နင်ဂူမြို့နယ်။

ရုံရှုရွာ။

ကျိုးမိခင်က ကျန်းဖုန်းကို နွေးထွေးစွာ ထိုင်ခိုင်းလိုက်သည်။ ကျန်းဖုန်းက အောင်သွယ်တော်ဖြစ်ပြီး သူမအတွက် လာခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ကျိုးရှောင်ယင်း အနည်းငယ် ဂဏှာမငြိမ် ဖြစ်သွားသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ပထမဆုံး Blind date အတွေ့အကြုံကို ပြန်သတိရပြီး ထူးဆန်းသော ထိတ်လန့်မှုတစ်ခု ခံစားလိုက်ရသည်။

ကျိုးရှောင်ယင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ကျန်းဖုန်းက Blind date ကိစ္စကို သူမရှေ့တွင် ဝေ့လည်ကြောင်ပတ် ပြောနေလျှင် အဆင်ပြေမည်မဟုတ်ကြောင်း သိလိုက်သဖြင့် လိုရင်းကို တည့်ပြောလိုက်သည်။ "အဒေါ်ကျိုး... ဒီနေ့ ကျွန်တော် လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြီးပါပြီ။ အစ်မရှောင်ယင်းအတွက် အရမ်းသင့်တော်မယ့်သူတစ်ယောက် ရှိပါတယ်။ သူ့အကြောင်း သိချင်ပါသလား။"

ကျိုးရှောင်ယင်း ပြန်မဖြေရသေးခင် ကျိုးမိခင်က ဝင်ပြောလိုက်သည်။ "သိချင်တာပေါ့။ မောင်လေးကျန်း... မြန်မြန် ပြောပြပါ၊ သူ့အခြေအနေ ဘယ်လိုလဲ။"

ကျန်းဖုန်း ခေါင်းညိတ်ပြီး "ကျွန်တော်က ချင်းဟယ်မြို့နယ်ကပါ။ အစ်မရှောင်ယင်းနဲ့ မိတ်ဆက်ပေးချင်တဲ့သူက ကျွန်တော့်ဝမ်းကွဲအစ်ကို ကျန်းဝမ်တုန်းပါ။ အသက် ၄၀ ရှိပြီ၊ အရပ် ၁၆၈ စင်တီမီတာ၊ ရိုးသားပြီး စိတ်ချရတဲ့သူပါ။ ရွာမှာတော့ မိဘကို လုပ်ကျွေးပြုစုတဲ့ သားလိမ္မာလို့ နာမည်ကြီးပါတယ်။ သူနဲ့ သူ့ညီက လေဖြတ်နေတဲ့ အဘိုးနဲ့ အဖေကို ပြုစုနေတာ ၁၀ နှစ်ကျော်ပါပြီ။"

ကျိုးမိခင်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်တော့ ကျန်းဖုန်း သက်ပြင်းချပြီး ဆက်ပြောသည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော့်အစ်ကိုက ကံဆိုးရှာပါတယ်။ ငယ်ငယ်လေးကတည်းက အမေဆုံးသွားတယ်၊ အဘွားမရှိတာလည်း နှစ် ၂၀ လောက်ရှိပြီ။ လေဖြတ်နေတဲ့ အဖေရဲ့ ဝန်ထုပ်ဝန်ပိုးသာ မရှိရင် သူ ဒီနေ့အထိ လူပျိုကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။"

ဒါကိုကြားတော့ ကျိုးမိခင် မျက်မှောင်ကြုတ်ပြီး "မောင်လေးကျန်း... မင်းအစ်ကိုရဲ့ အခြေအနေက တော်တော်... အိမ်မှာ မိန်းမသား တစ်ယောက်မှ မရှိတဲ့အပြင် ပြုစုရမယ့် လေဖြတ်လူနာ ၂ ယောက်တောင် ရှိနေတာ။ ငါ့သမီး ရှောင်ယင်းသာ အဲ့ဒီအိမ်ရောက်သွားရင် နှာခေါင်းဖော်နိုင်ပါ့မလား" ဟု ပြောလိုက်သည်။

ကျန်းဖုန်းက "တကယ်တမ်း ပြုစုဖို့ လိုတာက သူ့အဖေပါပဲ။ အဘိုးကလည်း လေဖြတ်နေတယ် ဆိုပေမယ့် ညီအစ်ကိုနှစ်ယောက်က အခကြေးငွေနဲ့ ပြုစုပေးနေရတာပါ။ သူတို့ဦးလေးက လစဉ် စားစရိတ် လုံလောက်အောင် ပေးထားတာ ၁၀ နှစ်ကျော်ပါပြီ။"

"ပြီးတော့ အစ်မရှောင်ယင်း အဲ့ဒီအိမ်ရောက်သွားရင်လည်း လူနာပြုစုတဲ့အလုပ် သိပ်လုပ်ရမယ် မထင်ဘူး။ ယောကျ်ားနဲ့ မိန်းမ ကွာခြားမှု ရှိတယ်လေ (ကျား၊ မ သဘာဝအရ ပြုစုရ ခက်ခဲခြင်းကို ဆိုလိုသည်)။"

ဒါကိုကြားတော့ ကျိုးမိခင် မျက်နှာ နည်းနည်း ကြည်လင်သွားပြီး "မောင်လေးကျန်း... မင်းအစ်ကိုက လူနာစောင့်နေရတာဆိုတော့ ပိုက်ဆံရှာချိန် ဘယ်ရှိမှာလဲ။ ဦးလေးပေးတဲ့ လစဉ်ကြေးနဲ့ပဲ ရပ်တည်နေတာလား" ဟု မေးလိုက်သည်။

ကျန်းဖုန်း ရှင်းပြလိုက်သည်။ "ညီအစ်ကိုနှစ်ယောက်က တစ်ယောက် လူနာစောင့်၊ တစ်ယောက် အပြင်ထွက် ပိုက်ဆံရှာနဲ့ တစ်လှည့်စီ လုပ်ကြပါတယ်။ သူတို့မိသားစုက မချမ်းသာပေမယ့် အနည်းဆုံးတော့ နှစ်ထပ်တိုက် အိမ်တစ်လုံး ဆောက်နိုင်ခဲ့သလို စုဆောင်းငွေ နည်းနည်းပါးပါးလည်း ရှိပါတယ်။"

"ဒါ့အပြင် သူတို့ မင်္ဂလာဆောင်ရင် ဦးလေးက ငွေကြေး ထောက်ပံ့ပေးမယ်လို့ ကတိပေးထားပါတယ်။"

"အတိုချုပ်ပြောရရင် အစ်မရှောင်ယင်းသာ အဲ့ဒီအိမ်ရောက်သွားရင် စားဝတ်နေရေး ပူစရာမလိုဘဲ အေးအေးဆေးဆေး နေရမှာပါ။"

ကျိုးမိခင် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ကျန်းဖုန်းဆိုတဲ့ အောင်သွယ်လေးက တော်တော် စိတ်ချရတယ်လို့ ခံစားလိုက်ရတယ်။ ကောင်းကွက်ရော ဆိုးကွက်ရော အကုန် ပွင့်ပွင့်လင်းလင်း ပြောပြတာ။ အရင်က ငှားဖူးတဲ့ အောင်သွယ်လို လေချည်းပဲ မဟုတ်ဘူး။

တစ်ဖက်လူရဲ့ အခြေအနေက နည်းနည်း လိုအပ်ချက် ရှိနေပေမယ့် ကိုယ့်သမီး အခြေအနေကလည်း သိပ်ကောင်းလှတာ မဟုတ်ဘူးဆိုတာ ကျိုးမိခင် နားလည်ပါတယ်။

