အခန်း (၄၁) လူပျိုကြီးဘဝ ခါးစီးခံခြင်း
ကျွန်တော်တို့နိုင်ငံတွင် ကျားမ လူဦးရေအချိုးအစား မညီမျှမှုကြောင့် မကြာသေးမီနှစ်များအတွင်း အမျိုးသား လူပျိုကြီးများ အရေအတွက် တိုးပွားလာခဲ့သည်။ ကွမ်ရှီးပြည်နယ်သည် နိုင်ငံတွင်း လူပျိုကြီးအရေအတွက် အများဆုံး ပြည်နယ်များထဲတွင် အဆင့် ၆ နေရာ၌ ရပ်တည်နေသည်။
ကွမ်ရှီးပြည်နယ်ရှိ မြို့ ၁၄ မြို့တွင် ယွီလင်မြို့သည် လူပျိုကြီး အရေအတွက် အများဆုံးဖြင့် ပထမနေရာကို သိမ်းပိုက်ထားသည်။
လူဦးရေ အထူထပ်ဆုံး ခရိုင် ၃ ခုထဲတွင် ပါဝင်သော ပိုင်လျန်ခရိုင်သည် သားယောက်ျားလေးကို ဦးစားပေးသည့် အယူအဆ အမြစ်တွယ်နေသော ဒေသကြီး ဖြစ်သည်။ ယွီလင်မြို့ရှိ ခရိုင် ၇ ခုတွင် ပိုင်လျန်ခရိုင်သည် လူပျိုကြီးအရေအတွက် အများဆုံး ခရိုင်ဖြစ်လာသည်မှာ သဘာဝကျပါသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူပျိုကြီး အရေအတွက်အရ ပိုင်လျန်ခရိုင်တစ်ခုတည်းက ကျန်တဲ့ ကွမ်ရှီးပြည်နယ်ရှိ မြို့ ၁၃ မြို့လုံးကို စိန်ခေါ်ရဲလောက်အောင် များပြားလှသည်။ ဒါကိုကြည့်ရင် ပိုင်လျန်ခရိုင်မှာ လူပျိုကြီး ဘယ်လောက်များသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။
ပိုင်လျန်ခရိုင်လက်အောက်ရှိ မြို့နယ် ၂၈ ခုထဲတွင် ချင်းဟယ်မြို့နယ်သည် ပထမနေရာ မရောက်နိုင်လျှင်တောင် ထိပ်ဆုံးစာရင်းဝင် ဖြစ်နေမှာ သေချာသည်။ ဒါကြောင့်လည်း ချင်းဟယ်မြို့နယ်က အောင်သွယ်တွေရဲ့ ဈေးနှုန်းက ကွမ်ရှီးပြည်နယ်ရဲ့ အခြားဒေသတွေထက် ပိုမြင့်ပြီး ယွမ်သောင်းချီ တောင်းနေကြတာပါ။ မြို့နယ်ထဲမှာ လူပျိုကြီးတွေက သိပ်များလွန်းနေတာကိုး။
ချင်းဟယ်မြို့နယ်၊ လုံဆန်းရွာလေးမှာတင် အသက် ၃၀ ကျော် လူပျိုကြီး ဒါဇင်နဲ့ချီ ရှိနေပါတယ်။ အဲ့ဒီအထဲမှာ ကျန်းဝမ်တုန်းနဲ့ ကျန်းဝမ်ရှီး ညီအစ်ကိုနှစ်ယောက်က အခြေအနေ အဆိုးဆုံးလို့ ပြောရမယ်။
ဒီနှစ် ညီအစ်ကိုနှစ်ယောက် အသက် ၄၀ နဲ့ ၃၈ နှစ် ရှိကြပြီ။ နှစ်ယောက်စလုံး တစ်သက်လုံး လူပျိုကြီး လုပ်သွားဖို့ ပြင်ဆင်ထားကြပုံရတယ်။ အစ်ကိုကြီး ကျန်းဝမ်တုန်းက သူငယ်ချင်းတွေကို နောက်ပြောင်ပြီး "ငါ အသက် ၆၀ ပြည့်ရင် မုဆိုးဖို စားပွဲ ကျင်းပမယ်" လို့ ပြောလေ့ရှိတယ်။ ဟာသလုပ် ပြောတာဆိုပေမယ့် သူ့စကားထဲမှာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မဲ့နေမှု၊ လက်မှိုင်ချထားရမှုတွေကို တွေ့မြင်နိုင်ပါတယ်။
မတတ်နိုင်ဘူးလေ။ ညီအစ်ကိုနှစ်ယောက်က အောင်သွယ်ငှားဖို့တောင် မဝံ့ရဲလောက်အောင် ဆင်းရဲလွန်းနေတာကိုး။
ကျန်းဝမ်တုန်းတို့ ငယ်ငယ်တုန်းက မိခင်ဖြစ်သူ ရောဂါကြီးကြီးမားမားဖြစ်ပြီး မကြာခင် ဆုံးပါးသွားတယ်။ အရွယ်ရောက်လာတော့ အဘွား ဆုံးပြန်တယ်။ ကံဆိုးမိုးမှောင်ကျချင်တော့ နှစ်အနည်းငယ်အကြာမှာ အဘိုးနဲ့ အဖေပါ လေဖြတ် ကုန်ကြတယ်။ မသေသော်လည်း အိပ်ရာထဲ လဲနေရတဲ့ ဘဝရောက်သွားကြတယ်။
ညီအစ်ကိုနှစ်ယောက်မှာ ဦးလေးတစ်ယောက်နဲ့ အဒေါ်နှစ်ယောက် ရှိပေမယ့် အဒေါ်နှစ်ယောက်က လက်ထပ်ပြီး ထွက်သွားတော့ ရေလိုပဲ စီးဆင်းသွားကြပြီ။ ပိုင်လျန်ခရိုင် ဓလေ့ထုံးစံအရ သားယောက်ျားလေး မရှိမှသာ သမီးမိန်းကလေးက မိဘကို လုပ်ကျွေးပြုစုရတာ (လေဖြတ်နေတဲ့ မိဘကို ပြုစုတာ အပါအဝင်)။ သားရှိရင် သားနဲ့ ချွေးမ တာဝန်ပဲ။ သမီးတွေကို အားကိုးလို့ မရဘူး။ ဒါကလည်း ပိုင်လျန်ခရိုင်ရဲ့ ဖိုဝါဒီ လွှမ်းမိုးမှုကို ထင်ဟပ်နေတာပါပဲ။
ဒါကြောင့် လေဖြတ်နေတဲ့ အဘိုးကို ပြုစုဖို့ တာဝန်က ဦးလေးနဲ့ ဒီညီအစ်ကိုနှစ်ယောက် တာဝန်ဖြစ်ပြီး၊ လေဖြတ်နေတဲ့ အဖေကို ပြုစုဖို့ကတော့ ဒီညီအစ်ကိုနှစ်ယောက် သီးသန့်တာဝန် ဖြစ်လာတယ်။
နောက်ဆုံး ဆွေးနွေးပြီးတော့ ညီအစ်ကိုနှစ်ယောက်က အဘိုးကိုပါ သူတို့ပဲ ပြုစုစောင့်ရှောက်ပါ့မယ်၊ ဦးလေး စိတ်မပူပါနဲ့လို့ ပြောလိုက်ကြတယ်။ ဦးလေးက လစဉ် စားစရိတ် လုံလောက်အောင် ပေးတဲ့အပြင် အိမ်ဆောက်ပြီး မင်္ဂလာဆောင်တဲ့အခါကျရင် ငွေတစ်လုံးတစ်ခဲ ပေးမယ်လို့ ကတိပေးခဲ့တယ်။
အဲ့ဒီအချိန်ကစပြီး ညီအစ်ကိုနှစ်ယောက်ဟာ တစ်ယောက်က အိမ်မှာနေပြီး အဘိုးနဲ့အဖေကို ပြုစု၊ နောက်တစ်ယောက်က အပြင်ထွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာနဲ့ တစ်လှည့်စီ လုပ်ကိုင်လာခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဦးလေးရဲ့ အကူအညီနဲ့ အိမ်တစ်လုံး ဆောက်နိုင်ခဲ့ကြတယ်။ အိမ်က နှစ်ထပ်ဆိုပေမယ့် တစ်ထပ်မှာ အိပ်ခန်း ၂ ခန်း၊ ဧည့်ခန်း ၁ ခန်းပဲ ပါပြီး ရိုးရိုးရှင်းရှင်းပဲ ပြင်ဆင်ထားတာပါ။ ဒါပေမဲ့ အနည်းဆုံးတော့ ညီအစ်ကိုနှစ်ယောက် နေစရာ အိမ်သစ်တစ်လုံး ရခဲ့တာပေါ့။
နှစ်တွေကုန်လွန်လာတာနဲ့အမျှ ညီအစ်ကိုနှစ်ယောက်လည်း အသက်ကြီးလာကြတယ်။ အခု အစ်ကိုကြီး ကျန်းဝမ်တုန်းဆို အသက် ၄၀ ကျော်သွားပြီ၊ အိမ်ထောင်မပြုဖူးသေးဘူး။ သူတို့ အိမ်ထောင်မပြုချင်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် မိန်းမရဖို့ မဖြစ်နိုင်သလောက် ရှိနေတာကို လက်တွေ့ကျကျ သိနေကြလို့ပါ။ အောင်သွယ်ငှားရင် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ပိုက်ဆံအများကြီး ကုန်ကျမှာလေ။ ပင်ပင်ပန်းပန်း ရှာထားရတဲ့ ပိုက်ဆံတွေကို အလဟသ မဖြစ်စေချင်ကြဘူး။
ဒါပေမဲ့ ဒါက အရင်က အတွေးပါ။ အခုတော့ သူတို့အတွေးတွေ ပြောင်းလဲသွားပြီ။ အကြောင်းရင်းကတော့ သူတို့ရဲ့ ဝမ်းကွဲညီလေး ကျန်းဖုန်းက အောင်သွယ်လုပ်နေလို့ပါပဲ။
ဒီကာလအတွင်း ဝမ်းကွဲညီလေးအကြောင်း လေ့လာကြည့်လိုက်တော့ သူ့ရဲ့ အောင်သွယ်အောင်မြင်မှုနှုန်းက မယုံနိုင်စရာ ၁၀၀% ဖြစ်နေတာကို ကျန်းဝမ်တုန်း တွေ့ရှိလိုက်ရတယ်။ ကျန်းဖုန်း မိတ်ဆက်ပေးတဲ့ စုံတွဲတိုင်း အဆင်ပြေသွားကြတယ်။ ဒီလောက် မြင့်မားတဲ့ အောင်မြင်မှုနှုန်းကြောင့်ပဲ အိမ်ထောင်ရေးကို လက်လျော့ထားတဲ့ ကျန်းဝမ်တုန်း ရင်ထဲမှာ မျှော်လင့်ချက် ရောင်ခြည်သန်းလာခဲ့တယ်။
ဒါပေမဲ့ အောင်သွယ်ငှားတယ်ဆိုတာ ကျန်းဝမ်တုန်းအတွက် အတွေ့အကြုံသစ်ပဲ။ သူ့ရဲ့ နိမ့်ပါးတဲ့ မိသားစုအခြေအနေကြောင့် အလှောင်ခံရမှာ ကြောက်ပြီး ရက်အတော်ကြာ တုံ့ဆိုင်းနေခဲ့တယ်။ နောက်ဆုံးမှာတော့ အိမ်ထောင်ပြုချင်စိတ်က အနိုင်ယူသွားပြီး ကျန်းဖုန်းကို အောင်သွယ်ငှားဖို့ ဆုံးဖြတ်လိုက်တယ်။
...
ကျန်းဖုန်း ရှင်းကျန်းက ပြန်ရောက်ပြီးနောက် ၂ ရက်ဆက်တိုက် ဖောက်သည်တွေ လာကြတယ်။ တစ်ယောက်က လီရှင်းဝမ်နဲ့ တစ်ရွာတည်းသား။ လီရှင်းဝမ်ရဲ့ အရှိန်အဝါကြောင့် လာတာ ဖြစ်ဖို့များတယ်။ ကျန်းဖုန်း ရှင်းကျန်းမှာ ရှိတုန်းက ဖုန်းဆက်ပြီး လာတွေ့ချင်တယ်လို့ ပြောထားတာ။
နောက်တစ်ယောက်ကတော့ ကျန်းဖုန်း လုံးဝ မျှော်လင့်မထားတဲ့သူ၊ ဝမ်းကွဲအစ်ကို ကျန်းဝမ်တုန်း ဖြစ်နေတယ်။
ကျန်းဖုန်းက ကျန်းဝမ်တုန်း၊ ကျန်းဝမ်ရှီး ညီအစ်ကိုနှစ်ယောက်ကို သနားမိတယ်။ လေဖြတ်လူနာ ၂ ယောက်ကို ၁၀ နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်ရတာ ဘယ်လောက် ပင်ပန်းဆင်းရဲလဲဆိုတာ ကိုယ်တိုင်ကြုံဖူးသူတွေမှ နားလည်နိုင်မှာပါ။
ကျန်းဖုန်းက အရင်ကတည်းက ဒီညီအစ်ကိုနှစ်ယောက်ကို သွားတွေ့ပြီး အိမ်ထောင်ဖက်ရှာဖို့ ကူညီပေးချင်နေတာ။ တစ်သက်လုံး လူပျိုကြီး မဖြစ်စေချင်ဘူး။ ဒါပေမဲ့ သူက ဒီလောကထဲ အခုမှ ရောက်ကာစ၊ အောင်မြင်မှု သိပ်မရှိသေးတော့ တော်ကြာ သူတို့က မယုံကြည်ရင် ရှက်စရာ ဖြစ်နေမှာစိုးလို့ မသွားခဲ့တာ။ အခု ကျန်းဝမ်တုန်း ကိုယ်တိုင် လာပြောတော့ ကျန်းဖုန်း ဝမ်းသာသွားတာပေါ့။
ကျန်းဝမ်တုန်းက ပြင်ဆင်လာတဲ့ အနီရောင်စာအိတ်ကို ကမ်းပေးရင်း နေရခက်စွာ ပြောလိုက်တယ်။ "ရှောင်ဖုန်း... အစ်ကို့အိမ် အခြေအနေ မင်းသိသားပဲ။ အောင်သွယ်ခ အများကြီးတော့ မတတ်နိုင်လောက်ဘူး..."
ကျန်းဖုန်း အမြန် ဖြတ်ပြောလိုက်တယ်။ "အစ်ကိုတုန်း... ကျွန်တော်တို့က တစ်ဆွေတစ်မျိုးတည်းသားတွေပဲ၊ ဒါတွေ ပြောမနေပါနဲ့။"
ပြောရင်းနဲ့ စာအိတ်ကိုယူပြီး ရှေ့မှာတင် ဖွင့်ကြည့်လိုက်တယ်။ ယွမ် ၁၀၀ တန် ၆ ရွက် (ယွမ် ၆၀၀) တိတိ ပါတယ်။ တော်တော်လေး ရက်ရောတာပဲ။
ကျန်းဖုန်းက ပိုက်ဆံတစ်ရွက်ပဲ ယူလိုက်ပြီး ကျန် ၅ ရွက်ကို ကျန်းဝမ်တုန်းလက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ "အစ်ကိုတုန်း... ကျွန်တော့်အတွက် တစ်ရွက်ဆို လုံလောက်ပါပြီ။ ဒီသစ်သီးတွေလည်း ပြန်ယူသွားလိုက်ပါ။ သတင်းကောင်း ရှိရင် လှမ်းပြောလိုက်မယ်။"
ကျန်းဝမ်တုန်း ကျေးဇူးတင်ဝမ်းသာစွာနဲ့ "ရှောင်ဖုန်း... ကျေးဇူးတင်စကားတွေ အများကြီး မပြောတော့ပါဘူး။ ဒါပေမဲ့ ဒီသစ်သီးတွေက တန်ဖိုးမရှိပါဘူးကွာ၊ ယူထားလိုက်ပါ။ မဟုတ်ရင် မင်း ငါ့ကို အားနာနေသလို ဖြစ်နေမယ်။ နောက်ပြီး ရှောင်ဖုန်း... မင်း ငါ့အကူအညီ လိုတဲ့အချိန်ရှိရင် ပြော၊ အချိန်မရွေး ရောက်လာခဲ့မယ်" လို့ ပြောလိုက်တယ်။
ကျန်းဖုန်း မတတ်နိုင်တော့ဘဲ "ကောင်းပြီလေ၊ သစ်သီးတော့ ယူထားလိုက်မယ်။ ကျွန်တော် အခုပဲ အစ်ကို့အတွက် သင့်တော်မယ့်သူ လိုက်ရှာပေးမယ်။ အဆင်ပြေရင် မနက်ဖြန်၊ နောက်ကျရင် သဘက်ခါလောက် Blind date စီစဉ်ပေးမယ်" လို့ ပြောလိုက်တယ်။
ကျန်းဝမ်တုန်း မျက်လုံးပြူးပြီး "အဲ့လောက် မြန်လား" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ရယ်မောပြီး "ကျွန်တော့် အောင်သွယ်အမြန်နှုန်းက တကယ် ပြိုင်ဘက်ကင်းပဲ။ သတင်းကောင်းသာ စောင့်နေပါ" လို့ ပြောလိုက်တယ်။
ကျန်းဝမ်တုန်း ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ လာမယ့် Blind date ကို မျှော်လင့်နေသလို တဖက်မှာလည်း မိန်းကလေးက သူ့ကို အထင်သေးမလားဆိုပြီး စိုးရိမ်နေမိတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: