အခန်း (၅၀) အောင်သွယ်ခ မယူပါဘူး
ပိုင်လျန်ခရိုင်။
ကုမ္ပဏီဝန်ထမ်းအိမ်ရာတစ်ခု။
ကျန်းဖုန်းက အဖွားဖြစ်သူနဲ့ စကားပြောနေတုန်း ပြည်နယ်မြို့တော်က မသိတဲ့ ဖုန်းနံပါတ်တစ်ခု ဝင်လာတယ်။ ဖုန်းကိုင်လိုက်တာနဲ့ ကျန်းဖုန်းက သူ့ထုံးစံအတိုင်း နှုတ်ဆက်လိုက်တယ်။ "ဟဲလို... မင်္ဂလာပါ။"
ချက်ချင်းပဲ တစ်ဖက်က ရင်းနှီးနေတဲ့ အသံတစ်ခု ထွက်ပေါ်လာတယ်။ "ဟဲလို... ကျောက်ကျင်းပါ။ ရှင် ကျွန်မကို 'ယုံဝေ လောင်ယို' ဆိုင်မှာ လိပ်စာကတ် ပေးခဲ့ဖူးတယ်လေ။ မှတ်မိရဲ့လား။"
ဒီသဲလွန်စကို ကြားလိုက်တာနဲ့ ကျန်းဖုန်း ချက်ချင်း မှတ်မိသွားတယ်။ သူ ပြည်နယ်မြို့တော်ကို ကားသွားဝယ်တုန်းက ယုံဝေလောင်ယိုဆိုင်မှာ ခေါက်ဆွဲဝင်စားရင်း ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ရုပ်ရည်ချောမောတဲ့ ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တာ။ အဲ့ဒီအမျိုးသမီးက စားနေရင်း ရုတ်တရက် ငိုချလိုက်ပြီး ခေါက်ဆွဲတောင် မကုန်ဘဲ ထွက်သွားတာကို သူ မှတ်မိနေသေးတယ်။ သူ ခေါက်ဆွဲစားပြီးတာနဲ့ နောက်ကလိုက်သွားပြီး အခက်အခဲရှိလား မေးကာ လိပ်စာကတ် ပေးခဲ့တာလေ။
ဒါကို သတိရသွားပြီး ကျန်းဖုန်းက ချက်ချင်း ပြန်ပြောလိုက်တယ်။ "အော်... အလှမယ် ကျောက်ကျင်းပဲ။ ခင်ဗျားလို အလှမယ်လေးကို ဘယ်မေ့ပါ့မလဲ။ ကျွန်တော် ဘာကူညီပေးရမလဲ။"
ကျောက်ကျင်းက "ကျွန်မ တစ်ကိုယ်တည်းသမားဘဝကို အမြန်ဆုံး အဆုံးသတ်ချင်တယ်။ ဆရာကျန်း ကူညီနိုင်မလား" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ပြုံးပြီး "ရတာပေါ့၊ ပြဿနာမရှိပါဘူး။ ကျွန်တော်က ဒီကိစ္စမှာ ကျွမ်းကျင်သူပဲလေ။ ဒါပေမဲ့ ကြိုပြီး ရှင်းပြထားချင်တာ တစ်ခုရှိတယ်။ ကျွန်တော်က ရည်းစားရှာပေးတာ မဟုတ်ဘူး၊ အိမ်ထောင်ဖက် ရှာပေးတာ။ ကျွန်တော် စီစဉ်ပေးပြီဆိုရင် လက်ထပ်ဖို့ ရည်ရွယ်ချက်နဲ့ပဲ လုပ်တာ။ အလှမယ်အနေနဲ့ လက်ထပ်ဖို့ စိတ်အဆင်သင့် ဖြစ်ရဲ့လား။"
ကျောက်ကျင်း ခဏတုံ့ဆိုင်းသွားပြီးမှ "ဆရာကျန်း... အမှန်အတိုင်း ပြောရရင် ကျွန်မမိဘတွေက လွန်ခဲ့တဲ့ ၂၊ ၃ နှစ်လောက်ကတည်းက အိမ်ထောင်ပြုဖို့ တိုက်တွန်းနေတာ။ အဲ့ဒီတုန်းကတည်းက စိတ်အဆင်သင့် ဖြစ်နေခဲ့တာပါ။ ကံမကောင်းစွာနဲ့ ရည်းစားဟောင်းက လူယုတ်မာ ဖြစ်နေပြီး ကျွန်မကို လက်ထပ်ဖို့ စိတ်ကူးမရှိခဲ့လို့သာ။ မဟုတ်ရင် အခုလောက်ဆို ကလေးတောင် ပြေးလွှားနေလောက်ပြီ" လို့ ပြောလိုက်တယ်။
"ဒါပေမဲ့ ဟိုလူယုတ်မာနဲ့ မညားလိုက်တာကိုပဲ ဝမ်းသာရမှာပါ။ မဟုတ်ရင် အခုလောက်ဆို နောင်တရနေရမှာ။"
ကျန်းဖုန်း ချက်ချင်း သဘောပေါက်လိုက်ပြီး နှစ်သိမ့်လိုက်တယ်။ "စိတ်အဆင်သင့် ဖြစ်နေတာ ကောင်းပါတယ်။ ပြီးခဲ့တာတွေ ပြီးပါစေတော့၊ ရှေ့ဆက်ဖို့ပဲ ကြည့်ရအောင်။ စိတ်မပူပါနဲ့၊ ကျွန်တော် ခင်ဗျားအတွက် လူကောင်းတစ်ယောက် သေချာပေါက် ရှာပေးပါ့မယ်။ ဒါပေမဲ့ လောလောဆယ် ကျွန်တော့်ဇာတိမှာ စောင့်နေတဲ့ ဖောက်သည် ၆ ယောက် ရှိသေးလို့ သူတို့ကို အရင်စီစဉ်ပေးရဦးမယ်။ ၁၀ ရက်လောက် ကြာနိုင်မယ်။ အဆင်ပြေမလား။"
ကျောက်ကျင်းက "အဆင်ပြေပါတယ်။ ဒါနဲ့ ဆရာကျန်း အောင်သွယ်ခ ဘယ်လောက်ယူပါသလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်း ရယ်မောပြီး "ကျွန်တော် အောင်သွယ်ခ မယူပါဘူး။ အောင်မြင်သွားမှ မုန့်ဖိုးပေးရင် ရပါပြီ" လို့ ပြောလိုက်တယ်။
ကျောက်ကျင်း အံ့သြသွားတယ်။ ဒီလောကမှာ ဒီလောက် စိတ်ချရတဲ့ အောင်သွယ်မျိုး တကယ် ရှိလို့လား။
ကျန်းဖုန်းက ပိုက်ဆံအကြောင်း ဆက်မပြောချင်တော့လို့ စကားလမ်းကြောင်း လွှဲလိုက်တယ်။ "WeChat မှာ အရင် Add လိုက်ပါ၊ ပြီးရင် ခင်ဗျားရဲ့ အချက်အလက်တွေနဲ့ လိုအပ်ချက်တွေကို ပို့ထားပေးပါ။ ဒီရက်ပိုင်းအတွင်း ရှာပေးထားပါ့မယ်။"
"OK."
နှစ်ယောက်သား စကားနည်းနည်း ထပ်ပြောပြီး ဖုန်းချလိုက်ကြတယ်။
...
ရှင်းကျန်း။
"စိတ်ကြိုက် စီးကရက်၊ အရက်၊ လက်ဖက်ခြောက်" ဆိုင်။
ဟွမ်လင်ဝေ ငွေရှင်းကောင်တာမှာ ထိုင်ပြီး အပြင်က လူသွားလူလာတွေကို ငေးကြည့်နေတယ်။ ဒီနေ့ ဈေးဦးမပေါက်ဘူး၊ တစ်နေကုန်မှ ယွမ်ရာဂဏန်းလောက်ပဲ ရောင်းရလို့ စိတ်မပါတော့ဘူး။
ဒီဆိုင်က သူ့အဖေ ပျင်းလို့ အပျော်ဖွင့်ထားတာ။ တစ်ခါ နွေရာသီကျောင်းပိတ်တုန်းက သူမ တက်တက်ကြွကြွ ကူရောင်းပေးလိုက်တာ တစ်နေ့တည်းနဲ့ ယွမ် ၃ ထောင်ကျော် ရောင်းရသွားတယ်။ အဲ့ဒီမှာ အဖေက အတွေ့အကြုံရအောင်ဆိုပြီး ဆိုင်ထိုင်ခိုင်းတော့တာပဲ။
ဆိုင်ထိုင်ရတာ ပျင်းစရာကောင်းတယ်။ ဘဝအတွေ့အကြုံရအောင် ရံဖန်ရံခါ လုပ်တာ ပြဿနာမရှိပေမယ့် နေ့တိုင်း ဆိုင်ဖွင့်ရမယ်ဆိုရင်တော့ နှိပ်စက်သလို ဖြစ်နေပြီ။ ဟွမ်လင်ဝေ စိတ်မဝင်စားတော့ဘူး။