ဒါကြောင့် စိတ်ပါလာတဲ့ ကျိုးမိခင်က ခေါင်းငုံ့ပြီး ဘာစကားမှ မပြောဘဲ ထိုင်နေတဲ့ သမီးဖြစ်သူကို ကြည့်ကာ "ရှောင်ယင်း... မောင်လေးကျန်းက တစ်ဖက်လူရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီ။ နင် ဘယ်လိုသဘောရလဲ" လို့ မေးလိုက်တယ်။

ကျိုးရှောင်ယင်းက သေချာ နားထောင်နေခဲ့တာပါ။ တစ်ဖက်လူရဲ့ မိသားစုကလည်း တော်တော် ဆင်းရဲတယ်ဆိုတော့ သူမ အမြဲတမ်း ခံစားနေရတဲ့ အားငယ်စိတ် နည်းနည်း လျော့သွားပြီး ယုံကြည်မှု ပြန်ရလာသလို ခံစားလိုက်ရတယ်။

အမေက ရုတ်တရက် မေးလိုက်တော့ ကျိုးရှောင်ယင်း ခေါင်းနည်းနည်း မော့လာပြီး "သမီး သဘောတူပါတယ်" လို့ တိုးတိုးလေး ဖြေလိုက်တယ်။

ဒီနေ့မတိုင်ခင်သာ ဒီမေးခွန်းကို မေးခဲ့ရင် သူမ အချိန်အကြာကြီး တွေဝေနေမိမှာပါ။ ဒါပေမဲ့ ဒီနေ့ နေ့လယ်က ကြက်ဖနဲ့ ကြက်မ ဖြစ်ပျက်တာကို မြင်လိုက်ရပြီးတဲ့နောက် သူမ စိတ်ပြောင်းသွားခဲ့တာ သေချာပါတယ်။

သမီးရဲ့ အဖြေကြောင့် ကျိုးမိခင် အံ့သြသွားပေမယ့် ဝမ်းသာအားရ "သဘောတူတယ်ဆိုရင် ကောင်းတာပေါ့" လို့ အော်လိုက်မိတယ်။ သမီး ဘာလို့ စိတ်ပြောင်းသွားလဲဆိုတာ တွေးမနေတော့ဘဲ ကျန်းဖုန်းကို ချက်ချင်း လှည့်ပြောလိုက်တယ်။ "မောင်လေးကျန်း... ဒါဆို မင်းပဲ စီစဉ်ပေးပါတော့။"

ကျန်းဖုန်း ပြုံးပြီး ခေါင်းညိတ်ကာ "ရတာပေါ့၊ အဆင်ပြေပါတယ်။ မနက်ဖြန် နေ့လယ် မြို့ထဲက ဖူဟွာ စားသောက်ဆိုင်မှာ တွေ့ဖို့ စီစဉ်ပေးပါ့မယ်" လို့ ပြောလိုက်တယ်။

ကျိုးမိခင် သဘောတူကြောင်း ခေါင်းညိတ်လိုက်တယ်။

မိနစ်အနည်းငယ်လောက် စကားစမြည်ပြောပြီး ဆက်သွယ်ရန် လိပ်စာ ဖလှယ်ကြတယ်။ ပြီးတော့ ကျန်းဖုန်းက မတ်တပ်ရပ်ပြီး "အဒေါ်ကျိုး၊ အစ်မရှောင်ယင်း... မိုးချုပ်နေပြီဆိုတော့ ကျွန်တော် ပြန်တော့မယ်" လို့ နှုတ်ဆက်လိုက်တယ်။

ဒါကိုကြားတော့ ကျိုးမိခင် ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး "ကြည့်စမ်း... မင်း ညစာ စားပြီးပြီလား မေးဖို့ မေ့နေတာ။ မငြင်းဘူးဆိုရင် ဒီမှာပဲ စားသွားပါလား" လို့ ဖိတ်ခေါ်လိုက်တယ်။

ကျန်းဖုန်း ခေါင်းခါပြုံးပြပြီး "အဒေါ်ကျိုး... အားနာစရာ မလိုပါဘူး။ ကျွန်တော် စားလာပြီးပါပြီ" လို့ ပြောလိုက်တယ်။

ကျိုးမိခင်က ကျန်းဖုန်း ဝယ်လာတဲ့ သစ်သီးအိတ်ကို ကောက်ကိုင်ပြီး "ဒါဆို ဒီသစ်သီးတွေ ပြန်ယူသွားပြီး စားလိုက်" လို့ ပြောတယ်။

ကျန်းဖုန်း အမြန် ငြင်းလိုက်တယ်။ "အဒေါ်ကျိုး... တကယ် အားနာစရာ မလိုပါဘူးဗျာ။ ကျွန်တော် သွားတော့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့" လို့ ပြောပြီး ကားပေါ် အမြန်တက်ကာ မောင်းထွက်လာခဲ့တယ်။

...

မိနစ် ၄၀ အကြာမှာ ကျန်းဖုန်း အိမ်ပြန်ရောက်လာတယ်။

သားအငယ်ဆုံး ပြန်ရောက်တာ မြင်တော့ ကျန်းမေက "ရှောင်ဖုန်း... ထမင်းစားပြီးပြီလား။ မစားရသေးရင် အမေ ပြန်နွှေးပေးမယ်" လို့ မေးတယ်။

ကျန်းဖုန်းက "ပြန်နွှေးစရာ မလိုပါဘူး၊ စားခဲ့ပြီးပါပြီ" လို့ ဖြေတယ်။

ကျန်းမေ ခေါင်းညိတ်ပြီး "ရေရော ချိုးပြီးပြီလား။ အမေ အဝတ်အစား ထုတ်ပေးမယ်" လို့ မေးပြန်တယ်။

"အစ်ကိုတုန်းဆီ သွားပြီး မနက်ဖြန် Blind date ကိစ္စ သွားပြောလိုက်ဦးမယ်။ ပြန်လာမှ ရေချိုးတော့မယ်။"

"ဒီလောက် မြန်မြန် သင့်တော်မယ့်သူ ရှာတွေ့ပြီလား။"

"ကံကောင်းလို့ပါ။ တခြားမြို့နယ်တွေဘက် သွားစုံစမ်းကြည့်တော့ အစ်ကိုတုန်းနဲ့ ကိုက်ညီမယ့်သူ တွေ့တာနဲ့ ချိန်းလိုက်တာ။"

"ဒါဆို သွားလိုက်ပါဦး။ သရေစာစားမလား။ စားမယ်ဆိုရင် ကန်စွန်းဥ ပြုတ်ထားပေးမယ်။"

"ကောင်းပြီလေ၊ လုပ်ထားလိုက်။"

...

ကျန်းဖုန်း ကျန်းဝမ်တုန်းအိမ် ရောက်သွားတော့ ကျန်းဝမ်တုန်းက မြေညီထပ် ဧည့်ခန်းထဲမှာ အဘိုး၊ အဖေတို့နဲ့အတူ တီဗီကြည့်နေတယ်။

အဘိုးရော အဖေရော လေဖြတ်ထားလို့ မလှုပ်ရှားနိုင်ပေမယ့် အသိစိတ်တော့ ရှိကြတယ်။ စကားသံ မပီသတာနဲ့ ကိုယ့်ကိုယ်ကို မသယ်နိုင်တာပဲ ရှိတာ။

ကျန်းဖုန်း အိမ်ထဲဝင်တာနဲ့ လူကြီးနှစ်ယောက်ကို နှုတ်ဆက်လိုက်တယ်။ "ဘကြီးကိုး၊ ဦးလေးခွန်... နေကောင်းလား။"

"ရှောင်ဖုန်း ရောက်လာပြီလား။ ထိုင်ပါဦး" ဆိုပြီး ကျန်းဝမ်တုန်းက ထိုင်ခုံ ယူပေးတယ်။ အဘိုးနဲ့ အဖေကလည်း ဝိုးတဝါး အသံတွေနဲ့ နှုတ်ဆက်ကြတယ်။

ကျန်းဖုန်း ထိုင်ခုံမှာ ဝင်ထိုင်ပြီး သူ့ထုံးစံအတိုင်း လိုရင်းကို တည့်ပြောလိုက်တယ်။ "အစ်ကိုတုန်း... အစ်ကို့အတွက် Blind date စီစဉ်ပြီးပြီ။ သူက နင်ဂူမြို့နယ်ကပါ။ ဒီနှစ် အသက် ၃၃ နှစ်၊ အရပ် ၁၅၂ စင်တီမီတာ၊ အလုပ်ကြိုးစားပြီး ချွေတာတတ်တယ်။ မောင်နှမ ၆ ယောက်ထဲမှာ ဒုတိယမြောက်။ အစ်ကို့လိုပဲ သူလည်း ရည်းစား တစ်ခါမှ မထားဖူးဘူး။"

ဒါကိုကြားတော့ ကျန်းဝမ်တုန်း ရင်ခုန်သွားတယ်။ သူ့မိသားစု အခြေအနေနဲ့ဆိုရင် ကလေးအမေ မုဆိုးမနဲ့ တွေ့ရင်တောင် ရွေးချယ်ခွင့် မရှိပါဘူး။ အခု ဝမ်းကွဲညီလေးက အပျိုစစ်စစ်နဲ့ မိတ်ဆက်ပေးတယ်တဲ့။ ဘုရားရေ... သူက အပျိုစစ်စစ်နဲ့ ထိုက်တန်လို့လား။

ကျန်းဝမ်တုန်း စိတ်လှုပ်ရှားစွာနဲ့ "ရှောင်ဖုန်း... အဲ့လို မိန်းကလေးမျိုးက ငါ့ကို ကြိုက်ပါ့မလား" လို့ မေးလိုက်တယ်။

ကျန်းဖုန်းက "အဲ့ဒါ ပူမနေနဲ့။ အစ်ကို့အခြေအနေကို သူ့ကို ပြောပြပြီးပြီ။ သူက Blind date လုပ်ဖို့ သဘောတူတယ်ဆိုကတည်းက အစ်ကို့ကို အထင်မသေးဘူးဆိုတဲ့ သဘောပဲ။ သူ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကတော့ သာမန်ပါပဲ။ အစ်ကိုလည်း သူ့ကို အထင်မသေးဖို့ မျှော်လင့်ပါတယ်" လို့ ပြောလိုက်တယ်။

ကျန်းဝမ်တုန်း အမြန် ခေါင်းခါပြီး "ရှောင်ဖုန်း... စိတ်မပူပါနဲ့။ ကိုယ့်အခြေအနေ ကိုယ်သိပါတယ်။ ကိုယ့်ကို ကြိုက်မယ့်သူ ရှိရင် ဘယ်တော့မှ အထင်မသေးပါဘူး" လို့ ကတိပေးလိုက်တယ်။

ကျန်းဖုန်း ခေါင်းညိတ်ပြီး နှစ်ယောက်သား မနက်ဖြန် Blind date အတွက် အသေးစိတ် အချက်အလက်တွေ ဆွေးနွေးကြတယ်။ ဥပမာ - ကျန်းဝမ်တုန်းက အတွေ့အကြုံ မရှိတော့ မိန်းကလေးကို ပေးရမယ့် မုန့်ဖိုး ဘယ်လောက် ထည့်ရမလဲ၊ ပါလာတဲ့ ဆွေမျိုးတွေကို ဘယ်လောက် ပေးရမလဲ ဆိုတာတွေပေါ့။ သဘာဝကျကျပဲ ကျန်းဖုန်းက လမ်းညွှန်ပေးရတာပေါ့။