဟင်းလာချချိန် ခဏရပ်လိုက်ပြီး ထွက်သွားမှ ဆက်ပြောသည်။ ပြောရင်းနဲ့ စကားအဆက်အစပ် မိအောင်၊ ကျိုးကြောင်းဆီလျော်အောင် ဖာထေးပြောဆိုသွားသည်။
ရွာတွင် အောင်သွယ်လုပ်ခဲ့သည့် အတွေ့အကြုံကို ခဏလေးနှင့် ပြောပြီးနိုင်သော်လည်း ထန်အန်းကျွင်းက မေးခွန်းတွေ မနားတမ်း မေးနေသဖြင့် တစ်နာရီနီးပါး ကြာသွားသည်။
"ကဲ... ငါ့အကြောင်း ပြောပြီးပြီ။ အခု နင့်အလုပ်အကြောင်း ပြောပြဦး။"
ထန်အန်းကျွင်းက အရသာခံနေဆဲဖြစ်ပြီး "နင့် အောင်သွယ်အတွေ့အကြုံက တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။ အောင်သွယ်လုပ်တာ ဒီလောက် ပျော်စရာကောင်းမယ်လို့ မထင်ထားဘူး။ Blind date ဓလေ့ထုံးစံတွေကလည်း စိတ်ဝင်စားစရာပဲ။ ငါ့အလုပ်ကတော့ ပျင်းစရာကောင်းပါတယ်။ မနက် ၉ နာရီတက် ည ၅ နာရီဆင်းဆိုတော့ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး" ဟု ပြောသည်။
ကျန်းဖုန်း ရယ်မောပြီး "မတူပါဘူးဟာ။ နင့်အလုပ်က နည်းနည်း ပျင်းစရာကောင်းပေမယ့် ဖိအားသိပ်မရှိဘူးလေ။ ငါတို့ အောင်သွယ်လောကကျတော့ မတူဘူး။ ကျင့်ဝတ်မရှိတဲ့ အောင်သွယ်တွေကြောင့် တစ်လောကလုံး နာမည်ပျက်နေတာ။ အခုဆို လူတော်တော်များများက အောင်သွယ်လို့ ပြောလိုက်တာနဲ့ လိမ်လည်လှည့်ဖြားသူတွေနဲ့ တန်းတူ သတ်မှတ်ကြတာ။ အဲ့ဒါကြောင့်လည်း ငါက ရွာပြန်ပြီး အောင်သွယ်စလုပ်ဖို့ ရွေးချယ်ခဲ့တာပါ" ဟု ပြောပြသည်။
"အမှန်ပဲ။ ဒီခေတ်မှာ အောင်သွယ်တွေက နာမည် သိပ်မကောင်းကြဘူး။"
"တစ်နေ့ကျရင် လူတွေ အောင်သွယ်အပေါ် ထားရှိတဲ့ အမြင်ဆိုးတွေကို ငါ ပြောင်းလဲပစ်မယ်။ အောင်သွယ်လောကရဲ့ အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားမယ်။"
"ရည်မှန်းချက်ကြီးလှချည်လား။ အခု ငါ အောင်သွယ်အလုပ်ကို စိတ်ဝင်စားလာပြီ။ နင် အောင်သွယ်ကုမ္ပဏီ ဖွင့်ရင် ငါ့ကို ပြောနော်။ အလုပ်ထွက်ပြီး နင့်ဆီမှာ ဝန်ထမ်း လာလုပ်မယ်။"
"ဟားဟား... ကောင်းပြီလေ။ အဲ့ဒီနေ့ ရောက်လာရင် နင့်အတွက် နေရာတစ်နေရာ သေချာပေါက် ချန်ထားပေးပါ့မယ်။"
ဒီအချိန်မှာ နှစ်ယောက်သား စားသောက်ပြီးစီးနေကြပြီ။ စကားဝိုင်းကလည်း တော်တော်လေး အဆင်ပြေချောမွေ့ခဲ့သည်။ မတွေ့ခင်တုန်းက တစ်ယောက်နဲ့တစ်ယောက် အလုအယက် ဒကာခံမယ် ပြောခဲ့ကြပေမယ့် တကယ် ပိုက်ဆံရှင်းရမယ့်အချိန်ကျတော့လည်း နှစ်ယောက်လုံးက သူရှင်းမယ်၊ ကိုယ်ရှင်းမယ် ဖြစ်နေကြတယ်။
ဒါပေမဲ့ ထန်အန်းကျွင်းက မိန်းကလေးလေ။ ပိုက်ဆံရှင်းတဲ့နေရာမှာ ယောကျ်ားလေးကို ဘယ်ယှဉ်နိုင်ပါ့မလဲ။ နောက်ဆုံးတော့ ကျန်းဖုန်းပဲ ရှင်းလိုက်ရတယ်။
စားသောက်ဆိုင်က ထွက်လာပြီးနောက် အစားကျေအောင် နှစ်ယောက်သား လမ်းလျှောက်ကြတယ်။ ည ၉ နာရီလောက်ရောက်မှ ကျန်းဖုန်းက ထန်အန်းကျွင်းကို အိမ်လိုက်ပို့ပေးတယ်။
...
