အခန်း (၄၅) ဒီလောကမှာ အဲ့လောက်တော်တဲ့ အောင်သွယ်မျိုး ရှိလို့လား
ထိုအချိန်တွင်။
ချင်းရှန်းမြို့နယ်ရှိ "ရှီဝမ် စားသောက်ဆိုင်"။
ကျူးရွှယ်လျူသည် Blind date လုပ်နေသည်။ တဖက်မိန်းကလေးက ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ရုပ်ရည်ချောမောလှသဖြင့် ကျူးရွှယ်လျူ သွားရည်ကျမတတ် ဖြစ်နေသည်။ လက်ထပ်ရမယ်ဆိုရင် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မှာ။
ဒါကြောင့် ထမင်းစားနေစဉ်အတွင်း ကျူးရွှယ်လျူက ဟန်ရေးပြဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားတော့တာပေါ့။ တဖက်မိန်းကလေးရဲ့ သဘောထားကလည်း အရမ်းအေးစက်မနေဘူးဆိုတော့ ကျူးရွှယ်လျူ ကျိတ်ပျော်နေပြီး ပိုလို့တောင် တက်ကြွလာတယ်။ မိသားစုနှစ်ဖက်စလုံး သူ့သဘောထားကို ရိပ်မိနေကြပြီ။
ထမင်းစားပွဲပြီးလို့ Blind date အဆုံးသတ်ခါနီးတော့ မုန့်ဖိုးပေးရမယ့်အချိန် ရောက်လာတယ်။ သားဖြစ်သူ ကျေနပ်နေတာကို မြင်တော့ ကျူးဖခင်ကလည်း သားမျက်နှာမငယ်စေချင်တာနဲ့ မိန်းကလေးအတွက် မုန့်ဖိုးစာအိတ်ကို ဖောင်းပွနေအောင် ထည့်ပေးလိုက်တယ်။ ပမာဏမနည်းဘူးဆိုတာ သိသာနေတာပေါ့။ အောင်သွယ်နဲ့ မိန်းကလေးဘက်က ပါလာတဲ့ ဆွေမျိုးမိတ်ဆွေတွေကိုလည်း သင့်တော်သလို မုန့်ဖိုးတွေ ပေးလိုက်တယ်။
မိန်းကလေးဘက်က ပြန်သွားတော့ အောင်သွယ်က ပြုံးပြီး "ရွှယ်လျူ... ထမင်းစားတုန်းက မင်းအမူအရာကို ကြည့်ရတာ ကောင်မလေးကို သဘောကျနေပုံရတယ်" လို့ မေးလိုက်တယ်။
ကျူးရွှယ်လျူက ကွယ်ဝှက်မနေတော့ဘဲ "ဟုတ်ကဲ့၊ သဘောကျပါတယ်။ အဒေါ်ဝူ... သူတို့ဘက်က သဘောထား ဘယ်လိုရှိလဲဆိုတာ အခုပဲ ဖုန်းဆက်မေးပေးပါလား" လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
အဒေါ်ဝူက ရယ်မောပြီး "အာ... ဒီလောက် မြန်မြန်ကြီး ဖုန်းဆက်မေးစရာ မလိုပါဘူး။ သူတို့ကိုလည်း စဉ်းစားချိန် ပေးရဦးမှာပေါ့။ မလောပါနဲ့၊ ဒီညနေလောက်ကျမှ ဖုန်းဆက်မေးပေးမယ်" လို့ ပြောတယ်။
ကျူးရွှယ်လျူ ခေါင်းညိတ်ပြီး "ကောင်းပါပြီ အဒေါ်ဝူ။ ကျွန်တော့်အတွက် ကောင်းတာတွေ ပြောပေးပါဦးနော်" လို့ မှာလိုက်တယ်။
အဒေါ်ဝူက "သေချာတာပေါ့။ မင်းတို့နှစ်ယောက် အဆင်ပြေစေချင်ပါတယ်" လို့ ပြောတယ်။
တောက်လျှောက် နှုတ်ဆိတ်နေတဲ့ ကျူးဖခင်ကလည်း "အဒေါ်ဝူ... ဒါဆို ကျွန်တော်တို့ ပြန်ပြီး သတင်းကောင်း စောင့်နေပါ့မယ်" လို့ ပြောလိုက်တယ်။
အဒေါ်ဝူက ခေါင်းညိတ်ပြီး "စိတ်ချပါ၊ အကောင်းဆုံး ကြိုးစားပေးပါ့မယ်" လို့ ကတိပေးလိုက်တယ်။
...
ညပိုင်း။
ကျူးရွှယ်လျူဆီ အဒေါ်ဝူ ဖုန်းဆက်လာတယ်။ သတင်းဆိုး ပါလာတယ်။ မိန်းကလေးဘက်က သူ့ကို သိပ်သဘောမကျဘူးတဲ့။ တကယ်လို့ သူ့မိသားစုက တင်တောင်းငွေ ယွမ် ၂ သိန်း ၈ သောင်း ပေးနိုင်မယ်ဆိုရင်တော့ ညှိနှိုင်းလို့ ရကောင်းရနိုင်တယ်တဲ့။
သေစမ်း!
ကျူးရွှယ်လျူ ဒေါသထွက်လွန်းလို့ အော်ဆဲမိမတတ် ဖြစ်သွားတယ်။ ငြင်းချင်ရင်လည်း တည့်တည့်ငြင်းလိုက်ပါတော့လား။ ဘာလို့ တင်တောင်းငွေကို အကြောင်းပြနေရတာလဲ။
အဒေါ်ဝူကတော့ တဖက်လူက မကြိုက်တာ သူမအမှားပါလို့ တောင်းပန်ပြီး နောက်ရက်နည်းနည်းနေရင် ပိုကောင်းတဲ့သူ ရှာပေးပါ့မယ်လို့ နှစ်သိမ့်တယ်။
ကျူးရွှယ်လျူကတော့ အောင်သွယ် အဒေါ်ဝူကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ မသိတော့ဘူး။ ဒီနေ့ Blind date က ဒီရက်ပိုင်းအတွင်း ၃ ကြိမ်မြောက်ဗျ။ ပြီးခဲ့တဲ့ ၂ ကြိမ်ကိုလည်း အဒေါ်ဝူကပဲ စီစဉ်ပေးခဲ့တာ။
ဒီ Blind date ၃ ကြိမ်အတွက် အောင်သွယ်ငှားတာ၊ လက်ဆောင်ပေးတာ၊ မုန့်ဖိုးပေးတာတွေ စုစုပေါင်းလိုက်ရင် ကျူးဖခင်မှာ ယွမ် ၇ ထောင်ကျော် ကုန်သွားပြီ။ အကြီးအကျယ် ရှုံးနိမ့်မှုကြီးပါပဲ။
ဒါပေမဲ့ အဒေါ်ဝူကို အပြစ်တင်လို့ ရမလား။
Blind date ၃ ကြိမ်စလုံးမှာ အဒေါ်ဝူ မိတ်ဆက်ပေးတဲ့ မိန်းကလေးတွေက အဆင့်အတန်းမြင့်ပြီး ချောမောလှပသူတွေချည်းပဲ။ ကျူးရွှယ်လျူရဲ့ အကြိုက်တွေချည်းပဲ။ ၃ ယောက်စလုံးကို သူ ယူချင်ခဲ့တာ။ ဒါပေမဲ့ တဖက်က ပြန်မကြိုက်တာကို သူ ဘာလုပ်နိုင်မှာလဲ။
အောင်သွယ်ကို အပြစ်တင်လို့ မရမှန်းသိပေမယ့် မိန်းကလေးလက်ဖျားတောင် မထိလိုက်ရဘဲ ပိုက်ဆံ ၇ ထောင်ကျော် ကုန်သွားတာကို တွေးမိတိုင်း ကျူးမိဘတွေရော၊ ကျူးရွှယ်လျူပါ ရင်နာမဆုံး ဖြစ်နေရတယ်။
အဲ့ဒီအချိန်မှာ ဝမ်းကွဲအစ်ကို ကျူးလျန် ဆိုင်ကယ်နဲ့ ဖြတ်မောင်းသွားတာ မြင်လိုက်ရတယ်။ ကျူးလျန်က မကြာသေးခင်ကမှ ကွာရှင်းထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပိုကောင်းတဲ့ မိန်းမတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတာ သူတို့ သတိရလိုက်တယ်။ မြန်လိုက်တဲ့ ဖြစ်စဉ်ကြီး။
ဒါနဲ့ အစ်ကိုကျူးလျန်ဆီက ပညာယူချင်တဲ့ ကျူးရွှယ်လျူက "အစ်ကိုလျန်... ခဏလောက် ရပ်ပါဦး" လို့ လှမ်းခေါ်လိုက်တယ်။
ကျူးလျန် ဆိုင်ကယ်ရပ်လိုက်ပြီး "ရွှယ်လျူ... ဘာကိစ္စရှိလို့လဲ" လို့ မေးလိုက်တယ်။
ကျူးရွှယ်လျူက "အစ်ကိုလျန်... အားလား။ အစ်ကို့ကို မေးစရာလေး ရှိလို့" လို့ ပြောတယ်။
"အခုမှ အလုပ်က ပြန်လာတာ။ ဘာမေးချင်လို့လဲ။"
"ဒီလိုဗျ... ကျွန်တော် ဒီရက်ပိုင်း Blind date တွေ လုပ်နေတာ။ ဒီနေ့အပါအဝင်ဆို ၃ ကြိမ်ရှိပြီ။ အဖေက ယွမ် ၇ ထောင်ကျော် သုံးပြီးပြီ။ ဒါပေမဲ့ ဘယ်ကောင်မလေးမှ ကျွန်တော့်ကို မကြိုက်ကြဘူးဗျာ။"
"တွေ့ကြတယ်၊ ထမင်းစားကြတယ်၊ မုန့်ဖိုးယူကြတယ်၊ ပြီးတာနဲ့ ချက်ချင်းပဲ မကြိုက်ဘူးလို့ ငြင်းကြရော။ ဒေါသထွက်စရာ ကောင်းလိုက်တာ။"
"အစ်ကိုလျန်ကို မြင်လိုက်တော့မှ သတိရသွားတာ။ အစ်ကိုက ကွာရှင်းပြီးတာ မကြာသေးဘူး၊ နောက်အိမ်ထောင်ပြုသွားပြီ။ Blind date ကနေ တွေ့တာလို့ ကြားတယ်။ ဒါကြောင့် Blind date နဲ့ ပတ်သက်ပြီး အကြံဉာဏ်လေး တောင်းချင်လို့ပါ။"
ကျူးလျန်က သက်ပြင်းချပြီး "ရွှယ်လျူရာ... မင်း Blind date လုပ်ချင်တာ စောစောက မပြောဘူး။ ဒါဆို မင်းပိုက်ဆံတွေ အလကား ကုန်မှာ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။
"ဘာလို့လဲ အစ်ကိုရဲ့။ အစ်ကို့မှာ Blind date လျှို့ဝှက်ချက် ရှိလို့လား။"
"လျှို့ဝှက်ချက်တော့ မရှိပါဘူး။ အောင်သွယ်မှန်ကို ရှာတွေ့သွားလို့ပါ။"
"အောင်သွယ်မှန် ဟုတ်လား။ အစ်ကို အရင်က အဒေါ်ဝူနဲ့ စီစဉ်တာ မဟုတ်ဘူးလား။"
ကျူးလျန် ခေါင်းခါပြီး "မဟုတ်ဘူး။ ငါရှာတွေ့တဲ့ အောင်သွယ်က အဒေါ်ဝူတို့လို လူတွေနဲ့ ယှဉ်လို့မရဘူး။ သူက တကယ့် ဆရာကြီး။ လူတစ်ယောက်ရဲ့ မျက်နှာကို ကြည့်ရုံနဲ့ အိမ်ထောင်ရေးကံကို ဟောနိုင်တဲ့ ပါရမီရှင်ကွ။"
ပြောရင်းနဲ့ ကျူးလျန်က ရထားပေါ်မှာ ဆရာကျန်းနဲ့ တွေ့ခဲ့ပုံ၊ နောက်တော့ ဆရာကျန်းကို အောင်သွယ်ခိုင်းခဲ့ပုံတွေကို ပြောပြလိုက်ရာ ကျူးရွှယ်လျူ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
ခဏကြာမှ ကျူးရွှယ်လျူက "အစ်ကိုလျန်... ဒီလောကမှာ အဲ့လောက်တော်တဲ့ အောင်သွယ်မျိုး တကယ် ရှိလို့လား" လို့ အံ့သြတကြီး မေးလိုက်တယ်။
"တကယ် ရှိတာပေါ့။ ငါ့ဆီမှာ ဆရာကျန်းရဲ့ ဆက်သွယ်ရန် လိပ်စာ ရှိတယ်။ မင်း ငါ့ကို ယုံရင် ဆရာကျန်းကို ချက်ချင်း ဆက်သွယ်လိုက်။ လက်တွေ့မကျတဲ့၊ ပိုက်ဆံဖြုန်းနေတဲ့ Blind date တွေကို ရပ်လိုက်တော့" လို့ ကျူးလျန်က အကြံပေးတယ်။
ကျူးရွှယ်လျူ ခေါင်းတငြိမ့်ငြိမ့်နဲ့ "ကောင်းပြီ အစ်ကိုလျန်... အစ်ကိုပြောတဲ့အတိုင်း လုပ်မယ်။ အစ်ကို ဘယ်တော့ အားမလဲ။ ဆရာကျန်းဆီ သွားပြီး အောင်သွယ်ခိုင်းရင် အစ်ကိုပါ လိုက်ခဲ့ပေးပါလား" လို့ မေးလိုက်တယ်။
ကျူးလျန် ခဏစဉ်းစားပြီး "ဒီနေ့ အလုပ်တွေ ပြီးပြီဆိုတော့ မနက်ဖြန် အချိန်နည်းနည်းပေးပြီး မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်" လို့ ပြောလိုက်တယ်။
"ကျေးဇူးပါပဲ အစ်ကိုလျန်။ ကျွန်တော် မိဘတွေကို ပြောပြီး အဒေါ်ဝူကို နောက်ထပ် Blind date တွေ မစီစဉ်ခိုင်းတော့ဖို့ ပြောလိုက်ပါ့မယ်။"
"အေး... ဒါဆို ငါပြန်တော့မယ်။ မိဘတွေနဲ့ တိုင်ပင်ပြီးရင် ဖုန်းဆက်လိုက်။"
"ဟုတ်ကဲ့။"
...
လုံဆန်းရွာ။
ကျန်းဖုန်းတို့ မိသားစု ၄ ယောက် ညစာစားနေကြတယ်။
ကျန်းဖခင်က အခုရက်ပိုင်း ညစာစားရင် အရက်ဖြူတစ်ခွက် သောက်တဲ့အကျင့် ရနေပြီ။ အရက်ငှဲ့ရင်း "ရှောင်ဖုန်း... ဒီနေ့ ဝမ်တုန်းရဲ့ Blind date ဘယ်လိုနေလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက သဲတီကောင်နဲ့ ကျောက်ဖရုံသီး ဟင်းရည် တစ်ငုံသောက်ပြီး "အဆင်ပြေပါတယ်။ နှစ်ဖက်စလုံး ကျေနပ်ကြတယ်။ သဘက်ခါကျရင် 'အိမ်လာကြည့်' ဖို့ စီစဉ်ထားတယ်။ အားလုံး အဆင်ပြေရင် လကုန်မတိုင်ခင် သူတို့ကို လက်မှတ်ထိုးခိုင်းလိုက်မယ်" လို့ ပြောလိုက်တယ်။
ကျန်းမေက ဂုဏ်ယူဝင့်ကြွားစွာနဲ့ "ရှောင်ဖုန်းက တကယ် တော်တာပဲ။ သဘက်ခါ မိန်းကလေးဘက်က အိမ်လာကြည့်ရင် တစ်ရွာလုံး ဟိုးလေးတကျော် ဖြစ်ကုန်တော့မယ်။ အဲ့ဒီကျရင် ရွာသားတွေ အားလုံး ရှောင်ဖုန်းဆီ တန်းစီပြီး အောင်သွယ်လာခိုင်းကြမှာ သေချာတယ်" လို့ ပြောလိုက်တယ်။
ကျန်းဖခင်ကလည်း ပျော်ရွှင်စွာနဲ့ "ဟုတ်တယ်။ ဝမ်တုန်းလို မိသားစုအခြေအနေမျိုးကိုတောင် ရှောင်ဖုန်းက အောင်မြင်အောင် ပေါင်းဖက်ပေးနိုင်တယ်ဆိုတော့ သူ့ရဲ့ အောင်သွယ်စွမ်းရည်က မေးခွန်းထုတ်စရာ မလိုတော့ဘူး။ ရွာထဲက မိန်းမလိုချင်တဲ့ လူပျိုကြီးတွေ ဘာလုပ်ရမလဲဆိုတာ သိကြမှာပါ" လို့ ထောက်ခံတယ်။
ကျန်းဖေးက ညီလေးကို လေးစားတဲ့ အကြည့်နဲ့ ကြည့်ပြီး "နောက် ၂ ရက်လောက်နေရင် ရှောင်ဖုန်းက ရွာမှာ နာမည်ကြီး အောင်သွယ် ဖြစ်လာတော့မယ်" လို့ ပြောတယ်။
"ရွာသား အများစုက ကျွန်တော်တို့ ဆွေမျိုးတွေပဲလေ။ သူတို့ တကယ် လိုလိုလားလားနဲ့ အောင်သွယ်လာခိုင်းရင် ကျွန်တော်ကလည်း စေတနာထားပြီး ကူညီပေးမှာပါ။"
ပြောရင်းနဲ့ ကျန်းဖုန်းက အစ်ကိုကြီးကို ကြည့်ပြီး "အစ်ကိုကြီး... ဟို ဒေါက်တာမလေးနဲ့ အခြေအနေ ဘယ်လိုရှိလဲ။ တိုးတက်မှု ရှိလား" လို့ မေးလိုက်တယ်။
ကျန်းဖေးက ရှက်ပြုံးလေး ပြုံးပြီး "တိုးတက်မှု ရှိတာပေါ့။ မကြာခင် အချိန်ပေးပြီး ပြည်နယ်မြို့တော်ကို သွားတွေ့ဖို့ စီစဉ်ထားတယ်" လို့ ဖြေတယ်။
ဒါကိုကြားတော့ ကျန်းဖုန်း ခေါင်းညိတ်လိုက်တယ်။ အစ်ကိုကြီးဘက်က အခြေအနေကောင်းနေပြီဆိုတော့ အိမ်ဆောက်မယ့်ကိစ္စကို အချိန်ဆွဲလို့ မရတော့ဘူး။ ဖခင်ဖြစ်သူကို ကြည့်ပြီး "အဖေ... အစ်ကိုကြီးမှာ ရည်းစားရနေပြီဆိုတော့ အိမ်သစ်ဆောက်မယ့်ကိစ္စကို အကောင်အထည်ဖော်မှ ရတော့မယ်။ ခဏနေ ဦးလေးဆီ ဖုန်းဆက်ပြီး အိမ်ပြန်လာဖို့၊ အိမ်ဆောက်ဖို့ကိစ္စ ဆွေးနွေးဖို့ ပြောလိုက်ပါ" လို့ တိုက်တွန်းလိုက်တယ်။
အိမ်ဆောက်ဖို့က အရေးကြီးမှန်း ကျန်းဖခင်လည်း သိပါတယ်။ အခုဆို မိသားစုရဲ့ ကျောထောက်နောက်ခံ ဖြစ်လာတဲ့ သားအငယ်ဆုံးက ပြောလာတော့ ဝမ်းသာအားရ "ကောင်းပြီ... ခဏနေ မင်းဦးလေးဆီ ဖုန်းဆက်လိုက်မယ်" လို့ ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: