လင်ယိက အရင်အတိုင်းပဲဖြစ်ပေမဲ့ ကျဲန်အိုက်ကတော့ အရင်လို စိတ်အားထက်သန်မှု မရှိတော့ဘူး။

"ဘာကိစ္စလဲ။"

ကျဲန်အိုက်က ပထမဆုံး စကားစလိုက်တယ်။ သူမရဲ့လေသံမှာ အတက်အကျသိပ်မရှိဘဲ အချစ်စာကိစ္စက သူမကို ဘာမှမထိခိုက်စေခဲ့သလိုပါပဲ။

လင်ယိက မျက်ခုံးကို အနည်းငယ်တွန့်လိုက်တော့ လူငယ်တစ်ယောက်လို ရင့်ကျက်တဲ့ပုံ ပေါက်သွားတယ်။ သူက ကျဲန်အိုက်ကို အကဲခတ်ကြည့်လိုက်ပြီးမှ "ငါ ခုနက မြင်လိုက်တယ်။ လီယွင်မေက မင်းကို နောက်တစ်ခါ ပြဿနာလာရှာပြန်ပြီဟုတ်လား။"

သက်ပြင်းတစ်ချက်ချလိုက်ပြီး လင်ယိက ဆက်ပြောတယ်။ "အစကတည်းက ဒီလောက်ဒုက္ခတွေများသွားမယ်လို့ ငါမထင်ခဲ့ဘူး။ မင်း ရေကန်ထဲ တွန်းချခံခဲ့ရတာကိုလည်း ငါသိတယ်၊ ဒါတွေအားလုံးက ငါ့အမှားကြောင့်ပဲ။ ဒါကြောင့်မို့ မင်းဒီလိုအနိုင်ကျင့်ခံနေရတာ။"

"ဒါတွေအားလုံးက မင်းကြောင့်မှန်း သိရင်၊ ငါနဲ့ဝေးဝေးမှာ ဘာလို့မနေတာလဲ။ ဒါမှ စိတ်ဓာတ်သေးသိမ်တဲ့လူတွေ မမြင်တော့မှာ၊ သူတို့ငါ့ကို ဒုက္ခပိုမပေးတော့မှာပေါ့။" ကျဲန်အိုက်ရဲ့လေသံက ခပ်ပြတ်ပြတ်နိုင်တယ်။ ကျဲန်အိုက် ဒေါသထွက်နေသလားဆိုတာကို လင်ယိ မခန့်မှန်းနိုင်ခဲ့ဘူး။

ဒါပေမဲ့ ကျဲန်အိုက်ရဲ့ တုံ့ပြန်မှုက လင်ယိကို အံ့အားသင့်စေခဲ့တယ်။ အရင်တုန်းကဆိုရင် သူမက သူ့ကို မျက်လုံးချင်းဆိုင်ကြည့်ဖို့တောင် မရဲခဲ့ဘူး၊ သူ့ကို အသံကျယ်ကျယ်နဲ့ စကားပြောဖို့ဆိုတာ ဝေးရောပေါ့။ ကျောင်းမှာ တွေ့တိုင်း သူမက သူ့ကို ခိုးကြောင်ခိုးဝှက် အကြည့်နှစ်ချက်လောက် ကြည့်ပြီး သူ့အမြင်အာရုံကနေ အမြန်ပျောက်ကွယ်သွားတတ်တယ်။

ခုနက သူမရဲ့လေသံနဲ့ သဘောထားက လုံးဝကို လူတစ်ယောက်ပြောင်းသွားသလိုပဲ။ လင်ယိက အနည်းငယ် အံ့သြပြီး မရင်းနှီးသလို ခံစားလိုက်ရတယ်။

သတိပြန်ဝင်လာပြီးနောက်မှာ လင်ယိက ခေါင်းကိုညိတ်ပြီး "ငါသိပါတယ်။ ငါတောင်းပန်ချင်လို့ပါ။ မင်းကိုစနောက်ဖို့ ယန်ထျန်းတို့အဖွဲ့နဲ့ လောင်းကြေးထပ်ခဲ့တာ မလုပ်ခဲ့ရင်ရင် မင်းရေကန်ထဲ တွန်းချခံရမှာ မဟုတ်ဘူး။"

"ဒါဆို မင်းလောင်းကြေးနိုင်သွားလား။"

ကျဲန်အိုက်က လင်ယိကို ရုတ်တရက်မေးလိုက်တယ်။

လင်ယိ ကြောင်သွားပြီး ခဏအကြာမှ သတိပြန်ဝင်လာပေမဲ့ သူက ကြောင်တောင်တောင်နဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ်။ "အင်း…"

ကျဲန်အိုက်က ရုတ်တရက် ရယ်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ လင်ယိအပေါ်ထားခဲ့တဲ့ သူမရဲ့တစ်ဖက်သတ်အချစ်ကို ပြန်တွေးလိုက်မိတယ်။ ဒီမြင်ကွင်းနဲ့ နှိုင်းယှဉ်လိုက်တော့ တော်တော်လေး ရယ်စရာကောင်းနေတယ်။

ကျဲန်အိုက်က နှုတ်ခမ်းကို ခပ်ပေါ့ပေါ့စေ့လိုက်ပြီး "ဒီလိုလုပ်လေ။ ငါမင်းကို တောင်းပန်ခွင့်တစ်ခုပေးမယ်။ မင်းက လောင်းကြေးနိုင်သွားတော့ ငါ့မှာလည်း credit တစ်ဝက်ရှိရမှာပေါ့။ ဒီကိစ္စကြောင့် မင်းကိုသဘောကျတဲ့သူတွေက ငါ့ကိုလက်စားချေခဲ့ကြတယ်။ ဒါက ပင်ပန်းတဲ့အလုပ်ပဲ။ ဒီ credit တွေအားလုံးကို ထည့်တွက်ပြီး မင်းငါ့ကို ကျောင်းကန်တင်းမှာ တစ်လစာ နေ့လယ်စာ ဝယ်ကျွေးရမယ်။"

"ဟမ်؟" လင်ယိက ကျဲန်အိုက်ရဲ့ အတွေးနောက်ကို လိုက်မမီသလိုဖြစ်သွားတယ်။ သူက ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

သူမက သူ့ကို ဒုက္ခမဖြစ်စေဖို့ ဝေးဝေးနေခိုင်းခဲ့တာ တစ်စက္ကန့်တောင် မကြာသေးဘူး မဟုတ်လား။

"မင်းပဲ ငါ့ကို ဝေးဝေးနေခိုင်းခဲ့တာ မဟုတ်ဘူးလား…" လင်ယိက မျက်ခုံးတွန့်ပြီး မေးလိုက်တယ်။

ကျဲန်အိုက်က မျက်တောင်တစ်ချက်ခတ်လိုက်တယ်။ "ငါစကားပြန်ပြင်လိုက်ပြီ။ ငါက ရေကန်ထဲ အလကားသက်သက် ခုန်ချခဲ့ရတယ်။ လိမ်လည်လှည့်ဖြားခံရပြီး ဖျားတောင်ဖျားသေးတယ်! ပြီးတော့ မင်းက တောင်းပန်ဖို့လာတာ မဟုတ်ဘူးလား။ မင်းက ပါးစပ်နဲ့ပဲ တောင်းပန်မှာလား။ မင်းရဲ့စေတနာကို ငါမြင်နိုင်အောင် တစ်ခုခုတော့ လုပ်ပြရမှာပေါ့!"

ကျဲန်အိုက်က ဘာကြောင့် ရုတ်တရက် ဒီလိုတောင်းဆိုမှုမျိုး လုပ်လာတယ်ဆိုတာကို လင်ယိ နားမလည်ခဲ့ပေမဲ့ သူမစကားတွေက ယုတ္တိရှိတယ်လို့ သူခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် သူက ယောက်ျားလေးတစ်ယောက်ပဲလေ၊ ဒါကြောင့် တာဝန်ယူရမှာပေါ့။

လင်ယိက ခေါင်းညိတ်ပြီး "ကောင်းပြီလေ၊ တစ်လစာ နေ့လယ်စာပဲဟာ။ မင်းကြိုက်တာစားလို့ရတယ်။ ငါဒကာခံမယ်!"

အဲ့ဒီအခါမှ ကျဲန်အိုက်က လင်ယိကို ကျေနပ်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ "ကောင်းပြီ၊ တခြားပြောစရာမရှိတော့ရင် မင်းသွားလို့ရပြီ။ အတန်းစတော့မယ်။"

စကားဆုံးတာနဲ့ ကျဲန်အိုက်က လှည့်ထွက်ပြီး လင်ယိကို ကျောပေးကာ အတန်းထဲကို ဝင်သွားခဲ့တယ်။

လင်ယိက စင်္ကြံမှာရပ်ပြီး အတန်း (၃) ရဲ့ တံခါးကို အတော်ကြာ ငေးကြောင်ကြည့်နေပြီးမှ သက်ပြင်းကို ဖြည်းညင်းစွာချကာ ထွက်သွားခဲ့တယ်။

တကယ်တော့ လီယွင်မေက သူမကို ရေကန်ထဲ တွန်းချခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အချိန်ကတည်းက လင်ယိ အပြစ်ရှိသလို ခံစားနေခဲ့ရတာပါ။ ကျဲန်အိုက် ဘာမှမဖြစ်ရင်တော့ ကိစ္စမရှိပေမဲ့ တစ်ခုခုဖြစ်သွားခဲ့ရင် အပြစ်တင်ခံရမှာက သူပဲဖြစ်လိမ့်မယ်။

အခု ကျဲန်အိုက်က နစ်နာကြေးတောင်းဆိုလိုက်တော့ သူမက သူ့ကိုခွင့်လွှတ်ဖို့ ဆန္ဒရှိတယ်လို့ အဓိပ္ပာယ်ရတာကြောင့် လင်ယိ စိတ်သက်သာရာရသွားခဲ့တယ်။