ထိုအချိန်တွင်။
ကွမ်ရှီးပြည်နယ် မြို့တော်၌။
ဟူဝမ်ဟွာက ဝူယွီထင်ကို ပြောလိုက်တယ်။ "မနက်ဖြန်ကျရင် ဟိုဘက် (ဟူပေပြည်နယ်) ပြန်ပြီး အိမ်ငှားစာချုပ် ဖျက်လိုက်တော့မယ်။ ပြီးရင် ဒီမှာ အိမ်ငှားပြီး မင်းကို နေ့တိုင်း လာတွေ့မယ်။ စာလည်း အတူတူ ရေးလို့ရတာပေါ့။"
ဒါကိုကြားတော့ ဝူယွီထင် ရင်ထဲ ကြည်နူးသွားပြီး "ဒါဆို မနက်ဖြန်ကျရင် အိမ်ရှာပေးထားမယ်။ ရှင် ပြောင်းလာပြီးရင် ကျွန်မ စာရေးတာ ရပ်လိုက်ပြီး ရှင့်ကို လာကူညီပေးမယ်" လို့ ပြောလိုက်တယ်။
ဟူဝမ်ဟွာ အမြန် တားလိုက်တယ်။ "ဘယ်ဖြစ်မလဲ။ စာရေးတာက မင်းရဲ့ အိပ်မက်လေ။ ၁၀ နှစ်ကျော်တောင် ကြိုးစားလာခဲ့တာ။ ကိုယ့်အတွက်နဲ့ အရှုံးမပေးလိုက်ပါနဲ့။ မဟုတ်ရင် ကိုယ် နေလို့ကောင်းမှာ မဟုတ်ဘူး။"
ဝူယွီထင် ခေါင်းခါပြီး "ရှင်တစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မမှာ စာရေးပါရမီ မပါဘူးဆိုတာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက သိပါတယ်။ ဒါပေမဲ့ ဒီလောကထဲမှာ နှစ်အကြာကြီး ရုန်းကန်လာခဲ့တော့ ရုတ်တရက်ကြီး စွန့်လွှတ်လိုက်ဖို့ ဝန်လေးနေလို့သာ ဆက်လုပ်နေခဲ့တာပါ။"
"အခုတော့ အနားယူသင့်ပြီ။ ရှင် ပြောင်းလာရင် ရှင့်အတွက် ချက်ပြုတ်ပေးမယ်၊ အဝတ်လျှော်ပေးမယ်၊ အိမ်သန့်ရှင်းရေး လုပ်ပေးမယ်။ ရှင့်စာမူတွေ စာလုံးပေါင်းစစ်တာလည်း ကူလုပ်ပေးမယ်။"
ဝူယွီထင် လက်ကို ကိုင်ရင်း ဟူဝမ်ဟွာ စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ "ဒီဘဝမှာ မင်းနဲ့ တွေ့ဆုံရတာ ကိုယ့်ကံကောင်းခြင်းပါပဲ။ ကိုယ့်ရဲ့ စာဖတ်သူ မိတ်ဆွေဟောင်းကြီးကို တကယ် ကျေးဇူးတင်ရမယ်။ သူသာ မကူညီရင် မင်းနဲ့တွေ့ဖို့ အခွင့်အရေး ဘယ်ရပါ့မလဲ။"
ဝူယွီထင် မျက်နှာရဲရဲလေးနဲ့ "ကျွန်မလည်း သူ့ကို ကျေးဇူးတင်ချင်ပါတယ်။ သူသာ မရှိရင် ရှင်လို လူကောင်းတစ်ယောက်နဲ့ တွေ့ရမှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။
ဟူဝမ်ဟွာက "သူက ကိုယ့်ရဲ့ စာဖတ်ပရိသတ် ဆိုပေမယ့် ပရော်ဖက်ရှင်နယ် အောင်သွယ်တစ်ယောက်လေ။ တို့တွေ လက်မှတ်ထိုးပြီးရင် သူ့အတွက် အနီရောင်စာအိတ် (မုန့်ဖိုး) ကြီးကြီးမားမား တစ်ခုလောက် ပြင်ဆင်ထားကြရအောင်" လို့ ပြောလိုက်တယ်။
ဝူယွီထင် ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ အဲ့ဒီလို လုပ်သင့်တာပေါ့" လို့ ထောက်ခံလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: