အိမ်ပြန်ရောက်တော့ ဝမ်ယွင်မေက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတယ်။ တံခါးဖွင့်သံကြားတော့ သူမသမီး ပြန်လာပြီဆိုတာ သိလိုက်တယ်။

"ရှောင်အိုက်၊ ကျောင်းဆင်းပြီလား! မေမေ သမီးအတွက် ကျွဲကောသီးဝယ်ထားတယ်။ စားလိုက်ဦးနော်။ ညစာက ခဏနေရင် ရတော့မယ်။ သားကြီးလည်း ညစာပြန်လာစားလိမ့်မယ်။"

ကျဲန်အိုက်က သူမရဲ့ကျောင်းလွယ်အိတ်ကို ဆိုဖာပေါ်ပစ်တင်လိုက်ပြီး ဖိနပ်ပါးလေးနဲ့ မီးဖိုချောင်ထဲကို ဝင်သွားခဲ့တယ်။ ဝမ်ယွင်မေက ငါးခူတစ်ကောင်ကို သန့်စင်နေတယ်။ ကျဲန်အိုက်က ရှေ့ကိုတိုးပြီး ကြည့်လိုက်တယ်။ "မေမေ၊ ငါးပေါင်းလုပ်မလို့လား။"

ဝမ်ယွင်မေက ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ "ဟုတ်တယ်။ သားကြီးက စားချင်တယ်လို့ မှာထားတာ။ ဝက်နံရိုးလည်း ဝယ်ထားတယ်။ သမီးဘယ်လိုစားချင်လဲ။ ချိုချဉ်ကြော်စားမလား။"

"ကောင်းသားပဲ" ကျဲန်အိုက်က ပျော်ရွှင်စွာနဲ့ ပြန်ဖြေလိုက်တယ်။

"အပြင်ထွက်ပြီး စောင့်နေလိုက်ဦး။ သားကြီးလည်း မကြာခင်ပြန်ရောက်တော့မှာပါ။"

ကျဲန်အိုက်က သူမအခန်းထဲကို ပြန်လာပြီး နာရီကို တစ်ချက်ကြည့်လိုက်တယ်။ ည ၆ နာရီ ရှိနေပြီ။ သူမအမေက ပုံမှန်အားဖြင့် ည ၇ နာရီလောက်မှာ မိတ်ကပ်လိမ်းပြီး နိုက်ကလပ်ကို အလုပ်သွားလေ့ရှိတယ်။ ညပိုင်းအလုပ်စောစောပြီးရင်တော့ သန်းခေါင်လောက်မှာ ပြန်ရောက်နိုင်တယ်။ မဟုတ်ရင်တော့ မနက် နှစ်နာရီ ဒါမှမဟုတ် သုံးနာရီလောက်မှ အိမ်ပြန်ရောက်တတ်တယ်။

ဒီလိုဧည့်ကြိုအလုပ်မျိုးအတွက် အတိအကျအချိန်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဂျစ်တိုက်တဲ့ ဧည့်သည်တွေနဲ့တွေ့ရင် သူတို့ လွတ်အောင်ရှောင်နိုင်မှာ မဟုတ်ဘူး။

အရင်ဘဝတုန်းက သူမအမေက အသည်းကင်ဆာကြောင့် ဆုံးပါးသွားခဲ့ရတယ်။ ကျဲန်အိုက်က အကြောင်းရင်းက သူမအမေရဲ့ အရက်သောက်သုံးမှုကြောင့်ဖြစ်တယ်ဆိုတာကို နားလည်ခဲ့တယ်။ အရက်သောက်တာက အသည်းကိုထိခိုက်စေတယ်။ ပိုသောက်လေ၊ ပိုထိခိုက်လေပဲ။ ဒီဘဝမှာတော့ သူမ အဲ့ဒီလိုအဖြစ်မျိုး ထပ်ဖြစ်အောင်ထားမှာ မဟုတ်ဘူး။

ဒါပေမဲ့ အခုလက်ရှိမှာတော့ သူမအမေကို နိုက်ကလပ်ကအလုပ်ကနေ ထွက်ခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်ကရတဲ့ဝင်ငွေက မိသားစုရဲ့အသုံးစရိတ်အများစုကို ထောက်ပံ့ပေးနေလို့ပဲ။ သူမအမေက သဘောတူမှာမဟုတ်ဘူး။ ဒါကြောင့် ကျဲန်အိုက်က သူမအမေကို နိုက်ကလပ်ကနေ ထွက်စေချင်ရင် မိသားစုရဲ့ဘဏ္ဍာရေးအခြေအနေကို သူမကိုယ်တိုင် ကြိုးစားပြောင်းလဲရမယ်ဆိုတာကို နားလည်ထားတယ်။ ပိုက်ဆံက သူမအမေအတွက် စိုးရိမ်စရာမဟုတ်တော့တဲ့အခါ တခြားအရာအားလုံးက အလိုလိုဖြစ်လာမှာပဲ။

ဒါကြောင့် ကျဲန်အိုက်က သူမအခု ဘာလုပ်ဖို့လိုအပ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်။ ဒါကတော့… ပိုက်ဆံရှာဖို့ပဲ!

သူမက ဗီရိုကိုဖွင့်ပြီး ပန်းရောင်ပိုက်ဆံအိတ်တစ်လုံးကို ထုတ်လိုက်တယ်။ အတွင်းထဲက ပိုက်ဆံအားလုံးကို ထုတ်ယူလိုက်တယ်။

သူမက အနာဂတ်ရဲ့မှတ်ဉာဏ်တွေနဲ့အတူ ပြန်လည်မွေးဖွားလာခဲ့တာ။ သူမက ဒီကမ္ဘာကြီးရဲ့ ရှေ့ဆက်သွားမယ့်လမ်းကြောင်းကို ဆယ့်နှစ်နှစ်ကြိုတင်သိနေခဲ့တယ်။ ဒါကြောင့် ဒါက သူမရဲ့ထူးခြားတဲ့အားသာချက်ပဲ။

အနာဂတ်မှာ အမြတ်အစွန်းအများဆုံး စက်မှုလုပ်ငန်းတွေကတော့ အိမ်ခြံမြေ၊ စားသောက်ကုန်၊ နိုက်ကလပ်နဲ့ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုဆိုင်ရာ စက်မှုလုပ်ငန်းတွေပဲ ဖြစ်လိမ့်မယ်။ အရင်ဘဝတုန်းက ကျဲန်အိုက်က မြို့တော်မှာ နှစ်အတော်ကြာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်ခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းမှာ တဖြည်းဖြည်း ခြေကုပ်ယူနိုင်ခဲ့တယ်။ ဒါက သူမအကျွမ်းတဝင်အရှိဆုံး လုပ်ငန်းတစ်ခုလည်း ဖြစ်တယ်။

ဒါပေမဲ့ ကျဲန်အိုက်က သူမရဲ့စုငွေအားလုံးကို မြင်လိုက်ရတဲ့အခါ ချွေးသုတ်လိုက်မိတယ်။ သူမစုထားခဲ့တဲ့ ပိုက်ဆံအားလုံး… ပေါင်းလိုက်တဲ့အခါ… တစ်ထောင့်သုံးရာယွမ်ပဲ ရှိတယ်!

တစ်ထောင့်သုံးရာယွမ်က သူမလို သာမန်အထက်တန်းကျောင်းသူတစ်ယောက်အတွက်တော့ နည်းတဲ့ပမာဏမဟုတ်ဘူး။ သူမအမေရဲ့ လစဉ်သုံးစွဲစရိတ် ယွမ်နှစ်ရာနဲ့ဆိုရင် တစ်ထောင့်သုံးရာယွမ်က ခြောက်လစာ သုံးစွဲစရိတ်နဲ့ ညီမျှတယ်။ ဒါပေမဲ့ သူမသာ စီးပွားရေးတစ်ခုစလုပ်ချင်တယ်ဆိုရင်တော့ ဒီတစ်ထောင့်သုံးရာယွမ်က တော်တော်လေးကို ရယ်စရာကောင်းလွန်းနေတယ်။ ဒါကိုသာ စီးပွားရေးလောကထဲကို ရင်းနှီးမြှုပ်နှံလိုက်ရင် လှိုင်းဂယက်လေးတစ်ခုတောင် ဖြစ်ပေါ်စေမှာမဟုတ်ဘူး။ ဒါ့အပြင် သူမမှာ အခုလက်ရှိ စီးပွားရေးအခွင့်အလမ်းမရှိသေးတော့ ဒီပိုက်ဆံပမာဏနဲ့ ဘာမှလုပ်လို့မရသေးဘူး။

အိပ်ရာပေါ်က ပိုက်ဆံတွေကိုကြည့်ရင်း ကျဲန်အိုက် ခေါင်းကိုက်နေခဲ့ပေမဲ့ သူမရဲ့ဦးနှောက်ကတော့ ကြိုးစားအလုပ်လုပ်နေတုန်းပဲ။ ဘယ်အရာက သူမရဲ့ပိုက်ဆံကို အချိန်တိုအတွင်းမှာ ဆယ်ဆ၊ ဒါမှမဟုတ် ရာနဲ့ချီပြီး တိုးပွားသွားစေနိုင်မလဲ…

ထီထိုးတာလား။

မဟုတ်ဘူး၊ ပေါက်နိုင်ခြေက သုညပဲ။ လုံးဝကို အားကိုးလို့မရဘူး။

ကျဲန်အိုက်က စတော့ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ထပ်စဉ်းစားမိပြန်တယ်၊ ဒါပေမဲ့ ချက်ချင်းပဲ ဒီအတွေးကို ပယ်ချလိုက်တယ်။ Securities company မှာ အကောင့်ဖွင့်ဖို့ မှတ်ပုံတင်တစ်ခု လိုအပ်တယ်။ သူမက အသက်တစ်ဆယ့်လေးနှစ်ပဲ ရှိသေးပြီး မှတ်ပုံတင်မလျှောက်ရသေးဘူး။ ဒုတိယအချက်က စတော့ရှယ်ယာမှာ ရင်းနှီးမြှုပ်နှံတာက စွန့်စားရလွန်းတယ်။ သူမမှာ ဒီနယ်ပယ်မှာ အတွေ့အကြုံရှိပေမဲ့ ဘာအမှားအယွင်းမှ ဖြစ်မှာမဟုတ်ဘူးလို့ အာမမခံနိုင်ဘူး။ သာ၍သူမရှုံးသွားရင်တော့ လုံးဝကို ကျရှုံးသွားမှာပဲ။