ဒါပေမဲ့ သူဌေးကြီး ဟွမ်က ဒါကို ကြိုတွက်ထားပြီး သမီးအချစ်တော်လေးကို ပြောတယ်လေ။ "ဝေဝေ... သမီးက ဘာမှလုပ်စရာမရှိ အားနေတာပဲ၊ ဆိုင်သွားပြီး လေ့ကျင့်ပါလား။ တစ်နေ့တာ ရောင်းရငွေအားလုံး သမီးယူ၊ မုန့်ဖိုးပေါ့။ ဘယ်လိုလဲ။ ကိုယ့်ဘာသာ ရှာတဲ့ ပိုက်ဆံဆိုတော့ အဖေ တိုက်ရိုက်ပေးတာထက် ပိုအဓိပ္ပာယ်မရှိဘူးလား။"
ဒီစကားက ဟွမ်လင်ဝေကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ဒီတာဝန်ကြီးကို စိတ်ပါလက်ပါ လက်ခံခဲ့တာပေါ့။
ပထမရက်ပိုင်းမှာတော့ စီးပွားရှာရတာ စိတ်ဝင်စားစရာကောင်းသလို ကိုယ့်ဘာသာ ပထမဆုံး ပိုက်ဆံရှာဖူးတာဆိုတော့ ဟွမ်လင်ဝေ တက်ကြွနေခဲ့တယ်။ မနက်တိုင်း စောစောထပြီး ဆိုင်ဖွင့်တယ်။ ဒါပေမဲ့ ရက်နည်းနည်းကြာလာတော့ စိတ်ဝင်စားမှု လျော့နည်းလာပြီး ဆိုင်ထိုင်ရတာ ပျင်းရိ ငြီးငွေ့စရာ ဖြစ်လာတယ်။
ကံကောင်းတာက ဟွမ်လင်ဝေဟာ အလွယ်တကူ လက်လျော့တတ်သူ မဟုတ်ဘူး။ စိတ်မဝင်စားတော့ပေမယ့် နှစ်တိုင်း နွေရာသီ၊ ဆောင်းရာသီ ကျောင်းပိတ်ရက်တွေမှာ ဆိုင်ပုံမှန် ဖွင့်နေတုန်းပဲ။ ရောင်းရငွေက သူမဝင်ငွေဆိုတော့ ကျောင်းပိတ်ရက်တစ်ခါဆိုရင် ယွမ် ၁ သိန်းဝန်းကျင်လောက် ရတယ်။
ဟွမ်လင်ဝေအတွက် ဒီပိုက်ဆံက မများပေမယ့် ကိုယ်တိုင်ရှာထားတာကို သုံးရတဲ့ ခံစားချက်က မတူဘူးလေ။ ဒါကြောင့်လည်း အခုထိ ဆက်လုပ်နေနိုင်တာပေါ့။
ဒါပေမဲ့ ကျန်းဖုန်းဆိုတဲ့ လူငယ်အောင်သွယ်လေးနဲ့ "တွေ့" ပြီး သူ့ပိုက်ဆံရှာနည်းကို သိလိုက်ရကတည်းက ဟွမ်လင်ဝေအတွက် ဆိုင်ထိုင်ပြီးရတဲ့ ပိုက်ဆံက မမက်မောစရာ ဖြစ်လာခဲ့တယ်။
ကျန်းဖုန်းအကြောင်း တွေးလိုက်တာနဲ့ ဟွမ်လင်ဝေ စိတ်လှုပ်ရှားလာတယ်။ တွေ့ပြီးကတည်းက ဗီဒီယို မပြောဖူးဘူး၊ ဓာတ်ပုံ မမြင်ဖူးကြပေမယ့် ဝါသနာတွေ တူလွန်းတော့ စကားပြောတိုင်း ပျော်စရာ ကောင်းနေတယ်။ နှစ်ယောက်ကြားက နားလည်မှုက ဆွဲဆောင်မှု ရှိလွန်းလို့ ဟွမ်လင်ဝေ စကားမပြောရရင် မနေနိုင်သလို ဖြစ်လာတယ်။
ဒါကို Online dating (အွန်လိုင်းရည်းစားထားခြင်း) လို့ ခေါ်သလား။ ဟွမ်လင်ဝေ ကိုယ်တိုင်လည်း မဝေခွဲတတ်ပေမယ့် သူနဲ့ စကားပြောရတာ သက်သောင့်သက်သာ ရှိပြီး တစ်ရက်လောက် စကားမပြောရရင် တစ်ခုခု လိုနေသလို ခံစားရတယ်။
အရင်ရက်တွေက ကျန်းဖုန်းကပဲ စကားစပြောလေ့ရှိပေမယ့် ဒီနေ့တော့ နေ့လယ် ၃၊ ၄ နာရီ ရှိနေပြီ စာမလာသေးလို့ ဟွမ်လင်ဝေ စိတ်မရှည်တော့ဘူး။ သူမကပဲ စပြီး "အောင်သွယ်တော်ကြီး ကျန်း... ဘာလုပ်နေလဲ" လို့ မေးလိုက်တယ်။
ကျန်းဖုန်းက ချက်ချင်း ပြန်ဖြေတယ်။ "ဦးလေးအိမ် ရောက်နေတာ။ ဖောက်သည်တစ်ယောက်အတွက် အိမ်ထောင်ဖက် လိုက်ရှာရင်း ခရိုင်မြို့ ရောက်လာလို့ အဖွားကို ဝင်တွေ့တာ။"
ဟွမ်လင်ဝေ - "ဖောက်သည်သစ် ထပ်ရပြန်ပြီလား။"
ကျန်းဖုန်း - "ဟုတ်တယ်။ ဒီနေ့ ဖောက်သည် ၇ ယောက် ရထားတယ်။ နောက်ရက်နည်းနည်းတော့ တော်တော် အလုပ်ရှုပ်တော့မယ်။"
ဟွမ်လင်ဝေ အံ့သြတကြီး - "ဘာဖြစ်တာလဲ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ဖောက်သည်တွေ အများကြီး ရလာတာလဲ။"
ကျန်းဖုန်း ရယ်မောပြီး - "ငါ ပြောဖူးတယ်လေ... ရွာထဲက ဆွေမျိုးတစ်ယောက်ကို အောင်သွယ်ပေးနေတယ်လို့။ အခု အဲ့ဒီအတွဲ အောင်မြင်သွားတော့ ရွာထဲက တခြားလူပျိုကြီးတွေက ငါ့စွမ်းရည်ကို မြင်ပြီး အိမ်ကို တန်းစီ ရောက်လာကြတာ..."
ဟွမ်လင်ဝေ အားကျစွာနဲ့ - "နင် တကယ် တော်တာပဲ။ နင့်ဝမ်းကွဲအစ်ကိုရဲ့ မိသားစုအခြေအနေကို ကြားတုန်းက မိန်းမရဖို့ ခက်မယ်လို့ ထင်ခဲ့တာ။ ဒါကို ရက်ပိုင်းလေးနဲ့ အောင်မြင်အောင် လုပ်ပေးနိုင်တယ်ဆိုတော့... နင် မကြာခင် နာမည်ကြီး အောင်သွယ် ဖြစ်လာတော့မယ်။"
ကျန်းဖုန်း - "ကျေးလက်မှာပဲ နာမည်နည်းနည်း ရတာပါ။ တကယ် နာမည်ကြီးဖို့က အဝေးကြီး လိုပါသေးတယ်။"
ဟွမ်လင်ဝေ - "နင့် အောင်သွယ်စွမ်းရည်က ဒီလောက်ကောင်းနေမှတော့ မကြာခင် တစ်နိုင်ငံလုံး နာမည်ကြီးလာမှာ သေချာတယ်။"
ကျန်းဖုန်း - "နင့်ဆုတောင်း ပြည့်ပါစေဟာ။ အဲ့ဒီနေ့ရောက်ရင် နင့်အိမ်လာပြီး အောင်သွယ်လုပ်ပေးမယ်။ ငါ့ကိုယ်ငါ နင့်ခင်ပွန်းလောင်းအဖြစ် မိတ်ဆက်ပေးမယ်လေ ^_^"
ဟွမ်လင်ဝေ - "တော်စမ်းပါ! ဘယ်သူက နင့်ကို အောင်သွယ်ခိုင်းလို့လဲ။ ပြီးတော့ နင့်ကိုယ်နင် ပြန်မိတ်ဆက်တယ် ဟုတ်လား။ အရှက်မရှိလိုက်တာ!"
ကျန်းဖုန်း - "အရှက်မရှိလည်း နေပါစေ။ ဒီလောက် ကောင်းတဲ့ ကောင်မလေးကို ကိုယ့်အတွက် မယူဘဲ သူများနဲ့ မိတ်ဆက်ပေးရင် ငတုံးဖြစ်သွားမှာပေါ့!"
ဟွမ်လင်ဝေ - "..."
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: