အခန်း (၄) : ကျောင်းတော်သို့ ပြန်လည်ရောက်ရှိခြင်း
ခဏအကြာမှာတော့ ကျဲန်ယွီက ပဲနို့ပန်းကန်နှစ်ခွက်ကိုင်ပြီး ထွက်လာခဲ့တယ်။ သူက သူတို့စားပွဲဆီကို လျှောက်လာပြီး ညင်ညင်သာသာ ချပေးလိုက်တယ်။ "ပူပူလေးသောက်နော်။ သကြားထည့်ပေးထားတယ်။"
"ကျေးဇူးပဲ အစ်ကိုယွီ။" ကွမ်းထောင်က ပြုံးပြီး ကျဲန်ယွီကို သွားဖုံးတွေပေါ်တဲ့အထိ ရယ်ပြချင်နေတယ်။
ကျဲန်ယွီက "အားမနာပါနဲ့" လို့ပြောပြီး ထိုင်ခုံတစ်လုံးဆွဲကာ ကျဲန်အိုက်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ သူ့အိတ်ကပ်ထဲကို နှိုက်ပြီး လိပ်ထားတဲ့ ဆယ်ယွမ်တန်တစ်ရွက်ကို ထုတ်လိုက်တယ်။ သူက ကျဲန်အိုက်ကို ပိုက်ဆံပေးပြီး "ရှောင်အိုက်၊ ကျောင်းမှာ ကောင်းကောင်းစားဖို့" လို့ပြောလိုက်တယ်။
ကျဲန်အိုက်က ပဲနို့သောက်နေရာကနေ ရပ်ပြီး ဆယ်ယွမ်တန်ကို ကြည့်လိုက်တယ်။ သူမ မျက်တောင်တစ်ချက်ခတ်ပြီး "သမီးမှာ ပိုက်ဆံရှိပါတယ်။ အစ်ကို့ဘာသာပဲ သိမ်းထားလိုက်ပါ။"
အထက်တန်းကျောင်းရောက်ပြီးနောက်မှာတော့ သူမအမေက လစဉ်လဆန်းတိုင်းမှာ သုံးစွဲဖို့ မုန့်ဖိုး ယွမ်နှစ်ရာ ပေးလေ့ရှိတယ်။ ယွမ်နှစ်ရာက သာမန်အထက်တန်းကျောင်းတစ်ကျောင်းအတွက် လုံလောက်နိုင်ပေမဲ့ အာ့ကျုံးကျောင်းမှာတော့ သာမန်နေ့လယ်စာတစ်နပ်က ငါးယွမ်ခန့် ကုန်ကျတယ်။ ရက်အနည်းငယ်ကြာတိုင်းမှာ အစားကောင်းကောင်းတစ်နပ်လောက် စားချင်တယ်ဆိုရင်တော့ လမကုန်ခင်မှာပဲ ယွမ်နှစ်ရာက ကုန်သွားမှာပဲ။
ကံကောင်းစွာနဲ့ပဲ သူမအစ်ကိုက လတိုင်း သူ့လစာရဲ့တစ်ဝက်ကို သူမအတွက် တိတ်တိတ်လေး ပေးလေ့ရှိတယ်။ ဒီအကြောင်းကို သူတို့အမေ မသိဘူး။ သူမက အစ်ကိုဖြစ်သူက သူ့လစာတစ်ဝက်ကို မုန့်ဖိုးအဖြစ် သိမ်းထားတယ်လို့ အမြဲထင်နေခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူက ပိုက်ဆံအားလုံးကို သူမကိုပဲ ပေးခဲ့တယ်။ အာ့ကျုံးကျောင်းက ဘယ်လိုကျောင်းမျိုးလဲဆိုတာ သူသိပြီး အတန်းဖော်တွေက သူမကို အထင်သေးမှာစိုးလို့ပဲ။
ဒီလိုနဲ့ ကျဲန်အိုက်က လစဉ် သုံးစွဲဖို့ ယွမ်ငါးရာ၊ ခြောက်ရာလောက် ရရှိခဲ့ပြီး သူမလို သာမန်အထက်တန်းကျောင်းသူတစ်ယောက်အတွက် လုံလောက်တာထက်တောင် ပိုနေခဲ့တယ်။ ဒါပေမဲ့ ကျဲန်အိုက်က ဒီအကြောင်းကြောင့် ငွေကို လက်လွတ်စပယ် မသုံးခဲ့ဘူး။ နေ့တိုင်း သူမက ဈေးအပေါဆုံးနေ့လယ်စာကိုပဲ စားပြီး ကျန်တဲ့ပိုက်ဆံတွေကို တိတ်တိတ်လေး စုထားခဲ့တယ်။
"ယူထားလိုက်ပါ။ မနက်ဖြန်ဆို ငါလစာထုတ်ရတော့မှာ။" ကျဲန်ယွီက ပိုက်ဆံကို ကျဲန်အိုက်လက်ထဲကို ထိုးထည့်လိုက်တယ်။ ကျဲန်အိုက် ဘာမှမပြောနိုင်ခင်မှာပဲ သူက မတ်တပ်ရပ်ပြီး "စားစရာရှိတာကုန်အောင်စားပြီး ကျောင်းသွားတော့။ ငါလည်း အလုပ်ရှုပ်တော့မယ်။"
"အိုးမိုင်ဂေါ့၊ အစ်ကိုကြီးယွီက နင့်အပေါ် အရမ်းကောင်းတာပဲ!" ကွမ်းထောင်ရဲ့ မျက်လုံးထဲမှာ အသည်းပုံလေးတွေ ထွက်ပေါ်လာပြီး သူမရဲ့မျက်နှာအမူအရာက အလွန်အကျူးဖြစ်နေတယ်။ "ငါကြီးလာရင် အစ်ကိုကြီးယွီလို ယောက်ျားမျိုးကိုပဲ လက်ထပ်ရမယ်။"
"တော်စမ်း!" ကျဲန်အိုက်က ကွမ်းထောင်ကို ကြည့်ပြီး "နင်ဘယ်သူ့ကိုပဲကြိုက်ကြိုက်၊ ငါ့အစ်ကိုကလွဲရင်ပေါ့!" လို့ပြောလိုက်တယ်။
ကျဲန်အိုက်က ကွမ်းထောင်ရဲ့ စိတ်အားထက်သန်မှုပေါ်ကို ရေအေးတစ်ပုံးလောင်းချလိုက်တယ်။ "သိပါတယ်၊ သိပါတယ်! မရရင်လည်း ပြီးတာပဲလေ။ နင်ဘယ်သူ့ကို လာခြောက်နေတာလဲ။"
ကွမ်းထောင်ရဲ့ မျက်နှာအမူအရာကိုကြည့်ပြီး ကျဲန်အိုက် ရယ်ချင်သွားတယ်။ သူမက တခြားဘာအဓိပ္ပာယ်မှ မရှိပါဘူး။ အရင်ဘဝတုန်းက ကွမ်းထောင်ရဲ့ဘဝက ဖြောင့်ဖြူးခဲ့တယ်။ သူမက ကွမ်းထောင်ကို သူမရဲ့အစ်ကိုအပေါ်မှာ အချိန်နဲ့စွမ်းအင်တွေ ထပ်မဖြုန်းတီးစေချင်တော့ဘူး။ ဒါမှ သူမဘဝမှာ အကွေ့အကောက်တွေ အများကြီးကို ရှောင်နိုင်မှာဖြစ်တယ်။
အာ့ကျုံးကျောင်းက ကျုံးလုံခရိုင်နဲ့ ဟိုင်ချန်ခရိုင်ကြားက လမ်းဆုံမှာ တည်ရှိတယ်။ မနက်တိုင်း သူတို့က လမ်းထိပ်က ဘတ်စ်ကားမှတ်တိုင်ကနေ ကားစီးပြီး နာရီဝက်လောက်အကြာမှာ ကျောင်းကို ရောက်ကြတယ်။
ဒီအချိန်က ကျောင်းသားတွေ ကျောင်းဝင်ချိန်ဖြစ်တယ်။ ကျဲန်အိုက်က လူအုပ်နောက်ကိုလိုက်ပြီး အာ့ကျုံးကျောင်းရဲ့ ပင်မဂိတ်တံခါးကနေ ဝင်သွားခဲ့တယ်။ အတိတ်က သူမ ရင်းနှီးခဲ့တဲ့အရာအားလုံးကို ကြည့်ရင်း သူမက ပုံမှန်အတိုင်းနေဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ စိတ်လှုပ်ရှားပြီး ရင်တုန်နေမိတာကိုတော့ မထိန်းနိုင်ခဲ့ဘူး။
"ကြည့်စမ်း၊ ဟိုတစ်ယောက်က ကျဲန်အိုက် မဟုတ်ဘူးလား။"
"အမ်? တကယ်လား။ သူမ ရေနစ်သေသွားပြီ မဟုတ်ဘူးလား။"
"လျှောက်မပြောနဲ့။ ဆေးရုံကို အရေးပေါ်ကုသမှုအတွက် ပို့လိုက်ရတာ။"
"ဘယ်နှစ်ရက်ပဲ ရှိသေးလို့လဲ။ ဘာလို့ ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ။"
ကျောင်းထဲကို ဝင်လိုက်တာနဲ့ သူမပတ်ဝန်းကျင်က တီးတိုးပြောဆိုသံများစွာကို ကြားလိုက်ရတယ်။ တစ်ဖက်လူက တမင်တကာ အကွာအဝေးတစ်ခုထားပြီး အသံကိုနှိမ့်ပြောနေပေမဲ့ ကျဲန်အိုက်ကတော့ ကြားနေရတုန်းပဲ။ ဒါက သူမရဲ့ စိတ်စွမ်းအင်ကျင့်ကြံနည်းတွေနဲ့ သက်ဆိုင်နေလောက်တယ်။
ဒါပေမဲ့ ကျဲန်အိုက်က ဒီဆွေးနွေးသံတွေကို မကြားလိုက်သလို ဟန်ဆောင်နေခဲ့တယ်။ သူမ ရေထဲကျခဲ့တဲ့ အသေးစိတ်အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ဘူး။ ကွမ်းထောင်ကတော့ လီယွင်မေ တွန်းချခဲ့တာလို့ ပြောတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ သူမ ဖြည်းဖြည်းချင်း နားလည်အောင်လုပ်ရမယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: