အခန်း (၄၀) အလျင်အမြန် လာရောက်ခြင်းနှင့် ပြန်လည်ထွက်ခွာခြင်း
အဒေါ့်အိမ်။
ကျန်းချွန်းလျန်၊ ဆွေ့ယွမ်နှင့် ကျန်းဖုန်းတို့ ထမင်းစားပွဲတွင် ထိုင်နေကြသည်။ ဦးလေး ဆွေ့ကျစ်ချန်ကတော့ မရှိပါ။ အဒေါ်ပြောတာတော့ မာဂျောင်သွားကစားတယ်တဲ့။
စားပွဲအပြည့် ဟင်းပွဲတွေကို ကြည့်ပြီး ကျန်းဖုန်းက မနေနိုင်ဘဲ "အဒေါ်ရာ... ဟင်းတွေ ချက်တာ များလွန်းတယ်။ ကျွန်တော်တို့ သုံးယောက်က ဒီဟင်းတွေရဲ့ ဆယ်ပုံတစ်ပုံတောင် ကုန်အောင် မစားနိုင်ဘူး။ နှမြောစရာကြီး" လို့ ပြောလိုက်တယ်။
ဒါက ကျန်းဖုန်း ရှင်းကျန်း ရောက်တာ သုံးရက်မြောက်နေ့ပါ။ မပြန်ခင်မှာ အဒေါ့်အိမ်ကို နှုတ်ဆက်တဲ့အနေနဲ့ ထမင်းလာစားခြင်း ဖြစ်သည်။
ကျန်းချွန်းလျန်က "မများပါဘူး။ မကုန်ရင် ရေခဲသေတ္တာထဲ ထည့်ထားလိုက်လို့ ရပါတယ်။ မင်းက ဒီကို လာခဲတယ်၊ လာရင်လည်း အမြဲ အလျင်အမြန်ပဲ။ မင်းအတွက် ထမင်းတစ်နပ် ချက်ကျွေးရတာ မလွယ်ဘူး။ ဒီနေ့တော့ များများစား" လို့ ပြောတယ်။
ကျန်းဖုန်း ရယ်မောပြီး "ဒါဆို ဒီနေ့ ဗိုက်ကားအောင် စားသွားမယ်ဗျာ" လို့ ပြောလိုက်တယ်။
ကျန်းချွန်းလျန် ခေါင်းညိတ်လိုက်ပြီး နွမ်းနယ်နေတဲ့ သားဖြစ်သူကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး "ရှောင်ယွမ်... မင်း ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ။ မျက်နှာလည်း မကောင်းဘူး။ လျူယန်နဲ့ ရန်ဖြစ်ထားကြတာလား" လို့ မေးလိုက်တယ်။
လျူယန်နာမည် ကြားလိုက်တာနဲ့ ဆွေ့ယွမ် မသိမသာ တုန်လှုပ်သွားတယ်။ ပြီးတော့ ခေါင်းခါပြီး "အမေ... ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ဆက်မမေးပါနဲ့တော့။ ကျွန်တော့်ကို ရက်နည်းနည်းလောက် အေးအေးဆေးဆေး နေခွင့်ပေးပါ" လို့ တောင်းပန်လိုက်တယ်။
ကျန်းချွန်းလျန် သက်ပြင်းချပြီး "ထားလိုက်ပါတော့၊ မင်းတို့ကိစ္စ အမေ ဝင်မပါတော့ပါဘူး" လို့ ပြောလိုက်တယ်။
သူမ အခုမှ နားလည်သွားတာက သူမသားနဲ့ လျူယန်တို့ဟာ ရွာမှာကတည်းက ပြဿနာတက်ခဲ့ကြပုံရတယ်။ ဒါကြောင့် လျူယန်က အလျင်အမြန် ပြန်သွားခဲ့တာကိုး။ အဲ့တုန်းက သူမ မသိအောင် ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ကြတယ်။
ကျန်းဖုန်းကတော့ အခြေအနေမှန်ကို သိနေတာပေါ့။ သူ အဒေါ့်အိမ် ထမင်းလာစားတာက အဒေါ့်ကို နှုတ်ဆက်ဖို့ရယ်၊ စိတ်ဆင်းရဲနေတဲ့ ဝမ်းကွဲအစ်ကိုကို နှစ်သိမ့်ပေးဖို့ရယ်ကြောင့်ပါ။ ဒါပေမဲ့ အဒေါ့်ရှေ့မှာ ပြောဖို့ အဆင်မပြေတာတွေ အများကြီး ရှိနေသေးတယ်။ နောက်မှ သီးသန့်ပြောဖို့ အခွင့်အရေး ရှာရမယ်။
ဘယ်သူမှ အရက်မသောက်ကြတော့ ထမင်းစားဝိုင်းက နာရီဝက်တောင် မကြာဘဲ ပြီးသွားတယ်။
အဒေါ်က ပန်းကန်ခွက်ယောက်တွေ သိမ်း၊ ပန်းကန်ဆေး အလုပ်ရှုပ်နေတုန်း ကျန်းဖုန်းက အပေါ်ထပ် တက်ရင်း "အစ်ကိုကြီး... ကျွန်တော် လက်ယားနေလို့၊ အပေါ်ထပ်တက်ပြီး ဘိလိယက် ထိုးကြရအောင်" လို့ ခေါ်လိုက်တယ်။
အဒေါ့်အိမ်က ကိုယ်ပိုင်ဆောက်ထားတဲ့ ၅ ထပ်တိုက်ပါ။ မြေညီထပ်က ဆိုင်ခန်းနဲ့ ဒုတိယ၊ တတိယထပ်တွေကို ငှားထားတယ်။ စတုတ္ထနဲ့ ပဉ္စမထပ်မှာ သူတို့နေကြတယ်။ စတုတ္ထထပ်မှာ အဒေါ်တို့မိသားစုနေပြီး၊ ပဉ္စမထပ်မှာတော့ ဧည့်ခန်း ၂ ခန်းအပြင် ဘိလိယက်ခန်းနဲ့ အားကစားခန်းပါ ရှိတယ်။ အကုန်လုံးကို ဆွေ့ယွမ်က ပြင်ဆင်ထားတာ။
ဆွေ့ယွမ်က အတင်းပြုံးပြီး "ကောင်းပြီလေ၊ မင်းအစ်ကိုကြီးက ဘိလိယက် တော်တော်ကောင်းတယ်ကွ။ လက်စွမ်းပြရတာပေါ့" လို့ ပြောလိုက်တယ်။
အပေါ်ထပ်ရောက်တော့ ဘိလိယက်ခုံ ပြင်ဆင်ပြီး ညီအစ်ကိုနှစ်ယောက် စကစားကြတယ်။
ပွဲအနည်းငယ် ကစားပြီးနောက် ကျန်းဖုန်းက စကားစလိုက်တယ်။ "အစ်ကိုကြီး... အစ်ကို အခု စိတ်ညစ်နေတယ်ဆိုတာ သိပါတယ်။ ကျွန်တော် မပြောသင့်ပေမယ့် ခံစားချက်နဲ့ ပတ်သက်လာရင် အချိန်ကြာကြာ ခံစားနေရတာထက် မြန်မြန်ဖြတ်တာ ပိုကောင်းတယ်လို့ ထင်လို့ပါ။ မပြန်ခင် အစ်ကို့ကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ချင်လို့ပါ"
ဆွေ့ယွမ်က နံပါတ် ၇ ဘောလုံးကို အောက်ထောင့်ကျင်းထဲ ရိုက်ထည့်လိုက်ပြီး ကျန်းဖုန်းကို ကြည့်ကာ "ရှောင်ဖုန်း... မင်းပြောချင်တာသာ ပြောပါ" လို့ ပြောလိုက်တယ်။
ကျန်းဖုန်းက ဂရုတစိုက်နဲ့ "တကယ်တော့ အစ်ကိုကြီး လျူယန်ကို အိမ်ခေါ်လာကတည်းက အစ်ကိုတို့နှစ်ယောက် မျက်နှာကို ကြည့်ပြီး မသင့်တော်ဘူးဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ ဒါက နည်းနည်း ဆန်းကြယ်တယ်လို့ ထင်ရပေမယ့် ကျွန်တော်က ထူးခြားတဲ့ အတွေ့အကြုံတွေ ရခဲ့ဖူးပြီး မျက်နှာကြည့် ဟောတာ၊ အထူးသဖြင့် အိမ်ထောင်ရေးကံကို ဟောတာ တော်တော်လေး တိကျတယ်။"
"ဒါကြောင့် အခု လျူယန်နဲ့ အစ်ကို့အခြေအနေ ဘယ်လိုပဲရှိရှိ၊ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် လုံးဝ ဖြတ်လိုက်ပါ။ ဒါက နှစ်ယောက်စလုံးအတွက် ပိုကောင်းပါတယ်" လို့ ပြောလိုက်တယ်။
ဆွေ့ယွမ် အံ့သြသွားတယ်။ ညီဖြစ်သူမှာ ဒီလိုစွမ်းရည်ရှိမယ်လို့ ထင်မထားခဲ့ဘူး။
အရင်တုန်းကသာဆိုရင် ကျန်းဖုန်းပြောတာကို သူ လွယ်လွယ်နဲ့ ယုံမှာ မဟုတ်ဘူး။ သူတို့က ခေတ်ပညာတတ်တွေလေ၊ ဒီလို အယူသည်းတာတွေကို သိပ်မယုံကြဘူး။
ဒါပေမဲ့ အခုတော့ ချစ်သူကနေ မောင်နှမဖြစ်သွားတဲ့ ဒရာမာဆန်တဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံလိုက်ရပြီ။ ပြီးတော့ ညီဖြစ်သူက လွန်ခဲ့တဲ့တစ်လအတွင်း အောင်သွယ်လောကမှာ တော်တော်လေး အောင်မြင်နေတယ်ဆိုတာ သိထားတယ်။ ဒါကြောင့် မယုံချင်ပေမယ့်လည်း သံသယတော့ ဖြစ်မိတယ်။
ဆွေ့ယွမ်က နံပါတ် ၅ ဘောလုံးကို ချိန်ရင်း "ငါ သူနဲ့ လုံးဝ ပြတ်သွားပါပြီ။ အတူရှိဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး" လို့ ပြောလိုက်တယ်။
သူတို့ လုံးဝ ပြတ်သွားပြီဆိုတာ ကျန်းဖုန်း သိပါတယ်။ အခုလို စကားစလိုက်တာက နောက်ဆက်တွဲ ပြောမယ့်ကိစ္စအတွက် လမ်းကြောင်းခင်းချင်လို့ပါ။ "ပြတ်သွားပြီဆိုရင်တော့ အစ်ကိုကြီး စိတ်ကို ဖြေလျော့လိုက်ပါတော့။ လွန်ခဲ့တဲ့ ၂ ရက်အတွင်းမှာ အစ်ကိုကြီးနဲ့ ကွက်တိကျမယ့် ကောင်မလေးတစ်ယောက် ရှာတွေ့ထားတယ်။ ဆက်သွယ်လို့ရမယ့် လိပ်စာတွေလည်း ရထားပြီးပြီ။ စိတ်ဝင်စားရင် စကားပြောကြည့်ပါ။ အံ့သြစရာတွေ တွေ့ရလိမ့်မယ်" လို့ ပြောလိုက်တယ်။
ဆွေ့ယွမ် အံ့သြတကြီး ကြည့်လိုက်တယ်။ ညီဖြစ်သူ ရှင်းကျန်းရောက်တာ ၃ ရက်ပဲ ရှိသေးတယ်။ ဒီနေ့မှ လူချင်းတွေ့ရတာ။ မိဘတွေတောင် လျူယန်နဲ့ သူ့ကိစ္စ မသိသေးဘူး။ ဒါပေမဲ့ ညီဖြစ်သူက ရည်းစားသစ်တောင် ရှာပေးထားပြီ။ သူ့ညီက တကယ်ကို ထူးခြားနေပြီပဲ။ သူပြောသလိုပဲ မျက်နှာကြည့်ဟောတဲ့ပညာ၊ အထူးသဖြင့် အိမ်ထောင်ရေးကိစ္စမှာ နတ်ဘုရားတစ်ပါးလို စွမ်းနေတာ ဖြစ်မယ်။
ဒါကို တွေးမိပြီး ဆွေ့ယွမ် စိတ်ဝင်စားသွားတယ်။ "ရှောင်ဖုန်း... အဲ့ဒီ ကောင်မလေးအကြောင်း ပြောပြပါဦး" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက နံပါတ် ၁၄ ဘောလုံးကို အလယ်ကျင်းထဲ ရိုက်ထည့်လိုက်ပြီး "သူ့နာမည်က ဖုန်းလီလီ၊ အသက် ၂၃ နှစ်၊ အရပ် ၁၆၁ စင်တီမီတာ၊ စီချွမ်ပြည်နယ်ကပါ။ အခု ရှင်းကျန်းမှာ အလုပ်လုပ်နေတယ်။ ရုပ်ရည်ချောမောတယ်" လို့ ပြောလိုက်တယ်။
ပြီးတော့ နံပါတ် ၉ ဘောလုံးကို ချိန်ရင်း "လောလောဆယ် သူ့ကို လိုက်နေတဲ့သူတွေ မနည်းဘူး။ အစ်ကိုကြီး စိတ်ဝင်စားရင် မြန်မြန် လှုပ်ရှားမှ ရမယ်" လို့ ပြောပြီး ဘောလုံးကို ကျင်းထဲ ရိုက်ထည့်လိုက်တယ်။
သူက ဝမ်းကွဲအစ်ကိုအတွက် ကိုယ်တိုင် ဝင်မပါတော့ဘူး။ တစ်ချက်က သူ မကြာခင် ရွာပြန်တော့မယ်၊ ရှင်းကျန်းမှာ အချိန်သိပ်မရှိတော့ဘူး။ နောက်တစ်ချက်က ဝမ်းကွဲအစ်ကို ဆွေ့ယွမ်နဲ့ ဖုန်းလီလီတို့ရဲ့ လိုက်ဖက်မှုရမှတ်က ၈၀/၈၃ ရှိတယ်။ အမြင့်ဆုံး ၈၃ ဖြစ်ဖြစ်၊ လက်ရှိ ၈၀ ဖြစ်ဖြစ်၊ ၈၀ အောက် မလျော့ဘူး။ ဒီလို ရမှတ်မြင့်နေမှတော့ သူက ဆက်သွယ်ရန် လိပ်စာပေးလိုက်ရုံနဲ့ သူတို့ဘာသာ သဘာဝကျကျ အဆင်ပြေသွားကြမှာပါ။
လျူယန်ကိုလည်း ဒီလိုပဲ လုပ်ပေးခဲ့တယ်။ လိုက်ဖက်မှုရမှတ် ၇၉/၈၃ ရှိတဲ့သူနဲ့ မိတ်ဆက်ပေးခဲ့တာ။ အခြေခံ အချက်အလက်နဲ့ ဆက်သွယ်ရန် လိပ်စာပေးပြီး ကျန်တာ ဘာမှ ဝင်မစွက်ဖက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျန်းဖုန်းက စေတနာသက်သက် ကူညီတာလေ၊ အောင်သွယ်ခ ယူတာမှ မဟုတ်တာ။
ဆွေ့ယွမ် စိတ်ပါလာပြီး "ကောင်းပြီလေ၊ သူ့လိပ်စာပေး။ နောက်မှ ဆက်သွယ်လိုက်မယ်" လို့ ပြောတယ်။
ကျန်းဖုန်းက သဘောတူကြောင်း ပြောပြီး ကြိုတင်ပြင်ဆင်ထားတဲ့ ဖုန်းနံပါတ်ကို ပေးလိုက်တယ်။ "WeChat အကောင့်က ဖုန်းနံပါတ်နဲ့ အတူတူပဲ" လို့ ပြောပြလိုက်တယ်။
ဆွေ့ယွမ် ခေါင်းညိတ်ပြီး နားလည်ကြောင်း ပြလိုက်တယ်။
ကိစ္စပြီးသွားတော့ ညီအစ်ကိုနှစ်ယောက် ဘိလိယက် ၂ ပွဲလောက် ဆက်ကစားပြီးမှ ကျန်းဖုန်း အောက်ဆင်းပြီး အဒေါ့်ကို နှုတ်ဆက်လိုက်တယ်။
ရှင်းကျန်းမှာ အိမ်ထောင်ကျပြီး နေလာတာ နှစ်ပေါင်းများစွာ ကြာမှ မောင်ဘက်က ဆွေမျိုး လာလည်တာဆိုတော့ ကျန်းချွန်းလျန်က တူဖြစ်သူကို ဒီလောက်မြန်မြန် ပြန်မလွှတ်ချင်သေးဘူး။ "ရှောင်ဖုန်း... တကယ်ပဲ ဒီလောက်မြန်မြန် ပြန်တော့မလို့လား။ အဒေါ်နဲ့ နောက်တစ်ညလောက် နေပြီး မနက်ဖြန်မှ ပြန်ပါလား" လို့ တားတယ်။
ကျန်းဖုန်း ခေါင်းခါပြုံးပြပြီး "အဒေါ်... မနေ့က ရွာကနေ ဖုန်းဆက်လာတယ်။ အောင်သွယ်ခိုင်းမလို့ ထင်တယ်။ ကျွန်တော် အမြန်ပြန်ပြီး စီးပွားရှာမှ အိမ်ဟောင်း ပြန်ဆောက်နိုင်မှာလေ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်းချွန်းလျန် သက်ပြင်းချပြီး "ကောင်းပြီလေ... လမ်းခရီး ဂရုစိုက်မောင်းနော်။ ပင်ပန်းရင် နားနေစခန်းမှာ နားဦး" လို့ မှာလိုက်တယ်။
ပြောပြီးတာနဲ့ ကျန်းဖုန်း တားတာကို နားမထောင်ဘဲ ပြင်ဆင်ထားတဲ့ ပင်လယ်စာတွေ၊ အခြောက်အခြမ်းတွေ၊ စီးကရက်၊ အရက်၊ လက်ဖက်ခြောက် စတာတွေကို ကားပေါ် အတင်းတင်ပေးလိုက်တယ်။ ဂရုစိုက်မောင်းဖို့ ထပ်မှာပြီးမှ မချင့်မရဲနဲ့ ကျန်းဖုန်းကို ပြန်လွှတ်လိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: