အခန်း (၈) : ငါ့ကို အားနာစရာမလိုဘူး
လင်ယိက အတန်း (၃) ကိုသွားပြီး ကျဲန်အိုက်ကို ရှာခဲ့တဲ့သတင်းက မီးလို ပျံ့နှံ့သွားခဲ့တယ်။ ကျောင်းထဲက လူတိုင်းနီးပါး ဒီအကြောင်းကို သိသွားကြတယ်။ ကောလာဟလတွေ နေရာအနှံ့ ပျံဝဲနေပေမဲ့ သူတို့နှစ်ယောက် ဘာတွေပြောခဲ့ကြသလဲဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး။
နေ့လယ်ခင်း၊ ကျောင်းကန်တင်းထဲမှာ။
အာ့ကျုံးကျောင်းရဲ့ ကန်တင်းက ကျောင်းရဲ့ ညာဘက်ခြမ်းမှာ တည်ရှိတယ်။ ဧရိယာကျယ်ဝန်းတဲ့ နှစ်ထပ်အဆောက်အဦးတစ်ခုဖြစ်ပြီး ဟင်းလျာတွေကလည်း အလွန်စုံလင်တယ်။ ထမင်း၊ ဟင်းသီးဟင်းရွက်ကြော်၊ ပေါက်စီနဲ့ ခေါက်ဆွဲတွေအပြင် 'ရောကြားမော့'၊ မာလာဟင်းလိုမျိုး ဒေသထွက် အထူးအစားအစာအမျိုးမျိုးလည်း ရှိတယ်။ အရသာကလည်း ကောင်းမွန်တယ်။
လင်ယိက ကန်တင်းဝင်ပေါက်မှာရပ်နေရင်း လူအုပ်ထဲက ကျဲန်အိုက်ကို အဝေးကနေ လှမ်းမြင်လိုက်တယ်။ အရင်လိုပဲ သူမက သပ်ရပ်စွာမီးပူတိုက်ထားတဲ့ ကျောင်းဝတ်စုံကိုဝတ်ဆင်ပြီး ရိုးရှင်းတဲ့မြင်းမြီးပုံစံ ဆံပင်စည်းထားတယ်။
ဒါပေမဲ့ လင်ယိရဲ့အမြင်မှာတော့ ကျဲန်အိုက်က အရင်ကနဲ့ လုံးဝကို ကွဲပြားခြားနားနေခဲ့တယ်။ သူမက အရင်လို ခေါင်းငုံ့ပြီး လူအုပ်ကြီးထဲမှာ နစ်မြုပ်နေခဲ့တော့တာမျိုး မဟုတ်ဘူး။ အဲဒီအစား သူမရဲ့တစ်ကိုယ်လုံးက တခြားသူတွေနဲ့မတူတဲ့ ထူးခြားတဲ့ aura တစ်မျိုး ထုတ်လွှတ်နေတယ်။ သူမရဲ့ တောက်ပတဲ့အသားအရေက ဝင်းပနေတယ်။ မျက်နှာက ဘာအမူအရာမှမရှိပေမဲ့ လူတွေက သူမကို တစ်ချက်ကြည့်ရုံနဲ့ သတိထားမိနိုင်တယ်။
ကျဲန်အိုက်ကလည်း လင်ယိကို တွေ့ပြီး သူ့ဆီကို အမြန်လျှောက်လာခဲ့တယ်။ "ငါ့ကို စောင့်နေတာလား။"
လင်ယိက ခေါင်းညိတ်လိုက်တယ်။ "ဝင်ကြရအောင်။"
သူတို့နှစ်ယောက်အတူတူ ကန်တင်းထဲကို ဝင်သွားတော့ လူတိုင်းရဲ့ အံ့အားသင့်တဲ့အကြည့်တွေကို ဆွဲဆောင်လိုက်တယ်။ မနက်က ကောလာဟလတွေက တီးတိုးပြောဆိုမှုတွေအဖြစ် ပြောင်းလဲသွားပြီး လူတိုင်းက သုံးယောက်တစ်စု၊ ငါးယောက်တစ်ဖွဲ့နဲ့ ကိုယ့်အုပ်စုနဲ့ကိုယ် စကားစပြောကြတော့တယ်။
"သေစမ်း! သူတို့ တကယ်တွဲနေကြတာလား။"
"ဘာတွေဖြစ်နေတာလဲ။ ကျဲန်အိုက်တဲ့လား။ လင်ယိက ကျဲန်အိုက်ကို ကြိုက်နေတာလား။"
"သူမပုံစံက အရူးမလိုပဲ။ အရူးကံကောင်းတတ်တယ်ဆိုတာ ဒါမျိုးလား။"
"အင်း… စောင့်ကြည့်လိုက်စမ်းပါ။ ကြာရှည်ခံမှာ မဟုတ်ပါဘူး။"
"ဟုတ်တယ်။ ကျောင်းမှာ လင်ယိကိုကြိုက်တဲ့ မိန်းကလေး အနည်းဆုံး အယောက်ရှစ်ဆယ်လောက်ရှိတယ်။ ငါထင်တယ် ကျဲန်အိုက်တော့ ဒုက္ခများတော့မယ်။"
အထက်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူတွေ ချစ်ကြိုက်ကြတာက အဆန်းမဟုတ်တော့ဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်နှစ်ယောက်ရဲ့ အဆင့်အတန်းက လူတိုင်းရဲ့စိတ်ထဲမှာ အရမ်းကို ကွာခြားလွန်းနေတယ်။
လင်ယိက ကျောင်းဘတ်စကတ်ဘောအသင်းရဲ့ ရှေ့တန်းကစားသမားဖြစ်ပြီး စာတော်တဲ့ကျောင်းသားတစ်ယောက်လည်း ဖြစ်တယ်။ သူ့မိသားစုက နိုင်ငံအတွင်းမှာ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်တစ်ခုကို ပိုင်ဆိုင်ပြီး ဈေးကွက်တန်ဖိုးက ယွမ်သန်းတစ်ရာကျော်ရှိတယ်။ သူက ကျောင်းမှာ အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ပဲ။
ဒါပေမဲ့ ကျဲန်အိုက်ကတော့ ဆင်းရဲသားရပ်ကွက်က စင်ဒရဲလားလေးတစ်ယောက်ပဲ။ သူမက နေ့တိုင်း စာလေ့လာခြင်းအပေါ်မှာပဲ အာရုံစိုက်ထားတယ်။ သူမက သင်ယူခွင့်အခွင့်အလမ်းကို တန်ဖိုးထားတဲ့ ဝင်ငွေနည်းမိသားစုက ကလေးတစ်ယောက်ရဲ့ ပုံစံငယ်တစ်ခုပဲ။ သူမက တခြားသူတွေနဲ့ သိပ်ပြီးမဆက်ဆံသလို အတန်းဖော်တွေနဲ့ စုဝေးမှုတွေမှာလည်း မပါဝင်ဘူး။ သူမက ဘယ်သူမှ သတိမထားမိတဲ့သူတစ်ယောက်လိုပါပဲ၊ တခြားသူတွေကိုလည်း ဘယ်တုန်းကမှ သွားမစခဲ့ဘူး။ တခြားလူတွေကလည်း သူမကို အလေးမထားခဲ့ကြဘူး။
လုံးဝဆက်စပ်လို့မရတဲ့ ဒီလူနှစ်ယောက်က အတူတူဖြစ်သွားကြတယ်တဲ့လား။ ဘယ်သူမဆို ဒါကို လက်မခံနိုင်ဖြစ်ကြမှာပဲ!
ကျဲန်အိုက်နဲ့ လင်ယိတို့က လူတိုင်းရဲ့ဆွေးနွေးသံတွေကို ကြားနေရတာ သဘာဝပါပဲ။ လင်ယိက ချက်ချင်းဆိုသလို အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ "တစ်ယောက်ယောက်က မင်းကို ပြဿနာလာရှာမှာ မကြောက်ဘူးလား။"
"ဒုက္ခတွေ့ရမှာနဲ့စာရင် တစ်လစာ အလကားနေ့လယ်စာက ငါ့အတွက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်တုန်းပဲ။" ကျဲန်အိုက်က တခြားသူတွေရဲ့ ပြောဆိုဝေဖန်မှုကြောင့် ဘာမှရှက်ရွံ့ခြင်းမရှိဘဲ ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။
လင်ယိက ပိုပြီးတော့တောင် ထူးဆန်းသွားတယ်။ သူက ကျဲန်အိုက်နဲ့ သိပ်ပြီးမဆက်ဆံဖူးသလို သူမအကြောင်းကိုလည်း သိပ်မသိပေမဲ့ ကျဲန်အိုက်က အရင်ကနဲ့ လုံးဝကွဲပြားခြားနားနေတယ်လို့ သူခံစားလိုက်ရတယ်။ သူမပတ်ဝန်းကျင်က ဘယ်သူမှ သူမမျက်လုံးထဲကို ဝင်နိုင်တော့သလို မဟုတ်ဘဲ၊ သူမပတ်လည်မှာ လူစိမ်းတွေမဝင်နိုင်အောင် တားဆီးထားတဲ့ အကာအရံတစ်ခုရှိနေသလိုပဲ။ သူတို့နှစ်ယောက် အတူတူရပ်ပြီး စကားပြောနေကြပေမဲ့လည်း လင်ယိက သူနဲ့ကျဲန်အိုက်ကြားမှာ သူဖြတ်ကျော်လို့မရတဲ့ မမြင်နိုင်တဲ့အတားအဆီးတစ်ခုရှိနေတယ်လို့ ခံစားနေရတုန်းပဲ။
ဒါက သူ့အချစ်စာကိုလက်ခံရရှိပြီး မျက်နှာတစ်ခုလုံးနီရဲကာ သူ့ဆီကိုပြေးလာပြီး "လင်ယိ၊ ငါလည်းမင်းကိုကြိုက်တယ်" လို့ပြောခဲ့တဲ့ ကျဲန်အိုက် ဟုတ်သေးရဲ့လား။
နောက်ဆုံးတော့ သူတို့ ပြတင်းပေါက်နားကို ရောက်သွားတဲ့အခါ လင်ယိက ကျဲန်အိုက်ကို ကြည့်ပြီး "မင်းစားချင်တာကို ရှာလိုက်။ ငါ့ကို အားနာစရာမလိုဘူး!" လို့ပြောလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: