အခန်း (၁၃) : အရင်ဘဝနဲ့ မတူညီတဲ့ဘဝတစ်ခု
အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့တယ်။ ပွဲကြည့်ပရိသတ်တွေ အသင့်မဖြစ်သေးခင်မှာပဲ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။ ဖြစ်စဉ်တစ်ခုလုံးက တစ်မိနစ်တောင်မကြာလိုက်ဘဲ လီယွင်မေနဲ့ သူမအဖွဲ့က တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး။
"သေစမ်း။ ဒီကောင်မလေးက သိုင်းပညာရှင်ပဲ။ သူ့ရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်လျှင်မြန်တယ်။"
"အဲ့ဒီကောင်မလေးနာမည်က လီယွင်မေတဲ့။ ပထမနှစ်မှာ တော်တော်လေးနာမည်ကြီးတယ်။ ကျောင်းအပြင်ဘက်မှာ သူ့ကိုကျောထောက်နောက်ခံပေးနေတဲ့သူတစ်ယောက်ရှိတယ်လို့ ကြားတယ်၊ ဒါကြောင့် ဘယ်သူမှ သူ့ကိုသွားမစရဲဘူး။"
"ဟားဟား၊ အခုတော့ အရေးယူခံလိုက်ရပြီ မဟုတ်လား။ လူငါးယောက်ကို လူနှစ်ယောက်က မထနိုင်အောင် ရိုက်ပစ်လိုက်တယ်! တကယ်ရယ်စရာပဲ။"
"သူတို့ လူမှားပြီး ရန်သွားစခဲ့တာဖြစ်မယ်။ လူအင်အားများတာကို အခွင့်ကောင်းယူပြီး တခြားသူတွေကို အနိုင်ကျင့်ပေမဲ့ တခြားတစ်ဖက်က သိုင်းတတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူးပေါ-့။ ခုနက အကွက်တွေကို မင်းတို့မမြင်လိုက်ဘူးလား။ မြန်ဆန်ပြီး တိကျလိုက်တာ။ တကယ်ကို ကျေနပ်စရာကောင်းလိုက်တာ!"
အာ့ကျုံးကျောင်းက လူတိုင်း ကျဲန်အိုက်ကို မမှတ်မိကြဘူး။ စီနီယာကျောင်းသားတချို့ကတော့ စိတ်လှုပ်ရှားနေကြတယ်။ ဒီချောမောလှပတဲ့ ဂျူနီယာလေးက ဒီလောက်တောင် အစွမ်းထက်လိမ့်မယ်လို့ သူတို့မထင်ထားခဲ့ဘူး။ လှုပ်ရှားမှုအနည်းငယ်နဲ့ပဲ ကျောင်းထဲက အနိုင်ကျင့်သူတွေကို ရှင်းပစ်လိုက်နိုင်ခဲ့တယ်။
လူတွေ ပိုပြီးဝိုင်းအုံလာတာကိုမြင်တော့ ကျဲန်အိုက်က လူတွေဝိုင်းကြည့်တဲ့ ပန်ဒါတစ်ကောင်လို မဖြစ်ချင်ဘူး။ သူမက ချက်ချင်းဆိုသလို ကွမ်းထောင်ကိုဆွဲပြီး လူအုပ်ထဲကနေ ထွက်လာခဲ့တယ်။
ဘတ်စ်ကားမှတ်တိုင်ဆီကို အပြေးအလွှားရောက်ပြီးနောက်မှာတော့ ကျဲန်အိုက်က ရပ်လိုက်ပြီး ကွမ်းထောင်ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ "ထောင်ဇီ၊ နင်ထိခိုက်သွားသေးလား။"
"ငါ အဆင်ပြေပါတယ်!" ကွမ်းထောင်က မောဟိုက်စွာနဲ့ လက်ကိုဝှေ့ယမ်းလိုက်တယ်။ သူမက ကျဲန်အိုက်ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးဖို့လည်း မမေ့ခဲ့ဘူး။ "နင်ရော။ နင် အဆင်ပြေရဲ့လား။"
ကျဲန်အိုက်က ပြုံးပြီး ခေါင်းခါလိုက်တယ်။ "ငါ အဆင်ပြေပါတယ်။"
"ခုနက နင်ဘယ်လိုလုပ်လိုက်တာလဲ။ ငါလှည့်ကြည့်လိုက်တဲ့အချိန်မှာ ဘာလို့သူတို့အားလုံး မြေကြီးပေါ် လဲကျသွားတာလဲ။" ကွမ်းထောင်က ခုနက မိန်းကလေးနှစ်ယောက်က ဝိုင်းထားတာကြောင့် ကျဲန်အိုက်ရဲ့ ချောမွေ့တဲ့လှုပ်ရှားမှုတွေကို မမြင်လိုက်ရတာ သဘာဝပါပဲ။ သူမ မအံ့ဩဘဲမနေနိုင်တော့ဘူး။
ကျဲန်အိုက်က ရှင်းပြလိုက်တယ်။ "ငါအိမ်မှာ အနားယူနေတုန်းက ငါ့အစ်ကိုက ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့သိုင်းကွက်တချို့ သင်ပေးထားတာ။ ခုနက အသုံးဝင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ကွမ်းထောင်က ကျဲန်ယွီကို အမြဲတမ်းလေးစားအားကျခဲ့တာကြောင့် ကျဲန်အိုက်ရဲ့စကားကို သံသယဝင်မှာမဟုတ်တာ သဘာဝပါပဲ။ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်လိုက်တော့ သူမနည်းနည်းကြောက်လာတယ်။ သူမက စိုးရိမ်တကြီးနဲ့ မပြောဘဲမနေနိုင်တော့ဘူး။ "အစ်ကိုယွီက နင့်ကိုသင်ပေးထားလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီနေ့ ငါတို့နစ်နာရတော့မှာ။ ဘာပဲဖြစ်ဖြစ် တခြားတစ်ဖက်မှာ လူငါးယောက်တောင်ရှိတာ။"
"နောင်ကျရင် ဒီလိုကိစ္စမျိုးထပ်ဖြစ်ရင် နင်နောက်မှာပဲနေ။ ငါ့ဘာသာငါ ဖြေရှင်းလိုက်မယ်။" ကျဲန်အိုက်က အနည်းငယ် အားနာသွားတယ်။ ဘာပဲဖြစ်ဖြစ် သူမနဲ့ လီယွင်မေကြားက ပဋိပက္ခက ကွမ်းထောင်နဲ့ ဘာမှမဆိုင်ဘူး။ လီယွင်မေကြောင့် သူမပါ အရိုက်ခံရမလိုဖြစ်သွားခဲ့တယ်။ သူမရဲ့သူငယ်ချင်းအနေနဲ့ သူမအတွက် စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်ခဲ့ဘူး။
မမျှော်လင့်ဘဲ ကွမ်းထောင်က သဘောမတူတဲ့အမူအရာနဲ့ "ဘယ်လိုလုပ်ဖြစ်မှာလဲ။ ငါက ရန်မဖြစ်တတ်ပေမဲ့ နင့်ကိုပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးလို့မရဘူးလေ။ ငါတို့ပြေးချင်ရင် အတူတူပြေးမယ်။ နင်မပြေးဘူးဆိုရင် ငါလည်းမပြေးဘူး။ အဆိုးဆုံးကတော့ အရိုက်ခံရရုံပဲပေါ့။ ငါတို့က အတူတူကြီးပြင်းလာခဲ့ကြတာ။ ငါတို့အတူတူတောင် ရန်မဖြစ်ဖူးဘူးဆိုရင် ဘယ်လောက်ပျင်းစရာကောင်းလိုက်မလဲ။"
ကွမ်းထောင်ရဲ့အမူအရာက အလေးအနက်ဖြစ်နေပေမဲ့ သူမရဲ့စကားတွေက ကျဲန်အိုက်ကို အလွန်အမင်း စိတ်ထိခိုက်သွားစေခဲ့တယ်။ လူတွေက ဒုက္ခရောက်ချိန်မှ မေတ္တာအစစ်ကို တွေ့ရတယ်လို့ ပြောလေ့ရှိကြတယ်။ ကွမ်းထောင်က ဒီနေ့ ဒီကိစ္စကို သူမနဲ့အတူ ရင်ဆိုင်နိုင်ခဲ့တာက သူတို့ရဲ့ဆက်ဆံရေးကို သက်သေပြဖို့ လုံလောက်နေခဲ့ပြီ။
"ဒါဆိုရင် ငါအားတဲ့အချိန်ကျရင် နင့်ကို အကွက်တချို့သင်ပေးမယ်လေ၊ ဒါမှ နင်က လူတွေဆံပင်ဆွဲတာလောက်ပဲ တတ်မှာစိုးလို့။" ကျဲန်အိုက်က ရုတ်တရက် ရယ်မောလိုက်တယ်။
"ဟမ်؟ ငါက လူတွေဆံပင်ဆွဲတာလောက်ပဲ တတ်တယ်ဟုတ်လား။"
"ဟုတ်တယ်လေ၊ ခုနက နင် 'လွှတ်' လို့ အော်နေတာ မသိဘူးလား။"
"မဖြစ်နိုင်တာ! ငါအော်ခဲ့လို့လား။ အဲ့လောက်တောင် ဆိုးသွားလား။"
"ဟုတ်တယ်လေ။ အရမ်းကို ညံ့ဖျင်းတာပဲ!"
"ဟားဟားဟား…"
မိန်းကလေးနှစ်ယောက်က ဘတ်စ်ကားမှတ်တိုင်မှာ ယိမ်းထိုးနေအောင် ရယ်မောနေကြတယ်။ ကျဲန်အိုက်ရဲ့ ကျောင်းပြန်တက်တဲ့ ပထမဆုံးနေ့က ပြည့်စုံပြီး စိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။ ဒီနေ့ရဲ့ဖြစ်စဉ်လမ်းကြောင်းက သူမရဲ့အရင်ဘဝနဲ့ လုံးဝကို ကွဲပြားခြားနားနေခဲ့တယ်။ ကျဲန်အိုက်အတွက်တော့ သူမလိုချင်တာ၊ သူမလိုက်စားချင်တာက သူမရဲ့အရင်ဘဝနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ ဘဝတစ်ခုဖြစ်တယ်ဆိုတာကို သူမစိတ်ထဲမှာ သိနေခဲ့တယ်!
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: