အခန်း (၄၆) သိတဲ့သူက သိတယ်
လုံဆန်းရွာ။
ကျန်းဖုန်းသည် ကျူးရွှယ်လျူ၏ ကိုယ်ရေးအကျဉ်းကို နားထောင်နေသည်။
"ဆရာကျန်း... ကျွန်တော့်အသက်က ၂၇ နှစ်၊ အထက်တန်းအောင်ထားတယ်။ Stainless steel လက်ရန်းတွေ လုပ်တဲ့ ဂဟေဆော်ဆရာပါ။ လက်ရှိ ကျွန်တော့်အောက်မှာ တပည့် ၂ ယောက် ရှိပါတယ်။"
အစ်ကိုဝမ်းကွဲ ကျူးလျန် ပြောပြထားလို့ ဆရာကျန်းက တော်မှန်းသိနေပြီဖြစ်၍ ကျူးရွှယ်လျူသည် သူ့အကြောင်းနှင့် လိုအပ်ချက်များကို တစ်ခုမကျန် ရိုးသားစွာ ပြောပြနေသည်။
"မောင်နှမ ၃ ယောက် ရှိတယ်။ ကျွန်တော်က အကြီးဆုံးပါ။ မိဘတွေက ခြံထဲမှာ ကြက်အကောင် တစ်ထောင်ကျော် မွေးထားတယ်။ ကျွန်တော်တို့ မိသားစုက ကျေးလက်မှာဆိုရင် မချမ်းသာပေမယ့် မဆင်းရဲပါဘူး။"
"အိမ်ထောင်ဖက်အတွက် သိပ်ကြီးကြီးမားမား မျှော်လင့်ချက် မရှိပါဘူး။ ရုပ်ရည်အသင့်အတင့်၊ ခန္ဓာကိုယ်အချိုးအစား မဆိုးဘူး၊ အလုပ်ကြိုးစားပြီး သဘောထားပြည့်ဝရင် ရပါပြီ။ ကျွန်တော်နဲ့အတူ တည်ငြိမ်တဲ့ဘဝလေး တည်ဆောက်နိုင်ရင် လုံလောက်ပါပြီ။"
ကျန်းဖုန်း သဘောပေါက်ကြောင်း အသံပြုလိုက်ပြီး "အစ်ကိုရွှယ်လျူရဲ့ အခြေအနေနဲ့ လိုအပ်ချက်တွေကို သဘောပေါက်ပါပြီ။ မနက်ဖြန် ကျွန်တော့်ရဲ့ တခြားဖောက်သည်တစ်ယောက် 'အိမ်သွားကြည့်' ဖို့ ရှိသေးတယ်။ ဒါကြောင့် အစ်ကို့အတွက် Blind date ကို သဘက်ခါ စီစဉ်ပေးမယ်။ မတွေ့ခင်ကျရင် ကောင်မလေး အကြောင်း အသေးစိတ် ရှင်းပြပေးပါ့မယ်" ဟု ပြောလိုက်သည်။
ကျူးရွှယ်လျူ ခေါင်းညိတ်ပြီး "ကောင်းပါပြီ ဆရာကျန်း... ဒုက္ခပေးရပါတော့မယ်" ဟု ပြောလိုက်သည်။
"ရပါတယ်ဗျာ... ဒါ ကျွန်တော့်အလုပ်ပဲလေ။"
ပြောရင်းနဲ့ ကျန်းဖုန်းက ဘေးနားက ကျူးလျန်ကို ကြည့်ပြီး "အစ်ကိုလျန်... အစ်ကိုနဲ့ ဇနီးသည် အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
ဒါကိုကြားတော့ ကျူးလျန် ပျော်ရွှင်သွားသည်။ ယောကျ်ားအများစုအတွက် ဇနီးသည် ကလေးမရနိုင်ခြင်းက လက်ခံဖို့ ခက်ခဲတဲ့ ကိစ္စပါ။ သာမန်ယောကျ်ားလေးတိုင်း မျိုးဆက်ပွားဖို့ စဉ်းစားကြတာပဲလေ။ သားသမီး မလိုချင်တဲ့သူ ရှားပါတယ်။
ဒါပေမဲ့ သားတစ်ယောက် ရပြီးသားဖြစ်တဲ့ ကျူးလျန်လို လူမျိုးအတွက်ကျတော့ ဇနီးသည် ကလေးမရနိုင်တာက ကြီးမားတဲ့ ကံကောင်းခြင်း တစ်ခုပါပဲ။ အသေးစိတ် မရှင်းပြတော့ပါဘူး၊ သိတဲ့သူက သိပါတယ်။
ဒီရက်ပိုင်းအတွင်း သာယာတဲ့ အိမ်ထောင်ရေးနဲ့ ပျော်ရွှင်တဲ့ စိတ်နှလုံးကြောင့် ကျူးလျန်ဟာ အနည်းဆုံး နှစ်အနည်းငယ်လောက် ပိုနုပျိုသွားသလိုပါပဲ။
"ဂရုစိုက်ပေးတာ ကျေးဇူးပါဗျာ။ ကျွန်တော်တို့ တော်တော် အဆင်ပြေပါတယ်။ သူ့ကို လက်ထပ်ရတာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံး ကံကောင်းခြင်းပါပဲ။ အားလုံးက ဆရာကျန်း ကျေးဇူးကြောင့်ပါ။ ဆရာသာ မကူညီရင် ကျွန်တော်တို့ ဒီအခြေအနေ ရောက်လာမှာ မဟုတ်ဘူး။ ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။"
ကျန်းဖုန်း ပြုံးလိုက်ပြီး "ရပါတယ်ဗျာ။ ခင်ဗျားတို့နှစ်ယောက်က ဖူးစာပါလို့ပါ။ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြတာက ကျွန်တော့်အတွက် အကြီးမားဆုံး ကျေးဇူးဆပ်ခြင်းပါပဲ" ဟု ပြောလိုက်သည်။
ကျူးလျန် စိတ်လှုပ်ရှားသွားပြီး "ဆရာကျန်း... စိတ်ချပါ၊ ကျွန်တော်တို့ သေချာပေါက် ပျော်ရွှင်အောင် နေပြပါ့မယ်" ဟု ကတိပေးလိုက်သည်။
ဒါကိုမြင်တော့ ကျူးရွှယ်လျူက ဆရာကျန်းရဲ့ အောင်သွယ်စွမ်းရည်ကို ပိုလို့တောင် ယုံကြည်သွားသည်။
မိနစ်အနည်းငယ်လောက် စကားဆက်ပြောပြီးနောက် ကျူးလျန်နှင့် ကျူးရွှယ်လျူတို့ ပြန်သွားကြသည်။
သားအငယ်ဆုံး အောင်သွယ်စလုပ်ကတည်းက ကျန်းမေရဲ့ အကြိုက်ဆုံး အလုပ်ကတော့ ဖောက်သည်တွေ ပေးလာတဲ့ လက်ဆောင်နဲ့ မုန့်ဖိုးတွေကို စာရင်းလုပ်ရတာပါပဲ။ ဒါကြောင့် သူတို့နှစ်ယောက် ပြန်သွားတာနဲ့ ကျန်းမေက သားဖြစ်သူရဲ့ "ရိတ်သိမ်းရရှိမှု" တွေကို ချက်ချင်း စစ်ဆေးတော့သည်။
သစ်သီးတစ်ထုပ်ကြီး၊ တလောင် စီးကရက်တစ်ဘူး၊ မုန့်လမုန့် ၅ ပေါင် တစ်ဘူးနဲ့ မုန့်ဖိုး ယွမ် ၆၀၀။ စုစုပေါင်း တန်ဖိုး ယွမ် ၁၄၀၀ အောက် မနည်းဘူး။ ဒါက ကျူးရွှယ်လျူ ပေးတဲ့ အောင်သွယ်လာငှားစဉ် လက်ဆောင်တွေပါ။
လက်ဆောင်တွေ စစ်ဆေးရင်း ကျန်းမေက ဂုဏ်ယူစွာ ပြောလိုက်သည်။ "ရှောင်ဖုန်း... မင်း အောင်သွယ်စလုပ်ကတည်းက အောင်သွယ်ငှားခ တန်ဖိုးက မြင့်သထက် မြင့်လာပါလား။"
ကျန်းဖုန်း ရယ်မောပြီး "အစ်ကိုလျန်ရဲ့ ထောက်ခံချက်ကြောင့် ဖြစ်မှာပါ။ အတွေ့အကြုံရှိတဲ့သူက အသစ်တစ်ယောက်ကို လမ်းပြပေးတာရဲ့ အကျိုးကျေးဇူးပေါ့" ဟု ပြောလိုက်သည်။
...
ပြည်နယ်မြို့တော်။
လူနေရပ်ကွက် တစ်ခုတွင်။
ဝူဖခင်က ပုစွန်ကြော ထုတ်နေပြီး၊ ဝူမိခင်က ကမာကောင်တွေကို သန့်ရှင်းရေး လုပ်နေသည်။
ဒီနေ့က သမီးဖြစ်သူ ရည်းစားကို အိမ်ခေါ်လာပြီး မိဘတွေနဲ့ မိတ်ဆက်ပေးမယ့်နေ့လေ။ ဝူမိဘနှစ်ပါး မျှော်လင့်နေတာ နှစ်တွေကြာပြီ။ အခုမှ ဆန္ဒပြည့်ဝတော့မှာမို့ နှစ်ယောက်စလုံး ပျော်ရွှင်နေကြသည်။
"ဒီမှာ ရှင့်ကို ကြိုသတိပေးထားရဦးမယ်။ သမီးက ကောင်လေးကို ခေါ်လာရင် ယောက္ခမကြီးက သားမက်ကို ကြည့်ပြီး မျက်နှာကြီး တင်းမနေနဲ့နော်။ ရှင် ခြောက်လွှတ်လိုက်လို့ ထွက်ပြေးသွားရင် ရှင် တာဝန်ယူရမှာ" ဟု ဝူမိခင်က စိုးရိမ်တကြီး သတိပေးလိုက်သည်။
ဝူဖခင်က မျက်စောင်းထိုးပြီး "ကိုယ့်ကိစ္စ ကိုယ်ကြည့်ပါ။ 'ယောက္ခမက သားမက်ကို ကြည့်လေ သဘောကျလေ' ဆိုတဲ့ စကားပုံရှိတာနဲ့ပဲ မင်း စိတ်ချလက်ချ နေလို့ရမယ် မထင်နဲ့" ဟု ပြန်ပက်လိုက်သည်။
ဝူမိခင်က "ငါ ဘာလုပ်ရမယ်ဆိုတာ ငါသိပါတယ်" ဟု ပြောသည်။
ဝူဖခင်က "သမီး အသက်ဘယ်လောက်ရှိပြီလဲဆိုတာ ငါ မသိဘဲ နေမလား" ဟု ချက်ချင်း ပြန်ပြောသည်။
ဝူမိခင် စိတ်ဆိုးသွားပြီး လက်ထဲက ကမာကောင်ကို ချလိုက်ကာ "ရှင် ဘာဖြစ်ချင်နေတာလဲ။ ရန်ဖြစ်ချင်နေတာလား" ဟု မေးလိုက်သည်။
ဝူဖခင် အလုပ်ရပ်လိုက်ပြီး "ဘယ်သူက ရန်ဖြစ်ချင်နေတာလဲ" ဟု တီးတိုးရေရွတ်လိုက်သည်။
ဝူမိခင်က မျက်မှောင်ကြုတ်ပြီး "ဘာတွေ ပွစိပွစိ ပြောနေတာလဲ။ မကြားလိုက်ဘူး၊ ပြန်ပြောစမ်း" ဟု မေးလိုက်သည်။
ဝူဖခင်က စကားလမ်းကြောင်း လွှဲလိုက်သည်။ "ဘာမှ မပြောပါဘူး။ မြန်မြန်လုပ်၊ သူတို့ ရောက်တော့မယ်" ဟု ပြောလိုက်သည်။
ဝူမိခင်က နှာမှုတ်လိုက်ပြီး သူနဲ့ ဆက်မပြောချင်တော့ဘဲ ကမာကောင်တွေ ဆက်ဆေးနေလိုက်သည်။ ဝူမိခင်က စိတ်ဆိုးလွယ်သလို စိတ်ပြေလွယ်တဲ့ အမျိုးအစားပါ။ ၂ မိနစ်တောင် မကြာဘူး၊ ဝူဖခင်နဲ့ စကားပြန်ပြောနေပြန်ပြီ။
...
ဟူဝမ်ဟွာကတော့ မိန်းကလေး မိဘတွေနဲ့ တွေ့ရမှာမို့ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူ့ဝတ္ထုတွေထဲမှာ ယောက္ခမတွေနဲ့ တွေ့ဆုံခန်းတွေ အများကြီး ရေးဖူးပေမယ့် အဲ့ဒါတွေက သီအိုရီတွေပဲလေ။ အခု လက်တွေ့ စစ်မြေပြင် ရောက်နေပြီဆိုတော့ ခံစားချက်က သေချာပေါက် ကွာခြားတာပေါ့။
ထိတ်လန့်နေပေမယ့် ဟူဝမ်ဟွာ သိတာတစ်ခုက ဒါဟာ ရှောင်လွှဲလို့မရတဲ့ အတားအဆီးတစ်ခုပဲ။ မကြာခင်ဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲ။
သတ္တိမွေးဖို့အတွက် ဟူဝမ်ဟွာ အာရုံစိုက်နိုင်တာက လက်ဆောင်ပစ္စည်းတွေပါပဲ။ ဒါကြောင့် ဟူဝမ်ဟွာဟာ စီးကရက်၊ လက်ဖက်ခြောက်၊ အရက်၊ ပင်လယ်စာခြောက်၊ မုန့်လမုန့်၊ အားဆေး၊ လက်ဆောင်ခြင်းအမျိုးမျိုး၊ သစ်သီးတွေ အပါအဝင် ပစ္စည်းအစုံအလင် ဝယ်လိုက်တာ စုစုပေါင်း ယွမ် ၁ သောင်း ၃ ထောင်ကျော် ကုန်သွားတယ်။
ဒါတောင် ရည်းစားဖြစ်သူ ဝူယွီထင်က ပြင်းပြင်းထန်ထန် တားလို့ပါ။ ပြီးတော့ ဟူဝမ်ဟွာမှာ ကားမရှိဘူးလေ။ ထပ်ဝယ်ရင် သူရော ဝူယွီထင်ပါ သယ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် လက်လျှော့လိုက်ရတယ်။
တက္ကစီပေါ်မှာ ဟူဝမ်ဟွာက စိတ်မလုံမလဲနဲ့ မေးလိုက်တယ်။ "ထင်ထင်... မင်းမိဘတွေက ဘယ်လိုလဲဟင်။ သူတို့ရဲ့ ရတနာ သမီးလေးကို ဘာမှ အသိမပေးဘဲ ခေါ်သွားတာဆိုတော့ ငါ့ကို အပြစ်တင်ကြမလား။"
ဝူယွီထင် တိုးတိုးလေး ရယ်မောလိုက်တယ်။ "လွန်ခဲ့တဲ့ ၁၀ နှစ်ကသာဆိုရင် အဖေက ရှင့်ကို မျက်နှာကောင်း ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့တော့ စိတ်ချပါ။ အပြစ်တင်ဖို့ နေနေသာသာ၊ ရှင့်ကို သားအရင်းလိုတောင် ဆက်ဆံကြလိမ့်မယ်။"
ဟူဝမ်ဟွာ နားမလည်စွာနဲ့ "ဘာလို့လဲ" လို့ မေးလိုက်တယ်။
ဝူယွီထင်က သူ့ကို ခပ်ဖွဖွလေး ဆွဲဆိတ်ပြီး "ရှင် တုံးလိုက်တာ။ ကျွန်မက အပျိုကြီး ဖြစ်နေပြီလေ။ သူတို့က ကျွန်မကို မြန်မြန် အိမ်ထောင်ကျစေချင်နေတာ။ ဘာကိစ္စ ရှင့်ကို အပြစ်တင်မှာလဲ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ဟူဝမ်ဟွာ သဘောပေါက်သွားပြီး ကျေနပ်စွာ ရယ်မောလိုက်တယ်။ ဒီယုံကြည်မှု ရသွားတော့ သိပ်မကြောက်တော့ဘူး။
မိနစ် ၂၀ အကြာမှာ ဟူဝမ်ဟွာ သူ့ရဲ့ ယောက္ခမလောင်းတွေနဲ့ တွေ့ဆုံလိုက်ရတယ်။ ရည်းစားပြောသလိုပါပဲ။ ယောက္ခမလောင်းတွေက သူ့ကို နွေးထွေးစွာ ကြိုဆိုကြတယ်။ ဘာအမူအရာမှ မပျက်ကြဘူး။ မိသားစုအကြောင်း မေးတဲ့အခါမှာလည်း သူ့ကို စိတ်မသက်မသာ ဖြစ်စေမှာ စိုးရိမ်တဲ့ပုံစံနဲ့ သတိထားပြီး မေးကြတယ်။
ညစာကတော့ ဝူမိဘနှစ်ပါး ပင်ပင်ပန်းပန်း ပြင်ဆင်ထားတဲ့ ပင်လယ်စာ ဧည့်ခံပွဲပါပဲ။ ကွမ်ရှီးပြည်နယ်က ကမ်းရိုးတန်းဒေသမို့ ဟင်းချက်တတ်သူ အများစုက ပင်လယ်စာ ချက်တတ်ကြတယ်။ ဝူမိခင်ရဲ့ လက်ရာက တော်တော်ကောင်းပါတယ်။ ဟူဝမ်ဟွာက ပင်လယ်စာတွေ အရမ်းစားကောင်းကြောင်း ချီးကျူးလိုက်၊ မြှောက်ပင့်လိုက်နဲ့ ဝူမိခင်မှာ ပြုံးလို့ မဆုံးတော့ပါဘူး။
ညစာစားပြီးနောက် ဟူဝမ်ဟွာက ဝူဖခင်နဲ့အတူ လက်ဖက်ရည်သောက်ရင်း နာရီဝက်လောက် စကားပြောပြီးမှ ကျေနပ်အားရစွာ ပြန်လာခဲ့တယ်။
ယောက္ခမလောင်းတွေကို စည်းရုံးနိုင်ခဲ့ပြီဆိုတော့ ဝူယွီထင်နဲ့ မင်္ဂလာဆောင်ဖို့ကိစ္စကို အကောင်အထည် ဖော်လို့ ရပြီပေါ့။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: