အခန်း (၁) : ဆယ့်လေးနှစ်အရွယ်မှာ ပြန်လည်မွေးဖွားခြင်း
နွေးထွေးတဲ့ နွေဦးရဲ့ နေရောင်ခြည်ဟာ လိုက်ကာစတွေရဲ့ ကြားလပ်နေတဲ့နေရာကနေ ဖြာကျနေပြီး အိပ်ရာခင်း အဖြူရောင်ပေါ်ကို ကျရောက်နေတယ်။ အိပ်ရာပေါ်က လူကတော့ အနည်းငယ် ဖြူဖျော့နေပါတယ်။ သူမရဲ့ ဆံပင်တွေက နဖူးပေါ်က ချွေးစေးလေးတွေနဲ့ စိုရွှဲပြီး မျက်နှာပေါ်မှာ ကပ်ညှိနေတယ်။
ကျဲန်အိုက်ရဲ့ မျက်ခုံးတွေက အနည်းငယ်တွန့်ချိုးနေပြီး သူမ စိတ်ထဲမှာ ကြောင်တောင်တောင်ဖြစ်နေတယ်။ ခေါင်းထဲမှာ ခဲတွေဖြည့်ထားသလို လေးလံနေပြီး အာရုံကြောတွေက တဒုတ်ဒုတ်နဲ့ ခုန်နေကာ ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်။ ကျောက်တုံးလို မာကျောတဲ့ မွေ့ရာပေါ်မှာ လှဲနေရတဲ့ ကျောကလည်း နာကျင်ကိုက်ခဲနေတယ်။ ချွေးစိုနေတဲ့ အတွင်းခံအဝတ်အစားတွေက ခန္ဓာကိုယ်မှာ ကပ်စေးစေးဖြစ်နေတာကြောင့် အလွန်မသက်မသာ ဖြစ်စေတယ်။ မျက်တောင်လေးတွေက အနည်းငယ် တုန်ခါသွားပြီးမှ ကျဲန်အိုက်က ခက်ခက်ခဲခဲနဲ့ မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လိုက်တယ်။
ဝေဝါးမှုကြားမှာ သူမ ပထမဆုံးမြင်လိုက်ရတာကတော့ အဝါရောင်ဆေးသားတွေ ကွာကျနေတဲ့ ခေတ်ဟောင်းပုံစံ ဗီရိုတစ်လုံးပဲ ဖြစ်တယ်။ ဟောင်းနွမ်းနေတဲ့ လက်ဖြစ် ကုတင်ဘေးစားပွဲပေါ်မှာတော့ စိမ်းဖန့်ဖန့် ဖန်ပန်းအိုးတစ်လုံးရှိပြီး အထဲမှာတော့ ညှိုးနွမ်းနေတဲ့ ဒက်ဖိုဒေးလ်ပန်းတစ်ပွင့်က လဲပြိုကျတော့မယ့်အလား ဖြစ်နေတယ်။ ချယ်ရီသီးလုံးလေးနဲ့တူတဲ့ နှိုးစက်နာရီတစ်လုံးကလည်း သူမကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်နေတယ်။
ကျဲန်အိုက်က သူမစိတ်ထဲမှာ အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ လင်းလက်သွားသလို ခံစားလိုက်ရတယ်။ အားအင်ကုန်ခမ်းနေတဲ့ စိတ်ဓာတ်က ချက်ချင်းဆိုသလို ပြန်လည်နိုးကြားလာပြီး အားနည်းနေတဲ့ ခန္ဓာကိုယ်နဲ့အတူ အိပ်ရာပေါ်ကနေ ကုန်းရုန်းထထိုင်လိုက်တယ်။
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ ဒီနေရာက မြို့တော်က သူမရဲ့ တန်ဖိုးကြီး အဆင့်မြင့်တိုက်ခန်း မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ အဖြူရောင် အိပ်ရာခင်းတွေ၊ ပိတ်ပါးလွှာ လိုက်ကာစတွေနဲ့ အခန်းထဲက ပရိဘောဂတွေအားလုံးက သူမနဲ့ အလွန် ရင်းနှီးနေတယ်။
ဒီနေရာက သူမရဲ့ အိမ်မဟုတ်ဘူး၊ မြို့တော်တောင် မဟုတ်ဘူး။ ဒါက သူမကြီးပြင်းခဲ့တဲ့ ပိုင်ယွင်မြို့က သူမရဲ့ အိမ်ပဲ!
မယုံနိုင်စရာပဲ! ကျဲန်အိုက်က ကြောင်ငေးနေတဲ့ မျက်နှာအမူအရာနဲ့ သူ့ရှေ့က အရာအားလုံးကို ကြည့်နေမိတယ်။ သူမ ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ။ ဒီအိမ်အဟောင်းကြီးက ဖြိုဖျက်ခံလိုက်ရတာ အတော်ကြာပြီ မဟုတ်လား။
သူမကိုယ်သူမရော...
ကျဲန်အိုက် မျက်လုံးတွေကို မှိတ်ချပြီး ဖြစ်ပျက်ခဲ့သမျှကို အစွမ်းကုန် ပြန်စဉ်းစားလိုက်တယ်။ သူမ ဒီအိမ်အဟောင်းမှာ အသက် ဆယ့်ခုနစ်နှစ်အထိ နေထိုင်ခဲ့ပြီး မြို့တော်က တက္ကသိုလ်တစ်ခုကို တက်ရောက်ခဲ့တယ်။ အသက် ဆယ့်ကိုးနှစ်မှာတော့ သူမရဲ့အမေက ကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့ပြီး သူမရဲ့အစ်ကိုက သူမရဲ့ ပညာရေးအတွက် ငွေရှာဖို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်ထွက်လုပ်ခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ မတော်တဆမှုတစ်ခုနဲ့ ကြုံပြီး သူလည်း ဒီလောကကြီးကနေ ထွက်ခွာသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျဲန်အိုက်ဘဝရဲ့ အရေးအကြီးဆုံး မိသားစုဝင်နှစ်ယောက်က သူမကို တစ်ယောက်ပြီးတစ်ယောက် ထားရစ်ခဲ့ကြပြီး တက္ကသိုလ် တတိယနှစ်မှာ သူမတစ်ယောက်တည်း ကျန်ရစ်ခဲ့တယ်။
ဒါပေမဲ့ ဒီအဖြစ်အပျက်တွေက သူမကို လုံးလုံးလျားလျား အရှုံးမပေးစေခဲ့ပါဘူး။ ဝမ်းနည်းပူဆွေးမှုတွေထဲမှာ အချိန်အတော်ကြာ နစ်မြောနေခဲ့ပြီးနောက် ကျဲန်အိုက်က အနာဂတ်ကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ဆောက်လုပ်ရေးအဖွဲ့က သူမအစ်ကိုရဲ့ သေဆုံးမှုအတွက် နစ်နာကြေးပေးခဲ့တယ်။ ကျဲန်အိုက်က အိမ်အဟောင်းကြီးကို ဖြိုဖျက်တုန်းကလည်း ငွေအများကြီး ရခဲ့တယ်။ ဒီငွေတွေနဲ့ ကျဲန်အိုက်က သူမရဲ့ ထူးခြားတဲ့ ဉာဏ်ပညာနဲ့ အရည်အချင်းတွေကို အသုံးပြုပြီး မြို့တော်မှာ သူမရဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ရင် သူမမှာ မွေးရာပါ ထက်မြက်တဲ့အာရုံခံစားမှုရှိနေသလိုပဲ။ နှစ်အနည်းငယ်အတွင်းမှာပဲ ကျဲန်အိုက်က မြို့တော်ရဲ့ အိမ်ခြံမြေလောကမှာ နာမည်တစ်လုံးရလာပြီး သန်းပေါင်းများစွာတန်တဲ့ အမျိုးသမီးသူဌေးတစ်ယောက် ဖြစ်လာခဲ့တယ်။
သူမစိတ်ထဲက နောက်ဆုံးမှတ်ဉာဏ်မြင်ကွင်းမှာ အရာအားလုံး ရပ်တန့်သွားခဲ့တယ်။ ယာဉ်မောင်းက သူမကို စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ စာချုပ်ချုပ်ဖို့ ကားမောင်းခေါ်သွားနေတုန်း လမ်းဆုံတစ်ခုမှာ ဘေးမှာမောင်းနေတဲ့ ကုန်တင်ကားတစ်စီးက ရုတ်တရက်ဆိုသလို ဘေးကိုစောင်းပြီး ထိုးကျလာခဲ့တယ်…
ဒါဆို… ငါသေသွားခဲ့တာလား။
သူမ မျက်လုံးတွေကို ပြန်ဖွင့်ပြီး သူမကို ကြောင်တောင်တောင်ဖြစ်စေပေမဲ့ ရင်းနှီးနေတဲ့ အရာအားလုံးကို ကြည့်လိုက်တယ်။ ဒါမှမဟုတ် တကယ့်လက်တွေ့ဘဝကပဲ အိပ်မက်တစ်ခုဖြစ်နေခဲ့တာလား။
အိပ်ရာပေါ်ကဆင်းပြီး ကျဲန်အိုက်က ကျွမ်းကျင်စွာနဲ့ ဗီရိုဆီကို သွားပြီး ဖွင့်လိုက်တယ်။ တံခါးရဲ့ အတွင်းဘက်မှာ မှန်တစ်ချပ်ရှိနေတယ်။ မှန်ထဲမှာတော့ သူမရဲ့ မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်ကလည်း ပိန်လှီနေတယ်။ ပြင်းထန်တဲ့ ဖျားနာမှုတစ်ခုကနေ ပြန်မကောင်းသေးတာ ထင်ရှားပါတယ်။ ဒါပေမဲ့ ဒါကလည်း အရင်တုန်းက သူမရဲ့ ပုံစံပါပဲ!
သူမ လက်ကိုမြှောက်ပြီး မျက်နှာကို သေချာစွာ တို့ထိကြည့်လိုက်တယ်။ တကယ့်အစစ်လို ခံစားချက်ကြောင့် ကျဲန်အိုက်ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ မထိန်းနိုင်ဘဲ ဝဲတက်လာခဲ့တယ်။
ဗီရိုရဲ့ အပေါ်ဆုံးမှာတော့ သူမရဲ့ အထက်တန်းကျောင်းဝတ်စုံကို ခေါက်ထားတယ်။ ခေတ်ဟောင်းပုံစံဖြစ်ပြီး ရင်းနှီးနေတဲ့ အရောင်အသွေးတွေနဲ့ပေါ့။
အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ တံခါးဖွင့်သံ ရုတ်တရက် ထွက်ပေါ်လာတယ်။ ကျဲန်အိုက်ရဲ့ နှလုံးက ဒိန်းခနဲ ခုန်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အလိုလို တုန်ယင်သွားခဲ့တယ်။
သူမ တံခါးဆီ အမြန်ပြေးသွားပြီး ဖွင့်လိုက်တယ်။ သေးငယ်တဲ့ ဧည့်ခန်းလေးထဲမှာတော့ ဝမ်ယွင်မေက သူမလက်ထဲက သစ်သီးတွေကို ချနေတယ်။ အသံကြားတော့ သူမ လှည့်ကြည့်လိုက်တယ်။ တံခါးဝမှာ နွမ်းနယ်နေတဲ့ရုပ်နဲ့ ရပ်နေတဲ့ သမီးဖြစ်သူကို မြင်လိုက်ရတော့ သူမက အံ့အားသင့်စွာနဲ့ ပြောလိုက်တယ်။ "အို, ရှောင်အိုက်၊ ဘာလို့ အိပ်ရာပေါ်ကနေ အမြန်ထလာတာလဲ။ ပြန်သွားလှဲနေလိုက်ဦး။ အအေးမိဦးမယ်။"
ပြောပြောဆိုဆိုနဲ့ ဝမ်ယွင်မေက ကျဲန်အိုက်ဆီကို အမြန်လျှောက်လာခဲ့တယ်။ သူမကို အခန်းထဲ ပြန်ပို့ပေးဖို့ လုပ်နေတုန်းမှာပဲ သူမရဲ့ သမီးက ရုတ်တရက် သူမကို ပွေ့ဖက်လိုက်တယ်။
"မေမေ!"
ကျဲန်အိုက်က 'မေမေ' လို့ခေါ်ဖို့ အားအင်အားလုံးကို သုံးလိုက်ရသလိုပါပဲ။ သူမ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ အမေ့ရင်ခွင်ထဲကို တိုးဝင်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်တော့တယ်။
ကျဲန်အိုက်ရဲ့ မှတ်ဉာဏ်ထဲမှာတော့ သူမရဲ့အမေက နိုက်ကလပ်တစ်ခုမှာ ဖျော်ဖြေရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တယ်။ ဒါက တခြားသူတွေရဲ့အမြင်မှာတော့ သိက္ခာမရှိတဲ့အလုပ်တစ်ခုပေါ့။ ဒီအလုပ်ကြောင့်ပဲ အိမ်နီးနားချင်းတွေက အမေ့ကို ကဲ့ရဲ့ရှုတ်ချခဲ့ကြတယ်။ အမေ့ဘက်က အဖိုးအဖွားတွေ၊ ဦးလေးတွေကတောင် သူတို့မိသားစုနဲ့ အဆက်အသွယ် အပိုမလုပ်ခဲ့ကြဘူး။
ဒါ့အပြင် သူမအမေက အိမ်နဲ့မနီးမဝေး လမ်းဘေးမှာ ဆိုင်ခန်းသေးသေးလေးတစ်ခု ငှားထားသေးတယ်။ မနက်တိုင်း စောစောထပြီး အီကြာကွေးကြော်ရောင်းကာ မနက်စာ ရောင်းရတယ်။ သူမအမေက သူမနဲ့ သူမရဲ့အစ်ကိုကို ထောက်ပံ့နိုင်ဖို့အတွက် ဒီလိုဘဝမျိုးကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ထပ်ခါတလဲလဲ ဖြတ်သန်းခဲ့ရတယ်။
ကျဲန်အိုက်နဲ့ သူမအစ်ကိုက သူတို့အဖေအကြောင်း ဘာမှမသိကြဘူး။ အမေက မပြောခဲ့တော့ သူတို့လည်း မမေးခဲ့ကြဘူး။ သူမစိတ်ထဲမှာတော့ အမေနဲ့ အစ်ကိုကသာ အရေးကြီးဆုံးပဲ။
ဒါပေမဲ့ သူမအသက် ဆယ့်ကိုးနှစ်အရွယ်မှာ ကံကြမ္မာက သူမကို နောက်တစ်ကြိမ် ထပ်ပြီး နောက်ပြောင်ခဲ့တယ်။ သူမအမေမှာ နောက်ဆုံးအဆင့် အသည်းကင်ဆာဖြစ်နေမှန်း သိလိုက်ရပြီး နှစ်လအတွင်းမှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒီအဖြစ်က မူလကတည်းက ခက်ခဲနေတဲ့ မိသားစုကို ပိုပြီး ဆိုးရွားသွားစေခဲ့တယ်။ သူမက မြို့တော်က တက္ကသိုလ်မှာ ရောက်နေတာကြောင့် အမေ့ကို နောက်ဆုံးအနေနဲ့တောင် တွေ့ခွင့်မရလိုက်ဘူး။
အမေ့ခန္ဓာကိုယ်ပေါ်က ရင်းနှီးနေတဲ့ ရနံ့လေးကို ခံစားရင်း ကျဲန်အိုက်က အားအင်ကုန်ခန်းမတတ် ငိုကြွေးနေမိတယ်။ သာယာဒါတွေအားလုံးက အိပ်မက်တစ်ခုသာဆိုရင်၊ သူမပိုင်ဆိုင်သမျှ အရာအားလုံးနဲ့ လဲလှယ်ပြီး ဒီအိပ်မက်ကနေ နိုးမထချင်တော့ဘူး။
တစ်ဖက်မှာတော့ ဝမ်ယွင်မေက သူမသမီးရဲ့ ရုတ်တရက် ပွေ့ဖက်မှုကြောင့် လန့်သွားခဲ့တယ်။ သတိပြန်ဝင်လာတော့ သူမက သမီးဖြစ်သူရဲ့ ကျောကို နှစ်သိမ့်သလို ပုတ်ပေးရင်း "တော်ပါပြီ၊ အမေ့သမီးလေးရယ်၊ ဘာလို့ငိုနေရတာလဲ။ မြန်မြန်ပြန်သွားလှဲနေလိုက်။ သမီးလေး အဖျားကအခုမှ ကျတာလေ။ နောက်တစ်ခါ အအေးမိနေဦးမယ်။"
ငိုထားလို့ မျက်လုံးတွေ နီရဲနေတဲ့ သမီးဖြစ်သူကို ကြည့်ပြီး ဝမ်ယွင်မေက အချစ်တွေပြည့်နေတဲ့ အပြုံးလေးနဲ့ ပြုံးလိုက်တယ်။ "ဆရာဝန်ကပြောတယ် သမီးလေးက လန့်သွားလို့ စိတ်ခံစားချက်တွေ အတက်အကျဖြစ်နိုင်တယ်တဲ့။ ဒါပေမဲ့ ဒီလောက်အထိ စိတ်ခံစားချက်တွေ ပြင်းထန်မယ်လို့တော့ အမေလည်း မထင်ထားဘူး။ သမီး ဒီလောက်ငိုတာကို အမေ ပထမဆုံး မြင်ဖူးတာပဲ။"
သူမ မျက်ရည်တွေကို သုတ်လိုက်တယ်။ စိတ်ကို ချက်ချင်းတည်ငြိမ်အောင် မလုပ်နိုင်သေးပေမဲ့ ကျဲန်အိုက်က ပုံမှန်အတိုင်း ဟန်ဆောင်ပြီး "မေမေ၊ သမီး ရေအရင်ချိုးချင်တယ်။ တစ်ကိုယ်လုံး စေးကပ်ပြီး နေလို့မကောင်းဘူး။"
"ကောင်းပြီလေ၊ ရေအရင်ချိုးလိုက်။ အမေ အိပ်ရာခင်း လဲပေးထားမယ်။ ချွေးတွေနဲ့ စိုရွှဲနေလောက်ပြီ။"
ဝမ်ယွင်မေက သူမသမီး လန့်သွားလို့သာ ဒီလိုဖြစ်နေတယ်လို့ ထင်ပြီး သိပ်ပြီးတွေးမနေတော့ဘူး။
ရေချိုးခန်းထဲမှာတော့ ရိုးရှင်းတဲ့ ရေပန်းခေါင်းကနေ ရေတွေက တပြတ်တောင်းပြတ်တောင်း ကျနေတယ်။ ကျဲန်အိုက်ရဲ့ နှလုံးသားက တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်။
ဒါက ၂၀၀၂ ခုနှစ်ရဲ့ နွေဦးအစပဲ။ သူမ မတော်တဆမှုမဖြစ်ခင် ဆယ့်နှစ်နှစ်အကြာက အချိန်ပေါ့။ ဒီအရာအားလုံးက အိပ်မက်မဟုတ်ဘူး။ သူမ အသက် ဆယ့်လေးနှစ်အရွယ်၊ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်ကို ပြန်ရောက်လာခဲ့တာ!
ဒါပေမဲ့ ဒီဘဝမှာ ဘာမှပြောင်းလဲလို့မရဘူးဆိုရင် ဒီအခွင့်အရေးက ဘာအသုံးဝင်မှာလဲ။ ဒါကြောင့် ကျဲန်အိုက်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့ကိုယ်သူ ကျိန်ဆိုလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့ အမေနဲ့ အစ်ကိုကို မဖြစ်မနေ ကယ်တင်ရမယ်၊ ပြီးတော့ သူမမိသားစုရဲ့ ဘဝကို ပြောင်းလဲပစ်ရမယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: